Hla Kunt – Articles

July 18, 2013

ဒေါ်ခင်ကြည်ပြောတဲ့ လူငါးယောက်အကြောင်း
လှကွန့်
ဇူလိုင် ၁၈၊ ၂၀၁၃
(မြန်မာသစ် မဂ္ဂဇင်း၊ ဧပြီ/၂၀၁၂ တွင် မူရင်းပုံနှိပ်သည်။  မိုးမခက ထပ်ဆင့်ဖော်ပြသည်။)
ဓာတ်ပုံ – မြန်မာသစ် မဂ္ဂဇင်း

ဘဝဆိုတာ အချိုးအကွေ့ပေါင်းမျာစွာ၊ ဖြတ်သန်းမှုပေါင်းများစွာ၊ ရုန်ကန်လှုပ်ရှားမှုပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားရတာကို ဆိုလိုတယ်လို့ နားလည် သဘောပေါက်တယ်။
သာမန်လူသားတွေမှာ ဖြစ်စဉ်ပေါင်းများစွာ ရှိခဲ့သလို ဂုဏ်ထူး၊ ဝိသေသ ထူးရှိတဲ့ သူတွေထဲက အနတဂ္ဂမများစွာထဲက များစွာဟာလည်း သူ့နည်း၊ သူ့ဟန်၊ သူ့ဝန်းကျင်နဲ့သူ၊ တွေ့ထိကြ၊ ရင်ဆိုကြ၊ တိုက်ခိုက်ကြနဲ့ ဘဝကို တည်တံ့အောင် ကြိုးပမ်းနေကြတာပါပဲ။
ဒီလို ကြိုးပမ်းရင်း ကြိုးပမ်းရင်းနဲ့ တဖြည်းဖြည်း လက်ပန်းကျတတ်ကြစမြဲပါ။  သန်တုန်း၊ မြန်တုန်း၊ သွက်လက်တုန်းမှာ အတ္တ၊ မာန်၊ မာန တရားတွေနဲ့ ရောပြွမ်းတဲ့ အထင်၊ အမြင်၊ အတွေးတွေနဲ့ ဟန်တလုံး၊ ပန်တလုံး မောက်မာတတ်ကြပေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်း၊ အိုမင်းရင့်ရော်မှု၊ ကျန်းမာရေး ချို့တဲ့မှု၊ အယူအဆ အတွေးအခေါ် ဖောက်ပြန်မှု တွေက ရေလည်မှာ လက်ပန်းကျသလိုမျိုး ဖြစ်တတ်တာကို သတိ သမ္ပဇဉ်တရားနဲ့ ရှေးရှုသွားကြဖို့ လိုမယ်ထင်တယ်။
ဒီမှာ အခါအခွင့်သင့်လို့ ဖြစဉ်နှစ်ခုကို ယှဉ်တွဲ ဖော်ပြလိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သမိုင်းမှာ ဖြစ်ရပ်မှန်ဆိုတာ အတော်နည်းတယ်။  ဆရာကြီး “တော်စတွိုင်း” စကားနဲ့ ပြောရရင်
“သမိုင်းဖြစ်ရပ်မှန်ဆိုတာ မရှိသလောက် နည်းပါးပါတယ်။  သမိုင်းကို ရေးကြ၊ ပြောကြတဲ့ နေရာမှာ သူ့ဘက်၊ ကိုယ့်ဘက် တနည်းမဟုတ် တနည်းနဲ့ ဘက်လိုက်နေကြတာပဲ”။
ပြီးခဲ့တဲ့ ပြင်သစ်-ရုရှား စစ်ပွဲမှာ ပြင်သစ်ကလည်း ပြင်သစ်ဘက်မှန်ကြောင်း၊ နပိုလီယံရဲ့ တန်ခိုးပါဝါအာဏာတော်ကြောင့် ပြင်သစ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စည်ပင်အောင် ဘယ်နည်း ဘယ်ပုံ ကြိုးပမ်းအားထုတ်ရကြောင်း ပြင်သစ် သမိုင်းဆရာတွေက ရေးကြတာပဲ။
ရုရားကလည်း ရုရားတွေရဲ့ စစ် ဟာ ခုခံစစ် ဖြစ်တယ်။  ရုရှားပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်တယ်။  ကျူးကျော်စစ်ကို ခုခံစစ်နဲ့ တွန်းလှန်တာသာ ဖြစ်တယ်။
စတဲ့ အရေးအသားမျိုးတွေနဲ့ ကိုယ့်ဘက်ကိုယ်ယက် ရေးခဲ့ကြတာပဲ။
ဒါကြောင့် သမိုင်းဆိုတာဟာ ဘက်လိုက်မှု ရှိနေတယ်လို့ ဆိုခဲ့တာပေါ့။  တကယ်တော့ သမိုင်းမှန် ဆိုတာဟာ မြေရှင် ပဒေသရာဇ်တွေ၊ ဓနရှင်တွေ၊ အရင်းရှင်တွေ၊ နယ်ချဲ့သမားတွေ၊ ဖက်ဆစ်တွေ အတွက် ရှေ့နေလိုက်ပေးနေတဲ့ လျှောက်လဲချက် မဟုတ်ပါဘူး။  တကယ့် ဆင်းရဲသား၊ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ရဲ့ စနစ်တခုအတွင်း၊ စစ်တခု အတွင်း၊ ခေတ်တခုအတွင်းက ခါးသီးတဲ့ အတွေ့အကြုံကို ထင်ဟပ်ပေးတဲ့ မီးမောင်းထိုးပေးတဲ့ ပြကွက်တခု လို့ ဆိုချင်ပါတယ်။
နောက်တခုက သမိုင်းခေတ် တခေတ် အတွင်း နိုင်ငံရေးအရ၊ စစ်ရေး အရ အောင်နိုင်သူ၊ ရှုံးနိမ့်သူ ဆိုတာ ရှိတတ်စမြဲပါ။  ဒီလို လူတွေဟာလည်း သမိုင်းဇာတ်ကွက်ထဲက အဓိက ဇာတ်ကောင်တွေ၊ ဇာတ်ရုပ်တွေပါ။  တကယ်တော့ သူတို့ဟာ စင်တင် ဇာတ်ကောင်တွေ၊ ဇာတ်ရုပ်တွေနဲ့ စရိုက်ဓလေ့ကို ဖော်ကျူးခဲ့တဲ့ ဇာတ်ရုပ်တွေ မဟုတ်ပါဘူး။  သူတို့ကိုယ်တိုင် ကပြခဲ့ကြတဲ့ တကယ့်ဘဝထဲက ဇာတ်ရုပ်တွေ ဖြစ်ပါတယ်။
ဒီဇာတ်ရုပ်တွေထဲက သမိုင်း ဇာတ်ဆောင်တချို့ကို ရေးပြချင်ပါတယ်။  သူတို့ဟာ သမိုင်းပြကွက် တကွက်မှာ အဓိက ဇာတ်ဆောင်အဖြစ် ကပြခဲ့ကြသူတွေပါ။
 * * * * *
အဓိပတိကြီး…။
 ၁၉၄၂ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ခေတ်လို့ ဆိုပါစို့။
 တသွေး၊ တသံ၊ တမိန့် တဲ့။  ဒါဟာ အဓိပတိကြီး ရဲ့ ကြွေးကြော်သံ။
“ကမ္ဘာမှာလည်း အာဏာရှင်၊ ဗမာမှာလည်း အာဏာရှင်” လို့ သီချင်းတောင် စပ် ဂုဏ်ပြုရတဲ့ အာဏာရှင်။
ဒီအာဏာရှင်ကြီး အကြောင်း ပြောတော့မယ် ဆိုရင် အကောင်းတွေ ရှိသလို၊ မကောင်းတာတွေလည်း ရှိတယ်။  ဒါပေမယ့် သူ့ခေတ်၊ သူ့အခါ၊ သူ့နေရာမှာ ကိုယ်ရောက်နေရင် ဘာလုပ်မလဲ။  ဒါဟာ စဉ်းစားစရာပါ။
ထားတော့ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် ဖြစ်ပြီးခဲ့တဲ့ အမှုကိစ္စဖြစ်လေတော့ ကောင်းရင်လည်း သမိုင်းမှာ နာမည်ကောင်းနဲ့ ရှင်သန်နေမှာပါ။  ဆိုးနေတယ်ဆိုရင်လည်း သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားလာမှာပါ။  ဒါဟာ သူ့ကိစ္စ၊ သူပါဝင် ကပြခဲ့တဲ့ ဇာတ်ဝင်ခန်းထဲက ပေးလိုက်မည့် သင်ခန်းစာလို့ပဲ ဆိုရမလား။
ထားတော့…။
ဂျပန်ခေတ်ကာလ အချိန်မျိုး၊ အဓိပတိကြီး ဖြစ်နေစဉ်အတွင်းမှာ သာမန် လူသားတယောက်အဖို့ ဒီလို အိမ်မျိုး အထဲရောက်ဖို့ မပြောနဲ့ အိမ်ရှေ့က မယောင်မလည် ကြည့်ရင်တောင် အဖမ်းခံ ရနိုင်တဲ့ အနေအထားလေ။  အိမ်ဝင်းထဲ ဝင်ဖို့ဆိုတာ ဝေလာဝေး။
ဒါပေမယ့် ကာလက ကြာခဲ့ပြီ။  ဂျပန် ဖက်ဆစ်တွေ လက်နက်ချခဲ့ပြီးပြီ၊ နယ်ချဲ့တွေလည်း ကာယကံမြောက် ဗမာ့မြေပေါ်မှာ မရှိတော့။ ဗမာတနိုင်ငံလုံး လွတ်လပ်ရေးခဲ့ပြီ၊ ကြာတောင် ကြာလှပေါ့။  အဓိပတိကြီးလည်း သလွန်ညောင်စောင်းထက်မှာ မလဲလျောင်းနိုင်တော့၊ တသွေး၊ တသံ၊ တမိန့် ဆိုတာတွေလည်း ဘယ်ရောက်ကုန်မှန်းမသိ၊ အာဏာမရှိတော့၊ ပါဝါမရှိတော့၊ သူ့နေရာမှာ ဗိုလ်ချုပ်ကြီး နေဝင်း ရောက်နေပြီ။  ဗိုလ်ချုပ်ကြီး နေဝင်း နဲ့ အဓိပတိကြီး ကြားမှာ အစိုးရ အဖွဲ့ (၄) ဖွဲ့ခြားခဲ့ပြီ။  အစိုးရအဖွဲတွေ ဖြစ်တဲ့ ဖဆပလ၊ သန့်ရှင်း၊ အိမ်စောင့်၊ ပထစ စတဲ့ အစိုးရ အဖွဲ့တွေ တဖွဲ့ပြီး တဖွဲ့ ပြိုပျက်ခဲ့ပြီ။  အခု တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ဗိုလ်ချုပ်နေဝင်း က တည်ထောင် အုပ်ချုပ်နေခဲ့ပြီ။
ဂျပန်ခေတ် အဓိပတိကြီးကား ဗိုလ်နေဝင်း အာဏာစက်အောက်မှာ ဇရာ ရဲ့ ဖိစီးမှုကို ခံနေရရှာနေပါပြီ။
* * * * *
၁၉၆၉ ခုနှစ်ဦးပိုင်းလောက်က ထင်ပါတယ်။  စာရေးသူရယ်၊ ဆရာဦးညိုမြရယ်၊ အိုးဝေ ဓာတ်ပုံ သတင်းထောက် ကိုကျော်ဆန်းရယ် သုံးယောက်သား အဓိပတိကြီး နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းနေအိမ် ကို သတင်းမေးသွားကြပါတယ်။  အဓိပတိကြီး နေထိုင်မကောင်းဖြစ်တယ် ကြားလို့ပါ။  အငှားကားလေးပေါ်က ကျွန်တော်တို့ ဆင်းပြီး ကုန်းပေါ် မျှော်ကြည့်လိုက်တဲ့အခါ သစ်ပင်တချို့ အုပ်အုပ်မိုးမိုး ရှိနေတာတွေ့ ရပါတယ်။ 
တက္ကသိုလ်ရိပ်သာလမ်းက အဓိပတိကြီးအိမ်ဟာ အဲဒီ တောင်ကုန်းလေးပေါ်မှာပါ။  တောင်ကုန်းပေါ်က အိမ်ကို သွားတဲ့ လမ်းဟာ အတက်လမ်းဖြစ်ပါတယ်။  ဟိုတုန်းကတော့ ကွန်ကရစ်လမ်းဖြစ်ဟန် တူပါတယ်။  အခုတော့ အုတ်ကျိုး အုတ်ပဲ့၊ ကွန်ကရစ်အကျိုးအပဲ့၊ ဂဝံကျောက်နဲ့ အုတ်ခဲကျိုး တချို့ကြားထဲမှာ မြက်တွေက တောထနေတယ်။  မသွားတာကြာလို့ ထင်ရဲ့။  မြက်တွေက မင်းမူနေတယ်။
ဂိတ်တံခါးလေးကလည်း ပိုင်ရှင်နဲ့ အတူ အိုမင်းရင့်ရော်နေပြီကော၊ ကြာမြင့်လှပြီဖြစ်တဲ့ အဖြူရောင် ဆေးသားက မပီပြင်တာ့၊ နေဒဏ်၊ မိုးဒဏ် ဘယ်လောက် ခံထားရပြီလဲ၊ မခန့်မှန်းတတ်၊ အတော်တော့ကြာပြီထင်ရဲ့၊ ညိုညစ်ညစ် သစ်သားရောင်က ပြောက်တိ၊ ပြောက်ကျား ဆေးဖြူရောင် အောက်က လွတ်မြောက်လို လွတ်မြောက်ငြား ကုန်းရုန်းထနေလေသည်။  တံခါးလေးက ခနော်နီ ခနော်နဲ့၊ ပြုတ်ကျလုတဲတဲ၊ ပြင်ဆင်မည့်သူကို စောင့်နေပုံရတယ်။
မဟတဟ တံခါးလေးကို အသာမ ဖွင့်ပြီး မြက်တွေ အောထနေတဲ့ လမ်းကလေးအတိုင်း ကုန်းပေါ်တက်သွားတဲ့အခါ တထပ်တိုက်ကလေး တလုံး၊ အိမ်ရှေ့မှာ ကားလေးတစီး၊ ဖို့ဒ်လား၊ အော်စတင်လား၊ ဟမ်းဘားလား မသိ၊ ဘီးတွေက ပြားလို့။  လေမရှိ။  ဆေးရောင်က အနက်ကလေးလို့ ထင်ရပေမယ့် ကားတစင်းလုံး ဘောနက်ပေါ်၊ အမိုးပေါ်၊ ဘေးဘီဝဲယာ အားလုံးမှာ ငှက်ချေးတွေ၊ ဖုန်တွေ၊ သစ်ရွက်ခြောက်တွေနဲ့ ခြယ်သထားလေတော့၊ နဂိုဆေးရောင်ကိုပင် ကွဲကွဲပြားပြား မခွဲခြားနိုင်၊ အနက်ရောက်လို့တော့ မှန်းဆမိပါတယ်။  ပိုင်ရှင်ကိုယ်တိုင်က မစီးဖြစ်တာ ကြာလှရော့မယ်။
အိမ်ရှေ့က အတော်ကြာကြာ အသံပြုလိုက်တော့ မိန်းကလေး တဦး ထွက်လာပါတယ်။
“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ ရှင်” တဲ့..။  ရည်ရည်မွန်မွန်ပါ။
“အဓိပတိကြီးနဲ့ တွေ့ချင်လို့ပါ။”
“ရှင်။”
“သြော်.. ဒေါက်တာဦးဘမော်နဲ့ တွေ့ချင်လို့ပါ။”
“ဘဘကြီး အိပ်ရာထဲမှာ မှိန်းနေပါတယ်။”
“ဒါဖြင့် ဆရာမ ဒေါ်တင်ဇာမော်နဲ့ တွေ့ချင်ပါတယ်။”
“ခဏစောင့်ပါ” ဆိုပြီး အထဲပြန်ဝင်သွားတယ်။
အတော်လေးကြာတော့မှ ဒေါ်တင်ဇာမော်နိုင် ထွက်လာပါတယ်။  အဲဒီတော့မှ ကျွန်တော်တို့ အိမ်ထဲရောက်ပြီး ဒေါက်တာကြီး (အဓိပတိကြီး) ရဲ့ ကျန်းမာရေး အခြေအနေကို မေးမြန်းရင်း ပဋိသန္တာရ စကားတွေ ပြောဖြစ်ခဲ့ကြတယ်။  ဒီမှာ သိခဲ့ရတာက အဓိပတိကြီးဟာ ဇရာရဲ့ ဖိစီးမှုအပြင် အခြား ဝေဒနာ တချို့ပါ ခံစားနေရတယ် ဆိုတာပါပဲ။
အဲဒီမှာ စိတ်ထဲ စွဲလန်း အသိအမှတ်ပြုမိတာက အနန္တသူရိယ အမတ်ကြီးရေးတဲ့ “သူတည်း တယောက်ကောင်းဖို့ရောက်မှု” ဆိုတဲ့ ကဗျာပါပဲ။
“… ရွှေအိမ်နန်းနှင့် ကြငှန်းလည်းစံ၊
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့်
ရေပွက်ပမာ တသက်လျာတည်း။…”
* * * * *
နောက်ဇာတ်ဆောင် တဦးက ဒေါ်ဒေါ် ဒေါ်ခင်ကြည်ပါ။  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ပါ။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဗမာ့ နိုင်ငံရေးလောကကို ဦးဆောင်၊ ဦးရွက်ပြုနေကြတဲ့ သူတွေထဲက တဦး၊ နောက်တော့ လွတ်လပ်ရေး ဗိသုကာကြီး၊ တပ်မတော်ရဲ့ ဖခင်၊ အမျိုးသားခေါင်းဆောင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ လျှမ်းလျှမ်းတောက် ထင်ပေါ်ကျော်ကြားခဲ့သူပါ။  ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ချစ်ဇနီးပါ။
ဒေါ်ဒေါ့်ကို စတင်မြင်ဖူးတာ သားလတ် ကိုအောင်ဆန်းလင်း ရေနစ် ကွယ်လွန်ချိန်ကပေါ့။  နေ့ရက်အတိအကျ မမှတ်မိတော့ပါဘူး။  ၁၉၅၄-၅၅ လောက်လို့ ထင်ပါတယ်။  ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်တာ ဘာမှ မကြာသေး၊ ကွယ်လွန်သူအတွက် မျက်ရည်မှ မစဲသေးခင်မှာ ရင်နှစ်သည်းခြာ ရတနာတဦး ထပ်မံ ဆုံးရှုံးလိုက်ရတဲ့ ဒေါ်ဒေါ် ပဋာမြေလူး ဖြစ်စဉ်လေ။
ဓာတ်ပုံ – ဒေါ်ခင်ကြည်နှင့် သားသမီး (၃) ဦး၊
(ဓာတ်ပုံဆရာ – မသိ၊ ဓာတ်ပုံ မူပိုင်ခွင့် – အများပိုင် (ဗမာနိုင်ငံ မူပိုင်ခွင့်အက် ဥပဒေ ၁၉၁၄ အရ))
ဗိုလ်ချုပ်အပေါ် မေတ္တာထားကြာတဲ့ ပြည်သူတွေဟာ အခုလို ဗိုလ်ချုပ်ရင်သွေး တဦး ဆုံးရှုံးပြန်တာ သိကြတော့ အတော့်ကို စိတ်မကောင်း ဖြစ်ကြတာကလား။  ဝေးသူတွေက စိတ်မကောင်းဖြစ်ကြသလို ရန်ကုန်မြို့တွင်း နီးသူတွေက အပြေးအလွှား သွားရောက် သတင်းမေးကြတာကိုး။  စာရေးသူလည်း အဲဒီတုန်းကမှ ဒေါ်ဒေါ် ဒေါ်ခင်ကြည်ကို လူကိုယ်တိုင်မြင်ဖူးတာပါ။
* * * * *
ဒေါ်ဒေါ်နဲ့ သေသေချာချာ သိရတာက ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကာလ အိုးဝေဦးညိုမြ ရဲ့ ကျေးဇူးပါ။
အိုးဝေဦးညိုမြက ဆရာရင်းလေ။  အိုးဝေသတင်းစာ၊ ဂျာနယ်တွေမှာ နှစ်အတော်ကြာကြာ လုပ်ခဲ့ဖူးတော့ အတော့်ကို ရင်းနှီးတာကိုး။  ဆရာက ကျွန်တော့် ကို သူ့ ကိုယ်ရေးကိုတာ ကိစ္စ တချို့ ပြောပြဖူးပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ခိုင်းလေ့မရှိဘူး။  စာပေကိစ္စ၊ နိုင်ငံရေး ကိစ္စတွေမှာ သဘောတရား အယူအဆ မတူပေမယ့် ခိုင်းတတ်ပါတယ်။  ကိုယ်ကလည်း မငြင်းမဆန် လုပ်ပေးတတ်ပါတယ်။  အထူးသဖြင့် စာပေကိစ္စတွေမှာ ဆရာ စာရေးတဲ့အခါ လိုအပ်တဲ့ အကြောင်းအရာ၊ အချက်အလက် တချို့ ကူညီ ရှာဖွေပေးရပါတယ်။  တက္ကသိုလ် စာကြည့်တိုက်၊ ဘားနဒ် စာကြည့်တိုက်၊ ဝန်ကြီးချုပ်ရုံး စာကြည့်တိုက်၊ နောင် အမျိုးသားစာကြည့်တိုက်တွေက အချက်အလက် တချို့ ရှာပေးရပါတယ်။
၁၉၆၀ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရ က ရွေးကောက်ပွဲကျင်းပပေးပါတယ်။  ဒီရွေးကောက်ပွဲမှာ အဓိက ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီကြီးတွေကတော့ ဖဆပလ၊ ပထစ (ပြည်ထောင်စုပါတီ)၊ ပမညတ တို့ဖြစ်ပါတယ်။  ပါတီလေးတချို့နဲ့ တသီးပုဂ္ဂလတွေလည်း ဝင် အရွေးခံကြပါတယ်။  နိုင်ငံနဲ့ အဝှမ်း ကျင်းပတဲ့ ရွေးကောက်ပွဲကြီးပါ။
ဒီရွေးကော်ပွဲကြီးမှာ ညောင်လေးပင် အရှေ့မြို့နယ် (ပဲခူးခရိုင်) မဲဆန္ဒနယ်မှာ ပမညတ အမတ်လောင်းအဖြစ် လူထုဦးတင်မောင် (လူထုသတင်းစာ ရန်ကုန်တာဝန်ခံ) ဝင်ရောက် အရွေးခံပါတယ်။  စာရေးသူက ဦးတင်မောင်ရဲ့ အမတ်လောင်း ကိုယ်စားလှယ် ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ယူနေချိန်ပေါ့။  ညောင်လေးပင် အရှေ့ မဲဆန္ဒနယ်မှာ ပြိုင်ဘက်တွေက ဖဆပလ က ဦးကျော်ငြိမ်း (ညောင်လေးပင်)၊ ပထစ က ရှေ့နေဦးမောင်တင် (တချို့က မဆလာမောင်တင်လို့လည်း ခေါ်တယ်)။  သူက ပဲခူးသား။  ပဲခူး က လာ အရွေးခံတယ်။  ညောင်လေးပင်မှာ သူ့ကို သိတဲ့ လူ မရှိ၊ ညောင်လေးပင်မှာ လူသိများ ထင်ရှားပြီး သြဇာရှိတဲ့ ဦးထွန်းလှိုင်တို့ ရှိတယ်။ သူတို့ကို မရွေးဘဲ ပထမ စ ဦးမောင်တင်ကို အရွေးခံခိုင်းတာ။  ပမညတ က လူထုဦးတင်မောင်။
တနေ့…
ဦးနု၊ ဒေါ်ခင်ကြည်တို့ ညောင်လေးပင် ရောက်လာကြတယ်။  အဲဒီအချိန်မှာ ညောင်လေးပင် အချုပ်ထောင်ထဲက ဦးညိုမြ ထွက်လာပါတယ်။  ဦးညိုမြက စာရေးသူကို တွေ့ချင်တယ် ဆိုလို့သွားတော့ ဦးညိုမြရယ်၊ ဒေါ်ခင်ကြည်ရယ်၊ ဦးနုရယ် တွေ့တယ်။  ဦးညိုမြက စာရေးသူ နဲ့ ဦးနု၊ ဒေါ်ခင်ကြည်တို့နဲ့ မိတ်ဆက်ပေးပါတယ်။  အကြောင်းရင်းကတော့ ရွေးကောက်ပွဲ ကိစ္စပါ။  အာလာပသလ္လပ စကားခဏပြောပြီး ရွေးကောက်ပွဲ ကိစ္စ ဆွေးနွေးကြပါတယ်။  ပထမဆုံး ဒေါ်ဒေါ်က နယ်မြေ အနေအထားနဲ့ ပြည်သူလူထုရဲ့ အခြေအနေတွေကို မေးပါတယ်။  ပြီးတော့ စာရေးသူရဲ့ သဘောထား မေးပါတယ်။
“ဒေါ်ဒေါ်.. အခု ရွေးကောက်ပွဲမှာ ဦးမောင်တင် အနိုင်ရရေး လိုက်လုပ်နေတာ ဟာ ရာထူး၊ ပါဝါ၊ အာဏာရရေး မဟုတ်ပါဘူး။  ငြိမ်းချမ်းရေးအတွက် လုပ်နေတာပါ။  ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်တာဟာ ‘သမင်မွေးရင်း ကျားစားရင်း’ ဆိုသလို ဖြစ်မှာပဲ။  နောက်တခုက ‘စစ်’ ကျရောက် ဒေသက ပြည်သူတွေဟာ စစ်ဘေး၊ စစ်ဒဏ်နဲ့ အတိဒက္ခရောက်ကြရတယ်။  ဒဏ်ရာ အနာတရ ရကြတယ်။  နောက် အသက်သေကြရရှာတယ်။  မိကွဲ၊ ဖကွဲ၊ မိသားစုကွဲ ဖြစ်ရတယ်။ အိုးအိမ်စည်းစိမ်တွေ မီးလောင် ပျက်စီး ဆုံးရှုံးကြရတတယ်။  စစ်နဲ့ ဝေးသူတွေလည်း မသက်သာပါဘူး။  အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ဘဏ္ဍာတွေဟာ ဆေးရုံ၊ စာသင်ကျောင်း စတာတွေအတွက် သုံးရမယ့် အစား ကျည်ဆန်ဖိုး၊ လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အသုံးပြုခံနေရတယ်။  ဒါကြောင့် ဝန်ကြီးချုပ်က ပထစ အစိုးရ ဖြစ်ရင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မယ်လို့ အတိအလင်း ကြေညာထားတာပဲ။  ဒီတော့ ဒီရွေးကောက်ပွဲမှာ ပထစ အနိုင်ရမှ ဖြစ်မယ်။ ဖဆပလသာ အနိုင်ရသွားရင် တိုင်းပြည်တော့ သံဃာစင်ပါ မှောက်မှာ။  ဒါကိုလည်း ပမညတ က လူကြီးတွေ သိတယ်။  ဒါကြောင့် ပမညတ ခေါင်းဆောင်တွေက ပထစ ခေါင်းဆောင်တွေနဲ့ ထိပ်တိုက် အရွေးမခံရေး ကြွေးကြော်ခဲ့ကြတာပေါ့။  ဒေါ်ဒေါ်တို့ စိုးရိမ်တာက ‘မဲ’ တွေ ပြန့်ပြီး ကွဲသွားမှာ စိုးရိမ်တယ်။  ဒါကြောင့် ပမညတ နိုင် နိုင်ခြေ ရှိရင် နိုင်အောင် လုပ်ပါ။  တကယ်လို့ နိုင် နိုင်ခြေ မရှိဘူးဆိုရင်တော့ ဖဆပလ ထဲ မဲရောက်သွားမှာ စိုးရိမ်တယ်။  ဦးမောင်တင် ဆိုတာကလည်း ဒီဒေသနဲ့ စိမ်းနေတယ်။  ဒါကြောင့် ဒီဒေသက မဲ တွေ လူထုဦးတင်မောင် ရရင်ရ၊ မရရင် ဦးမောင်တင် ကို ဝိုင်းဝန်းကူညီပါလို့ တိုက်တွန်းချင်တယ်။  ဖဆပလ ထဲတော့ လုံးဝ ထည့်လို့ မဖြစ်ဘူး မို့လား။”
 * * * * *
ဒုတိယအကြိမ် ဒေါ်ဒေါ်နဲ့ ဆုံဖြစ်တာက အိန္ဒိယ နိုင်ငံဆိုင်ရာ ဗမာ သံအမတ်ကြီး ရာထူးက ဖယ်ရှားခံရပြီးတဲ့ အချိန်။  ၁၉၆၉ ဝန်းကျင် ဆိုပါစို့။  “အိုးဝေဂျာနယ်” ထုတ်နေချိန်ပေါ့။
နိုင်ငံရေးခေါင်းဆောင်ကြီးတွေ၊ သက်ကြီးရွယ်အို ပညာရှင်ဟောင်းကြီးတွေနဲ့ လိုက်လံတွေ့ဆုံဖို့ ဦးညိုမြက တိုက်တွန်းပါတယ်။  သူကိုယ်တိုင်လိုက် မိတ်ဆက်ပေးပါတယ်။  ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဒေါက်တာဘမော်၊ သခင်ဝတင်၊ သခင်တင်၊ သခင်ချစ်မောင်၊ ဗိုလ်မြသွေး စတဲ့ လက်ဝဲ၊ လက်ယာ ခေါင်းဆောင် အတော်များများနဲ့ တွေ့ပေးပါတယ်။
ဒီလိုတွေ့ပေးတာက “သူတို့ဆီက စာမူတွေ ရအောင်တောင်းပါ။  စာမူတောင်းလို့ မရရင် သူတို့ စကားပြောလာအောင် “ဆွ” ပေးပါ။  သူတို့ ပြောတဲ့ အထဲမှာ တန်ဖိုးရှိတဲ့၊ သမိုင်းတန်ဖိုးရှိတဲ့ စကားတွေ ပါလာပါလိမ့်မယ်။  အဲဒါကို သေသေချာချာ မှတ်သားပါ။  အဲဒီ မှတ်သားထားတာတွေဟာ မင်းအတွက် စာတွေ ဖြစ်လာလိမ့်မယ်” ဆရာဦးညိုမြက သွန်သင်ပါတယ်။  ဒီသွန်သင်ချက်က ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဖြစ်တာပါ။  ဒေါ်ဒေါ် ဒေါ်ခင်ကြည်နဲ့ တွေ့ ဖြစ်တာလည်း ဒါကြောင့်ပါပဲ။
* * * * *
သားသေ၊ လင်ဆုံး ဘဝမှာ သံအမတ်ကြီး ဘဝကလည်း ဖြုတ်ချခံရတဲ့ဘဝ၊ ဒီကြားထဲ ရှိတဲ့ သား၊ သမီး နှစ်ဖြာက လည်း နိုင်ငံခြားမှာ။  အင်မတန် စိတ်ဓာတ်ကျပြီး ညှိုးချုံးနေမှာပဲလို့ တွေးထင်ရင်း တက္ကသိုလ် ရိပ်သာလမ်းက အခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ အိမ်ရှေ့ ရောက်ခဲ့ပါတယ်။  ခြံဝမှာ သစ်သားတံခါးလေးက ကာဆီးထားပါတယ်။  တခြား ဘယ်လို အစောင့်အရှောက်၊ အတားအဆီးမှ မရှိပါ။  စစ်ဆေးမေးမြန်း မည့်သူလည်း မရှိ၊ ဟန့်တား နှောင့်ယှက် မည့်သူလည်း မရှိ။
“သြော်… အတော် အထီးကျန်ဆန်လှပါလား” လို့ တွေးမိတယ်။
သစ်သားတံခါးလေးကို အသာဟပြီး အထဲဝင်လိုက်တယ်ဆိုရင်ပဲ သင်းပျံ့မွှေးကြိုင်တဲ့ ပန်းရနံ့ကလေး နှာဝကို ကလူကျီစယ်လိုက်တယ်။  အင်းလျားရေပြင်ကို ရှပ်တိုက် ပြေးလွှားလာတဲ့လေပြေနုက လန်းဆန်းစေတယ်။  ခြံတွင်းမှာ သန့်ပြန့် ရှင်းလင်းနေတယ်။
ခြံကျယ်ကြီးရဲ့ အနောက်ဘက်မှာ အဖြူရောင် ဆင်ဝင်နဲ့ နှစ်ထပ်တိုက်ကြီး တလုံး၊ အရှေ့မြောက်ဘက် အင်းလျားကန်စပ် အရှေ့ဘက် လမ်းမကြီးနဲ့ ကပ်လျက်မှာ သစ်သားအိမ်တလုံးစီ၊ အလယ်မြေကွက်လပ်မှာ စက်ဝိုင်းပုံ မြေကြီးပေါင် လုပ်ထားတယ်။  အဲဒီ ပေါင်ပေါ်မှာ လစ်လီ ပန်းပင်တွေ အပြည့်စိုက်ထားတဲ့ ပန်းခင်းကြီး၊ ခြံရဲ့ တခြား ကျန်နေရာတွေမှာလည်း တခြား အပင်တွေ စိုက်ထားတယ်၊ တခြံလုံး စိမ်းလန်းစိုပြေ လှပနေတယ်။  အဖြူရောင် လစ်လီပန်းပွင့်ကြီးတွေက ဆွဲဆောင်မှု အကောင်းဆုံး။
ညှိုးငယ်ပန်းလျနေမယ်လို့ ထင်ထားခဲ့တဲ့အထင် ပါစင်အောင်လွဲပါပေါ့။  ခြံထဲက အပြင်အဆင် အမွမ်းအမံတွေက စိတ်ဓာတ်မကျတဲ့ အပြင် လန်းဆန်း တက်ကြွလာစေတယ်။  ဒါဟာ ဒေါ်ဒေါ့်ရဲ့ စိတ်ဓာတ်ကို ခန့်မှန်းနိုင်တယ်။  သားကွဲ လင်ကွဲ ဘဝ၊ အိမ်နိမ့်စံ ဘဝမှာတောင် စိတ်ဓာတ်မကျဘဲ သဘာဝပတ်ဝန်းကျင်ကို လန်းဆန်းတက်ကြွလာအောင် ဖန်တီးနိုင်စွမ်းရှိသလို သူ့ကိုယ်သူလည်း စိတ်ဓာတ် ခိုင်ခိုင်ထားနိုင်တယ်ဆိုတာ တွေ့ရတယ်။
* * * * *
အိုးဝေဂျာနယ်က နှစ်ပတ်တကြိမ် စနေနေ့မှာ ထုတ်ဝေလေ့ရှိတယ်၊  ဂျာနယ်ထွက်တဲ့ စနေနေ့တိုင်းမှာ ဒေါ်ဒေါ့်အိမ် ရောက်လေ့ရှိတယ်။  ရောက်တဲ့နေ့တိုင်းလိုလို ဆင်ဝင်အောက်မှာ ဒေါ်ဒေါ့်ကို တွေ့ရလေ့ရှိတယ်။  ဒေါ်ဒေါ့် ပုံသဏ္ဌာန်က သူပြောတာတွေကို နားထောင်ပေးမည့်သူကို ငံ့လင့်နေဟန်တူတယ်။  ကျွန်တော်က ဆယ့်ငါးရက် စနေနေ့တိုင်းလို ဒေါ်ဒေါ် ပြောတာတွေကို နားထောင်မှတ်သားလေ့ရှိတာကိုး။
ကျွန်တော် မရောင်ခင် မနက်ပိုင်း သံဃာတော်တွေကို ဆွမ်းလောင်းတယ်၊ ဆင်ဝင်ဆောင် အောက်ထပ်က စားပွဲလေးပေါ်မှာ ကြွေရေသုတ် ဆွမ်းချိုင့်လေးတင်ထားပြီး လောင်းလေ့ရှိတယ်။  ကျွန်တော့်အတွက် လက်ဖက်ရည်၊ မုန့်၊ ရေနွေးကြမ်းတို့ ဒေါ်ဒေါ့် ဝေယျာဝစ္စ လုပ်ပေးနေတဲ့ ကုလားမလေးက လာချပေးတယ်။
ဒေါ်ဒေါ်က သူ့ခင်ပွန်းသည် အကြောင်း တမ်းတမ်းတတ ပြောလေ့ရှိတယ်။  နိုင်ငံရေးခေါင်းဆောင် တချို့ အကြောင့်လည်းပါတယ်။  သူ့ခင်ပွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ပြောပြခဲ့တဲ့ ဂျပန်နဲ့ ပေါင်းရတဲ့အကြောင်း၊ ဂျပန်သွားခရီးအကြောင်း၊ ဂျပန်တော်လှန်ရေး အကြောင်းတွေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သူမ ကိုယ်တွေ့တွေကို ပြောပြလေ့ရှိတယ်။  အဲဒီထဲကမှ မှတ်မှတ်သားသား လူငါးဦး အကြောင်း ပြောပြခဲ့ပါတယ်။  အဲဒါလေး ပြန်လည် တင်ပြချင်ပါတယ်။
ဒီနေ့တော့ လူငါးယောက် အကြောင်း ပြောပြမယ်။  ပထမ ပြောပြမှာက ဒေါ်ဒေါ့် ယောက်ျား အကြောင်းပဲ။  ဒေါ်ဒေါ့်ယောက်ျားဟာ စောစောစီးစီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာ ကောင်းတယ်။  တကယ်လို့ စောစော မသေဘဲ ဟိုဟာတွေနဲ့ ပေါင်းမိသွားရင် နာမည်ပျက်နဲ့ သေရမှာ။
အဲဒါ နည်းနည်း ရှင်းပြမယ်။  နောက်လူတွေ အတွက် သင်ခန်းစာယူစရာလည်း ကောင်းတယ်။  နိုင်ငံရေးမှာ ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာဖို့ဆိုတာ တော်တည့်၊ ဖြောင့်၊ မှန်တဲ့ အဝန်းအဝိုင်း လိုတယ်။  သူကျောင်းသား ခေါင်းဆောင် ဖြစ်တဲ့အချိန်မှာ ကိုဗဟိန်းတို့လို လူတွေက ဝိုင်းရံပေးကြတယ်။  သခင်ခေါင်းဆောင်ဖြစ်ချိန်မှာ သခင်ဗဟိန်းတို့၊ သခင်သန်းထွန်းတို့က ဝိုင်းရံပေးကြတယ်၊ လက်တွဲလုပ်ခဲ့ကြတယ်။ သခင်မြ၊ သခင်ချစ်၊ သခင်စိုးတို့၊ သခင်လေးမောင်တို့လည်း ပါတာပေါ့။  အထူးသဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်မြတို့က အနီးကပ် ထိန်းပေးကြတယ်။  တပ်ထဲရောက်တော့လည်း ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော်၊ ဗိုလ်ဗထူးတို့လို လူတွေက ဝိုင်းရံကြတယ်။  ဒါကြောင့် ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ဆန်းလို့ တရှိန်ထိုး နာမည်ရလာတာပဲ
ဒါဟာဘာလဲဆိုရင် ပညာတတ်တာ၊ လူစွမ်း၊ လူစ ရှိတာလောက်နဲ့ မလုံလောက်ဘူး။  ရိုးသားဖြောင့်မတ် ရမယ်၊ ကိုယ်ကျင့်သိက္ခာလည်း ရှိရမယ်၊ နိုင်ငံရေး ယုံကြည်ချက် ရှိရမယ်၊ ခိုင်မာရမယ်၊ နိုင်ငံတကာ နဲ့ ပြည်တွင်း နိုင်ငံရေးမှာ အမြော်အမြင် ရှိရမယ်၊ အရှည်မြင်တတ်ရမယ်၊ ပြည်သူလူထု အကျိုးအတွက် မိမိ ကိုယ်ကျိုးကို မငဲ့တဲ့ ပိုင်းဖြတ်မှု ရှိရမယ်၊ ရန်သူနဲ့တွေ့ရင် ဖယောင်း ၊ ပြည်သူနဲ့တွေ့ရင် သံချောင်း ဆိုသလို မကျင့်သုံးရဘူး။  ရန်သူနဲ့တွေ့ရင် သံချေင်း၊ ပြည်သူနဲ့တွေ့ရင် ဖယောင်းလို ကျင့်ရမယ်၊ နာယက ဂုဏ်နဲ့ ပြည့်စုံရမယ်။  အဲဒီလို နိုင်ငံရေးသမားတွေနဲ့ပေါင်းမိလို့ ငါ့ယောက်ျား နာမည် သတင်းကောင်းခဲ့တာ။
တိုင်းပြည်လွတ်လပ်ရေး လုပ်ရင်း အယူအဆတွေ ကွဲလာတယ်။  စိတ်ဝမ်းကွဲလာတယ်။  လက်ဝဲအင်အားစု ဖြစ်တဲ့ ကွန်မြူနစ်တွေကို ဖဆပလထဲက ကန်ထုတ်ခဲ့တယ်၊ တဘက်ကို ယုံလွန်းရာက လက်ဝဲ၊ လက်က်ျာ ကွဲခဲ့တယ်။  လူငယ်တွေ ကွဲခဲ့တယ်။  ဒါဟာ အမျိုးသား စည်းလုံး ညီညွတ်ရေး ပြိုကွဲတာပဲ။ လက်ျာသမားတချို့ရဲ့ ပယောဂလည်း ပါတယ်။  အထူးသဖြင့်တော့ နယ်ချဲ့သမားက ထိုးနှက် တိုက်ခိုက်ခံလိုက်ရတာ၊ ဒါကို သဘောပေါက်လို့ လက်ဝဲညီညွတ်ရေး ပြန်တည်ထောင်ဖို့ ကိုအောင်ဆန်း နဲ့ ကိုသန်းထွန်းတို့ ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲကာလမှာ လုပ်ကြံခံလိုက်ရတာပဲ။
တကယ်တော့ ဒါဟာ နယ်ချဲ့သမားရဲ့ လက်ချက်ပဲ။  နယ်ချဲ့သမားဟာ လက်ဝဲညီညွတ်ရေး ရသွားမှာ စိုးတယ်။ သခင်သန်းထွန်းတို့နဲ့ သခင်အောင်ဆန်းပေါင်းမိသွားရင် နယ်ချဲ့သမားတွေ လုပ်ချင်တိုင်း လုပ်လို့ရမှာ မဟုတ်ဘူး။  ဒါကြောင့် ဖဆပလ ထဲက နိုင်ငံရေးသမားကြီးတွေ၊ လက်ျာ အုပ်စုဝင်တွေကို သိမ်းသွင်းပြီး လက်ဝဲအုပ်စုကို ခွဲထုတ်လိုက်တယ်။
တဆက်တည်းမှာပဲ လက်ဝဲညီညွတ်ရေးအတွက် ကြိုးပမ်းနေတဲ့ ငါ့ယောက်ျားကို လုပ်ကြံလိုက်ကြတာပဲ။  လုပ်ကြံမခံရလို့ လက်ဝဲညီညွတ်ရေး မအောင်မြင်ဘဲ လက်ျာ အချောင်သမားတွေနဲ့ ဆက်လက် ပေါင်းမိသွားရင် နာမည်ဆိုး၊ နာမည်ပျက်နဲ့ သေရမှာ။  မင်းတို့ သိတဲ့အတိုင်းပဲလေ။ လက်ျာ အုပ်စုတွေဟာ ဆိုရှယ်လစ်အုပ်စုထဲက ဆိုရှယ်နီတွေ ကန်ထုတ်၊ နောက်ဆုံး ဖဆပလကြီး ပြိုကွဲအောင် လုပ်ခဲ့ပြီး တည်မြဲ၊ သန့်ရှင်း စသဖြင့် တစစီ ကွဲထွက်ခဲ့တယ် မဟုတ်လား။  အခုတော့ ဆိုရှယ်ဒီမိုကရက်အုပ်စုဟာ နာမည်ဆိုးနဲ့ နိဂုံးချုပ်ခဲ့တာ။
* * * * *
နောက် တယောက်က နာမည်ကြီး ခေါင်းဆောင်ဟောင်းကြီးတဦး၊ ဝန်ကြီးချုပ်တဦးအဖြစ် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ က ၁၉၆၂ အထိ ဆောင်ရွက်ခဲ့တဲ့ ဦးနုပါ။
နောက် ကွန်မြူနစ်တွေကို တောထဲ မောင်းချလိုက်တာ၊ ဆက်တိုက်ဆိုသလို ပြည်တွင်းစစ်ကြီး ကျယ်ပြန့်ကြီးမားလာတာ၊ ပြည်တွင်းစစ်ကို အကြောင်းပြပြီး ဗိုလ်နေဝင်းက စစ်တပ်တိုးချဲ့တာ၊ စစ်အုပ်စုကို အားကောင်းအောင် လုပ်လာတဲ့ အထိပဲ။
၁၉၅၈ ခုနှစ်မှာ ဗိုလ်နေဝင်းကို ဦးနုက နိုင်ငံတော် အာဏာ လွှဲပြောင်းပေးအပ်ပြီး အိမ်စောင့်အစိုးရ အဖြစ် အုပ်ချုပ်စေတာ။
အဲဒီထဲမှာ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ နှစ်ဘက် တန်းတူရည်တူ ဆွေးနွေး၊ သင်ပုန်းခြေ စတဲ့ နည်းတွေ သုံးရမယ့် အစား တဘက် လက်နက်ကိုင် အင်အားစုတွေ လက်နက်ချ၊ အညံ့ခံဖို့ကိုသာ တလျှောက်လုံး တောင်းဆိုခဲ့တာ ဖြစ်တယ်။  ဒီလို လုပ်တာဟာ ဗိုလ်နေဝင်း စစ်တပ် နဲ့ ဆိုရှယ်လစ် ဒီမိုကရက်တွေ အကြိုက် လုပ်တာပဲ။
တကယ် ဒီလိုဖြစ်လာတာဟာ ဦးနုမှာ တာဝန်ရှိတယ်။  ဦးနုဟာ သူတပါးပြောတာကို ယုံလွယ်တယ် ။  တရှူးထိုး လုပ်တတ်တယ်။  ဒါဟာ သူ့ရဲ့ အားနည်းချက်ပဲ။  ဒီအားနည်းချက်ဟာ သူ့အတွက် အန္တရာယ် ဖြစ်လာတာပဲလေ။
* * * * *
နောက်တယောက်က ဗိုလ်ချုပ်ကြီးနေဝင်း။
မင်းကို နောက်တယောက် အကြောင်း ပြောပြဦးမယ်။  အဲ.. သူကလည်း တို့ဗမာ့သမိုင်းမှာ တခန်း၊ တကဏ္ဍ တော့ အရှိသား။
၁၉၆၀ ရွေးကောက်ပွဲ ပြီးစမှာ “ကိုကြီးနု ရွေးကောက်ပွဲမှာ ခြိမ်းခြောက် မဲထည့်ခိုင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်ပါ။  ဗိုလ်အောင်ရွှေ တို့ အုပ်စု လုပ်တာသာ ဖြစ်တယ်။  ကိုကြီးနု သိတဲ့အတိုင်း လွတ်လွတ်လပ်လပ် မဲပေးဖို့ ရေဒီယိုက ပြောခဲ့တာပါ” လို့ သတင်းပို့သတဲ့။  ဒါဟာလည်း ဗိုလ်နေဝင်းကို ဦးနု ယုံကြည်စရာ အချက်ပေါ့။
တနည်းအားဖြင့် ဗိုလ်နေဝင်းက ဦးနုကို အယုံသွင်းလိုက်တာ။
နောက်တနည်းပြောရရင် အစက သူ့ကို ဗုံမြှောက်ပေးခဲ့တဲ့၊ သူ့ကို ခေါင်းဆောင် အဖြစ် မွေးခဲ့တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုကို တန်ပြန်ထိုးနှက်ဖို့ အင်အားစု လိုက်တာပဲ။  ဒါကိုလည်း ဦးနုက ယုံပေးလိုက်တဲ့အခါ သူ့ကို ပုခုံးပေါ် ထမ်းတင်ပေးခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေစတဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို ဖြုတ်လိုက်တာကိုး။  ဒီလို လုပ်လိုက်တာဟာ ဆိုရှယ်လစ် ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဘဆွေ တို့သာမက ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စု တခုလုံး အထိတ်တလန့် ဖြစ်ကြရသတဲ့။
ဒီမှာ အလျင်းသင့်လို့ ဆိုရှယ်လစ် အုပ်စုဖြစ်လာမယ့် အုပ်စု နဲ့ ဗိုလ်နေဝင်း ဘယ်လို ပတ်သက်ခဲ့တယ်ဆိုတာ မင်းတို့ လူငယ်တွေသိအောင် ပြောပြမယ်။
၁၉၄၂ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်) ကို ဖျက် ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) ကို ပြင်ဆင် ဖွဲ့စည်းတယ်။  အဲဒီမှာ မင်းတို့ ဗိုလ်ချုပ်က ကာနယ်လ် (ဗိုလ်မှူးကြီး) စစ်သေနာပတိ။  ဗိုလ်စကြ၊ ဗိုလ်လက်ျာတို့က ဒုတိယ ဗိုလ်မှူးကြီး စစ်ဦးစီးမှူးတွေ ဖြစ်တယ်။  ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျာ၊ ဗိုလ်ရန်နိုင်တို့က ဗိုလ်မှူး (မေဂျာ) တွေ ဖြစ်တယ်။  ဒါပေမယ့် ဗိုလ်နေဝင်းဟာ စစ်ဦးစီးမှူး ဗိုလ်လက်ျာ ပေးတဲ့ အမိန့်နဲ့တာဝန်ကို ဘာမှ မလုပ်ဘဲ တလျှောက်လုံး ငြင်းဆန်ခဲ့တယ်။  ဗိုလ်ချုပ်အောင်ဆန်းပြီးရင် သူသာ ဒုတိယ အကြီးအကဲ ဖြစ်ရမယ် ဆိုတဲ့ စိတ်နဲ့ ဆန့်ကျင်တာပဲ။
၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်၊ ဂျပန်က လွတ်လပ်ရေး ပေးပြီး မြန်မာစစ်တပ် ပြန်ဖွဲ့တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း က စစ်ဝန်ကြီး၊ ဗိုလ်နေဝင်းက ဗိုလ်မှူးကြီး စစ်ဦးစီးချုပ် (သေနာပတိ) ခန့်ထားခဲ့တယ်။  ဒီလို ခန့်တာ သူ့အရည်အချင်းကြောင့် မဟုတ်၊ နှစ်ပါတီ ညီညွတ်ရေးကြောင့် ပေးတာပဲ။  သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့က ဗိုလ်နေဝင်းကို သေနာပတိပေးဖို့ တောင်းဆိုတာကြောင့်ပဲ။
“ဗိုလ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ် က ဘာမှ အသုံးမကျဘူး၊ အလုပ်လည်း မလုပ်ဘူး” လို့ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ ဗိုလ်အောင်ကြီးတို့ အုပ်စုက ပြောဆိုပြီး လူငယ်တွေကို စည်းရုံးခဲ့တယ်။
ဒီမှာ “သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့” ဆိုတဲ့ စကား အတိုင်း ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီး စတဲ့ ဆိုရှယ်လစ် စစ်ဗိုလ် အုပ်စု (အဲဒီတုန်းက ဗိုလ်အောင်ကြီးပင် ဗိုလ်ကြီး အဆင့် ရှိသေးတယ်) ဟာ ဆရာ မွေးချင်သူ နဲ့ တပည့်မွေးချင်သူ ဆုံမိကြတာကိုး။  ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေ တို့က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်လက်ျာတို့ကို အံတု၊ ဖက်ပြိုင် ချင်ကြတယ်။ ဒါပေမယ့် ဒီလို ဖက်ပြိုင်နိုင်ဖို့က ဂုဏ်တူ၊ ဒြပ်တူ လိုတယ်လေ၊ အနိမ့်ဆုံး အရည်အချင်း မမီရင်တောင် ရာထူး အဆင့်အတန်းတော့ ရှိဖို့လိုတယ်။
ဗိုလ်နေဝင်း ကလည်း ဗိုလ်လက်ျာ၊ ဗိုလ်အောင်ဆန်းကို တိုက်ဖို့ နောက်လိုက်၊ နောက်ပါ လိုတယ်၊ ရှာတယ်။  ဒီမှာတင် ဗိုလ်အောင်ကြီး အုပ်စု နဲ့ ဗိုလ်နေဝင်း တပည့်မွေး၊ ဆရာ မွေး စနစ် နဲ့ ပေါင်းဖက်မိကြတယ်။
ဗိုလ်နေဝင်တို့ဟာ ဗိုလ်လက်ျာကို သာမကတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ဝေဖန်တိုက်ခိုက်လာကြတာကလားကွဲ့။  မင်းတို ဗိုလ်ချုပ် နဲ့ ကိုသန်းထွန်း တို့က သိပေမယ့် ညီညွတ်ရေး ပျက်မှာ စိုးလို့ ရေငုံနေခဲ့ကြတယ်။
ဒါပေမယ့် ဂျပန်တော်လှန်ရေးပြီးဖို့ လအနည်းငယ်အလို ၁၉၄၅ ခုနှစ် လောက်ထဲမှာ အရေးမယူလို့ မဖြစ်တဲ့ အခြေ ရောက်လာလို့ ဗိုလ်နေဝင်းကို စစ်သေနာပတိ အဖြစ်က စစ်ဦးစီးချုပ် ရာထူး ချလိုက်တယ်။  ဒါ ပထမ အဆင့်ပဲ။  ဒုတိယ အဆင့်က စစ်ဦးစီးချုပ် ဗိုလ်နေဝင်းကို ရိက္ခာ ထောက်ပံ့ရေးမှူး အထိ အရာ ချ လိုက်တယ်။
ဒီလို ချရတဲ့ အကြောင်းက ၁၉၄၃ ဒီဇင်ဘာ မှာ အောင်လံ စစ်သေနာပတိရုံးမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် တို့က လာတွေ့ပြီး “စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ သွားရာ နေရာတိုင်း ဂျပန် အကြံပေး အရာရှိချုပ် ဗိုလ်ချုပ် ဆာဝါမိုတိုက တကောက်ကောက် လိုက်နေတယ်။  ဗိုလ်ကြီး ကဝါရှီမာ ကလည်း အလစ် မပေးဘူး။  ဒါကြောင့် ငါ့ ကိုယ်စား မင်းတို့ အစည်းအဝေးမှာ ဗိုလ်နေဝင်းကို ခေါင်းဆောင်ခိုင်း၊ မင်းတို့ အစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်း ဂျပန်တော်လှန်ရေး စမယ်” လို့ ပြောသတဲ့။  ဗိုလ်နေဝင်းကလည်း သဘောတူပြီး သဘာပတိ လုပ်သတဲ့၊ ဒီ အစည်းအဝေးက ၁၉၄၄ ဇူလိုင် ၂၂ ရက်နေ့မှာ တော်လှန်ရေး စဖို့ ဆုံးဖြတ်ခဲ့ ဆိုကိုး။
အစည်းအဝေး တက်ခဲ့တဲ့ ဗိုလ်ရန်အောင်၊ သခင် သာညှင်း တို့က ရန်ကုန်မှာ သခင်သန်းထွန်းနဲ့တွေ့ပြီး အစည်းအဝေး အကြေင်း ပြောတော့ သခင်သန်းထွန်း အတော်အံ့သြပြီး ဗိုလ်အောင်ဆန်းကို အကြောင်းကြားတာကိုး။  ဗိုလ်အောင်ဆန်းက သိသိချင်း ဗိုလ်နေဝင်းကို ခေါ်ပြီး “ခင်ဗျား သေနာပတိ မလုပ်နဲ့တော့၊ စစ်ဦးစီး ပဲလုပ်” ဆိုပြီး ရာထူးချလိုက်တယ် တဲ့။
ဖက်ဆစ် တော်လှန်ရေးပြီးစ မှာ တပ်က ကန်ထုတ်ဖို့ အထိ ဆုံးဖြတ်ခဲ့တယ်။  သခင်သန်းထွန်း က ညီညွတ်ရေးပြိုကွဲ လို့ မဖြစ်ဘူး ဆိုပြီး အတင်းတားတာ နဲ့ မထုတ် ဖြစ်ခဲ့ဘူးတဲ့။  ဗိုလ်နေဝင်းက ဗိုလ်အောင်ဆန်းကို ပါ အံတုလာတာတွေ၊ ပြိုင်လာတာတွေနဲ့ တခြား အကြောင်းတွေလည်း ရှိသေးသတဲ့။
* * * * *
ပြီးတော့ သခင်သန်းထွန်း။
သခင်သန်းထွန်းရဲ့ ယုံကြည်ချက်၊ နိုင်ငံရေးလမ်းစဉ်ကိုတော့ မကြိုက်ဘူး။ ဒေါ်ဒေါ်က ကွန်မြူနစ်လည်း မဟုတ်ဘူး။  ဒါပေမယ့် သခင်သန်းထွန်းကို ပုဂ္ဂိုလ်အရ လေးစားတယ်။  ဘာဖြစ်လိုလဲဆိုတော့ ရိုးသားတယ်၊ မျှမျှတတ စဉ်းစားတတ်တယ်၊ မဟုတ်တာ မလုပ်ဘူး၊ သူ့ ကိုယ်ကျိုး စီးပွားအတွက် ဘာမှ မလုပ်ဘူး၊ ဖျောင်းဖျောင်းဖျဖျ ပြောတတ်တယ်။  သူ နဲ့ မင်းတို့ ဗိုလ်ချုပ် တွဲခဲ့တဲ့ အချိန်က လုပ်ငန်းတိုင်းလို အောင်မြင်တယ်။  မင်းတို့ ဗိုလ်ချုပ်က စိတ်မြန်တယ်၊ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တယ်၊ သခင်သန်းထွန်းက အေးဆေးတယ်၊ တည်ငြိမ်တယ်၊ ခေါင်းအေးအေးထား စဉ်းစားတတ်တယ်။  ငါ့ယောက်ျားကို ဝန်းရံပေးတာ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းပဲ။  ဒီဒုတ် ဦးဘချိုတို့၊ သခင်မြတို့၊ သခင်ချစ်တို့၊ ဗိုလ်လက်ျာတို့လည်း ပါတာပေါ့။  ကိုသန်းထွန်း နဲ့ ကိုဗဟိန်းကတော့ အနီးကပ်ကိုး။
* * * * *
ဒီတယောက်ကတော့ အစက အလံနီ၊ နောက်တော့ ဗကပ၊ ဟော… အခုတော့ မဆလ ဗိုလ်နေဝင်း နဲ့ သူနဲ့ ဉာဏ်ရည် ပြိုင်တဲ့ ပွဲပဲ။  ဘယ်သူနိုင်မလဲ စောင့်ကြည့်ရမှာပေါ့။  နှစ်ယောက်စလုံးကတော့ ဉာဏ်နီ ဉာဏ်နက် တွေချည်းပဲ။  သူက ဗိုလ်နေဝင်း အကြိုက်တွေ ရေးပြီး “ရွှေနားတော်သွင်းဧချင်း” လုပ်နေတယ်။  သမိုင်းကို လိမ်ပေးနေတယ်။  နေရတကာ သူသိသူတတ် လုပ်နေတယ်။  တချို့နေရာတွေမှာ သူပါတာမှန်ပေမယ့် နေရာ အများမှာ သူမပါဘူး၊ သူမသိဘဲ နဲ့ ရမ်းတုတ်နေတာတွေ များတယ်။  ကိုသိန်းဖေ စာအုပ်ထဲက ခိုးချနေတာပဲ။  အဲဒီလို ရေးပေးလို့လည်း ဗိုလ်နေဝင်းက ဆုလာဘ်တွေချ၊ သစ်တောတွေတောင် ပေးဆိုလားပဲ။ အေး.. မှတ်ထား ဘယ်နေ့ ဗိုလ်နေဝင်းရဲ့ ကန်အထုတ် ခံရမလဲ ဆိုတာပဲ။
* * * * *
အဲသလို လူပုဂ္ဂိုလ် တဦးစီ ရဲ့ အကြောင်း သူတွေ့ထိ၊ သိမြင် ရသလောက် ပြောပြလေ့ ရှိတယ်။  ကောင်းရင် ကောင်းသလို၊ ချီးကျူး ပြောဆိုတတ်ပြီး သူမကြိုက်တာကိုလည်း မကြိုက်သလို ပြောပြတတ်တယ်။  တခါတရံမှာ ဂျပန်တော်လှန်ရေး ကာလ အတွေ့အကြုံတွေ၊ ဂျပန်ခေတ် ဆေးရုံကြီး အကြောင်းတွေ မှတ်မိသမျှ ပြောပြတတ်တယ်။  တခါတရံမှာတော့ ပန်းတွေ အကြောင်း၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ “လစ်လီ” ပန်းမျိုးတွေ အိန္ဒိယ က ယူလာခဲ့တဲ့ အကြောင်းတွေ ပြောတတ်တယ်။
စိတ်အားငယ်စရာ၊ စိတ်ပျက်စရာ စကားတွေ ပြောသံ မကြားရပါဘူး။  မုဆိုးမ ဘဝ သက်တမ်း တလျှောက်လုံး၊ သံအမတ်ကြီး ရာထူးကို စွန့်ခဲ့ရပြီး အထီးကျန် ဆန်ဆန် နေခဲ့ရတဲ့ ကာလ တလျှောက်လုံး တည်တည်ငြိမ်ငြိမ် နဲ့ ရပ်တည်ခဲ့တယ်။  အိမ်နိမ့်စံ ဘဝ၊ မုဆိုးမ ဘဝ နဲ့ သိမ်ငယ်နေရမယ့် အစား ပန်းပင်တွေနဲ့ စကားပြောရင်း သူ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် နိုင်ခဲ့တယ်။
တချိန်က ဗမာပြည်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကတော်ဟာ ဗိုလ်ချုပ် နဲ့ သေကွဲ ကွဲခဲ့ရတယ်။  မုဆိုးမဘဝနဲ့ ကြိုးစား ရပ်တည်နေတုန်း သားလတ်ဖြစ်သူ “အောင်ဆန်းလင်း” က သေမင်း နောက် ကောက်ကောက်ပါအောင် လိုက်သွားပြန်တယ်။  ကျန်တဲ့ သား နဲ့ သမီးက ရေမြေခြား နေခဲ့တယ်။ 
ဒီလို ပန်းပင်တွေကြားမှာ အလုပ်များနေခဲ့တဲ့ ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ် ဧပြီလ (၁၆) ရက်နေ့ မြောင်းမြ မှာ မွေးခဲ့သတဲ့။  ဦးဘိုးညှင်း၊ ဒေါ်ဖွားစု တို့ရဲ့ သားသမီး (၁၀) ဦး ရှိတဲ့ အနက် သူမက အဋ္ဌမ မြောက် သမီးလေ။
ရန်ကုန် ကြည့်မြင်တိုင် အေဘီအမ် အမျိုးသမီးကျောင်း၊ မော်လမြိုင် မော်တင်လိန်း ဆရာ အတတ်သင်ကျောင်းတွေမှာ ပညာသင်ယူခဲ့တယ်။  မြောင်းမြ အမျိုးသမီးကျောင်းမှာ ဆရာမ လုပ်ခဲ့တယ်။  နောက် ဝါသနာပါတဲ့ သူနာပြု အလုပ်လုပ်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနဲ့ ဒပ်ဖရင် ဆေးရုံကြီးတွေမှာ သူနာပြု အတတ်ကို သင်ယူခဲ့တယ်။  ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာစဉ် ရန်ကုန်ဆေးရုံကြီးမှာ သူနာပြု လုပ်နေခဲ့တယ်။  ဗြိတိသျှ တို့ အိန္ဒိယ ကို ဆုတ်ခွာတဲ့ အချိန်မှာ ရန်ကုန်ဆေးရုံကြီးက လူမမာ တချို့ကို ကာလကတ္တား ဆေးရုံကို ပြောင်းရွှေ့ပေးပြီး အိန္ဒိယ က ဗမာပြည်ကို နောက်ဆုံး သဘောင်္နဲ ပြန်ခဲ့ရပါသတဲ့။
ဂျပန်ခေတ် ၁၉၄၂ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်တဲ့အခါ အဖွဲ့ဝင် သူနာပြု တဦးအဖြစ် တာဝန်ယူနေစဉ် ဆေးရုံတက်နေတဲ့ လူနာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မေတ္တာမျှပြီး အဲဒီနှစ် စက်တာဘာ (၆) ရက်နေ့မှာ လက်ထပ်ခဲ့ ဆိုကိုး။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ မင်္ဂလာဦးဓာတ်ပုံ
(ဓာတ်ပုံဆရာ – မသိ၊ ဓာတ်ပုံ မူပိုင်ခွင့် – အများပိုင် (ဗမာနိုင်ငံ မူပိုင်ခွင့်အက် ဥပဒေ ၁၉၁၄ အရ))
၁၉၆၀ ခုနှစ်မှာ အိန္ဒိယ နဲ့ နီပေါ နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဦးနု ပထစ အစိုးရက တာဝန်ပေးခဲ့တယ်။  ၁၉၆၇ ခုနှစ် ဗိုလ်နေဝင်း ရဲ့ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်မှာ အငြိမ်းစား ပေးခံခဲ့ရတယ်။
ဒေါ်ခင်ကြည်ဟာ ပထမဦးဆုံး မြန်မာဗိုလ်ချုပ်ကြီး၊ စစ်သေနာပတိ၊ စစ်ဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး ဖြစ်တယ်။  ဗမာ့သမိုင်းထဲက အထွတ်အထိပ် ရောက်ခဲ့ကြတဲ့ သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဦးနေဝင်း၊ သခင်သန်းထွန်း တို့နဲ့ လက်ရေတပြင်တည်း နေခဲ့ကြတယ်။  မောင့်ဘက်တန်၊ ဂဝါဟလာနေရူး၊ အင်ဒီရာ ဂန္ဒီ၊ သီရိလင်္ကာ ဝန်ကြီးချုပ် မစ္စက် ဘန္ဒရာ နာယကေး တို့လို နိုင်ငံခြား တိုင်းပြည်က ခေါင်းဆောင်တချို့ နဲ့ တရင်းတနှီး ဆက်ဆံ နေထိုင်ခဲ့ရတယ်။
၁၉၆၇ သံအမတ်ကြီးရာထူးက အငြိမ်းစားယူလိုက်ရချိန်ကစပြီး သူ့ခြံထဲက ဥယျာဉ် သေးသေးလေးထဲမှာ ပန်းပင်ကလေးတွေနဲ့ စကားပြောရင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စကားလက်ဆုံကျရင်း သူ့ဘဝကို သူကိုယ်တိုင် ပြုစု ပျိုးထောင်ရင်း လောကဓံ ကို ကြံ့ကြံ့ခံ နေထိုင်ခဲ့တယ်။
တကယ်တော့ ဗိုလ်ချုပ်ကတော်၊ တပ်မတော်ရဲ့ ဖခင်ကြီး၊ မိခင်ကြီး ဘဝက အရာကျ၊ အိမ်နိမ့်စံ ဘဝ၊ သံအမတ်ကြီး ဘဝက အရာကျ အိမ်နိမ့်စံ ဘဝ နှစ်ဘဝ ရောက်ခဲ့ပေမယ့် အနိုင်မခံ၊ အရှုံးမပေးဘဲ စိတ်ဓာတ် ကြံ့ခိုင်မှုမျိုးနဲ့ ရပ်တည်ရင်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့မှာ မဟာသုဓမ္မဒေါ်ခင်ကြည်ဟာ ဘဝတပါး ပြောင်းရွှေ့ သွားရှာပါတော့တယ်။
ဒေါ်ဒေါ် ကောင်းရာ သုဂတိ လားပါစေ။
လှကွန့်

မိုးမခ မှတ်ချက်။  ။ ဤဆောင်းပါးပါ အချက်အလက်များသည် ဆောင်းပါးရှင်၏ ရေးသားချက်နှင့်အာဘော်သာ ဖြစ်သည်။  ဆောင်းပါးပါ “ဒေါ်ခင်ကြည်၏ စကား” ဟု ဆိုသည်များကို မိုးမခစာဖတ်ပရိသတ်အနေနဲ့ စိတ်ဝင်းစားပါက သုတေသနလုပ်သင့်သည်။  ဤဆောင်းပါး အ တွက် ဆောင်းပါးရှင် “စာရေးသူ ဆရာလှကွန့်” နှင့် မူရင်းပုံနှိပ်ဖော်ပြခဲ့သည် “မြန်မာသစ်မဂ္ဂဇင်း” တို့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ် တမ်းတင်အပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်