>Zaw Min’s writing 02

November 18, 2008

>

သံချို
ဇော်မင်း (လူ့ဘောင်သစ်)
နိုဝင်ဘာ ၁၈၊ ၂၀၀၈

သံချိုနဲ့ပတ်သက်လို့ များများစားစား ဗဟုသုတ မရှိပါဘူး။ ဂီတတို့၊ သီချင်းတို့နဲ့ ကျနော်က ဝေးပါတယ်။ သို့သော် မိသားစုနဲ့ ပတ်သက်လို့ မှတ်မိတာလေးတခု ရှိနေခဲ့လို့ သတိရတုန်း အဖတ်တင်အောင် ပြန်ရေးတာပါ။ မှတ်သားရသလောက် ပြန်ပြောရရင် သံချိုဆိုတာ သီချင်းလည်း မဟုတ်ပါဘူးတဲ့။ သို့သော် အသံချိုချိုနဲ့ သီကုံးရတာဖြစ်လို့ အခုလို ဟစ်ဟော့ဂီတခေတ်မှာ တခြားလူငယ်တွေ အနေနဲ့ ဒါလည်း သီချင်းတမျိုးပါပဲလို့ ပြောလာရင် ကျနော်လည်း ပြန်မငြင်းနိုင်ပါဘူး။ သံချိုနဲ့ ပတ်သက်လို့ ငြင်းရလောက်အောင်လည်း လေ့လာထားတာ မရှိတာကလည်း နောက်တပိုင်းလို့ ဆိုရမှာပါပဲ။

၁၉၈၆ ခုနှစ် အောက်တိုဘာလထဲမှာ ကျနော် နောက်ဆုံးနှစ် စာမေးပွဲဖြေရပါတယ်။ နိုဝင်ဘာလထဲ ရောက်ကတည်းက လူကအားနေတော့ ဘာလုပ်ရမှန်း မသိဘဲ တောင်လိုလို မြောက်လိုလို ဖြစ်နေတာပေါ့။ အဲသည့် အချိန်မှာ ကျနော်တို့နေတဲ့ အမရပူရကအိမ်ကို ဦးလေး တဝမ်းကွဲဖြစ်တဲ့ ဦးကျော်အေး လာလည်ပါတယ်။ သူက ဘုံးအိုးဆိုတဲ့ မွတ်စလင်ရွာမှာ နေပါတယ်။ ဘုံးအိုးရွာက အမရပူရနဲ့ ကပ်ရက်တည်ရှိပါတယ်။

စကားပြောနေကြရင်းက ကျနော့်အဖွားကို ငယ်စဉ်ကထိန်းခဲ့တဲ့ ကစားဖက်လည်းဖြစ်တဲ့ အမေနွဲ့ဆိုတာ အခုအထိ ရှိသေးတယ်လို့ ဦးလေးကျော်အေးက ပြောပါတယ်။ အသက်ကတော့ ၉၅ နှစ်လောက် ရှိပြီတဲ့။ သို့သော် မျက်စေ့ကတော့ ကွယ်နေရှာပြီလို့ ဆိုပါတယ်။ အမေနွဲ့က ကျနော့်အဖွားနဲ့ ဆွေမျိုးနီးစပ်လည်း တော်ပါတယ်။ မြေငူဆိုတဲ့ရွာမှာ သူ့ သားမြေးတွေနဲ့ အတူနေတုန်းလို့ သိရပါတယ်။ ဒါနဲ့ ကျနော်ကလည်း စပ်စပ်စုစု လုပ်လိုတဲ့ ဝသီရှိတဲ့အတိုင်း အမေနွဲ့ကို သွားတွေ့ရင် မကောင်းဘူးလားဆိုပြီး ဦးလေးကျော်အေးကို အဖော်စပ်လိုက်ပါတယ်။ ဦးလေးကလည်း သဘောတူ ပါတယ်။

အဲဒါနဲ့ နောက်သုံးလေးရက်လောက်ရှိတော့ ကျနော်နဲ့ဦးလေးကျော်အေး စက်ဘီးကိုယ်စီနဲ့ အမရပူရက ထွက်လာကြပါတယ်။ စစ်ကိုင်းသွားတဲ့ ကားလမ်းမအတိုင်း နင်းလာခဲ့ကြပြီး သပြေတန်းခံတပ်နဲ့ စစ်ကိုင်းတံတားနားရောက်တော့ လမ်းမကနေ ဖဲ့ဆင်းသွားရပါတယ်။ ပြီးတော့ ဒုဋ္ဌာဝတီမြစ်ဆိပ်ကို ဆက်နင်းရပါတယ်။ ဇက်နဲ့တဖက်ကမ်းကို မကူးခင်မှာတော့ တဖက်ကမ်းမှာရှိတဲ့ အင်းဝမြို့ဟောင်းက နန်းမတော်မယ်နု အုတ်ကျောင်းကို လှမ်းလို့မြင်နေရပါတယ်။ အဲသည့် ပတ်ဝန်းကျင်တခိုဟာ ဆောင်းသီးနှံတွေ စိုက်ထားတဲ့ လယ်ကွင်းတွေကြားမှာ ကဗျာဆန်ဆန် လှပနေပါတယ်။ စက်ဘီးတွေကို ဇက်ပေါ်မှာတင်ရင်း မြစ်ကိုဖြတ်လိုက်တော့ အင်းဝဘက်ကမ်းကို ရောက်ပါပြီ။

အင်းဝမြို့ဟာ ဒုဋ္ဌာဝတီမြစ်နဲ့ ဧရာဝတီမြစ်အကြားမှာ တည်ထားတဲ့ မြို့ဟောင်းတခုပါ။ အနောက်ဘက်ကို လှမ်းကြည့်လိုက်ရင် စစ်ကိုင်းမင်းဝန်တောင်ရိုးနဲ့ တောင်တန်းပေါ်မှာ အစီအရီ တည်ထားတဲ့ စေတီကြီးငယ်များကို မြင်ရပါတယ်။ အရှေ့ဘက်ကို မျှော်ကြည့်ပြန်ရင်လည်း ခရမ်းပြာရောင် သမ်းနေတဲ့ ရှမ်းရိုးမကြီးကို မြင်ရပါတယ်။

ဧရာဝတီမြစ်ရိုးအတိုင်းစုန်လို့ စက်ဘီးကို ဆက်နင်းလာကြပါတယ်။ ကားလမ်းဆိုတာ မရှိတော့ လှည်းလမ်းကြောင်း သဲဆန်ဆန်မြေထဲမှာ စက်ဘီးကို နင်းရပါတယ်။ အတော်လေး နင်းလာလိုက်တော့ ဆင်ကျုံးခံတပ်ကို တွေ့ရလို့ ခဏ ဝင်နားရင်း ခံတပ်ပေါ် တက်ကြည့်ကြပါသေးတယ်။ မြစ်ဘက်ခြမ်းက ခံတပ်အုတ်ရိုးကတော့ မြစ်ထဲကို ပြိုကျလုမတတ် ယိုင်နေပါတယ်။ အခုလောက်ဆိုရင် ရေတိုက်စားလို့ ပြုပြင်သူမဲ့လို့ ရှိမယ်တောင် မထင်တော့ပါဘူး။ ရှေးတုံးကတော့ အင်္ဂလိပ်တွေ ရေကြောင်းကနေ တက်လာရင် ခံတိုက်ဖို့ အီတလီ စစ်အင်ဂျင်နီယာတွေ အကူအညီနဲ့ ဆောက်ထားတဲ့ ခံတပ်တွေ ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ ခံတပ်တွေက သုံးခုသုံးပွင့်ဆိုင်ဖြစ်ပါတယ်။ ဧရာဝတီမြစ်အရှေ့ဘက် ခြမ်းမှာ သပြေတန်းခံတပ်နဲ့ ဆင်ကျုံးခံတပ်ရှိပြီး အနောက်ဘက်ကမ်းမှာတော့ စစ်ကိုင်းခံတပ် ရှိပါတယ်။ သို့သော် အဲသည့်ခံတပ်တွေဟာ တက်လာတဲ့ အင်္ဂလိပ်တွေကို ခံမတိုက်လိုက်ရရှာပါဘူး။ ကိုင်း – ဒါတွေက ထားပါတော့။

ဆင်ကျုံးခံတပ်ကနေ အတော်ကြီးဆက်နင်းလာပြီးတော့မှ အမေနွဲ့နေထိုင်ရာ မြေငူရွာကို ရောက်ပါတော့တယ်။ အမရပူရကနေ မြေငူအထိ စက်ဘီးနင်းရတာ နှစ်နာရီနီးပါးလောက် ကြာပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းဝင်စဆိုတော့ ရာသီဥတုက သာယာနေလို့ စက်ဘီးနင်းရတာ မောလို့မောမှန်း မသိပါ။

ရွာထဲရောက်တော့ ဟိုမေးသည်မေးနဲ့ အမေနွဲ့အိမ်ကို ရောက်ပါတော့တယ်။ မြေငူရွာက တရွာလုံး ကိုင်းကျွန်းလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ မြေငူကို ဝင်လာကတည်းက ထူးခြားတာတခုကို ကျနော်သတိပြုမိပါတယ်။ ရွာသူရွာသား အားလုံးနီးပါးဟာ အတော်လေး အသားဖြူကြတာကို သတိထားမိပါတယ်။ နောက်တော့မှ သိရတာက မြေငူ ရွာသားတွေဟာ ရှမ်းအဆက်တွေလို့ ဆိုပါတယ်။ ဘယ်အချိန်တုန်းက လာပြီးအခြေချနေကြသလဲ ဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောပြနိုင်ပေမဲ့ ရွာသူရွာသားတွေအားလုံးက သူတို့ဟာ တချိန်က ရှမ်းတောင်တန်းတွေကနေ ဆင်းလာခဲ့တဲ့ ရှမ်းအမျိုးသားတွေဖြစ်တယ် ဆိုတာကို မမေ့ကြသေးပါဘူး။ ဒါပေမဲ့ ဘယ်သူမှ ရှမ်းစကား မပြောတတ်ကြတော့ပါ။

ကျနော့်ကို တွေ့တော့ အမေနွဲ့က ကျနော့်မျက်နှာကို သူ့လက်နဲ့ကိုင်ပြီး ပွတ်သပ်ကြည့်ပါတယ်။ ကျနော် အမေနွဲ့ကို တွေ့ဖူးတာ ကျနော်လေးတန်းကျောင်းသား တုန်းကပါ။ အဲသည့်တုန်းက အိမ်ကိုလာလည်တဲ့ အမေနွဲ့ဟာ မျက်စေ့မကွယ်သေးပါဘူး။ ရှေးတုန်းက ပုံပြင်တွေ၊ တဘောင်တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေကို အဖွဲ့အနွဲ့နဲ့ ပြောတတ်လှပါတယ်။ အခုလည်း ရွာကလူငယ်တွေက ညညဆို အမေနွဲ့ကို ရှေးဇာတ်လမ်း ဇာတ်ကြောင်းတွေ အပြောခိုင်းရင် အသံနေအသံထားနဲ့ ပြောနိုင်တုန်း လို့ အမေနွဲ့ရဲ့သား ဦးလေးထွန်းဝေက ကျနော့်ကို ပြောပြပါတယ်။

ကျနော်ရယ် ဦးလေးကျော်အေးရယ် အမေနွဲ့အိမ်သားတွေရယ် အမေနွဲ့ကို အလယ်မှာထားပြီး ဝိုင်းဖွဲ့စကားပြောကြပါတယ်။ အမေနွဲ့က မန္တလေးက သူရဲ့ မိတ်ဟောင်းဆွေဟောင်း၊ ဆွေမျိုးအရင်းအဖျား ရှိသမျှလူတွေအကြောင်း ကျနော့်ကို မေးပါတယ်။ ကျနော့်အဖွား ဒေါ်အေးခင်ရဲ့မိခင် အဘွားက ဒေါ်ဒေါ်မိုးလို့ ခေါ်ပါတယ်။ အမေနွဲ့က အဘွား ဒေါ်ဒေါ်မိုးနဲ့ နှစ်ပေါင်းများစွာနေခဲ့ပြီး ကျနော့်အဖွားကို ထိန်းခဲ့ရသူပါ။ အဲသည့်အချိန်တုန်းက သူတို့အားလုံး မန္တလေးမှာ နေကြပါတယ်။ ကျနော့်အဖွား ဒေါ်အေးခင်ကတော့ ၁၉၃၃ လောက်ကတည်းက အဖျားရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

အမေနွဲ့က ရှေးတုန်းက အကြောင်းတွေ ကျနော်တို့ကို ပြန်ပြောပြပါတယ်။ အဘွား ဒေါ်ဒေါ်မိုးရဲ့ ယောက်ကျား ကျနော့် အဘိုးက ဦးမောင်မောင်လတ်လို့ ခေါ်ပါတယ်။ အဲသည့်မှာ စိတ်ဝင်စားစရာ တခုလည်း ပေါ်လာပါတယ်။ တခြားတော့ မဟုတ်ပါ။ ဦးမောင်မောင်လတ်က မုံရွာဖက်က မောင်းထောင်ရွာ အဆက်တွေ ဖြစ်ပါတယ်။ မောင်းထောင်သားတွေ ဘုရင်ဆီမှာ အမှုထမ်းတော့ မန္တလေးမှာ စုနေကြပါတယ်။ သူတို့စုနေတဲ့ ရပ်ကွက်ကို မောင်းထောင်ဝင်းလို့ ခေါ်ပါတယ်။ မောင်းထောင်သားတွေဆိုတော့ ဦးမောင်မောင်လတ်နဲ့ မောင်းထောင်ဦးကျော်လှတို့က သူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေနွဲ့ရဲ့ အဆိုကတော့ လူတွေက ဦးကျော်လှကို ရုပ်သေးလည်း ကြိုးဆွဲကပြတဲ့အတွက် ရုပ်သေးဦးကျော်လှ (သို့) ရုပ်သေး ဆရာလှ လို့လည်း ခေါ်သေးကြောင်းရှင်းပြပါတယ်။ သံချို (သံဂျို ဟု ကျနော့် တို့ဆီတွင်အသံထွက်) ဖွဲ့ရာမှာလည်း ပြောင်မြောက်လို့ သံချိုဆရာလှ ဆိုပြီး တချို့ကခေါ်ကြောင်း၊ ထို့အပြင် မောင်းထောင်သား ဖြစ်သောကြောင့် မောင်းထောင်ဦးကျော်လှဟုလည်း ခေါ်သေးကြောင်း သိရပါတယ်။

အဲသည့် ဦးကျော်လှက ကျနော်တို့ အဘွားဒေါ်ဒေါ်မိုးနဲ့ ပတ်သက်ပြီး သံချိုတပုဒ် ရေးခဲ့ဖူးကြောင်း အမေနွဲ့က ပြောပြပါတယ်။ ကျနော်လည်း အတော်လေး စိတ်ဝင်စားသွားပြီး ဘယ်လိုဘယ်ပုံကြောင့် ဦးကျော်လှက ဒေါ်ဒေါ်မိုးကို သံချိုရေးပေးတာလဲလို့ မေးရပါတယ်။ အမေနွဲ့ပြောပုံက တခါသားတော့ ဦးကျော်လှ သူတို့အိမ်ကို အလည်ရောက်လာပါတယ်တဲ့။ အိမ်ရှင်တွေဖြစ်တဲ့ ဦးမောင်မောင်လတ်နဲ့ ဒေါ်ဒေါ်မိုးတို့က “ကိုကျော်လှ ထမင်းစားပြီးမှ ပြန်” လို့ ဖိတ်မန္တကပြုသော်လည်း မောင်းထောင်ကို အလည်ပြန်ဖို့ လောနေတဲ့ ဦးကျော်လှက အချိန်မရှိတော့တာကြောင့် နောင်လာမှ စားမယ်ဆိုတာကို မီးဖိုချောင်နံရံမှာ မီးသွေးခဲနဲ့ သံချိုရေးသွားတယ်လို့ အမေနွဲ့က ပြောပြပါတယ်။

အဲသည့် သံချိုကို အမေနွဲ့က ငယ်ငယ်ကတည်းက အလွတ်ရနေတာ အခုအထိပါပဲ။ သည့်အပြင် သူတို့ခေတ် သူတို့အခါက သီချင်းများ၊ ဇာတ်ထုပ်များ၊ ဇတ်လမ်းများကိုလည်း အခုအထိတိုင် အာဂုံဆောင်နိုင်ဆဲ ဖြစ်ပါတယ်။ အဲသည့် သံချိုကို ရေးခဲ့တာ ဘယ်နှစ်တွေလောက်က ဖြစ်မလဲဆိုတာမေးတော့ အမေနွဲ့လည်း အတိအကျ မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

သို့သော် လူကြီးတွေ အပြောအရဆိုရင် မန္တလေးကို အင်္ဂလိပ် သိမ်းပြီးလို့ နှစ်ပေါင်းနှစ်ဆယ်လောက်တုန်းက ထင်ပါရဲ့ လို့ အမေနွဲ့က ဆိုပါတယ်။ ကျနော်တို့ မြန်မာတွေကလည်း စာနဲ့ရေးမှတ်တဲ့ အလေ့မရှိလေတော့ လူကြီးများကိုယ်တိုင်လည်း အဲသလောက်ပဲ ခန့်မှန်း နိုင်ပါတယ်။

ဒါနဲ့ ကျနော်လည်း အမေနွဲ့ဆီက သံချိုကို မေ့မသွားအောင် စာအုပ်ထဲမှာ ချရေးထားလိုက်ပါတယ်။ နောက်တော့ ကိုယ်တိုင် ဆိုရင်းဆိုရင်း အလွတ်ရသွားပါတယ်။ ခဏခဏဆိုနေတော့ မမေ့တော့ဘူးဆိုတဲ့ သဘောပါ။

ဒေါ်ဒေါ်မိုးအတွက် သံချိုဦးကျော်လှ စပ်ခဲ့တဲ့ သံချိုလေးကို မြည်းစမ်း တို့ထိကြည့်ကြပါဦး။

ရုပ်သေး ဆရာလှ
ဋ္ဌာနပြန်လို့ ခေါက်ရချည်တော့
ဟိုနောက်တခါ အရောက်လာမှ
စားမြိန်စာ ဆန်သလေးရယ်နဲ့
အိုးတယ်ကာ မိုးမယ်က ကြွေးလိမ့်မကွဲ့
မွေးတဲ့ထမင်း ။

စာသားလေးတွေက ရိုးစင်းရိုးရှင်းလှပါတယ်။ အဲသည့်အချိန်တုန်းက ကျနော်နားမလည်တဲ့ စကားလုံးက ဆန်သလေး ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အဲတာနဲ့ အမေနွဲ့ကို မေးတော့ အမေနွဲ့က သည်လို ဖြေပါတယ်။ သလေးဆန်ဆိုတာ အဲသည့်ခေတ်တုန်းက ဆန်အကောင်းစား ဖြစ်ပါသတဲ့။ ပေါ်ဆန်းမွှေးတို့လို ဆန်အကောင်းစားမျိုးကို ဆိုလိုတာလို့ ပြောပြပါတယ်။

အမေနွဲ့ဟာ အဲသည့်အချိန်မှာ အသက်က ၉၅နှစ်လောက် ရှိနေပြီ ဖြစ်ပေမဲ့ သံချိုဆိုလိုက်တော့ အတော်လေးကို နားထောင်လို့ ကောင်းပါတယ်။ စိတ်ကိုလည်း အေးချမ်းမှုပေးတဲ့ ဆိုဟန်လို့ ပြောနိုင်ပါတယ်။ အသံကို လိုရင်လိုသလို ဆွဲပြီး ဆိုရတာမျိုးပါ။ သို့သော် အဆွဲတင်မကဘဲ အငင်လေးတွေလည်း ညှပ်ပြီးပါရပါတယ်။ ဒါ့အပြင် ဆိုတဲ့သူကိုယ်တိုင်ကလည်း အသံချိုဖို့ လိုပါသေးတယ်။ စာနဲ့ရေးပြရတော့ သံချိုဆိုတာ ဘယ်လိုဟာမျိုးပါလိမ့် ဆိုပြီး အတိအကျ ရှင်းပြဖို့ ကျနော့်အတွက် မလွယ်တာကိုတော့ စာဖတ်သူများ နားလည်ပေးစေလိုပါတယ်။

သံချိုနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်အကြောင်း၊ ဘယ်လိုအရသာမျိုး ရှိသလဲဆိုတာကို ရှေ့မီနောက်မီဖြစ်တဲ့ ဆရာကြီးဦးဝင်းဖေတို့လို ပုဂ္ဂိုလ်မျိုးတွေကို မေးမြန်းပြီး သံချိုအကြောင်းကို အသံလွှင့်နိုင်ရင်တော့ အလွန်လည်း ကောင်း၊ မှတ်တမ်းတခုအနေနဲ့လည်း တင်ကျန်ရစ်မယ်လို့ စိတ်ကူးပေါ်မိပါတယ်။ ဆရာ့ကို ဝိုင်းပြောကြဖို့လည်း အားလုံးကို တိုက်တွန်းပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)