>Htain Linn – Saya Tet Toe

January 3, 2009

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂ဝ)
ဆရာတက်တိုး၏ နိုင်ငံရေးစာပေ
ထိန်လင်း
ဇန်န၀ါရီ ၃၊ ၂၀၀၉

ကျနော့်ဆောင်းပါးရဲ့ ခေါင်းစဉ်မှာ ‘ဆရာတက်တိုးနှင့် နိုင်ငံရေးစာပေ’ လို့ ဖော်ပြလိုက်တာနဲ့ ဆရာတက်တိုးကို နိုင်ငံရေး အရောင်အသွေး ခြယ်သလိုက်တယ်လို့ မထင်စေချင်ပါဘူး။ ဆရာက ဝန်ထမ်းဘဝနဲ့ စာပေလုပ်ငန်းကိုသာ ဇောက်ချ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဆရာဟာ ၁၉၁၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂ဝဝ၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ စာရေးသက် ၇၂ နှစ်ကျော်အတွင်း ဆောင်းပါးအပုဒ်ရေ ၆၄ဝဝ ကျော်နဲ့ စာအုပ်ပေါင်း ၈ဝ ကျော်ကို အမည်ရင်း ဦးအုန်းဖေ အပါအဝင် ကလောင်နာမည် စုစုပေါင်း ၃ဝ နဲ့ ရေးသားခဲ့ပါတယ်။ ‘တက်တိုး’ ဆိုတဲ့ကလောင်နာမည်ကိုတော့ ၁၉၃၈ ခုနှစ်က ပန်းတနော် ဦးခန့် ထုတ်ဝေပြီး ဆရာသိန်းဖေမြင့် တည်းဖြတ်တဲ့ စာဆိုတော်မဂ္ဂဇင်းမှာ ရေးသားတဲ့အခါမှ စတင်အသုံးပြုတယ် လို့ သိရပါတယ်။ ဆရာ့နာမည်ကို ပြောရင် တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်နဲ့ တွဲပြီး မှတ်မိကြသလို အင်္ဂလိပ် ဘာသာရပ်နဲ့ ပတ်သက်တဲ့ ဆရာ့ဆောင်းပါး အတိုအထွာတွေက အမြဲတမ်း ထိတွေ့နေကျ စာတွေလို ဖြစ်နေပါတယ်။ ပြီးတော့ ဆရာ့ ဘာသာပြန်စာအုပ်တွေ၊ တက်ကျမ်းစာအုပ်တွေ ဖြစ်ပါတယ်။

ဒီလိုစာအုပ်တွေကြားမှာ ဆရာ့ရဲ့ ‘အာဇာနည်စိတ်’ဆိုတဲ့ စာအုပ်ကလေးကို မှတ်မှတ်ရရ ဖြစ်မိပါတယ်။ အဲဒီစာအုပ်က အခုဆိုရင် ပြန်လည်ထုတ်ဝေတာ ၄ ကြိမ်မြောက်ရှိပါပြီ။ နောက်ပိုင်းမှာတော့ ‘အညွန့်တလူလူ’ဆိုတဲ့ စာအုပ်နဲ့ တွဲပြီး ‘အာဇာနည်စိတ်နှင့် အညွန့်တလူလူ’ ဆိုတဲ့ အမည်နဲ့ ထုတ်ဝေပါတယ်။ နိုင်ငံရေးဆိုတာ သီးသန့်လူတန်းစားတရပ်နဲ့ပဲ သက်ဆိုင်တဲ့အရာဖြစ်တယ်လို့ ခံယူထားသူတွေအနေနဲ့ အင်မတန်ဖတ်သင့်တဲ့ စာအုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်မှာ နိုင်ငံရေးဆွေးနွေးချက်တွေ မပါဝင်ဘဲ စိတ်ဓာတ်မွေးမြူမှုနဲ့ ပတ်သက်တဲ့အကြောင်းတွေကိုသာ ရေးသားထားလို့ပါ။

“ဤ ‘အာဇာနည်စိတ်’ ကျမ်းငယ်ကို ပြုစုရခြင်းအကြောင်းရင်းမှာ ကျနော်တို့လူမျိုး၌ တည်မြဲခိုင်ခံ့သော စိတ်ဓာတ် ခေါင်းပါးသေးသည်ဟု ထင်မြင်ယူဆသောကြောင့်ပင် ဖြစ်ပါသည်။ ကျနော်တို့၌ ပေါ့ပေါ့နေ ပေါ့ပေါ့စား စိတ်မျိုး သောင်းကျန်းလျက်ရှိသည်။ တော်သလိုနေ တော်သလိုဖြစ် ဆိုသည့်ဝါဒကို လက်ကိုင်ထားလေ့ရှိကြသည်။ ထို့ကြောင့်လည်း ကျနော်တို့မှာ တော်သလိုဖြစ်နေကြသည်။ ထူးခြားထွန်းကားသော ပုဂ္ဂိုလ်ကြီးများ ပေါ်လာခဲဘိခြင်း” လို့ စာအုပ်ရဲ့ ပထမအကြိမ်ထုတ် အမှာစာမှာ တွေ့ရပါတယ်။ ဒါဟာ ရေးသားဖြစ်တဲ့ စေတနာပါ။

အာဇာနည်စိတ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အာဇာနည်၊ လူတိုင်းအာဇာနည်၊ ရည်ရွယ်ချက် အဆင့်အတန်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ စသဖြင့် အခန်းငယ် ၁၁ ခု ခွဲခြားပြီး ရေးသားထားပါတယ်။ အစမှာပဲ “အာဇာနည်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ မည်သည့်ကိစ္စမဆို ရွပ်ရွပ်ချွံချွံ လုပ်ကိုင်ဆောင်ရွက်နိုင်သော ဇွဲ၊ သတ္တိရှိသူပင်ဖြစ်သည်”လို့ အာဇာနည်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါတယ်။ စာအုပ်တစ်အုပ်လုံးကို ခြုံကြည့်ရင် စိတ်ဓာတ်ခွန်အားရှိဖို့ ဦးတည်တိုက်တွန်းထားတာဖြစ်ပြီး အသေးငယ်ဆုံးကနေ စပြီး စဉ်းစားနိုင်အောင် ဥပမာတွေနဲ့ တင်ပြထားတာဖြစ်ပါတယ်။ “မြန်မာပြည်၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ အရယူပေးသည့် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ လူတိုင်းမဖြစ်နိုင်ဟု ဆိုစေကာမူလည်း ထမင်းငတ်ခါနီး မိအိုဖအိုကြီးတို့အား လုပ်ကျွေးသည့် သားကောင်းတစ်ဦးကဲ့သို့ကား လူတိုင်းလိုပင် ဖြစ်နိုင်သည်” လို့ အနီးစပ်ဆုံး မြင်နိုင်တဲ့ ဥပမာကို ပေးထားပြီး စိတ်ဓာတ်မွေးမြူမှုနဲ့ပတ်သက်လို့ အခုလို ဆက်ရေးထားပါတယ်။

“လူတိုင်းပင် ထိုစိတ်မျိုးကို မွေးမြူနိုင်ပါသည်။ အဆင့်အတန်းသာ ကွာခြားချင် ကွာခြားမည်၊ ထိုစိတ်မျိုးကား လူတိုင်းမွေးမြူနိုင်ပါသည်။ ထိုအချက်ကို စာဖတ်သူမိတ်ဆွေတို့ အထူးသတိပြုကြပါ။ တိုင်းပြည်တစ်ခုလုံး ကောင်းစားအောင် လုပ်နိုင်သည့် ခိုင်မြဲသောစိတ်မျိုး သင့်၌ မရှိစေကာမူ သင်လိုချင်သောအရာ၊ သင်မှန်းဆသော ရည်ရွယ်ချက်ကို ရအောင် ဆောင်ရွက်နိုင်သည့် ခိုင်မြဲသော စိတ်မျိုးကိုကား မွေးမြူနိုင်ပါသည်။ တိုင်းပြည်အကျိုးကို ဆောင်ရွက်ရန် ရည်ရွယ်ချက်သည်ကား ထူးခြားမွန်မြတ်ပါပေသည်။ သို့သော် မိမိအလိုရှိသည့် အရာများကို ရအောင်ဆောင်ရွက်ရန် ရည်ရွယ်ချက်နှင့် အမျိုးအစားချင်းအားဖြင့် မကွဲပါ။”

အဲဒီလို ကြီးကျယ်မြင့်မားတဲ့ စိတ်ဓာတ်နဲ့ ကိုယ်လိုချင်တာ ရအောင် ယူဖို့ မွေးမြူတဲ့ စိတ်ဓာတ် ၂ ခု နီးစပ်တဲ့အကြောင်း ရေးသားပြီးတဲ့အခါ အာဇာနည်စိတ် မွေးချင်ရင် အာဇာနည်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရှုလေ့လာဖို့ တိုက်တွန်းထားပါတယ်။ အဲဒီတိုက်တွန်းချက်ထဲမှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံဆည်းခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကို အခုလို ရေးသားခဲ့ပါတယ်။
“အောင်ဆန်းသည် နတ်မောက်မြို့ကလေးတွင် မွေးဖွား၍ သာမန်ပုဂ္ဂိုလ်မျှသာ ဖြစ်ခဲ့လေသည်။ ကျောင်းနေစဉ်က အတန်းထဲတွင် လူတော်ကလေးတစ်ယောက်ဟု ချီးမွမ်းခြင်းခံရသော်လည်း သူနှင့်တန်းတူများ၊ သူ့ထက်တော်သူများ ရှိကြလေသည်။ သူတကာထက် ထူးချွန်၍ တော်သူ မဟုတ်ချေ။

သို့ရာတွင် အောင်ဆန်း၌ ပြတ်သားသော ရည်ရွယ်ချက်တစ်ခု ရှိသည်။ ထိုရည်ရွယ်ချက်မှာ နိုင်ငံရေးသမားတိုင်းရှိသော ရည်ရွယ်ချက်ဖြစ်သဖြင့် မထူးခြားလှဟု စာဖတ်သူတို့က စိတ်ထဲက ဆိုချင်ဆိုကြမည်။ သို့သော် ကျနော်သိရသလောက်မှာ နိုင်ငံရေးသမားများ ပါးစပ်က ထွက်နေသော လွတ်လပ်ရေးဆန္ဒသည် အောင်ဆန်း၏စိတ်တွင်း၌ ရှိသော ဆန္ဒကဲ့သို့ ပြတ်သားပြင်းထန်ခြင်း မရှိချေ။”
အဲဒီလိုရေးသားပြီးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ကောင်းကောင်းရေးသားနိုင်တဲ့သူ ပေါ်ပေါက်စေချင်တယ်လို့ သူ့ဆန္ဒကို ဖော်ပြခဲ့ပါတယ်။ ဆရာတက်တိုးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို မပြုစုခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် တို့နဲ့ပတ်သက်တဲ့ အတ္ထုပ္ပတ္တိ ဆောင်းပါးတွေ ရေးသားခဲ့သလို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အပါအဝင် မြန်မာနဲ့နိုင်ငံတကာက ထင်ရှားသူတွေနဲ့ပတ်သက်တဲ့ အတ္ထုပ္ပတ္တိဆောင်းပါး ရာချီအောင် ရေးသားခဲ့သူဖြစ်ပါတယ်။

‘အာဇာနည်စိတ်’စာအုပ်ကို ပထမအကြိမ်ထုတ်ဝေတုန်းက ‘ဇွဲဋီကာ’ ဆိုတဲ့အမည်နဲ့ ထုတ်ဝေခဲ့တာပါ။ မူရင်း ဘာသာပြန်စာအုပ် ဖြစ်ပေမယ့် အခုဖော်ပြတဲ့အကြောင်းအရာမျိုး ပြင်ဆင်ဖြည့်စွက်တာတွေ ပြုလုပ်ထားတဲ့အတွက် အပြည့်အဝ ဘာသာပြန်စာအုပ်လို့ မပြောနိုင်ပါဘူး။ နောက်ပြီး စာအုပ်ကို ပထမဆုံးထုတ်ဝေတာ ၁၉၄၆ ခုနှစ်ဖြစ်ပေမယ့် စာအုပ် ရေးပြီးတာက ၁၉၃၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံးထုတ်ဝေတဲ့နှစ်က လွတ်လပ်ရေးမရခင် ၂ နှစ်ဆိုတော့ ဒီစာအုပ်ဟာ မြန်မာလူထုကို လွတ်လပ်လိုစိတ်၊ အာဇာနည်စိတ်တွေ အထိုက်အလျောက် ပေါ်ပေါက်စေခဲ့တယ်လို့တော့ ယူဆနိုင်ပါတယ်။ ဒီစာအုပ်ကို အပြင်မှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆရာတက်တိုးရဲ့ဆောင်းပါးတွေထဲမှာ ‘ကျွန်လူထွက်စိတ် ပပျောက်ရေး’ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို တွေ့ရပြီး နိုင်ငံရဲ့နောင်ရေးဟာ လူငယ်တွေလက်ထဲမှာ ရှိနေတဲ့အတွက် လူငယ်တွေဟာ လွတ်လပ်တဲ့စိတ်ကို ပြုစုပျိုးထောင်ဖို့ တာဝန်သိဖို့ စည်းကမ်းရှိဖို့လိုတဲ့အကြောင်း၊ နိုင်ငံနဲ့လူမျိုး ကောင်းစားဖို့ အားလုံးအပေါ်မှာ မူတည်တယ်လို့ ရေးသားထားပါတယ်။ မြန်မာဘာသာနဲ့ ရေးသားခဲ့တဲ့ ဆရာတက်တိုးရဲ့ နိုင်ငံရေး ဆောင်းပါး အပုဒ် ၈ဝ ကျော်ရှိပြီး မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေမှာတော့ မြန်မာပြည်လွတ်လပ်ရေး မှတ်တမ်းတွေနဲ့ပတ်သက်လို့ ကိုယ်တွေ့အဖြစ်အပျက် အကြောင်းအရာတွေ၊ ညီညွတ်ရေးကို ဦးတည်တာတွေ အများဆုံးတွေ့ရပါတယ်။

‘ပထမ လွတ်လပ်ရေးနေ့’ ဆိုတဲ့ ဆောင်းပါးမှာတော့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှအလံ ကို ချပြီး မြန်မာအလံကို လွှင့်ထူရတဲ့ မြင်ကွင်းကိုကြည့်ရင်း သူ့ကျွန်ဘဝမှာ နေခဲ့ရတဲ့ သူ့ရဲ့ မိဘတွေကို လွမ်းဆွတ်မိလို့ ဝမ်းသာဝမ်းနည်းဖြစ်ရတဲ့အကြောင်း ရေးသားထားပါတယ်။ ဒီလို လွတ်လပ်ရေး ရတဲ့နေ့ကို မြင်ခဲ့ရတဲ့ ဆရာ့အနေနဲ့ ဒုတိယအကြိမ် လွတ်လပ်ရေးရတာကို မြင်မသွားရတဲ့အပေါ် ဘယ်လို ခံစားလေမလဲလို့ ကျနော်က တွေးနေမိပါတယ်။ ။

ထိန်လင်း (၂၄၊ ၁၂၊ ၂ဝဝ၈)

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်