Than Win Hlaing – Articles

July 18, 2013

မကိုဋ်တော်
သန်းဝင်းလှိုင်
ဇူလိုင် ၁၈၊ ၂၀၁၃

ရှေးမြန်မာမင်းများ၏ အဆင်တန်ဆာများအနက် ῾ သရဖူ ᾽ သည် မကိုဋ်တော်ကဲ့သို့ ဦးခေါင်းတော်နှင့် ဦးခေါင်းတော်နှင့်ဆိုင်သည့် အဆင်တန်ဆာ ဖြစ်သည်။ ῾သရဖူ ᾽ နှင့် ပတ်သက်၍ ῾ မြန်မာအဘိဓါန် အကျဉ်းချုပ် ᾽ အတွဲ ၄ (ရ – ဠ ) စာမျက်နှာ ၁၈ဝ တွင် ῾ ရှင်ဘုရင် စသည် မြင့်မြတ်သူတို့ ဆောင်းသည့် ဦးဆောင်းတန်ဆာ ᾽ ဟူ၍ အနက်ဖွင့်ဆိုထားပေသည်။
သို့သော် တစ်ချိန်က သရဖူကို အချို့က မကိုဋ်တော်ကဲ့သို့ ဦးခေါင်းတော်နှင့်ဆိုင်သည့် အဆင်တန်ဆာဟု ဆို၍ အချို့ကမူ လည်ရွဲရင်လွှမ်းတန်ဆာမျိုး ဖြစ်သည်ဟု ယူဆခဲ့ကြသည်။
῾ ရာဇာဝါဒမေတ္တာစာ ᾽ ၊ ῾သမန္တ စက္ခုဒီပနီကျမ်း ᾽၊ စွယ်စုံကျော်ထင်အဖြေ ᾽ စသည်တို့ကို ပြုစုတော်မူခဲ့သော မုံရွေး ဇေတဝန်ဆရာ တော်ဘုရားကြီး ရှင်အာဒိစ္စရံသီက ῾ပါရမီတော်ခန်းပျို့ အဖြေကျမ်း ᾽ တွင် ဤသို့ ဆိုတော်မူခဲ့သည်။
῾  သရဖူ ကို ယခုအခါ ပညာရှိတို့သည် ဦးခေါင်းတန်ဆာ အဝင်သွင်း၍ မကိုဋ်ကို ဗောင်း၊ ဦးပေါင်း ဦးရစ်ကဲ့သို့ ပျို့ကဗျာလင်္ကာ ရတုစပ်ဆိုကြသည့် စာဟောင်းစာတမ်း မတွေ့ ရဘူးချေ။ ဦးဆောင်းတန်ဆာမှာလည်း ဗောင်း၊ မကိုဋ် ၊ သင်းကျစ်၊ ဟု၍ သုံးပါးကိုသာ တွေ့ဖူးသည်။ သရဖူနှင့်တကွ လေးပါး ဟူ၍ စာဟောင်းစာတမ်း မတွေ့ရဘူးချေ။ ရှေးဆရာတို့ ပျို့ ကဗျာတို့၌လည်း ဦးခေါင်းတန်ဆာ၌ တိုက်ရိုက် ထိစပ်သည်ကို မတွေ့၊ လည်ရွဲရင်လွှမ်းတန်ဆာ၌ ရောယှက်၍ စပ်သည်ကို တွေ့ရဖူးချေသည်။ ဘုံခန်းတွင် ဘရဏီနတ်သမီး၏  အခြွေအရံတို့ ဝတ်ဆင်ဟန်ကို ပြရာ၌ ῾ ရောင်မောင်း ပြက်ပြက် ၊ ဘယက်သရဖူ၊ ရွှေခြူသင်တိုင်း၊  ဘယ်နှင့်ခိုင်း၍ နှိုင်းရှာပလိမ့် ᾽ ဟူ၍လည်းကောင်း၊ ဝေဠုရိယ နတ်သား ဆင်ဝတ်ဟန်တွင် ῾ မြနှောင်းဍောင်းလည်း၊ မြတ်ကောင်းပြည့်ထူ၊ သရဖူတန်ဆာ၊ လည်မှာစလွယ် ဆယ့်ကိုးသွယ်သား၊ ရှုဖွယ်ရောင်ချက်၊ ဗြွံ့အမျက်ထက် ᾽ ဟူ၍ လည်းကောင်း၊ ῾ ဝင်လစေမူ ၊ ရွက်ထီးဖြူ၍  သရဖူလည်မာ၊ တန်ဆာချစ်ဖွယ်၊ ဘယက်သွယ်နှင့် ၊ စံပယ်တင့်မြတ်၊  လတ်ကြီးလွတ်ကို ᾽ ဟူ၍ လည်ကောင်း၊ ရွှေဗိမာန်ရှင် နတ်သား၏ အခြွေအရံ နတ်သမီး မောင်းမတို့ ဆင်ဟန်တို့ကို ဆိုရာ၌ ῾ တင့်တယ်မွေ့လျော်၊ ခြွေရံတော်ကို၊ မြော်လတုံလည်း၊ တပုံတည်းလျှင်၊ စုလည်းယကင်၊ စီအင်ပြောက်၊ ဘယက်သရဖူ၊ ရွှေခြူသင်တိုင်း၊ ဆိုင်းရရိုင်းလျှင်᾽ ဟူ၍ လည်းကောင်း၊ ဘူရိဒတ်လင်္ကာတွင် ဘူရိဒတ် နဂါးမင်းကို နဂါးမတို့ ဆင်ယင်၍ ခစားပြရာဟန်၌ ῾ ညီလာခစား ၊ထံပါးမကွေ ၊ ကိုယ်ကြပ်နေလျက်၊ ရွှေကွန်ရက်နှင့် ၊ ဘယက်သရဖူ၊ ရွှေခြူရင်လွှမ်း၊ ရွှေခြည်လွှမ်း၍ ᾽ ဟူ၍ လည်းကောင်း ဤသို့ စသည်ဖြင့် ရင်လွှမ်းတန်ဆာ၊ လည်ရွဲတန်ဆာ စသည်တို့နှင့် အနီးအပါးပြု၍ စပ်သည်။
ယင်းသို့ မုံရွေးဆရာတော်ကြီး ကိုးကားပြဆိုခဲ့သည်များကို အထောက်အထားပြုသော် သက္ကရာဇ် ၈ဝဝ ကျော်ခန့် အင်းဝခေတ်အတွင်းကပေါ်သော စာဟောင်းစာတမ်းများအရ သရဖူကို လည်ရွဲ ရင်လွှမ်းတန်ဆာနှင့် တွဲ၍ တစ်မျိုး၊ ဦးခေါင်းတန်ဆာ ဖြစ်သော မကိုဋ်နှင့် တွဲ၍တစ်သွယ် နှစ်မျိုးနှစ်ဖုံ တွေ့ရှိရလေသည်။
မင်းကြီးမဟာဇေယသင်္ခယာ ရေးသားသော ῾ ရွှေဘုံနိဒါန်း ᾽စာ-၄၉ ၌မူ ဗောင်းတော်၊မြတွယ် ရွှေသားဗောင်းတော် များကို ခေါက်တုံ့ပြင်ဆင်ထားရာ ဖြစ်၍ ῾ ဗောင်းတော်ဆောင် ᾽ ခေါ်ဝေါ်သမုတ်ကြောင့်ဖြင့် ဆိုသည်၊ ဗောင်းတော်၊ မကိုဋ်တော် စသော ဦးခေါင်းတော် တန်ဆာများတွင် သရဖူတော်ကို ထည့်၍ပြထားသည်ကို ထောက်သော် ထိုခေတ်၌ သရဖူတော်သည် မကိုဋ်တော်၊ ဗောင်းတော်တို့ကဲ့သို့ ဦးခေါင်းတန်ဆာဖြစ်ကြောင်း သိသာသည်။
ရန်ကုန်မြို့ အတွင်းဝန်များရုံး ပညာရေးဌာန စာရေးကြီး ဦးစံဘက မန္တလေးမြို့ တောင်ငူ ကိုးခရိုင်ဝန်မင်း ၊ မင်းကြီးမဟာမင်းထင်ရာဇာထံ မကိုင်ဋ်တော် ၊ သရဖူတော်၊ ဥက္ကဌ်တော်၊ စည်းပုံတော်၊ ဦးသျှောင်တော်များအကြောင်း လျှောက်ထားမေးမြန်းသဖြင့် ဖြေကြားချက်တွင် သရဖူတော်သည် ဘုရင်မင်းဧကရာဇ်မှ တစ်ပါး အခြားသူတို့ မဆင်ရသော ဦးခေါင်းတန်ဆာမျိုး ဖြစ်ကြောာင်း ပုံဖြင့် သေချာစွာ ရေးဆွဲဖော်ပြခဲ့သည်။ ပုံတွင် သရဖူသည် မကိုဋ်တော်ကဲ့သို့ပင် ခေါင်းဆောင်တန်ဆာ ဖြစ်၍ အသေးစိတ် ခြယ်လှယ်ပုံ၌သာ ခြားနားကြောင်း တွေ့ရသည်။
(ဆရာကြီးဇေယျကလည်း သရဖူ ခေါင်းဆောင်းတန်ဆာနှင့် ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ချခဲ့သည်။)
(၁)  ရှေးက သရဖူဆိုသည်မှာ လည်ရွဲရင်လွှမ်းတန်ဆာ ဖြစ်ခဲ့သည်။
(၂) ထို့နောက် သက္ကရာဇ် ၈ဝဝ ကျော်လောက်တွင် လည်ရွဲရင်လွှမ်းတန်ဆာမှ ဦးခေါင်းဆောင်း တန်ဆာအရသို့ ကူးပြောင်းသည်။  သို့ကလို ပြောင်းမှုကြောင့် နှောင်းလူတို့ အမှတ်အသားမှာ လည်ရွဲနှင့် ဦးခေါင်းတန်ဆာ မကွဲမပြား ရောထွေးယှက်တင်ရှိသည်။
(၃) အင်းဝခေတ် နောက်ပိုင်း သို့မဟုတ် ကုန်းဘောင်ခေတ်တွင်မုကား လည်ရွဲတန်ဆာ လုံးဝပျောက်၍ ဦးခေါင်းတန်ဆာ အဖြစ်သို့ ကွဲကွဲပြားပြား ရောက်သည်ဟု ယူဆရန် ရှိလေသည်။
သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် ၀က်မစွတ် ဒုတိယနဝဒေး ရေးသားခဲ့သော အင်းဝမြို့ မဟာအောင်မြေဘုံသာကျောင်း ကျောက်စာ၌ –
῾ ပလ္လင်တော်နီး ၊ပြောင်ကြီး ပေါက်သား၊ တောဖျား ခြင်္သေ့ ၊စာရှာတွေ့ သော်၊ ခြင်္သေ့ မနှိုက်၊ ပင်မတိုက်ထိ၊ အကြိုက်တော်မှတ်၊ လောကနတ်သား၊ လက်ဝါးဖြန့်ချုပ်၊ စည်းစုပ်ကားခြေ၊ ဗောင်းရွှေ သရဖူ၊ မြခြူမြိတ်နား၊ စုလျားဘယက်၊ ညီးညီးလက်မျှ၊ ပျံလွန်လာလျှင် ၊ နှစ်ပါးရန်စ၊ ငြိမ်းစေရသည်း။ ᾽
ဟု ပါရှိရာ လောကနတ် ဆောင်းသော ခေါင်းဆောင်းရတနာသည် သရဖူဟု အတိအလင်း သိရလေသည်။ လောကနတ် ရုပ်လုံးရုပ်တုများ၌ ဆောင်းထားသော သရဖူပုံသည် မကိုဋ်နှင့် ကွဲ၍ ဗောင်းနှင့် ပို၍တူသည်။ မကိုဋ်သည် ပြသာဒ်ပုံ အဆင့်ဆင့် တက်၍ ထိပ်သို့ ချွန်သွားသော်လည်း သရဖူကား ဗောင်းကဲ့သို့ ပုံတွင် ထိပ်မှ အချွန်များပါနေခြင်းမျှသာ  ဖြစ်သည်။ ဘုရင်များသာ ဆောင်းခွင့်ရှိသည်။
မြန်မာမင်းများသည် ကျန်းဂန်ထွက် ညွှန်းချက်များနှင့် ရိုးရာမပျက်ဝတ်စားဆင်ယင်လေ့ ရှိကြစမြဲ ဖြစ်သည့်အတိုင်း ၀တ်ဆင်ကြ၏။ ရာဇာဘိသေက ခံပွဲကြီးများ၌ ၀တ်ဆင်သော အ၀တ်တန်ဆာများမှာ ရွှေခြည်၊ ဂန္တာန်တို့ အဖိုးထိုက် ကျောက်မျက်ရတနာစီ အဝတ်တန်ဆာများနှင့် မကိုဋ် ဦးခေါင်း တန်ဆာတို့ဖြစ်သည်။ ထိုမှတစ်ပါး လူပရိသတ်တို့နှင့် နှုတ်ဆက်ကန်တော့ခံရာတွင် ဝတ်ဆင်ရပုံ တစ်မျိုး၊ တရားစီရင်ရာ၊ စစ်ထွက်ရာ၊ သာမန် အနားယူစဉ်အခါ စသည့်အချိန်တို့၌ နေရာဌာနလိုက်၍ ဝတ်ဆင်ရလေသည်။ ဘုရင်နှင့် မင်းညီမင်းသားတို့၏ ဦးခေါင်းဆောင်း တန်ဆာများမှာ အကျဉ်းအားဖြင့် အောက်ပါအတိုင်းဖြစ်သည်။
မကိုဋ်           –    မင်းခမ်းမင်းနား ပွဲတော်ကြီးများတွင် ၀တ်ဆင်သော မကိုဋ်မှာ ဦးခေါင်း၌ ဆောင်းရသော တန်ဆာဖြစ်၏။ စေတီပုံကဲ့သို့ ရတနာမျိုးစုံ ခြယ်လှယ်ထားသဖြင့် လွန်စွာတင့်တယ်သည်။ ယခုအခါ လူတိုင်းလိုပင် တွေ့ မြင်သိရှိကြသည်။
သင်းကျစ်     –   မကိုဋ်အောက် နဖူးပြတွင် တပ်ဆင်သော ῾ သင်းကျစ် ᾽ မှာ ရတနာအမျိုးမျိုးနှင့် ဂုန္တာန်ထိုး၍ ကြယ်ပေါင်များဖြင့် ပြုလုပ်ထား၏။ ရှေးအခါက ၄င်းသင်းကျစ်ကို ῾ ကဉ္စနာမာလာ ᾽ ဟုခေါ်၏။ စကြာမင်းတို့၌ မဟာပုရိသတို့၏ ဥဏှီသ လက္ခဏာ လှပသော ပကတိနဖူးပြင်ကို အစွဲပြု၍ ရွှေ ငွေတို့ဖြင့် ပြုလုပ်သော တန်ဆာဖြစ်သည် ဟု စာဟောင်းများ၌ ဆိုလေသည်။
မကိုဋ်မှာ  သင်းကျစ်၏ အထက်သို့ အခွေလိုက် ကိုးဆင့်ပြု၍ အကြီးငယ် အစဉ်အတိုင်း စေတီသဏ္ဌာန်တက်၍ သွား၏။ ထိုအခွေ ကိုးခုတွင် စိန်တောင်ဟု ခေါ်သော အချွန်ကလေးများ ထောင်လျက်ရှိ၏။ ထိပ်ဆုံးတွင် သရဖူဟု ခေါ်သော အထွတ်ကလေး တပ်ဆင်ထား၏။ မိန်းမတို့၏ ῾ စည်းပုံ ᾽ ၌ သရဖူ မတပ်၊ ပန်းခက် တပ်ထား၏။ ယခုအခါ ဒေါင်းရုပ် တပ်ဆင်ကြသည်ကို တွေ့ရ၏။ စည်းပုံမှာ အပြင်ရွှေသား ၊ အတွင်းကား ကတ္တီပါ အနီ ခံရ၏။
မင်းမြောက်တန်ဆာ ငါးပါး ᾽ ဝင် ဘုရင်မင်းမြတ်တို့၏ ပြုလုပ်အပ်သော အဆင်တန်ဆာသင်းကျစ်တွင် –
(၁) မကိုဋ်ရွှေပန်းနှင့် တစ်စပ်တည်း ပြုလုပ်အပ်သော မကုဋာဗဒ္ဓိကသင်းကျစ်၊
(၂) မကိုဋ်ရွှေပန်းနှင့် မစပ် သက်သက် ပြုလုပ်အပ်သော သုဒ္ဓိကသင်းကျစ် ဟူ၍ နှစ်ပါးရှိသည်။
ထို့ကြောင့် ῾ သက်တင်ခို့လား၊ နဖူးဖျားဝယ် ၊ ရွှေသားသင်းကျစ်၊ ရှေ့မွန်ဇာစ်ကြောင့် ၊လျှပ်စစ်ပြောင်ပြောင် ၊ ညဥ့်မိုက်မှောင်၌ တိမ်တောင်လင်းလင်း၊ ဝင်းဘိသောနှယ်၊ ရွှန်းရွှန်းတယ်မျှ᾽ ဟူ၍ နဖူးသင်းကျစ် ကို စပ်ဆိုထားသည်။
* ဦးခေါင်းထိပ်ထက်တွင် ဆံပင်ကို စုစည်းထားသည့်ပုံ ပြုလုပ်ထားသော မိန်းမ ဆံပင်စွပ်။
(နဖူးစည်းနှင့် တွဲဖက်၍ ဝတ်ဆင်ရသည်။ ဦးခေါင်းဆောင်းကဲ့သို့လည်း တွေ့သည်။
*မင်းမြောက်တန်ဆာငါးပါး ကား (၁) ခဂ္ဂေါခေါ် သန်လျက်၊ ဆတ္တံခေူ ထီး၊ မုဏှိသံ ခေါ် သင်းကျစ်၊ ပါဒုကာ ခေါ် ခြေနင်းနှင့် ၀ါဠဗိဇနီ ခေါ် သားမြီးယပ်တို့ ပင်ဖြစ်သည်။
တစ်ဖန် ဘွဲ့သင်းကျစ်ကိုမူ ῾ စတုမဟာရာဇ် ၊ သင်းကျစ်နွဲ့နွဲ့ ရွှေဘွဲ့ရေးရေး၊ အမည်ပေးထား၊ ကျော်သွေးနှံ့ချောက်၊ နတ်လေးယောက်᾽ ဟူ၍ ရှေးစာဆိုတို့ စပ်ဆိုခဲ့သည်။ ထိုအဖွဲ့အနွဲ့အရ (၁) နဖူးသင်းကျစ် ၊ (၂) ဘွဲ့သင်းကျစ် ဟူ၍ နှစ်မျိုး ကွဲကြောင်း သိရလေသည်။
သရဖူ      – ဘုရင်တို့၏ မကိုဋ်ကို ῾မကိုဋ်သရဖူ ᾽ ဟုခေါ်ကြသော်လည်း ῾သရဖူ ᾽မှာ အထွတ်ကိုသာ ဆိုသည်။ မကုဋာသဒ္ဒါ ၊ ကိရိယာတသဒ္ဒါ ပရိယာယ် နှစ်ပါး သာပြသည်။ အထွတ် တပ်ဆင်မှသာ သရဖူဟု ခေါ်လေသည်။
နားပန် – မကိုဋ်၏ နောက် နားရွက်နှစ်ဖက် နောက်ကွယ်မှ လက်ဝဲ လက်ယာ နားပန်း သို့မဟုတ် နားကင်း ဟုလည်းခေါ်ကြသည်။ နားပန် ခေါ် နားကင်းမှာ ကျောက်မျက်ရတနာများ ခြယ်ထားသော ပန်းနွယ်ပုံသဏ္ဌာန်ုဖြစ်၏။ အချို့လောကီကျမ်းများ၌ နားကင်းသည် မကိုဋ်၌ မဆင်ရ။ စည်းပုံ၌သာ ဆင်ယင်ရသည်ဟု ဆိုလေသည်။
နားပန် သို့မဟုတ် နားကင်း၏ အဓိပ္ပာယ်ကို ဦးသိန်းလှိုင် ပြုစုသော ῾ ခေတ်ဟောင်း မြန်မာ့သမိုင်း သုတေသနအဘိဓါန် ᾽ စာမျက်နှာ ၇၅ ၌ (၁) နားတွင် တပ်သော အညွန့်အတက်၊ (၂) မကိုဋ်တွင်တပ်ဆင်သော နားအဆင်တန်ဆာဟု ဖော်ပြထားသည်။
ဗောင်း – ဆိုသည်မှာ ဘုရင်နှင့် မင်းညီမင်းသားများ ဦးခေါင်းထက်၌ ဆင်အပ်သော တန်ဆာကို ဆိုလို၏။ အချို့ မှတ်တမ်းများ၌ ဗောင်းသည် အသင့်ဆောင်းရန် ရတနာ စီခြယ်ထားသော ဦးထုတ်သဏ္ဌာန်ကို ဆိုလိုသည်ကို တွေ့ရ၏။ အချို့ စာဟောင်းများ၌ကား ဗောင်းဆိုသည်မှာ ခေါင်းပေါင်းဖြူကို ဆိုလိုသည်ဟု တွေ့ ရလေသည်။ ဦးဗောင်းဦးရစ် ဟူ၍လည်း တွေ့ရ၏။ အင်းဝမြို့ မင်းကြီးစာစော်ကဲ လက်ထက်က ရခိုင်ကို သိမ်းပိုက်ပြီးလျှင် စောမွန်ကြိးကို အုပ်ချုပ်ရေးမှုး ခန့်ထားခဲ့စဉ် စောမွန်ကြီး ဆက်သလိုက်သော နန်းကျငယ်ပေါင်သော ῾ ကျည်းဦးဗောင်း ᾽ ခေါ် အသင့်ပေါင်းပြီး ဦးရစ် ဦးဗောင်းကို မင်းကြီးစွာစော်ကဲ ရရှိပြီးနောက် အမတ်ပညာရှိကြီးမင်းရာဇာ လျှောက်ထားချက်ကြောင့် ထိုဦးဗောင်းကို အသုံးမပြုဘဲ အလားတူ ဦးဗောင်းတစ်ခုကို ရတနာအမျိုးမျိုး ခြယ်လှယ်၍ သုံးစွဲသည်ဟု လာရှိသဖြင့် ဦးဗောင်းမှာ ထိုအချိန်က စ၍ ပေါ်သည်ဟု အချို့ မှတ်တမ်းများ၌ ဖော်ပြထားလေသည်။
မူးမတ်တို့ ဆင်ယင်ထားသော ဗောင်းမှာ ῾ ဗောင်းစလွယ်အပ်၊ စွဲရွှေရင်အပ်နှင့် ᾽ ဟူသကဲ့သို့ ခေါင်းပေါင်းဖြူ ပေါင်း၍ ရာထူးအလိုက် စလွယ်တပ်ဆင်ပြီးလျှင် ယပ်ရိုးရှည်ကို ကိုင်လျှက် လွှတ်ရုံး စသည်တို့ကို တက်ကြရကြောင်း မှတ်တမ်းဟောင်းများ၌ ဆိုသည်။
မြန်မာဘုရင်တို့၏ နန်းတော်များ၌ နန်းမ နန်းဦးနှင့် တည့်တည့်၌ ῾ ဗောင်းတော်ဆောင် ᾽ ကို သီးခြားထားရှိပြီးလျှင် သရဖူတော်၊ မကိုဋ်တော် ၊ ပတ္တမြားဗောင်းတော်၊ န၀ရတ်ဗောင်းတော်၊  ရွှေသားဗောင်းတော်၊ ငွေသားဗောင်းတော်၊ ပကတိ ဗောင်းထုပ်တော်၊ မြသွယ်ဗောင်းတော်များကို အမြဲပြင်ဆင်လျက် ထားလေ့ရှိကြ၏။ ထိုအချိန်လောက်မှ အစပြု၍ မြန်မာလူမျိုးတို့သည် ဦးဗောင်းကိ အထုးသဖြင့် အမြတ်တနိုး ၀တ်ဆင်လေ့ ရှိကြသည်။
● အနောက်တိုင်း သရဖူ
မျက်မှောက်ခေတ်ကာလတွင် ဘုရင်စနစ်ကျင့်သုံးဆဲ အနောက်နိုင်ငံများ၌ ဘုရင်များ၊ မိဘုရားများ မင်းခမ်းမင်းနားများတွင် ဦးခေါင်းတွင် ဆောင်းလေ့ရှိသော ῾ သရဖူ᾽ ( Crown) ဟုပင် ခေါ်ဝေါ်ကြသည်။ သို့ရာတွင် မူလက သရဖူသည် ထီးနန်းစံသော ဘုရင်ဧကရာဇ်များနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိခဲ့ပေ။ ရှေးခေတ် ပြေးပွဲပြိုင်ပွဲများတွင် အောင်ပန်းဆွတ်ခူးသူများအား သံလွင်ပန်းခက်များဖြင့် ပြုလုပ်ထားသော သရဖူများကို ချီးမြှင့်ရိုး ရှိခဲ့ဖူးလေသည်။ ထို့နောက်တွင်ကား သရဖူကို ပန်းကုံးပန်းပွင့်တို့ မဟုတ်ဘဲ ထာဝစဉ်ခိုင်ခံ့သော ရွှေ ငွေ ကျောက်မျက်ရတနာတို့ဖြင့် ပြုလုပ်လာခဲ့သည်။ ရှေးခေတ် ရောမ လူမျိုးများ သည် သူရသတ္တိနှင့် ပြည့်စုံသူများအတွက် ဂုဏ်ပြုသည့် အထမ်းအမှတ်ဖြင့် ရွှေသရဖူ၊ ငွေသရဖူများ ကို ချီးမြှင့်လေ့ရှိကြသည်။ ဥပမာအားဖြင့် မြို့တစ်မြို့ သိမ်းပိုက်အောင်မြင်သော စစ်ပွဲပြန် စစ်ဗိုလ်ချုပ်ကြီးများကို ရတနာ စီချယ်ထားသည့် သရဖူကို ချီးမြှင့်လေသည်။ အခြားသရဖူ အမျိုးမျိုးလည်း ရှိကြသေးသည်။ မင်္ဂလာဆောင်များ၊ ပျော်ပွဲသဘင်များ၊ စားသောက်ပွဲများ၊ ဈာပနအခမ်းအနားများတွင် သက်ဆိုင်သော သရဖူများကို အနောက်တိုင်း၌ အသုံးပြုကြသည် ။
အချို့သော ရောမဘုရင်များသည် ပြေးပွဲခုန်ပွဲများသို့ ရှုစားရန် ကြွရောက်တော်မူကြသည့်အခါတွင် ῾ Tiara ᾽ ခေါ် ဦးရစ် (သရဖူငယ်) များကို ဆင်မြန်းခြင်းသည် ဘုရင်မင်းမြတ်တည်း ဟူသော ရာထူးနှင့် မူလက မည်သို့မျှ သက်ဆိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြစ်၍ ရောမဘုရင်များသည် နောင်အခါတွင် ဦးရစ်များကို မင်းတို့၏ အဆောင်အယောင်တစ်ခု အဖြစ် စတင်အသုံးပြုကြသောအခါ တိုင်းသူပြည်သားတို့က များစွာ မနှစ်မြို့ခဲ့ကြချေ။ လူများသည် ဦးရစ် (Tiara) နှင့် သရဖူ ( Crown ) ကို ရုတ်တရက် မခွဲခြားနိုင်ကြသော်လည်း ၊ စင်စစ် ထိုနှစ်ခုမှာ များစွာခြားနားသည်။ သရဖူကို အနောက်တိုင်းမှ မင်းဧကရာဇ်များ၊ ဧကရီဘုရင်မများသည် ရာဇဘိသေက ခေါ် နန်းတက်ပွဲနှင့် ပါလီမန် သို့မဟုတ် လွှတ်တော် ဖွင့်ပွဲ ပိတ်ပွဲ စသည့် မင်းခမ်းမင်းနားများ ၌သာ ဆောင်းလေ့ရှိကြသည်။ ထို့ကြောင့် သရဖူဟူ၍ ဘုရင်မင်းမြတ်တို့သာ ဆောင်းသော အလေ့အထမှာ အရှေ့တိုင်းမှ အတုယူခဲ့ကြောင်း ထင်ရှားပေသည်။
ရှေးခေတ်သုံး ဦးရစ်နှင့် ယခုခေတ် အသုံးပြုလျှက်ရှိကြသော သရဖူများသည် တစ်ခုနှင့် တစ်ခု ပုံသဏ္ဌာန်ချင်း များစွာမကွာခြားသည့်အကြောင်းမှာ ယခုခေတ် သရဖူများကို ရှေးခေတ်သုံး ဦးရစ်၏ ပုံသဏ္ဌာန်ကို ယူ၍ ပြုလုပ်ထားသောကြောင့် ဖြစ်လေသည်။
ထို့နောက် သရဖူကို ဘုရင်မင်းမြတ်တို့သာ ဆောင်းရရိုးဖြစ်သော အစဉ်အလာ သတ်မှတ်သောအခါ သရဖူများကို ဘုရင့်နှင့် ဘုရင်မများ ဆောင်းသော သရဖူ၊ မင်းညီမင်းသားများ ဆောင်းသော သရဖူ၊မြို့စား ရွာစားများ အဆင့်ဆောင်းသော  သရဖူ စသည်ဖြင့် သရဖူ ပုံသဏ္ဌာန် အမျိုးမျိုး ခွဲခြားထားလေသည်။ သရဖူအားလုံးတွင် ဘုရင်မင်းမြတ်တို့ ဆောင်းသော သရဖူမှာ အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ မင်းညီ မင်းသား၊ မြို့စား နယ်စား၊ ရွာစား မှာကား ဘုရင်ဆောင်းသော  သရဖူ အောက် အဆင့်အတန်းနိမ့်သော သရဖူငယ်များကိုသာ ဆောင်းရလေသည်။ ယခုခေတ်တွင် အနောက်တိုင်း၌ အသုံးပြုနေကြသော ဒျူ့မြို့စား (Duke) ဘွဲ့ရများ ဆောင်းသော  သရဖူငယ်မှာ ရွှေနဖူးစည်းပေါ်တွင် ရွှေဖြင့်ပြီးသော စထရော်ဗယ်ရီရွက်သဏ္ဌာန် ရှစ်ရွက်ကိုမျိုး တပ်ဆင်ထားသည်။ ῾မားကွစ် ᾽
( Marquis) မြို့စားဘွဲ့ရသူများ ဆောင်းသော သရဖူငယ်သည် နဖူးစည်းပေါ်တွင် စထရော်ဗယ်ရီ ရွက်မျိုး လေးရွက်သာ ပါ၍ တစ်ရွက်နှင့် တစ်ရွက် စပ်ကြားတွင် ပုလဲလုံးများကို တပ်ဆင်ထားသည်။ မားကွစ်အောက် တစ်ဆင့်နိမ့်သော ῾ Earl ᾽ (အားလ်) ဘွဲ့ ရများဆောင်းသော သရဖူများမှာ ရွှေနဖူးစည်းပေါ်တွင် ရောင်ခြည်တန်းရှစ်သွယ် ထိုးထွက်နေ၍ ရောင်ခြည်တန်း တစ်ခုနှင့်တစ်ခု စပ်ကြားတွင် ရွှေဖြင့်အတိပြီးသော စထရော်ဗယ်ရီ တစ်ရွက်စီ တပ်ဆင်ထားသည်။ စထရော်ဗယ်ရီရွက်၏ အမြင့်မှာ ရောင်ခြည်တန်း၏ အမြင့် လေးပုံတစ်ပုံ ရှိသည်။ ῾ Viscount ᾽ ( ဗိုင်းကောင့်) ဘွဲ့ ရ မြို့စားများဆောင်းသော သရဖူငယ်တွင်ကား ရွှေနဖူးစည်းတွင် ပုလဲလုံး ၁၆ လုံးတပ်ဆင်ထားသည်။ ῾Baron ᾽ (ဗယ်ရွန်) ဘွဲ့ရ မှူးမတ်ငယ်များ၏ သရဖူငယ်၌မူ ပုလဲလုံး ခြောက်လုံး တပ်ဆင်ထားလေသည်။
မည်သို့ဆိုစေ ဘုရင်မင်းမြတ်တို့၏ ဦးခေါင်း အဆင်တန်ဆာများအနက် သရဖူသည် အထွတ်အမြတ်ထားအပ်သည့် မင်းမြောက်တန်ဆာ တစ်ပါးပင် ဖြစ်ပါတော့သည်။
● ကိုးကားစာနယ်ဇင်းများ
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃၊ ရန်ကုန်၊ စာပေဗိမာန်၊ ပ ကြိမ် ၁၉၇၃။
၂။ ဒဂုန်နတ်ရှင် ၊ မြန်မာ့ရိုးရာ အဆင်တန်ဆာ ၊ ရန်ကုန် ၊ စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ် ( ခုနှစ်မပါ )
၃။ ဇေယသင်္ခယာ ၊ ရွှေဘုံနိဒါန်း ၊ ရန်ကုန် ၊ ဟံသာဝတီပုံနှိပ်တိုက် ၊ ဒု ကြိမ် ၊ ၁၉၆၀။
၎။ မြန်မာစာအဖွဲ့ ၊ မြန်မာအဘိဓါန်အကျဉ်းချုပ်၊ အတွဲ ၃၊ ၄၊ ၅၊ ပ ကြိမ် ၁၉၇၉။
၅။  ရှေးဟောင်းစာပေသုတေသီတစ်ဦး ၊ နန်းမှုနန်းရာ အဆင်တန်ဆာနှင့် သိမှတ်ဖွယ်ရာများ (ပထမတွဲ၊ (လက်နှိပ်စက်မူ)
၆။  ဦးသိန်းလှိုင်၊ ခေတ်ဟောင်း မြန်မာ့သမိုင်းသုတေသနအဘိဓါန် ၊ ရန်ကုန်၊  တက္ကသိုလ်များ သမိုင်းသုတေသနဌာန ၊ ပ ကြိမ် ၂၀၀၀ ပြည့်နှစ်။
၇။  သန်းဝင်းလှိုင်၊မြန်မာ့သမိုင်းအဘိဓါန် (ဒုတိယတွဲ ) ၂၀၁၀ ပညာရွှေတောင်စာပေတိုက်။
၈။  Moskow, Shirley , Crowning Glories Changi International Airport Magazine , April/ May,2000.

၉။   Brus, Rewe’. The Crown: Symbol of Monarchy , Bi weekly magazine, Feb 1998.

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်