မိုင်မြစ်ကြီးနား
နိုဝင်ဘာ ၅၊ ၂၀၀၈
လူမည်းဖခင်(ကင်ညာနိုင်ငံ – Kenya)နဲ့ လူဖြူမိခင် (အမေရိကန်၊ ကင်းဆတ်ပြည်နယ်- Kansas)တို့ နှစ်ဦးက မွေးဖွားလာတဲ့ ဘာရက်အိုဘားမား(Barack Obama) ဟာ နိုဝင်ဘာ ၄၊ ၂၀၀၈ နှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက် သမ္မတ ဖြစ်သွားပါပြီ။ အိုဘားမားဟာ ပြိုင်ဖက် ရီပတ်ဗလီကင်ပါတီက ဂျွန်မက်ကိန်း (John McCain)ကို မဲ အပြတ်သတ်နဲ့ အနိုင်ရပြီး အမေရိကန်သမိုင်းမှာ ပထမဆုံးသော အာဖရိကန်အမေရိကန်လူမည်း သမ္မတ ဖြစ်လာပါတယ်။
ဒီနေ့ဟာ အမေရိကန်မှာသာမက ကမ္ဘာတ၀ှမ်းလုံးရှိ လူတွေ ရုပ်မြင်သံကြားကနေ၊ ရေဒီယိုကနေ အမေရိကန်သမ္မတရွေးကောက်ပွဲသတင်းကို နားထောင် စောင့်ကြည့်နေခဲ့ပါတယ်။ ကျနော်လည်းပဲ အလုပ်က ပြန်လာပြီးချင်း မိန်းမက အသင့်ဖွင့်ထားတဲ့ ရွေးကောက်ပွဲတီဗွီသတင်းကို ထိုင်ကြည့်နေလိုက်တယ်။ ကိုယ်တိုင် မဲမထည့်ရပေမယ့်လည်း အိုဘားမားကို နှစ်သက်ထောက်ခံသူဖြစ်လို့ သူအနိုင်ရတာကြားရတော့ ၀မ်းသာမိပါတယ်။
အမေရိကန်တ၀ှမ်းလုံး အိုဘားမားကိုထောက်ခံကြသူများ အလွန် ပျော်ရွှင်နေကြတယ်။ တချို့ဆို ၀မ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ စီအင်အင်(CNN) တီဗွီက ပြနေတဲ့ ချီကာဂို ဂရန့်တ်ပတ်ခ်(Grant Park) မှာ အိုဘားမားကိုထောက်ခံတဲ့ လူအုပ်ကြီးဟာ ခန့်မှန်းခြေ ၁၂၅,၀၀၀ လောက်ရှိပါတယ်။ အဲဒီမှာ နာမည်ကြီး အိုပရာဝင်းဖရီ (Oprah Winfrey)နဲ့ ဂျက်စီဂျက်ဆင် (Jesse Jackson) ကိုလည်း တွေ့ရတယ်။ သူတို့နှစ်ယောက်လည်း မျက်ရည်တွေနဲ့ပါ။
ချီကာဂို ဂရန့်တ်ပတ်ခ်က လူအုပ်ကြီးကို အိုဘားမားက “ဒီနေ့ တမ္ဘာလုံးကို ထပ်မံပြီး သက်သေပြလိုက်တာက အမေရိကန်ရဲ့ စစ်မှန်တဲ့အင်အားဟာ လက်နက်အင်အားနဲ့ ငွေကြေးကြွယ်ဝမှုကြောင့် မဟုတ်ပါဘူး၊ အမေရိကန်လူမျိုးတွေရဲ့ စံနမူနာတွေဖြစ်တဲ့ ဒီမိုကရေစီစနစ်၊ လွတ်လပ်မှု၊ အခွင့်အရေး၊ မဆုတ်မနစ်တဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
“လကမ္ဘာပေါ်မှာ လူ ခြေချနိုင်ခဲ့တယ်၊ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့တယ်၊ လူတွေရဲ့ အိပ်မက်တွေကို သိပ္ပံနည်းပညာကျေးဇူးနဲ့ ကမ္ဘာကြီးဟာ ဆက်စပ်ပုံဖော်နိုင်ခဲ့တယ်၊ အသားအရောင်ခွဲခြားတဲ့ အမှောင်ခေတ်ကို ဖြတ်သန်းလာဖူးတဲ့ အသက် ၁၀၆ နှစ်ရှိတဲ့ အဖွားအိုတစ်ယောက်က ဒီကနေ့ မဲလာထည့်ခဲ့တယ်၊ သူမက အမေရိကန်ဟာ ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်လို့ပါပဲ” လို့ အိုဘားမားက ပရိသတ်ကို ပြောပြတော့ လူအုပ်ကြီးကလည်း
“Yes, we can …” (ငါတို့ ပြောင်းနိုင်တယ်) လို့ ပြန်လည် ကြွေးကြော်ခဲ့ပါတယ်။
အို … ဘားမား (Burma)
ကျနော် စဉ်းစားမိတယ် … မြန်မာနိုင်ငံမှာလည်း သမ္မတဟာ ဥပမာအားဖြင့် မိုဟာမက်ဟာဂျီမောင်မောင် (သို့) ဒူးဝါးမောင်မောင် (သို့) နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျသူ ဆိုရင်ကော သင် လက်ခံနိုင်ပြီလား။
အို … ဘားမား (Burma)
သင်ကော မပြောင်းလဲချင်ဘူးလား? သူတို့က “Yes, we can …” ဆိုရင် … သင်လည်း “Yes, we can too …” ဆိုတာ သက်သေပြလိုက်ကြပါစို့လား …
Recent Comments