>Shwe Pyi U Ba Tin by Maung Swan Yi

October 2, 2008

>

မောင်စွမ်းရည် (သရုပ်ဖော် – မင်းကျော်ခိုင်)



အမှတ်တရ ဆရာကြီးရွှေပြည်ဦးဘတင်

မောင်စွမ်းရည်

အောက်တိုဘာ ၁၊ ၂၀၀၈

ကျွန်တော်တို့တတွေ မန္တလေးတက္ကသိုလ်ကို တက်ရောက်စဉ်ကာလမှာ တလေးတစားနဲ့ အမှတ်တရအဖြစ်ရဆုံး ဆရာကြီး တဦးကတော့ “ဆရာရွှေပြည်” လို့ ကျွန်တော်တို့ အဖျားဆွတ် ခေါ်လေ့ရှိတဲ့ ဆရာကြီး ရွှေပြည်ဦးဘတင် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆရာဆိုပေမယ့် စာသင်တဲ့ ကျောင်းဆရာ မဟုတ်ပါဘူး၊ စာဟောဆရာကြီးပါ။ ဆရာကြီးဟာ ထင်ရှားတဲ့ နိုင်ငံသမိုင်းပညာရှင်၊ မြန်မာစာ၊ မြန်မာမှု ပညာရှင်ကြီးတဦး ဖြစ်ပါတယ်။

ဆရာကြီးဟာ တက္ကသိုလ်ဘွဲ့ရ ပညာရှိကြီးတဦး မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာကြီးရဲ့ ပညာအရည်အချင်းကြောင့် မန္တလေး အမျိုးသားကျောင်းဆရာ၊ မန္တလေး ဆရာအတတ်သင် ကျောင်းဆရာ၊ မန္တလေး ပန်တျာကျောင်းအုပ်၊ သမိုင်းသုတေသီ စတဲ့ အစိုးရခန့် ပညာရှင်အလုပ်တွေကို တာဝန်ယူခဲ့ရပြီး တက္ကသိုလ်ဆရာတွေကို မြန်မာစာ၊ မြန်မာမှု၊ မြန်မာရာဇ၀င်တွေ ပို့ချဟောပြောပေးခဲ့ရတဲ့ ဆရာကြီးတဆူပါ။

ကျွန်တော်တို့ တက္ကသိုလ် ရောက်စနှစ်ပိုင်းမှာ မန္တလေးတက္ကသိုလ် အဆောင်မကြီးရဲ့ အပေါ်ဆုံးအနောက်ဖျားက “အေ၀မ်း” ခန်းမကြီးမှာ တပတ်တခါ ဆရာရွှေပြည်ရဲ့ ဟောပြောပွဲတွေ အတန်ကြာအောင် ပြုလုပ်ခဲ့ဖူးပါတယ်။ ဆရာကြီးရှေ့မှာ မြန်မာစာ ပါမောက္ခနဲ့ မြန်မာစာကထိကတွေက ကျိုးကျိုးနွံနွံနဲ့ လိုက်လံနာကြား ရေးမှတ်ကြပါတယ်။ ကျွန်တော်က ဘူမိဓာတု သိပ္ပံ ကျောင်းသားဖြစ်ပေမယ့် ဆရာကြီး ဟောပြောတာတွေကို အမြဲမပြတ် တက်ရောက်နားထောင် မှတ်သားပါတယ်။ ဆရာကြီး ဟောပြောတဲ့ အကြောင်းအရာတွေဟာ ပုံနှိပ်စာအုပ်တွေ၊ ပေပုရပိုက်တွေထဲကသာ မကဘဲ ရှေးလူကြီးတွေ ကျန်ကောင်း ကျန်ရာ ကျန်ခဲ့တဲ့ နန်းတွင်း ပညာရှိကြီးတွေရဲ့ မှတ်သားပြောဆိုချက်တွေလဲ ပါရှိပါတယ်။

ဆရာကြီးက အသားညိုတယ်။ ဥပဓိရုပ်ခန့်ညားတယ်။ ခေါင်းပေါင်းစွပ်ထားပြီး တိုက်ပုံအင်္ကျီ အမြဲဝတ်တယ်။ လည်မှာ ပုဝါရှည်တခု အမြဲပတ်ထားလေ့ရှိတယ်။ မျက်လုံးမှေးထားပြီး ပြောဟောလေ့ရှိပေမယ့် မျက်နှာထိ မျက်နှာထား၊ အသံနေ အသံထား၊ မှင်မောင်း ကောင်းလှတာကြောင့် စာနာတဲ့ ပရိတ်သတ်ဟာ မငြီးနိုင်ဘဲ အစအဆုံး နာယူမှတ်သားလေ့ ရှိပါတယ်။ နန်းဓလေ့ မန်းဓလေ့တွေကို ပြောပြရာမှာဆိုရင် နန်းတွင်းသူ နန်းတွင်းသားတွေကို ထင်ယောင် မြင်ယောင်မိပြီး ငေးမော နားထောင်ကြရပါတယ်။ တခါတရံ ရှေးသီချင်းကြီးတွေကို အသံနေ အသံထားနဲ့ စည်းဝါးကိုင်ပြီး သီဆိုပြတာမျိုးလဲ ရှိပါတယ်။ တကယ်တော့ ဆရာကြီးက မန္တလေးရဲ့ မဟာဂီတ ပညာရှင်ကြီးတဦး ဖြစ်ပါတယ်။ မန္တလေးက ဆရာဘကလေး၊ ဆရာမြို့မငြိမ်း စတဲ့ မဟာဂီတ ပညာရှင်တွေနဲ့အတူ မဟာဂီတကိစ္စများအတွက် ရန်ကုန်ကို သွားကြပုံကို လူထုသတင်းစာမှာ မြင်ဖူးပါတယ်။

ဂီတမှာ ဘယ်လောက် အစွဲတကြီး လေးစားသလဲဆိုရင် သူ့သားတွေ အားလုံးကို မြန်မာယောက်ျားတိုင်း ပတ္တလား တီးတတ် ရမယ်၊ ပန်းချီ ဆွဲတတ်ရမယ်ဆိုပြီး ကိုယ်တိုင် သင်ပေးလေ့ ရှိပါတယ်။ ပြီးရင် သူလေးစားတဲ့ ဂီတပညာရှင်ကြီးတွေဆီမှာ ဆက်လက်အပ်နှံ သင်ယူစေပါတယ်။ ဆရာမြို့မငြိမ်းနဲ့ အတွဲဖြစ်တဲ့ ပန်းချီကျော် ဦးဘသက်ဟာ ဂီတပညာရှင်လဲဖြစ်ပြီး တယောထိုး ကျွမ်းပါတယ်။ အဲဒီ ဆရာတွေဆီကိုလဲ ဆရာရွှေပြည်ကိုယ်တိုင် သားတွေကို အပ်နှံခဲ့တာပါ။

ဆရာရွှေပြည်ဟာ ကိုလိုနီခေတ်က မန္တလေး မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်တွေထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်။ နိုင်ငံရေး တရားဟောရာမှာ ဦးတိုး ရာမရကန်ထဲက သဇင်ပန်းဘွဲ့ကို ဌာန်နဲ့ မာန်နဲ့ သီဆိုဟောပြော လေ့ရှိလို့ ပရိသတ်က ညစဉ်မပြတ် တခဲနက် အားပေးနားထောင်ကြတာ ညပေါင်း ၁၄၀ တိတိ ရှိတော့မှ အင်္ဂလိပ်အရေးပိုင်က အမိန့်ထုတ်တားမြစ်လို့ ရပ်လိုက်ရတယ် ဆိုပါတယ်။

မန္တလေးကအထက်ဗမာနိုင်ငံ ဖဆပလအဖွဲ့ချုပ်ကို ဂျပန်တွေ အောက်ပြည်ကမထွက်သေးခင် အင်္ဂလိပ်စစ်တပ်လဲ မန္တလေးမှာ အခြေမချသေးခင် ဦးရာဇတ်နဲ့ လူထုဦးလှတို့က ဖွဲ့တယ်။ ရန်ကုန်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလအဖွဲ့ချုပ်ဖွဲ့တော့ ကိုယ်စားလှယ် ၁၀ ဦး တောင်းရာမှာ ဆရာရွှေပြည် ပါခဲ့ပါတယ်။ လူထုကြည်ညိုတဲ့ နိုင်ငံရေးသမားအဖြစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလဲ အထူးလေးစားလို့ ပြည်တွင်းစစ်ဖြစ်စက ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဆရာရွှေပြည်ကိုလဲ ကော်မတီဝင်အဖြစ် ထည့်သွင်းခဲ့ဖူးပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆက်လက် မလုပ်နိုင်ခဲ့ရှာပါဘူး။

တက္ကသိုလ်မှာ ကျွန်တော်တို့ ကလောင်ရှင်အသင်း ဖွဲ့စည်းလှုပ်ရှားတဲ့အခါတုန်းကဆိုရင် မန္တလေးက စာပေပညာရှင်ကြီးများ ဖြစ်ကြတဲ့ ဆရာရွှေပြည်၊ ဆရာမြမျိုးလွင်၊ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ ဒေါ်အမာတို့အပြင် စစ်ကိုင်းက ရွှေကိုင်းသား ဦးသောဘိတနဲ့ ဆရာကြီးစစ်ကိုင်း ဦးဘိုးသင်းတို့ကိုပါ ဖိတ်ကြားပြီး နှစ်စဉ် စာဆိုတော်နေ့ ဟောပြောပွဲတွေ လုပ်လေ့ရှိပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့တတွေဟာ ဆရာကြီးတွေနဲ့ ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးကျွမ်းဝင်ပြီး ဆရာရင်း တပည့်ရင်းတွေလို ဖြစ်လာခဲ့ကြပါတယ်။

တကယ်တော့ ဆရာကြီးရွှေပြည်ဦးဘတင်ရဲ့ တပည့်ရင်းချာတွေက အမျိုးသားကျောင်းထွက် လူထုဒေါ်အမာ၊ ဗိုလ်ခင်မောင်ကလေး စသူတို့ပဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးရာဇတ်က ဆရာရွှေပြည်ရဲ့ စာသင်ခန်းကို အသံလုံတဲ့ မြေအောက်ခန်းကို ပို့ထားလေ့ရှိသတဲ့။ ဆရာတပည့်တတွေ သီချင်းဆိုကြရင် တခြားအခန်းတွေ မကြားနိုင်အောင် လွတ်လွတ်လပ်လပ်ဆိုနိုင်ဖို့ စီစဉ်ပေးထားတာလို့ ဒေါ်ဒေါ်လူထုဒေါ်အမာက ပြောပြဖူးပါတယ်။

မန္တလေးတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်အောက်ကလွတ်ပြီး သီးခြားတက္ကသိုလ် ဖြစ်တော့မယ်ဆိုတော့ ပညာသင်မှုတွေကို တိုးချဲ့လာပါတယ်။ မြန်မာစာဌာနမှာ ဂုဏ်ထူးတန်းတွေ မဟာတန်းတွေဖွင့်ဖို့ ကြိုးစားကြပါတယ်။ ခု အမေရိကန် ပြည်ထောင်စု မြောက်အီလီနွိုက် တက္ကသိုလ် မြန်မာစာပါမောက္ခ ဦးစောထွန်းတို့၊ ဂုဏ်ထူးသိန်းနိုင်တို့၊ ကဗျာတင်မိုးတို့နဲ့ စတင်ခဲ့တာပါ။ ပါမောက္ခ ဦးချမ်းမြ (မြကေတု) က ရန်ကုန်က ဆရာကြီးလုစ်၊ ဦးဖေမောင်တင်၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကိုလဲ သူတပည့်တွေရဲ့ စာမေးပွဲ အဖြေလွှာတွေကို စစ်ဆေးဖို့ နှစ်စဉ်ဖိတ်ကြားပါတယ်။

ဆရာကြီးတွေ အပန်းဖြေရက်မှာ မေမြို့၊ တောင်သမန်အင်း၊ အင်းဝ၊ စစ်ကိုင်း စတဲ့ မန္တလေးဝန်းကျင်ကိုလည်း လိုက်လံပို့ ဆောင်ပြီး ပျော်ပွဲစားသဖွယ် ပြုလုပ်ပေးပါတယ်။ အဲဒီအခါတွေမှာ ဂုဏ်ထူးတန်း ကျောင်းသားတွေနဲ့ အတူ ခရီးစီစဉ်သူ ဆရာဦးမောင်မောင်တင်က သူ့တပည့် စာပေသမားဖြစ်တဲ့ ကျွန်တော့်ကိုလဲ ခေါ်ပါတယ်။ ဆရာကြီးတွေ စာပေဆွေးနွေးကြရာမှာ ကျွန်တော်တို့လဲ ဘေးကနားထောင် မှတ်သားကြရပါတယ်။

တောင်သမန်အင်းစောင်းက စာပေ၀ိုင်းတခုမှာ သံချို ဆိုပုံဆိုနည်းနဲ့ ပတ်သက်ပြီး ဆရာမင်းသုဝဏ်က ဆရာရွှေပြည်ကို မေးရာမှာ “သံချို” ကို “ခကွေး” သံနဲ့ “သံချို” လို့ အမှတ်တမဲ့ အသံထွက်ပြီး ပြောဆိုမိပါတယ်။ ဒီအခါမှာ ဆရာရွှေပြည်က “ကိုဝန်ရယ် … ခင်ဗျားတို့လို ဆရာတွေက ဒီလိုအသံထွက်တော့ ခင်ဗျားတို့ရဲ့ တပည့်တွေလဲ အသံထွက် မှားကုန်မှာပေါ့။ “သံဂျို” လို့ စနစ်တကျ ဆိုစမ်းပါဗျာ”လို့ ဝေဖန်ဆုံးမပါတယ်။ ဆရာမင်းသုဝဏ်ကလဲ ဘာသာသိပ္ပံပညာရှိပီပီ အသံကို အလွန်ဂရုပြုပေမယ့် အမှတ်တမဲ့ ထွက်သွားရှာတာပါ။ ဒါပေမယ့် ချက်ချင်းဝန်ခံတောင်းပန်ပြီး “နောင်သတိထားပါ့မယ် ဆရာ”လို့ ရယ်ရယ်မောမောနဲ့ ကတိပေးလိုက် ပါတယ်။ ဆရာရွှေပြည်ကတော့ စာဖတ်ရာ၊ သီချင်းဆိုရာ၊ စကားပြောရာတွေမှာ ဌာန်ကရိုဏ်း ပယတ်တို့ကို အထူးသတိထားကြောင်း သိရပါတယ်။

ကျွန်တော်တို့တတွေ တက္ကသိုလ် ကလောင်ရှင်ဘ၀ကနေ ပြင်ပစာရေးဆရာ ဖြစ်လာတဲ့အခါမှာ ဦးလေး လူထုဦးလှ၊ ဒေါ်ဒေါ် ဒေါ်အမာတို့ ဦးဆောင်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ ၀ိုင်းတော်သားတွေ ဖြစ်လာကြပါတယ်။ အသင်းရဲ့ လှုပ်ရှားမှုအဖြစ် လယ်သမား၊ အလုပ်သမားတွေရှိရာကို ကွင်းဆင်းလေ့လာကြတဲ့ အခါမှာ ဆရာကြီး ရွှေပြည်ဦးဘတင်နဲ့ ပန်းချီဆရာကြီး ဦးဘသက်၊ ဆရာတော် ဦးသောဘိတ တို့ကိုလဲ ဦးလေးက ဖိတ်ကြားလေ့ ရှိပါတယ်။ တခါတော့ ကျွန်တော် တို့တတွေ လယ်သမားတွေရှေ့မှာ ကိုယ့်ကဗျာတွေကိုယ် ရွတ်ကြပါတယ်။ ဆရာကြီးက အားမရလို့နဲ့ တူပါတယ်၊ ကဗျာတပုဒ် စနစ်တကျ ရွတ်ဆိုပုံကို ကိုယ်တိုင်ရွတ်ပြခဲ့ဖူးပါတယ်။

ကျွန်တော်တို့သူငယ်ချင်း ကိုဘဂျမ်းကြီးကတော့ ဗမာပြည်မှာ ရှိစဉ်တုန်းကရော ပြည်ပကို ရောက်တဲ့အခါမှာရော ဆရာကြီးရဲ့ ဟောပြောချက်တွေကို ဆရာကြီးရဲ့ အသံ၊ ဆရာကြီးရဲ့ အမူအရာအတိုင်း။ လူငယ်စာပေပရိသတ်ကို အားရပါးရ ပြည်လည် ပြောပြလေ့ ရှိပါတယ်။ လက်ဖက်ရည်ဆိုင် စာပေ၀ိုင်းတွေမှာ ကြားကြရတဲ့ စာပေပရိသတ်တွေက ဆရာတို့ ဒီလို ဆရာကြီးတွေနဲ့ ကြုံခွင့် ဆုံခွင့်ရခဲ့ကြတာ ကံထူးလိုက်တာနော်လို့ အားကျပြောဆိုလေ့ ရှိကြပါတယ်။ တင်မိုးခေါ် ကိုဘဂျမ်းကတော့ သူ့ဆရာကြီးအကြောင်းကို ပြောပြနေရရင် ထမင်းမေ့၊ ဟင်းမေ့၊ ဆေးလိပ်တောင် မေ့ပါတယ်။ ဆရာရွှေပြည်ရဲ့သားများကိုယ်တိုင် သူတို့အဖေအကြောင်းကို တင်မိုးများ ပြောနေပြီလားဆိုရင် ငေးမောနားထောင်နေကြရပါတယ်။

အမေ လူထုဒေါ်အမာရဲ့ ၀မ်းမနာသားတဦးဖြစ်သူ မောင်ဝင်းတင့်ဆိုတာ ဆရာရွှေပြည်ကို သိမီလိုက်သူမဟုတ်ပါဘူး။ သူက ခုအခါ မိတ္ထီလာကောလိပ် စာကြည့်တိုက်မှူး လုပ်နေပါတယ်။ သမိုင်းစာပေ သုတေသနလဲ ၀ါသနာပါတယ်။ သူကတော့ ဆရာရွှေပြည်ရဲ့ဟောချက် အသံသွင်းကြိုးခွေတွေကို တခုချင်းဖွင့်ပြီး လက်ရေးနဲ့ ကူးယူနေပါတယ်။ ပြီးရင် အတွေးအမြင် စာစောင်ကို လစဉ်ပို့ပါတယ်။ ကျွန်တော်တို့က နယူးယောက်မြို့ ဆုံစည်းရာ မြန်မာစာအုပ်ဆိုင်ကိုသွားပြီး လစဉ် စောင့်ဖတ်ရပါတယ်။ ဆရာရွှေပြည်ရဲ့ သားတွေတောင် မောင်ဝင်းတင့်လို စိတ်ရှည် ဇွဲကောင်းနိုင်မယ် မထင်ပါဘူး။ ဒီမှာရှိတဲ့ သားတယောက်ကတော့ ဆုံစည်းရာ စာအုပ်ဆိုင်မှာ ရောက်လာသမျှ အတွေးအမြင် စာစောင်တွေကို မလွတ်တမ်း ၀ယ်ယူစုဆောင်းထားပါတယ်။

ဆရာကြီးဟာ အစိုးရအလုပ်တွေက နားတဲ့အခါ အိမ်မှာနေရင်း လုပ်လို့ရတဲ့ သုတေသန အလုပ်တွေကို သမိုင်းကော်မရှင်အတွက် လုပ်ပေးနေပါတယ်။ သူမှတ်သားမိသမျှတွေကို ရေးသားပြီး သုတေသန အစီအရင်ခံစာအဖြစ်ရေးသားပြီး မြန်မာနိုင်ငံ သမိုင်းကော်မရှင်ရုံးကို ပေးပို့ရပါတယ်။ ဒေါက်တာကျော်သက် အစရှိတဲ့ ခေတ်သစ်သမိုင်းဆရာတွေက ဆရာရွှေပြည်ရဲ့ သမိုင်းသုတေသနတွေဟာ စနစ်မကျဘူးလို့ မှတ်ချက်ချလေ့ ရှိကြပါတယ်။ ဆရာရွှေပြည်ကတော့ သမားရိုးကျအတိုင်း စုဆောင်းပြီး မှတ်တမ်းတင်ပေးလိုက်တာပါပဲ။ အဲဒီအထဲကမှ ခေတ်သစ် သုတေသီတွေက ခေတ်ပြိုင်မှတ်တိုင်တွေနဲ့ တိုက်ဆိုင် တည်းဖြတ်ကြရမှာပါပဲ။ အဲဒီ ပန်ကာအောက် သုတေသီတွေဟာ နောင်တော့လဲ ဆရာရွှေပြည်ပေးတဲ့ အချက်အလက်တွေကိုပဲ ယူပြီး စာတမ်းတွေ၊ ကျမ်းတွေ ရေးရတာပါပဲ။

ဆရာရွှေပြည်နဲ့ ရင်းနှီးသူ တပည့် မြန်မာစာကထိက ဦးမောင်မောင်တင်က “ဆရာ သူတို့က ဆရာ့ အစီရင်ခံစာ တွေကို စနစ်မကျဘူးလို့ပြောပြီး ခုတော့ သူတို့ပဲ ထုတ်နုတ်အသုံးချနေကြတယ်။ ဆရာ ဒီပုဂ္ဂိုလ်တွေကို အရေးယူသင့်တယ်” လို့ ပြောတော့ “မလုပ်ပါနဲ့ မောင်မောင်တင်ရယ်။ ငါ ဒါတွေ စုဆောင်းရတာ ခုလို သူများတွေ သုံးဖို့ပါပဲ။ ခုလိုသုံးကြတော့ သူတို့ ဘာပြောပြော ငါကတော့ ၀မ်းသာလှပါပြီ” လို့ ပြန်ပြောပါသတဲ့။

နှစ်စဉ် မန္တလေးတက္ကသိုလ် စာဆိုတော်နေ့ စာပေဟောပြောပွဲတွေနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၊ ဓမ္မဗိမာန် စာတမ်းဖတ်ပွဲတွေ လုပ်ပြီဆိုရင် အများအားဖြင့် ကျွန်တော်ပဲ ဆရာကြီးတွေကို လိုက်လံ ပင့်ဆောင်ရပါတယ်။ တနှစ်သားမှာတော့ ဓမ္မဗိမာန်အတွက် သွားရောက်ပင့်ဆောင်ရာမှ ဆရာကြီးရဲ့နှုတ်က တတွတ်တွတ် ဂါထာရွတ်သလို ရွတ်နေတာကြား ရပါတယ်။ ဂရုစိုက် နားထောင်လိုက်တော့ “ဆေးလိပ်၊ မျက်မှန်၊ ပိုက်ဆံ၊ မီးခြစ် … ဆေးလိပ်၊ မျက်မှန်၊ ပိုက်ဆံ၊ မီးခြစ်” နဲ့ အထပ်ထပ် ရွတ်နေတာကို ကြားလိုက်ပါတယ်။ “ငါ အပြင်ထွက်ခါနီးရင် ပါရမယ့်ပစ္စည်းတွေကို မမေ့အောင် ရွတ်ဆိုစစ်ဆေး နေတာကွယ့်” လို့ရှင်းပြပါတယ်။ ပစ္စည်းပြည့်စုံမှ ပင့်ခေါ်ရာကို လိုက်ဖို့ အိမ်ပေါ်က ဆင်းလာလေ့ရှိပါတယ်။

ကျွန်တော်လဲ ခုအခါ ဟိုတုန်းက ဆရာကြီးရဲ့ အသက်အရွယ်တန်းကို ရောက်လာပြီဆိုတော့ မေ့တတ်လာပါတယ်။ မေ့တဲ့ ပစ္စည်း ယူရမယ့်ပစ္စည်းကလဲ ဟိုတုန်းကထက် ပိုများတယ်။ “နားကျပ်၊ မျက်မှန်၊ ပိုက်ဆံနဲ့ ဖုန်း၊ တုတ်ကောက်၊ သော့တံ ကျန် မကျန် ပြန်လှန်စစ်ဆေးဦး” တဲ့။ ဒီိအကြောင်းကို ၀ါရှင်တန်မှာရှိတဲ့ ဆရာကြီးရဲ့သားဖြစ်သူ ကျွန်တော်တို့ရဲ့ သူငယ်ချင်းကို ပြန်လှန်ပြောပြပါတယ်။ သူ့သားက “ဟုတ်တယ်ဗျ၊ ဒါပေမယ့် တခါတော့ ကားပေါ်ရောက်မှ ခုံဖိနပ်ကြီး စီးလာမိလို့ ပြန်တက်ရသေးတယ်” လို့ ဖြည့်စွက် ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်က သူ့သားဆိုတာက တခြားမဟုတ်ပါ။ သူ့အဖေက လက်ထပ်သင်ပေးလို့ ပတ္တလား တီးတတ်လာပြီး ရာမရကန်ထဲက သဇင်ပန်းဘွဲ့နဲ့ ပွဲတိုင်းကျော်ဖြစ်နေတဲ့ ၀င်းဖေ (ကြီး) ခေါ် ဇော်ဝိတ်ကြီး ဖြစ်ပါတယ်။ ဒီနားမှာတင် မန္တလေးတက္ကသိုလ်ထွက် ၀င်းဖေ သုံးယောက်ရှိနေလို့ သူ့ကို “ကြီး” တလုံး တပ်ပေးရတာပါ။ ကျွန်တော်က ၀င်းဖေလတ်ပါ။ ၀င်းဖေလေးကတော့ ဘူမိရူပပညာရှင်၊ ကျောက်ဆည်ဇာတိပါ။

တခါတော့ ဓမ္မဗိမာန် စာဆိုတော်နေ့အတွက် ဆရာကြီးကို ကျွန်တော်ပဲ ပင့်ဖိတ်လာခဲ့ပါတယ်။ ဆရာကြီးရွှေပြည် ဟောပြောတော့ ကျွန်တော်နဲ့တင်မိုးက မီသမျှ လိုက်ရေးကူးပါတယ်။ ဆံကေ သိမ်းနိုင် အစရှိတဲ့ သီချင်းကြီးကို သီဆိုပြီး ဆ၀ိရယ ဆိုထင်ပါရဲ့၊ “သံရှိန်” အကြောင်းကို ရှင်းပြတဲ့ ဟောပြောချက်ပါ။ ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ပတ္တလား ခေါက်ပြီး အထလိုက်မှာ ပတ္တလားအစွန်းကိုကိုင်ရင်းလဲကျပြီး ကျွန်တော်တို့ ဆရာကြီး ကွယ်လွန်သွားခဲ့ရှာပါတယ်။ သတင်း ကြားကြားချင်း ကျွန်တော်တို့ ရောက်သွားပါတယ်။ လူထုဦးလှနဲ့ ကျွန်တော်တို့ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ အဲဒါဟာ ကျွန်တော့်အဖို့ လူတယောက် ကွယ်လွန်လို့ ပထမဆုံးအကြိမ် မျက်ရည်ကျဖူးတာပါပဲ။ ဒုတိယအကြိမ်ကတော့ ဦးလေးလူထု ဦးလှ ကွယ်လွန်တုန်းကပါ။ ဒီဆရာကြီး နှစ်ဦးရဲ့ ဂုဏ်ကျေးဇူးတွေကို အမြဲသတိရ ကန်တော့လျက်ပါ။ ။

မောင်စွမ်းရည် သြဂုတ် ၂၈၊ ၂၀၀၆ နယူးယောက်

(မူရင်း- ဧရာဝတီမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၀၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်