>သေနတ်တဖက် ကလောင်တဖက်

October 7, 2008

>

သေနတ်တဖက် ကလောင်တဖက်

တာရာလင်းယုန်

အောက်တိုဘာ ၆၊ ၂၀၀၈

ဗမာပြည်တွင်စစ်ဗိုလ်များ တမိုးလုံးဖျောက်ဆိတ်ဖြစ်နေသည်။ ကြာပြီ။

သို့သော် ထူးထူးခြားခြား ပြောစရာဖြစ်နေသည်က စာပေလောကဖြစ်သည်။ စာပေ-မီဒီယာလောကမှာ စစ်ဗိုလ်များ၏မိုး ဖြစ်နေသည်ဟု ဆိုလိုက်လျှင် အခြားနိုင်ငံများမှ အကြောင်းမသိသူများ အံ့သြသွားကြမည်။ ဗမာပြည်မှစစ်ဗိုလ်များ စာပေလိုက်စား လှချေလား၊ စာပေအရည်အချင်း မြင့်မားလှချည့်လားဟု မသိသူများက ထင်ကောင်းထင်ကြပေမည်။ ပြန်စဉ်းစားလိုက်လျှင် ဗမာပြည်လောက် စစ်ဗိုလ်စာရေးဆရာ ပေါများသောနိုင်ငံ ကမ္ဘာတွင် အခြားမရှိ ဆိုသည်ကိုလည်း တွေ့ကြရမည်။


ရေးလည်းရေးနိုင်ကြပါပေသည်။ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ရုပ်ရှင်ဇာတ်ညွှန်း၊ အကုန်ရေးသည်။ အမေရိကန် မကောင်းဘူး၊ (တချိန်ကတော့ တရုတ်မကောင်းဘူး)၊ အင်န်အယ်လ်ဒီ မကောင်းဘူး။ ဗကပမကောင်းဘူး၊ ဖဆပလ မကောင်းဘူး။ တိုင်းရင်းသားတွေ မကောင်းဘူး၊ ကျောင်းသားတွေ မကောင်းဘူး။ သူတို့မှတပါး ဘယ်သူမှ မကောင်းဘူး။ ဘာပဲရေးရေး၊ နှစ်နှစ်-သုံးနှစ်လောက်နေလျှင် အမျိုးသားစာပေဆုကို မျှော်မှန်းနိုင်ပြီ။ အမျိုးသားစာပေ ဆုရှင် စစ်ဝန်ထမ်းအရေအတွက်သည် မှန်မှန်ကြီး တိုးတက်နေသည်။ ဤတိုင်းပြည်တွင် စစ်သားဦးရေနှင့် အရပ်သားဦးရေ အချိုးအစားမှာ တစ်အချိုး တရာခန့် ဖြစ်သည်။ သို့သော် အမျိုးသားစာပေ ဆုရသူ အချိုးအစားမှာ တစ်အချိုးလေး၊ တစ်အချိုး သုံးလောက် ဖြစ်လာနေသည်။


တကယ်ကတော့ ဗမာပြည်တွင် တပ်မတော်အမှုထမ်းများ စာရေးဆရာလုပ်သည် ဆိုခြင်းမှာ ဆန်းသည့်ကိစ္စမဟုတ်။ လွတ်လပ်ရေးရပြီးကာစ ကာလတွင်ပင် တွေ့ကြရသည်။ နာမည်ကျော်ကြားသူ၊ မကျော်ကြားလှသူ၊ အောင်မြင်သူ၊ မအောင်မြင်သူ၊ အမျိုးမျိုးပင်ရှိသည်။ သို့သော် ထူးခြားသည်မှာ ထိုစဉ်က တပ်မတော်ထဲ၊ အထူးသဖြင့် တပ်မတော်အရာရှိများထဲတွင် တပ်မတော် တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသူများ များပြားသေးသလို စာရေးသော တပ်မတော်ဝန်ထမ်းများထဲတွင်လည်း ယခုကဲ့သို့ ဝါဒဖြန့် လုပ်ငန်း သဘောထားပြီး စာရေးနေသူများ နည်းလှပေသည်။ မောင်သော်က၊ ဆရာဝန်မောင်သင်၊ ဝင်းဦး၊ လေသူရဲတဦး၊ ဗိုလ်မြင့်၊ နာမည် ကျော်ကြားခဲ့၊ စာဖတ်သူများက သဘောကျခဲ့သည့် စာဆိုစစ်သည်များ၏ နာမည်အရေအတွက်မှာ မနည်းလှပါ။ သို့သော် သူတို့သည် သူတို့၏စာကို ဝါဒဖြန့်ချိရေးပစ္စည်းအဖြစ် အသုံးချမခံခဲ့ဘူး ဆိုသည့်အချက်ကို သတိထားမိသည်။


အလှည့်အပြောင်း၏အစမှာ တပ်မတော်အတွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်ဂိုဏ်းက အုပ်စီးထားသော ဆိုက်ကို ခေါ် စိတ်ဓာတ်စစ်ဆင်ရေးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုဌာနမှနေ၍ တပ်တွင်းရှိစာရေးသူများထဲမှ သူတို့လိုချင်သူအချို့ကို ရွေးခေါ်ခဲ့သည်။ အခေါ်ခံရသူများ မငြင်းနိုင်ပါ။ သို့တိုင်အောင် စာရေးဆရာမင်းရှင်လို လူအချို့ကဆိုလျှင် ဆိုက်ကိုဌာနတွင် ဝင်ရောက် လုပ်ကိုင်ရာ၌ စာဖတ် ပရိသတ် လက်ခံထားသော မိမိ၏ ပင်ကိုကလောင်နာမည်ကို လုံးဝ အသုံးမပြုခဲ့ကြချေ။ ကိုယ့်ကလောင်ညစ်နွမ်းမှာကို ရှောင်ကျဉ်ကြသည်။


သို့သော် ဤအချိုးအကွေ့မှာ သာမန်အချိုးအကွေ့မဟုတ်၊ ဗမာပြည်သမိုင်းကို ကြီးမားစွာ ဂယက်ရိုက်မည့် အပြောင်းအလဲကြီးတရပ် ပေါ်ပေါက်လာသည့်အချိန် ဖြစ်နေသည်။ အခြားမဟုတ်ပါ၊ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်တို့က တပ်မတော်တွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်များ၏ ဂိုဏ်းကို ထူထောင်လာခြင်းဖြစ်သည်။ တဆက်တည်းမှာ ယင်း၏နောက်ဆက်တွဲများဖြစ်သော ၁၉၅၈ခုနှစ် အာဏာသိမ်းမှု၊ စစ်ထောက်လှမ်းရေး တွင်ကျယ်လာမှု၊ ထိုမှတဆင့် ၁၉၆၂ခုနှစ် အာဏာသိမ်းမှုအထိ ဆက်တိုက်ဖြစ်လာသည်။ အာဏာရ ဖဆပလအစိုးရ၏ ပျော့ညံ့မှုကြောင့် စစ်အုပ်စုသည် လေးငါးခြောက်နှစ်အတွင်း တဟုန်ထိုး ရှေ့ထွက်လာခြင်းဖြစ်သည်။ ဗိုလ်နေဝင်းတို့၏ အုံဖွ မန်းချက်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကြီးသည် တမုဟုတ်ခြင်းပင် ဆိုရှယ်လစ်ခေတ်သို့ ရောက်ရှိသွားတော့သည်။ သို့ဖြင့်တပ်မတော်အရာရှိ အများစုမှာ မိမိတို့အသက်ရှင် ရပ်တည်ရေးအတွက် မဆလပါတီထဲသို့ ဝင်ကြရတော့သည်။


မဆလပါတီဆိုသည်မှာ ဆိုရှယ်လစ်ပါတီ အမည်ခံထားသော်လည်း စင်စစ်တွင် စစ်အုပ်စုပါတီသာ ဖြစ်သည့်အလျောက် မဆလပါတီထဲတွင် တွင်ကျယ်၊ နေရာရလိုသူများမှာ စစ်အုပ်စုအလိုကျများ လုပ်ကြရတော့သည်။ နဂိုက သာမန်တပ်မတော်သားများ၏ ခံစားချက်များကို စာဖွဲ့နေသော ကဗျာဆရာထီလာစစ်သူသည် စစ်အုပ်စုအတွက် ဝါဒဖြန့်ပေးသူ ဖြစ်လာခဲ့သည်။ သို့ဖြင့် အချိန် တချိန်သို့ ရောက်သောအခါ ဝန်ကြီးဖြစ်လာခဲ့သည်။ သူလို အရေခွံပြောင်းရန် ငြင်းဆန်ခဲ့သော ဗိုလ်မှူးမောင်သော်ကမှာတော့ ထောင်တွင်း၌ သေသွားအောင် စစ်အုပ်စုက ဇာတ်လမ်းဆင်ခြင်း ခံခဲ့ရသည်။ အခြားသော ဗိုလ်နေဝင်းတို့ စစ်အုပ်စုကို မထောက်ခံသူများလည်း တဖြည်းဖြည်းဖြင့် တပ်မတော်ပြင်ပသို့ ရောက်ရှိသွားခဲ့သည်။ စစ်အာဏာရှင်များ၏ စစ်တပ်အတွင်း၌ ဦးနှောက်ဖြင့်စာရေးသူများအတွက် နေရာ မရှိတော့။


အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ ဗမာနိုင်ငံ၏ နယ်ပယ်အသီးသီးကို စစ်ဗိုလ်များက ချုပ်ကိုင်လာခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေး၊ စာပေအနုပညာ၊ ရုပ်ရှင်၊ အကုန်ပဲဟု ဆိုရမည်။ ပိုဆိုးသည်က သူတို့သည် ထိုသို့ချုပ်ကိုင်ယုံနှင့် မကျေနိုင်ကြ။ သူတို့၏ သစ္စာရှိလူယုံများများနှင့် လွှဲထားယုံနှင့် မကျေနပ်နိုင်ကြ။ သူတို့ကိုယ်တိုင် နယ်ပယ်များအတွင်းသို့ သဏ္ဍာန်မျိုးစုံဖြင့် ပါဝင်လာ ကြသည်။ အထင်ရှားဆုံးဥပမာမှာ စာနယ်ဇင်းလောကပင်ဖြစ်သည်။


သတင်းစာမှန်သမျှမှာ စစ်အစိုးရပိုင်ဖြစ်သည်။ မီဒီယာအားလုံးကို စာပေစိစစ်ရေးက ချုပ်ကိုင်ထားသည်။ ဂျာနယ်မဂ္ဂဇင်းများထဲတွင် သူတို့လူတွေ ဝင်ထားသည်။ သူတို့သားသမီးများ၊ ကြံ့ဖွတ်များက ထုတ်ဝေနေခြင်း၊ ငွေထုတ်ပေးထားခြင်းများလည်း ရှိနေသည်။ သို့တိုင်အောင် သူတို့ အားမရနိုင်ကြ။ ကိုယ်တိုင် စာရေးဆရာလုပ်ကြသည်။ သူတို့မို့ရေးပြီဆိုလျှင် မည်သည့်အယ်ဒီတာကမျှ မပယ်ရဲသလို မည်သည့်စာပေစိစစ်ရေးကလည်း စာတလုံး မပြင်ရဲ။


ထို့ပြင်အာဏာရှိသူက စာရေးနေခြင်းဖြစ်သောကြောင့် စီးပွားရေးသက်သက်ကိုသာ ထောက်ရှုသည့် မီဒီယာလုပ်ကိုင်သူ အချို့ကလည်း သူတို့စာမူများကို ဖော်ပြခြင်းဖြင့် နအဖအာဏာပိုင်များကို မျက်နှာလုပ်ကြသည်။ ကံကောင်းလျှင် စက္ကူချပေးခြင်းလို လက်ငင်းအကျိုးခံစားခွင့်များပင် ခံစားရတတ်သည်မဟုတ်လော။


ယင်းသို့ တခေတ်ထလာသော စစ်ဝတ်စာရေးသူများသည် သူတို့ရေးချင်သည်များကို ရေးချင်သလိုရေးကြသည်။ တဖက်က ပြန်ချေပနိုင်ခြင်းမရှိခြင်းနှင့် စာပေစိစစ်ရေးက ဘာမှမပြောရဲသည်တို့ကို အခွင့်ကောင်းယူကာ အဖြစ်အပျက်များကို စောက်ထိုး ပြောင်းပြန်ရေးကြသည်။ သမိုင်းကိုပင် ပြင်ရေးကြသည်။ သမိုင်းမှ ခေတ်သစ်သမိုင်းကိုသာမက သမိုင်းမတင်မီကျောက်ခေတ် အကြောင်းကိုပင် သူတို့လိုချင်သလို ပြင်ရေး၊ ထင်သလို ရေးနေကြသည်။ သူတို့ကိုယ်တိုင်လည်း ရေးသည်၊ ခိုင်း၍ရသော သမိုင်း ဆရာတို့ကိုလည်း ရေးခိုင်းသည်။ ကွန်မြူနစ်တွေက “လူထုဟာ သမိုင်းကိုဖန်တီးသူ ဖြစ်သည်”ဟု ဆိုကြသည်။ နအဖခေတ်တွင်မူ သမိုင်းကို စစ်ဗိုလ်တွေက ဖန်တီးနေကြသည်။


သူတို့ကိုယ်ရည်သွေးတာ၊ မဏ္ဍပ်တိုင်တက်တာတွေကိုတော့ စကားလုပ်ပြီး ပြောနေစရာမလိုဟု ယူဆပါသည်။ သူတို့အထဲတွင် ဆရာကြီးဒေါက်တာသန်းထွန်းလို “ငါရေးချင်သမျှငါအကြောင်း” ရေးဝံ့သူရှိသလားဟုသာ မေးခွန်းထုတ်လိုပါသည်။ အကြောင်းက သူတို့ဘာအကြောင်းပဲရေးရေး၊ သိသိသာသာ ရှောင်ကွင်းရသည့် အချက်တချက်ရှိသည်။ ယင်းမှာ စစ်အုပ်စုတွေ၏ အတွင်းရေးများ ဖြစ်သည်။ ဤသစ္စာတော်ကို စစ်အုပ်စုပြင်ပရောက်သွားသူ၊ အထုတ်ခံရသူ၊ အထုခံရသူများပါ စောင့်ထိန်းရသည်။ စစ်အုပ်စု၏ အတွင်းရေးတွေကို သူတို့အများကြီး သိပါသည်။ သို့သော် ယောင်လို့ပင် မဟပါ။ အပုပ်ချပြီး အထုတ်ခံရသူပင်လျှင် သူ့ကို ဘယ်လို အပုပ်ချပြီး ထုတ်လိုက်တာဖြစ်ကြောင်း မရေးပါ။ ဒါဖြင့် သူတို့ကျေနပ်နေလို့လားလို့ မေးစရာရှိပါသည်။ သူတို့ မကျေနပ်ယုံမက ခံစားမှုများလည်း ရှိကြပါသည်။ သို့သော် သူတို့အတွင်းမှာ “စစ်အုပ်စုဝံသာနုဝါဒ” ရှိပါသည်။ ထို့ကြောင့်မရေးပါ။ ရေးလျှင်လည်း “စာပေစိစစ်ရေး”က လက်မခံယုံမက “ဘေး”ပင် တွေ့နိုင်သည်။


တပ်အပြင်ရောက်မှ စာရေးသူများထဲတွင် ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်အပါအဝင် အခြား ဆိုရှယ်လစ်ထိပ်သီး စစ်ဗိုလ်တွေ အများကြီးရှိပါသည်။ ဗိုလ်နေဝင်းအကြောင်းကို သူတို့အသိဆုံးဖြစ်သည်။ သို့သော် သူတို့မရေးပါ။ တလုံးမျှမရေးပါ။ (ရှစ်စ်လေးလုံးအကြိုကာလတုန်းက ဗိုလ်အောင်ကြီး ရေးခဲ့သည်များကိုကြည့်ပါ)။ စစ်အုပ်စု အတွင်းရေးကို သူတို့ လုံးလုံးမရေးပါ။ ဗိုလ်တင်ဖေကို အရူးလို့ ရေးချင်ရေးမည်။ ဗိုလ်တင်ဖေက မုံရွာဦးဘငြိမ်ကို ဆရာတင်နေသူဖြစ်ကြောင်း ရေးချင်ရေးမည်၊ ဗိုလ်နေဝင်း အကြောင်းကိုတော့ လုံးလုံးမရေးပါ။ ၅၈ခုနှစ် အာဏာသိမ်းပွဲ၊ ၇ရက် ဇူလိုင် လူသတ်မှအစ အရေးကြီးကိစ္စအားလုံးကို ဗိုလ်နေဝင်း ခေါင်းမငြိမ့်ဘဲ ဘယ်သူမှ ဘာကိုမှ မလုပ်နိုင်ကြောင်းကို သူတို့အသိဆုံးဖြစ်ပါသည်။


သူတို့ရှောင်သည့် နောက်တချက်လည်း ရှိသေးသည်။ ယင်းမှာ သမိုင်းအဖြစ်မှန်ကို ရေးရန် ရှောင်ခြင်းဖြစ်သည်။ စာပေစိစစ်ရေးလည်း မသိနိုင်သော နအဖ စစ်အုပ်စုထိပ်သီးတွေလည်း မမှီလိုက်သော ရှေးဟောင်းနှောင်းဖြစ်တွေကို လုပ်ထွင်ပစ်လိုက်ခြင်း ဖြစ်သည်။ ဥပမာ စာအုပ် တအုပ်တွင် ၁၉၃၆ကျောင်းသားသပိတ်နှင့် ၁၉၃၈ကျောင်းသားသပိတ်ကို လုံးထွေးပစ်လိုက်သည်။ ၁၉၃၆ကျောင်းသား သပိတ်တွင် ကိုဗဟိန်းနှင့် ကျောင်းသားသပိတ်သမားတွေကို စစ်ကိုင်းက ကျောင်းအုပ်ကြီးမစ္စတာဒေါင်း (ဘိုးဝါး စစ်ပြန်ကြီး) ဦးစီးသည့် စကောက်အဖွဲ့က တုတ်ရှည်တွေနှင့် ရိုက်ခဲ့သည့်ကိစ္စကို မရေးပါ။ (ဘယ်ရေးမလဲ၊ ယင်း စကောက်အဖွဲ့တွင် သူတို့ ဆိုရှယ်လစ် စစ်အုပ်စုဝင်တယောက် ပါနေတာပဲ) နောက် ဗြောင်လိမ်တာတခုကတော့ အာဏာသိမ်းပွဲကို သူတို့ မသိလိုက်ပါ ဟု လိမ်ခြင်းဖြစ်သည်။ ဗကပ ပါတီအတွင်း ကိစ္စတွေကိုတော့ အပ်ကျတာကအစ သူတို့သိနေသလို ရေးလေ့ရှိကြသော်လည်း သူတို့လက်အောက်က စစ်တပ်ထဲတွင် အာဏာသိမ်းရန် ပြင်နေခြင်းကိုတော့ မသိပါဟု ဗြောင်လိမ်ကြသည်။ “စစ်တပ် အာဏာသိမ်းပွဲဖြစ်တော့မည်” ဆိုခြင်းကို (ပွဲကြည့်ပရိသတ်) ဘေးလူတွေက သိနေကြသော်လည်း ဇာတ်စင်ပေါ်က (စစ်တပ်ထဲက) လူက မသိပါဟု ဆိုခြင်းမှာ ဗြောင်လိမ်နေခြင်းသာဖြစ်ပါသည်။ ဗိုလ်နေဝင်းက တရေးနိုးမှ အကြံပေါ်ပြီး အာဏာသိမ်းခဲ့ခြင်းမဟုတ်။ အတွင်းလူတွေနှင့် တိုင်ပင်၊ စီမံကိန်းချပြီးမှ အာဏာသိမ်းခြင်းဖြစ်သည်။ ပြောစရာရှိသည်က အာဏာသိမ်းပြီးနောက် အာဏာဝေစု (တိုက်ရာပါပစ္စည်း) ခွဲဝေရာ၌ “ကျနော်မပါဘူး၊ လက်မခံပါရစေနဲ့” ဟုငြင်းခဲ့သူ တယောက်မှမရှိ ဆိုသောအချက်ဖြစ်ပါသည်။


ဗမာ့သမိုင်းတွင် လက်နက်တဖက် ကလောင်တဖက်ဖြင့် စာရေးခဲ့သော စာဆိုစစ်သည်များ ကျော်ကြား၊ လူလေးစားခံရခြင်းများ ရှိခဲ့ပါသည်။ ရှေးခေတ်သမိုင်းတွင်သာမက အနီးခေတ်သမိုင်းတွင်လည်း ရှိခဲ့ပါသည်။ သို့သော် ယနေ့ခေတ်တွင်မူ ယင်းသို့သော စာပေစစ်သည်များ မတွေ့ရသလောက် ဖြစ်နေသည်။ အဓိကအကြောင်းရင်းမှာ သူတို့၏လက်ထဲကသေနတ်သည် ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်သော သေနတ်ဖြစ်နေသောကြောင့် ဖြစ်လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments