>the death of a poet

January 2, 2009

>

ကဗျာဆရာကွယ်လွန်ခြင်း

အောင်ဝေး


ဇန်န၀ါရီ ၂၊ ၂၀၀၉

ကဗျာဆရာသည် ကွယ်လွန်လေ၏။ လူသည် သေ၏။ ကြယ်သည် ကြွေ၏။ ငှက်သည် ပျံရင်း သေသည် မဟုတ်ပါလား။ သေခြင်းသည် ဘဝအဓိပ္ပာယ်လား။ သစ္စာလား။ သေခြင်းဆိုတာ ဘာလဲ။ တစုံတယောက်ကတော့ ‘သေလျှင်ပြီးပြီ’ ဟု ပြောနေကြောင်းကို ကဗျာဆရာသည် သူငယ်ချင်းအချို့ထံမှ ကြားရဖူးလေသည်။ သေလျှင် တကယ်ပြီးမှာလား။ လူသည် (တာဝန် ယူမှုရှိသော လူစင်စစ်မှန်လျှင်) အဘယ်မှာလျှင် သေလျှင်ပြီးနိုင်ပါမည်နည်း။ ဥပမာ- ဆရာဗန်းမော်တင်အောင် ဆိုလျှင် သေလွန်ပြီးသော်လည်း မပြီးဆုံးသေးသောသူပင် ဖြစ်မည် မဟုတ်ပါလော။ အစစ်အမှန်ကို ဆိုရလျှင် ဆရာဗန်းမော်တင်အောင်သည် ထာဝရ မသေဆုံးသူ (မပြီးဆုံးသူ) ဖြစ်သည်ပဲတကား။

ကဗျာဆရာက စဉ်းစားနေမိပေသည်။ လူသည် သေလျှင် ပြီးဆုံးသွားသည် ဆို၍မရ။ ‘သေလျှင်ပြီးပြီး’ဆိုတာ လူ့အဖွဲ့အစည်းကြီး ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်ပြုလုပ်ခဲ့သော လူရမ်းကားတယောက်၏ သေဆုံးခြင်းအတွက်သာ ဒါက ဖြစ်နိုင်ပေသည်။ သို့သော် ကဗျာဆရာက စဉ်းစားပြန်သည်။ လူသေ သေဆုံးသွားပြီးနောက် မသေဆုံးဖို့ လိုမည်ဟု။ တာဝန်ယူမှုရှိတဲ့ လူဆိုရင်ပေါ့။ ကဗျာဆရာက ရိုးရိုးကလေးပင် တွေးလေသည်။

၁၉၃၆ ခုနှစ် စပိန်ပြည်တွင်းစစ်ကြီးထဲမှာ ဖက်ဆစ်အာဏာရှင် ဖရန်ကို၏ ဂိုဏ်းသမားများက ချောင်းမြောင်း လုပ်ကြံသဖြင့် ကဗျာဆရာ ဂါစီယာလော်ရကာ သေဆုံးခဲ့ရသည်။ သို့သော် ဂါစီယာလော်ရကာ သည် ဘယ်တော့မှ သေဆုံးမသွားသောသူ ဖြစ်လာခဲ့သည်။ သူသည် စပိန်ရဲ့ ကြယ်ပွင့်။ ကဗျာဆရာ ဂါစီယာလော်ရကာ၏ ကဗျာများ ယနေ့တိုင် ကမ္ဘာကျော်နေဆဲ ဖြစ်သည်။ ဖရန်ကိုလည်း သေပါပြီ။ ဖရန်ကို၏ သေဆုံးခြင်းမှာ ‘သေလျှင်ပြီးပြီ’ ဆိုသော သေခြင်းမျိုး (သေခြင်းဆိုးမျိုး) ဖြစ်သည်။ ဖရန်ကို ကိုယ်တိုင် စပိန်ပြည်သူတွေကို ထမသတ်နိုင်တော့ပြီ။ ပြီးပြီ။ The End.

ဖရန်ကိုနှင့်အတူ ဖက်ဆစ်ဝါဒလည်း မြောင်းထဲရောက်သွားသည်။ ပြီးပြီပေါ့။ ထိုသို့ဖြစ်သည်။ ဖရန်ကိုသည် ဘာသာကြီးလေးရပ်၏ ငရဲအသီးသီး၌ အခါခါ သေဆုံးသူဖြစ်သည်။ သူ သတ်ခဲ့သော ကဗျာဆရာ ဂါစီယာလော်ရကာသည်ကား ကဗျာများဖြင့် အခါခါ ရှင်ပြန်ထမြောက်နိုင်သူ ဖြစ်ခဲ့လေပြီ။ ကဗျာဆရာသည် သေလျှင် မပြီးသေးဟု ရဲရဲယူဆလိုက်သည်။ သေပြီးလျှင် ရှင်သန်ဖို့ လိုသေးသည်။ ထိုအတိုင်း သူ ယုံကြည်ထားသည်။ ကဗျာဆရာသည် တက္ကသိုလ်နှင့် တောရကာလများမှာတော့ ဘာသာကြီးလေးရပ်၏ သေခြင်းတရားအပေါ် သဘောထားများကို လေ့လာ စူးစမ်းကြည့်ခဲ့ဖူးပါ၏။ ကဗျာဆရာအဖို့ သေခြင်းတရားအပေါ်၌ သဘောထားမှတ်ချက်ပေးစရာ အထွေအထူးတော့လည်း သိပ်ပြီး ကြီးကြီးကျယ်ကျယ် ရှိလှသည်တော့ မဟုတ်ပါ။ ကဗျာဆရာက ရိုးရိုးရှင်းရှင်းကလေးသာပဲ မြင်လေသည်။ သူက သေခြင်းကို တန်ဖိုးသတ်မှတ်ထားသည်။ သေခြင်းမှာ တန်ဖိုးရှိပေသည်။ ထိုတန်ဖိုးကို ကဗျာဆရာက ဆရာဗန်းမော်တင်အောင်၏ (ယခင် ကြံတောသ

င်္ချိုင်း) အုတ်ဂူပေါ်က စာသားများဖြင့် ကိုးကား သက်သေပြတတ်ပေသည်။

ဆရာဗန်းမော်တင်အောင် ဆိုသည်။ ‘လူတယောက်ရဲ့ တန်ဖိုးကို သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ’ ဆရာဗန်းမော်တင်အောင် အုတ်ဂူပေါ်က အဘိဓမ္မာသည် ရှင်းလင်း လှပသည်။ ထိုအဘိဓမ္မာအတိုင်းပင် ကဗျာဆရာအဖို့ ဘဝ၏ နေခြင်းကို တန်ဖိုးဖြတ်၍ ကြည့်မြင်သူ ဖြစ်လာသည်။ ကျွန်ုပ်တို့ ဘယ်လိုသေမည်လဲ။ ဆော့ခရတ္တိ၏ သေခြင်းမှသည် ဆရာဗန်းမော်တင်အောင်ကဲ့သို့သော သေခြင်းများ စသည်အထိ ကဗျာဆရာက တန်ဖိုးရှိစွာ သေခြင်းကို တန်ဆာဆင်ချင်သူလည်း ဖြစ်သည်။ သေခြင်းတွင် အလှဗေဒရှိရပေမည်။ သေခြင်းတွင် ဒဿနပါရပေမည်။

ကဗျာဆရာအဖို့ ဘဝ၏ နေခြင်းနှင့် သေခြင်းတို့အပေါ်တွင် ဆင်ခြင်ပုံမှာ ဤသို့ဖြစ်သည်။ သူက အရင်ဦးဆုံး အရေးကြီးသည်မှာ လူသည် မိမိ၏ ဘဝမှာ ဘယ်လိုသေမလဲ ဆိုတာကို ဦးစွာပထမ သဘောပေါက်ဖို့ လိုလေသည်ဟု ယူဆသည်။ ဘဝမှာ ဘယ်လို သေမလဲ။ (ဖရန်ကိုလို သေမလား၊ ဂါစီယာလော်ရကာလို သေမလား) အဲဒါကို အရင်ဆုံးသဘောပေါက်မှလည်း ဘဝကို ဘယ်လိုနေထိုင်သွားရမယ် ဆိုတာကို နာလည်ပေလိမ့်မည်ဟု ကဗျာဆရာက နှလုံးပိုက်ထားလေသည်။ “The way you know how to die, the way you know how to live.”

သူ၏တရားက ဒါသာဖြစ်သည်ကို ကဗျာဆရာသည် သိပ်ပြီး ကျယ်လောင်ကျယ်လောင် လျှောက်ပြောနေတတ်သူတော့လည်း မဟုတ်ပါချေ။ လူသည် သေမျိုးသာတည်းဟူသော ယုတ္တိဗေဒ အဆိုပြုချက်များမှသည် ‘သေလျှင်ပြီးပြီ’ သေရင်ပြီးပြီဆိုသော စကားများကိုအထိ ကဗျာဆရာက အချိန်ကုန်ခံပြီး လိုက်လံစဉ်းစားနေသူလည်း မဟုတ်ပြန်ချေ။

သူက လူသည်သေပြီးသော်လည်း ထာဝရ မသေဆုံးဖို့ကို လိုအပ်သည်ဟု ခံယူသည်။ ကဗျာဆရာအမြဲပြောသည်မှာ ဆရာဗန်းမော်တင်အောင် ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသည် မသေမျိုး၊ မသေနွယ် ဖြစ်သည်ဟူ၍။ သေခြင်း၏ အဘိဓမ္မာ (Philosophy of Death) နှင့် သေခြင်း၏ အနုပညာ (Art of Death) ထိုအရာ နှစ်ခုသည် ဆက်စပ်သည် မဟုတ်ပါလား။ ကဗျာဆရာသည် ကွယ်လွန်လေ၏။

… … … … … … … … …

ညသည် ဆန်ရေကို ဖြတ်သန်းနေရပေသည်။ ရေဆန်မြစ်ထဲသို့ ကြယ်က ကြွေလေသည်။ သြော် … ကြယ်ကြွေ ရေဆန်ပါတကား။ ကဗျာဆရာသည် ခံစားနေမိပြန်သည်။ ကြယ်ကြွေရေဆန်။ သူသည် တခါတခါ မြို့သစ်ကလေးမှ သူ့အိမ်ရှေ့လမ်းမလယ်ကောင်သို့ ထွက်ကာ ညအခါ မှောင်နေသည့် လေထုကို ဖြတ်၍ ကောင်းကင်သို့ မော့ကြည့်ရင်း ကြယ်တွေကို တလုံးချင်း ရေတွက်ကြည့်နေပြီး ‘ငါ့နာမည်နဲ့ ကြယ်က ဘယ်မှာပါလိမ့်’ ဟု ရှာဖွေနေတတ်ပြန်လေသည်။

ကဗျာဆရာ၏ အဘိဓာန်ထဲမှာတော့ ကြယ်ကြွေခြင်းသည် သမိုင်းတန်ဖိုးတရပ် ရေးထိုးလိုက်ခြင်းပဲ ဖြစ်သည်ဟု ပါရှိလေသည်။ ကြယ်ကြွေသည်မှာ မဆန်း။ ထိုမဆန်းသောကြွေခြင်းမှာ ဆန်းသောသမိုင်းတန်ဖိုး ရှိပေသည်ပဲ မဟုတ်လား။

များစွာ မှောင်မိုက်လွန်းသော ညတည၏ သံသရာထဲတွင် ကဗျာဆရာသည် ငမိုးရိပ်ချောင်းကို ဖြတ်သော တံတားကြီးတစီးပေါ်တွင် ရပ်ကာ ကောင်းကင်၏ အရိပ်က ချောင်းပြင်တွင် ထင်ဟပ်နေပြီး ကြယ်များက ရေစီး၌ မျောပါသွားနေကြသည်ကို ငုံ့စိုက်ငေးရီရင်း သေခြင်းတရားကို အကြာကြီး တွေငိုင် စဉ်းစားနေမိခဲ့ဖူးလေသည်။

ညတည …. ။ ထိုရောအခါက ငမိုးရိပ်ညသည် နှင်းမြူမြမြအောက်ဝယ် မှေးမှိတ် တိတ်ဆိတ်နေခဲ့ကာ ကဗျာဆရာသည်လည်း ဟိုးအဝေး အင်္ဂလန်နှင်းမှုန်ကြားမှ ကဗျာဆရာ ဘိုင်ရွန်၏ ဈာပနကို ပြန်စဉ်စား မြင်ယောင်နေမိပြန်လေသည်။ ကဗျာဆရာ ဘိုင်ရွန်သေတော့ သူ့ရုပ်ကလာပ်ကို ကမ်းခြေလမ်းက သယ်ထမ်းလာချိန်၊ သူ့ချစ်သူမလေးခမျာ မြင်းရထားနှင့် အမှတ်မထင် ကျော်ဖြတ်သွားမိလေသတဲ့။ ‘အသုဘကလည်း လူနည်းလိုက်တာ။ အစောကြီး နှင်းတွေထဲမှာကွယ်’လို့လည်း ညည်းရှာသတဲ့။ ဒါနဲ့ အတော်ကြီး ဝေးသွားတော့မှ

‘အဲဒါ အနုညာတ အသုဘ မဟုတ်ပါဘူး သခင်မလေး။ ကဗျာဆရာ ဘိုင်ရွန် အသုဘပါ’

‘အို… အဖြစ်ဆိုးလှချည်လား အချစ်ရယ်’

ထိုအဖြစ်အပျက်ကို ငမိုးရိပ်တံတားကြီးပေါ်၌ ရပ်တန့်ကာ နှင်းဖြူဖြူမှုန်အောက်၌ ငေးမင်နေသော ကဗျာဆရာက ဟိုက္ကုကဗျာတပုဒ်ကိုလည်း ခံစားသီဖွဲ့ခဲ့မိတယ် မဟုတ်လား။

‘အ သု ဘ က လည်း

လူ နည်း လိုက် တာ အ စော ကြီး

နှင်း တွေ ထဲ မှာ ကွယ်’

လူနည်းခြင်းများခြင်းက အရေးမကြီးလှပါ။ အရေးကြီးသည်မှာ ထိုအသုဘသည် ‘ကဗျာဆရာဘိုင်ရွန်’၏ အသုဘဖြစ်နေဖို့ပဲ မဟုတ်လား။ ကြယ်တွေက တဖွေးဖွေးကြွေကျခဲ့ပြီး ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။

ကဗျာဆရာသည် ကြယ်ကြွေများ၏ ဗျုပ္ပတ်ကို လွမ်းမောဆွတ်သ ကွဲကြေရင်း မြို့သစ်ကလေးမှ ညတယံ၏ အလင်းမှုန်မှုန်အောက်ဝယ် မြေကြီးအောက်က တောက်ပကြယ်ကြွေတွေ အကြောင်းကိုလည်း စဉ်းစားခန်း ဝင်နေခဲ့မိပြန်လေသည်။

မြရာပင်ထက်မှာ ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။ ဆိပ်ဖလူးပင်ပေါ်မှာ ကြယ်တွေ ကြွေပဲ့တယ်။ စိန်ပန်းကြွေသော ကတ္တရာတောမှာလည်း ကြယ်တွေ ကြွေခဲ့တယ်။ မြေကြီးအောက်မှာ အဲ့ဒီကြွေကြယ်တွေ ရှိတယ်။ တချို့တောက်ပနေဆဲ ဖြစ်ပြီး တချို့ကြယ်တွေကတော့ နစ်မြုပ်ပျောက်ဆုံးနေကြတယ်။ ပျောက်ဆုံးနေတဲ့ ကြယ်တွေ၊ နှစ်မြုပ်နေတဲ့ကြယ်တွေကို မြေကြီးအောက်မှာလိုက်ရှာရမယ်။ ဒီလိုရှာခဲ့လို့ပဲ ‘ချေဂွေဗားရား’ဆိုတဲ့ ကြယ်ကြွေရဲ့ အရိုးတွေကို ဘိုလီးဗီးယားနိုင်ငံရဲ့ ရွာကလေးတရွာက လေယာဉ်ပြေးလမ်းအဆုံးမှာ ပြန်လည်ရှာဖွေ တူးဖော်နိုင်ခဲ့ကြတာပဲ မဟုတ်လား။ အဲဒီကြယ်ကြွေရဲ့ အရိုးတွေကို ကျူးဘားနိုင်ငံ၊ ဟာဗာနာမြို့တော်မှာ ပြောင်းရွှေ့မြှုပ်နှံနိုင်ခဲ့တယ် မဟုတ်လား။

သြော် … ကြယ်ကြွေသောည။ ကြွေခြင်းသည် လွမ်းခြင်းဖြစ်၏။ ကြယ်ကြွေသောအခါ လွမ်းဆွတ်တမ်းတ နှမြောလွမ်းလျကြပေသည်။ သေခြင်းသည် အလွမ်းဇာတ်တပုဒ်ပေလား။ တခန်းမရပ်သည့် နှစ်ခန်းမကသော အလွမ်းရှည်ဇာတ်ရှည်ကြီးပဲလား။ ကဗျာဆရာသည် အိမ်မက်မက်ရင်း လမ်းထလျှောက်နေသူလိုပဲ ခံစားနေရလေသည်။ နေ့စဉ်နှင့်အမျှ သေခြင်းတရားနှင့် အနုပညာဆန်စွာ နပန်းလုံးနေခဲ့တာပါလားဟု ကဗျာဆရာသည် သူကိုယ်တိုင် ပြန်လည်ကြည့်ဖြစ်ကာ သုံးသပ်နေခဲ့မိလေသည်။ အမှန်တကယ်လည်း သေခြင်းတရားသည် ကဗျာဆရာ၏ အသက်ပတ်ပတ်လည်အနီးတွင် ပြောင်ပြောင်တင်းတင်းပင် ၀င်ရောက်အခြေချ၍ ခပ်တည်တည်နှင့်သာ ကျက်စားနေခဲ့တာလည်း မဟုတ်ပါလား။

သေခြင်း၏ အနုပညာနှင့် သေခြင်း၏ အဘိဓမ္မာတို့ကို အတော်အသင့် ထင်လင်းစွာပင် အနီးကပ် တွေ့မြင် သဘောပေါက် နားလည်လာခဲ့သော ညတညဝယ် ကဗျာဆရာ သေဆုံးသွားခဲ့လေသည်။

… … … … … … … … …

ကဗျာဆရာသည် ကွယ်လွန်လေ၏။ ကဗျာဆရာကား သက်တော်ရာကျော် ရှည်ပါစေသတည်း။

[ မူရင်း – ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ ၂၀၀၇ ဖေဖော်ဝါရီ ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်