>Soe Thint Swe – short story 01

November 2, 2008

>

မိဘကျေးဇူး တရားဟောဆရာ
စိုးသင့်ဆွေ
နိုဝင်ဘာ ၂၊ ၂၀၀၈

ဒ်ီထမင်းဆိုင်ကို ဒီအချိန်ဆို သူလာနေကျ၊ ဒီအချိန်ဆိုတာက နေ့လည် ၃နာရီလောက်ကိုပြောတာ။ နေ့လည်စာ စားသောက်တဲ့လူတွေလည်း ရှင်းပြီ။ ပြီးတော့ ဟင်းတွေကို လျှော့ဈေးနဲ့ စရောင်းတဲ့အချိန်။ ဆိုင်က ညနေ ၆နာရီကျော်ရင် ပိတ်ပြီဆိုတော့ မနက်ပိုင်းရောင်းမကုန်တဲ့ ဟင်းတွေကို နောက်နေ့ထိ ဆက်ထားလို့မဖြစ်၊ ဒီတော့ ၂နာရီခွဲကျော်ရင် စပြီး လျှော့ရောင်းတော့တာပဲ။ ဆိုင်ကလည်း ခမ်းခမ်းနားနားမဟုတ် အိမ်ရှေ့မှာ ဓနိမိုး အဖီထိုးပြီး ရောင်းတဲ့ဆိုင်။ ခုံတန်းလျားရှည်ပေါ်မှာ ဟင်းအိုးတွေ တင်ထားမယ်၊ ခုံနဲ့တဆက်ထဲမှာ ပျဉ်ပြားတချပ်ကို ပတ္တာနဲ့တွဲရိုက်ပြီး မလိုချင်ရင် ဖြုတ်ထားလို့ရမယ်၊ စားပွဲလုပ်ချင်ရင် ပျဉ်ပြားကို ဆွဲမ ပြီး အောက်က တုတ်နဲ့ထောက်ထားလိုက်ရုံ အလွယ်လုပ်ထားတဲ့စားပွဲ။ ဒီစားပွဲပေါ်မှာပဲ လာစားတဲ့သူတွေက ပန်းကန်တင်စားတယ်၊ ပြီးတော့ ငါးပိရည် တို့စရာပန်းကန် ရှိမယ်၊ ငရုတ်သီးစိမ်း ကြက်သွန်ဖြူခွက်ရှိမယ်။ ဒါပဲ ဆိုင်အပြင်အဆင်က။

သူက ဒီအချိန်ဆို လာနေကျဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်။ လျှော့ဈေးရတာလည်းတကြောင်းပေါ့။ ပြီးတော့ သူ့အလုပ်က ညပိုင်းဆင်းရတဲ့အလုပ်။ ဒီတော့ တမနက်လုံး သူအိပ်နေပြီး နိုးလာတော့ ရေမိုးချိုး ဝေယျာဝစ္စ လုပ်ပြီးတာကပဲ နေ့လည်၁၂နာရီ ရှိသွားပြီ။ ပြီးရင် လက်ဖက်ရည်ဆိုင်ဘက်ကိုထွက်။ လက်ဖက်ရည်သောက်ရင်း ဆိုင်ရှင်နဲ့ နည်းနည်းပါးပါး ရပ်ကြောင်းရွာကြောင်းလေး ပြော။ အိမ်ကိုပြန်ဝင်တော့ ၁နာရီ။ သတင်းစာလေး၊ ဂျာနယ်လေးတွေ နည်းနည်းပါးပါးဖတ်ပြီးလို့ နာရီကြည့်လိုက်ရင် ၂နာရီကျော်ပြီ။ အလုပ်သွားဖို့ပြင်ဆင်တာနဲ့ ၂နာရီခွဲကျော်တော့ ဗိုက်က အသံပေးလာပြီ။ ဒါနဲ့ပဲ နေ့တိုင်း ၃နာရီ နီးပါးမှ ဒီဆိုင်ကို ရောက်လေ့ရှိတာ။

ဆိုင်ကိုသူရောက်တော့ လူရှင်းစပြုနေပြီ။ ဒီနားမှာ အစိုးရရုံးတရုံးရှိတော့ နေ့လည်ထမင်းစားချိန်ဆို လူရှုပ်တယ်။ ၆ပေတောင် မပြည့်ချင်တဲ့စားပွဲလေးမှာပဲ လူတွေက ကျပ်ကျပ်သိပ်သိပ်ထိုင်၊ ဟင်းချိုပန်းကန်၊ ငါးပိတို့စရာ ပန်းကန်တွေနဲ့ ပြည့်ပြီး လက်တွေက ယောက်ယက်ခက်နေ။ ဒါတွေကို သူစိတ်ညစ်လို့ မနက်တိုင်း ပိုက်ဆံ အကုန်ခံပြီး လက်ဖက်ရည်သွားသောက်ထားပြီး ဗိုက်ကို ချွေးသိပ်ထားရတယ်။ လူရှင်းချိန်နဲ့ သူဗိုက်ဆာလာတဲ့ အချိန်က အံကိုက်။ နေ့စဉ်လာနေကျဖြစ်တဲ့သူ့ကို မနက်ပိုင်းတာဝန်ပြီးဆုံးသွားတဲ့ ဆိုင်ရှင်အဒေါ်ကြီးက ဝတ်ကျေတမ်းကျေ ပြုံးပြရင်း အိမ်ပေါ်ကိုတက်သွားတယ်။ သူ့သမီးအကြီးမက ညနေဆို ဆိုင်ထိုင်နေကြ။ ဟင်းအိုးတွေကို သူ တခုစီလှန်ကြည့်နေမိတယ်။

ဟင်းတွေက သိပ်တောင် ကောင်းကောင်း မကျန်ချင်တော့။ အသားတွေတောင် ကျေတဲ့ဟာက ကျေနေပြီ။ ဒီဆိုင်က ဟင်းကောင်းကောင်း ရောင်းလို့မရဘူး။ လက်လုပ်လက်စားတွေ ဝယ်စားတဲ့ ဆိုင်ဆိုတော့ တော်ရုံသင့်ရုံ ဟင်းမျိုးကိုပဲ ချက်ရောင်းမှ ရောင်းရတာ။ ဘဲဥ၊ ကြက်ဥနဲ့။ ငါးဆိုလည်း ပင်လယ်ငါးလောက်ပဲ တင်နိုင်တာ။ အမဲသား၊ ကြက်သားဆိုလည်း အသားကောင်းမဟုတ်။ အမြစ်လောက်၊ အရွတ်လောက်ပဲ ရောင်းတာ။ လူတွေကလည်း တခြားဆိုင်တွေထက် ပိုဈေးချိုတော့ သိပ်မကောင်းတဲ့ ဟင်းတွေကိုပဲ မညီးမညူ ဝယ်စားနေတာပဲ။ ထမင်းနဲ့ဟင်းမှာရင် ဟင်းချိုတခွက် အလကား ပေးသေးတယ်။ ဟင်းချိုကတော့ ဘာဟင်းချိုဆိုတာပြောရခက်တဲ့ ဈေးပေါပေါရတဲ့ ဟင်းသီး ဟင်းရွက်တွေကို ဖြစ်သလိုပြုတ်ထားတော့ ကျဲတဲ့အခါလည်းကျဲတောက်လို့၊ ပြစ်ချွဲတဲ့ အခါလည်းပြစ်ချွဲလို့။ အင်း – ဒါတွေကိုပဲ သူနေ့တိုင်းစားဖြစ်နေကျ။

“ဒီနေ့လည်း ခါတိုင်းလို ဘဲဥကြော်ပဲလား” ကလေးမလေးက သူ့ကို လှမ်းမေးလိုက်တယ်။ သူက မနေ့က လခထုတ်ထားတဲ့ အားကိုးနဲ့ “ဟင့်အင်း ကြက်မြစ်နဲ့ပေးပါ” လို့ ပြောလိုက်တော့ ကောင်မလေးက အံသြသလို မျက်လုံးဝိုင်းနဲ့ ကြည့်ရင်း ထမင်းပြင်နေတယ်။ ခဏနေတော့ သူ့ရှေ့မှာ ထမင်းနဲ့ ဟင်းရယ် ဟင်းချိုပန်းကန်တွေရယ် စီရီလို့။ ပထမဆုံး ပါးစပ်ထဲထည့်တဲ့ ထမင်းတလုပ်ဟာ အရသာအရှိဆုံးဆိုတဲ့ သူ့အယူအဆက ဒီနေ့ကျ လုံးဝမှန်သွားတယ်။ ဒါတောင် ကြက်မြစ်က သိပ်မနူးချင်လို့ တော်တော်လေး ဖိဝါးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် စားလို့တော့ ကောင်းသား။ ကောင်မလေးက စေတနာပိုပိုနဲ့ ဟင်းဆီများများလေး ထည့်ပေးထားသေးတယ်၊ စားနေကျ ဖေါက်သည်မို့ဖြစ်မယ်။ စားရင်းနဲ့ နင် လာလို့ ဟင်းချိုသောက်မလို့ လက်လှမ်းလိုက်ချိန်မှာ သူလက်တွေ လေထဲမှာ တန့်သွားတယ်။

“ကာလနာလေး … နင်လုပ်လိုက်ရင် .. ဒီလိုချည်းပဲ … ဘယ်တော့မှ စိတ်မချရဘူး .. ပိုက်ဆံဘယ်ကရတယ်ထင်နေလဲ” “ခွေးမျိုးလေး ..@#&!!!! လေး ……. မျိုးမစစ်လေး … မသာလေး”

ဟင်းချိုသောက်ဖို့ မပြောနဲ့ ခုနကအရသာရှိနေတဲ့ ထမင်းလုပ်တွေတောင် လည်ပင်းမှာ တစ်သွားတယ်။ လာပြီ .. ဒီဆိုင်အကြောင်း သူပြောပြဖို့ မေ့နေတာတခုရှိတယ်။ ဒီလိုပဲ ဈေးရောင်းမကောင်းတဲ့နေ့ဖြစ်ဖြစ်၊ လင်မယားရန်ဖြစ်တဲ့နေ့ဖြစ်ဖြစ်၊ မွန်းကြပ်မှုတွေကို ထွက်ပေါက်ရှာတာပဲဖြစ်ဖြစ် ဆိုင်ရှင်အဒေါ်ကြီးရဲ့ ဖရုဿဝါစာတွေကို သူ ကြားနေကျ။ ဆိုင်မှာ လူရှင်းနေတော့ အော်ချင်တိုင်းအော်လိုက်၊ ဆဲချင်တိုင်းဆဲလိုက်နဲ့ ထင်တိုင်းကို ကြဲလို့။ လူရှင်းတဲ့အချိန် အမြဲလာနေကျ သူ့အတွက်တော့ ဒီ မရိုးနိုင်တဲ့သံစဉ်နဲ့ ရှောင်လို့မရ။ ဒီလိုပေါက်ကွဲသံစဉ်တွေနဲ့ ထမင်းစားလာတာ ရက်ပေါင်းတောင်တော်တော်ကြာပြီ။

” ထမင်းအိုးလေးကြည့်ထားပါဆိုပြီး စိတ်မချလို့ ရေချိုးရတာတောင် မဖြောင့်ဘူး … ပြန်လာတော့တူးချစ်နေပြီ”
“ပိုက်ဆံကို ဘယ်ကရတယ်ထင်လည်း ဈေးရောင်းမကောင်းလို့ အရင်းတောင် အနိုင်နိုင်လုနေရတာ။ နင်တို့က အိမ်မှာ စားလိုက်သောက်လိုက်နဲ့ ဘာသောက်သုံးကျလို့တုန်း…”
” မိဘကိုကျေးဇူးလေးတော့ သိတတ်ဦးမှပေါ့…”

အဒေါ်ကြီးကတော့ မီးကုန်ယမ်းကုန် ကျိန်လည်းကျိန်၊ ဆဲလည်းဆဲနဲ့။ သူဘယ်လို ကလေးတွေကို ပုလုကွေးအရွယ်ကတည်းက ထိန်းခဲ့ရတာ အလွန်ပင်ပန်းကြောင်း၊ ဖျားနာရင် ဘယ်လို ပိုက်ဆံကုန်ခဲ့ရကြောင်း၊ ရာဇဝင်နဲ့ကို ချီပြီးတော့ မိဘကျေးဇူးအထူးသိဖို့ မြည်တွန်တောက်တီးနေတယ်။ သူ့ရဲ့ ၁၂နှစ်အရွယ်သားကတော့ မျက်ရည်တွေနဲ့ ရှိုက်လို့။ ကလေးကို ရိုက်လည်း ရိုက်ထားပုံပဲ။ ဒီကလေးလေးလည်း တကယ်တော့ အားရတယ်ကို မရှိအောင် အရွယ်နဲ့မလိုက် အမေကိုကူပြီး ဟင်းရွက်ချွေပေးလိုက်၊ ဟင်းအိုးကြည့်လိုက် လုပ်ပေးနေတာ သူ့အမြင်ပဲ။ ဒါပေမဲ့ အဒေါ်ကြီးက ဘယ်တော့မှ စိတ်တိုင်းမကျနိုင်။ ဆိုင်မှာထိုင်နေရတဲ့ ကလေးမလေးကလည်း သူ့ဘက်ကို လှည့်အမဲခံရမှာစိုးလို့ သူ့မောင်လေးငိုနေတာကိုပဲ ကွက်ကြည့်ကွက်ကြည့်နဲ့။ သွားလည်းမဆွဲရဲဘူး။

“ဟိုကောင်မလည်းဒီလိုပဲ .. ကျောင်းထားတော့လည်း စာကောင်းကောင်းမသင် .. အိမ်မှာနေတော့လည်း အလှလေး ပြင်ပြီး လမ်းသလားချင်။ … လင်မြန်မြန်ရသွားလည်း ကောင်းတယ်။ ကျွေးရသက်သာတယ် .. မိဘကျေးဇူး ဘာ ဆိုတာ တနေ့ကျ ကောင်းကောင်းသိမယ်။ …ငါတို့မရှိမှသိမယ်။ .. အဲဒီချိန်ကျမှ အမေဆိုလာမခေါ်နဲ့..”

ကောင်မလေးခမျာလည်း မလွတ်ပါဘူး။ သူ့အမေကြီးက မမေ့မလျော့ လှမ်းတွယ်လိုက်လို့ မျက်နှာလေးကို ပျက်လို့။ သူ့ကိုတော့ နေ့တိုင်း အမေကြီး တရားနာနေကျလူမို့ထင်တယ် သိပ်ရှက်မနေတော့။ ဒီတရားကလည်း ခုတလောမှ နေ့တိုင်း စိပ်စိပ်လာသလိုပဲလို့ သူသတိထားမိတယ်။ ကုန်ဈေးနှုန်းနဲ့လည်း တိုက်ရိုက် ပတ်သက်နေပုံပဲ။ မွန်းကျပ်နေတဲ့ဘ၀တွေက ဒီလိုပဲလေ ထွက်ပေါက်ကို မရရတာနဲ့ရှာတာ။

“မိဘကို စိတ်ဆင်းရဲအောင် လုပ်တဲ့ဟာတွေ …. ငါလိုစိတ်မဆင်းရဲရပါစေနဲ့တော် …” ဒီလို ကျိန်လိုက်တာကလည်း အခါခါ။

သူလည်း ထမင်းကို မိဘကျေးဇူးတရားနားထောင်ရင်းနဲ့ ဘယ်လိုဝင်သွားမှန်းကို မသိတော့။ နောက်ဆုံးတလုတ်ကို အပြီးသတ်ရင်း ဟင်းချိုကို လှမ်းခပ်တော့ ဟင်းချိုက အေးနေပြီ။ ကောင်မလေးကို ညစာအတွက် ဟင်းနဲ့ထမင်း ဗူးထဲထည့်ခိုင်းရင်း ပိုက်ဆံဘယ်လောက်လဲ တွက်ခိုင်းရတယ်။ ကောင်မလေးလှမ်းပေးတဲ့ ထမင်းဗူးကို ယူပြီးပြန်ထွက်တော့ ၃နာရီခွဲကျော်ပြီ။ ကားဂိတ်ကို မြန်မြန်ရောက်မှဖြစ်မယ်၊ ရုံးဆင်းချိန်နဲ့ တိုးနေရင် ကားတွေ အရမ်းကြပ်မှာ စိုးရတယ်။ ဆိုင်ကထွက်ပြီး ခပ်ဝေးဝေးရောက်တော့ ဘာရယ်မဟုတ် ဆိုင်လေးကို ပြန်လှည့် ကြည့်မိတယ်။ ဒီမှာ သူတခု သတိထားမိသွားတယ်။

ဒီဆိုင်မှာ ဆိုင်းဘုတ်တွေဘာတွေ ရှိလိမ့်မယ်လို့ ထင်မထားမိ။ ခုမှသေချာသွားတွေ့တယ် ကြိုးတိုး ကြဲတဲ ဓနိမိုးပေါ်မှာ အရောင်လွင့်ဆေးပြယ်၊ ယိုင်နဲ့နေတဲ့ ဆိုင်းဘုတ်တခု။ စာလုံးတွေက အပြာရောင်အခံပေါ်မှာ အဖြူနဲ့ ရေးထားတယ်။ လေတွေရေတွေဒဏ်ကြောင့် ဆေးကွာပြီး မှုန်ဝါးနေပေမဲ့ ဘာရေးထားတယ် ဆိုတာတော့ ဖတ်လို့ရသေးတယ်။ ဆိုင်းဘုတ်မှာရေးထားတာက “မိဘမေတ္တာ”တဲ့။ သူအတွေးပေါက်ပြီး တယောက်ထဲ ပြုံးမိသွားတယ်။ မိဘကျေးဇူးတရားကို ဟောဟောနေတဲ့ အဒေါ်ကြီးရဲ့ဆိုင်နာမည် က မိဘမေတ္တာတဲ့လေ။ ။

မူရင်း – http://yawnathanzinyaw.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments