>Biography of Mann Win Maung, President of Burma in 1957 (Part – 6)

January 22, 2009

>

မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း(၆)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၂၁ ရက်
ထိုင်းဘုရင် နှင့် သမ္မတ မန်းဝင်းမောင်

ပါပါစီးနင်းလိုက်ပါတဲ့ မီးရထားဟာ မြစ်ကြီးနားမှ နံနက်ပိုင်းမှာ ထွက်ပါတယ်။ လူစီးတွဲတွေမှာ ဂျပန်စစ်သားတွေ ရှိလို့ ပါပါ ကုန်တွဲမှာပဲ စီးရပါတယ်။ နဘားဘူတာကို နေ့လယ်လောက်မှာ ရောက်ပါတယ်။ နဘားဘူတာဟာ ကသာသွားတဲ့ လမ်းခွဲ ဘူတာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ ရထားဆိုက်တဲ့အချိန် အင်ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းနဲ့ဟင်း ရောင်းပါတယ်။

ကျပ်လုံးလောက်ရှိတဲ့ ၀က်အူချောင်းကြော် အကြီးစားလည်း ရောင်းပါတယ်။ အလွန်မှ စားကောင်းပါတယ်။ နဘားဘူတာမှာ စားစရာ ဘာများ ရှိသလဲ ဆိုပြီး ဆင်းကြည့်ရာ မီးရထား ရုတ်တရက် ပြန်ထွက်လို့ အပြေးအလွှား ပြန်လိုက်စီးရပါတယ်။ ရွှေဘိုကို ညမိုးချုပ်မှ ရောက်ပါတယ်။ ရွှေဘိုမှာ အတော်ကလေး ကြာအောင် ရပ်ပါတယ်။ ရွှေဘိုဘူတာမှာ ရပ်နားနေစဉ် ပါပါ စီးတဲ့ ကုန်တွဲအပေါက်ဝနားမှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ရွှေဘိုဘူတာမှာ တာဝန်ကျတဲ့ ဂျပန် စစ်သားတွေက ဂျပန်လို ဆဲဆို ကြိမ်းမောင်းပြီး ပါးရိုက်ပါတယ်။ ပါပါက တွဲထောင့်တစ်နေရာမှာ နေတော့ ပါး အရိုက်မခံလိုက်ရဘူး။ ဂျပန်က ဘာကြောင့် ပါး လာရိုက်သလဲဆိုတာ မီးရထားထွက်မှ သိရတာက ရွှေဘိုက ခရီးသည်တစ်စု ပါပါတို့ စီးတဲ့ တွဲမှာ တက်မယ် လုပ်တော့ အ၀နားမှာ နေတဲ့ ခရီးသည်တွေက လက်မခံခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ် ဆိုတာ သိရတယ်။

မီးရထားဟာ စစ်ကိုင်းသို့ မိုးလင်းတော့ ရောက်သွားပါတယ်။ အင်းဝ မီးရထားတံတားကို အင်္ဂလိပ်တွေ အဆုတ်မှာ ဖျက်ထားလို့ မီးရထား စစ်ကိုင်းအထိသာ သွားနိုင်ပါတယ်။ မြစ်ကြီးနားမှာ ထွက်လာစဉ် မန္တလေးသား ခရီးသည်တစ်ယောက်နဲ့ အသိဖြစ်လာတယ်။ ၎င်းခရီးသည်နဲ့အတူ စစ်ကိုင်းမှ သပြေတန်း ခံတပ်ဘက်သို့ သမ္ဗာန်ဖြင့် ကူးပြီး ၎င်းမှတဆင့် မြင်းလှည်းစီးကာ မန္တလေးဘက်သွားကြပါတယ်။ မန္တလေးလည်း ဂျပန် ဗုံးကြဲထားလို့ အနည်းအကျဉ်း ပျက်စီးပါတယ်။ ပါပါ ရောက်တဲ့အချိန်မှာ မြို့ဟာ သိပ် မစည်ကားသေးပါ။ မီးရထား ဘူတာရုံ သွားပြီး မီးရထား အသွား အလာ စုံစမ်း မေးမြန်းရာ ရန်ကုန်သို့ မီးရထား နံနက် (၇)နာရီ အချိန်မှာ ထွက်ကြောင်း သိရပါတယ်။

ညဘက်မှာ ခရီးသည် အသိအိမ်မှာပဲ အိပ်ပြီး နောက်တနေ့နံနက် (၆)နာရီအချိန် မန္တလေးဘူတာရုံ အရောက် ပါပါ သွားပါတယ်။ ဘူတာရုံကျတော့ ခရီးသည်တွေ တန်းစီပြီး လက်မှတ် ၀ယ်နေတာ တွေ့တော့ ပါပါလည်း ၀င်ပြီး တန်းစီပါတယ်။ လက်မှတ်ဝယ်တဲ့နေရာရောက်တော့ ပါပါ့ကို ရောဂါကာကွယ်ရေး ဆေးထိုးပြီးကြောင်း လက်မှတ်တောင်းပါတယ်။ မြစ်ကြီးနားမှ မထွက်လာမီ ပါပါပလိပ်ရောဂါ နှင့် ၀မ်းရောဂါ ကာကွယ်ရေး ဆေးထိုးလာပြီး ရရှိထားတဲ့ လက်မှတ်ကို ထုတ်ပြမှ လက်မှတ်ဝယ်ခွင့် ရပါတယ်။

ဂျပန်ခေတ်မှာ ဂျပန်တွေက မီးရထား၊ ဘူတာ၊ သင်္ဘောဆိပ်လို လူသွား လူလာများတဲ့ နေရာမှာ ရောဂါ ကာကွယ်ရေး ဆေး ထိုးနှံပေးပြီး လက်မှတ်ထုတ်ပေးပါတယ်။ တစ်ခါက နှစ်ခါအထိုးမခံရအောင် သူတို့ ထုတ်ပေးတဲ့ လက်မှတ်ကို ခရီးသွားလာတဲ့အခါ ဆောင်သွားရပါတယ်။ ထုတ်ပေးတဲ့လက်မှတ်ဟာ ရက်စွဲပါပြီး တစ်လပဲ သုံးခွင့်ပြုပါတယ်။ တစ်လ ကျော်လွန်ပြီး သူတို့ ဆေးထိုးတဲ့နေရာ ဖြတ်သွားရင် ထပ်မံ ထိုးရပါတယ်။ လက်မှတ်အသစ် ထုတ်ပေးပါတယ်။

မီးရထားဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း နံနက် (၇)နာရီမှာ ထွက်ပါတယ်။ လူစီးတွဲ များများပါလို့ လူစီးတွဲမှာ ပါပါ တစ်နေရာရပါတယ်။ မီးရထားဟာ ဂျပန် ထုံးစံအတိုင်း ရပ်ချင်တဲ့နေရာ ကြာကြာရပ်ပြီး ထွက်ချင်တော့ ရုတ်တရပ် လျှောက်ထွက်ပါတယ်။ ခရီးလမ်း ဘူတာများမှာ မီးရထားရပ်တဲ့အခါ စကြံပေါ်မှာ အင်္ဂလိပ် လက်ထက်က ပါပါ တွေ့ဖူး မြင်ဖူးတဲ့အစိုးရ အရာရှိကြီးငယ်များ လမ်းလျှောက်တာ တွေ့တော့ သူတို့လည်း စစ်ပြေးဘက်မှ ရန်ကုန်ကို ပြန်သွားကြောင်း သိရပါတယ်။ မီးရထားဟာ တနေကုန် တညလုံး ခုတ်မောင်းပြီး နောက်တနေ့ နံနက်ပိုင်းမှာ ရန်ကုန်ဘူတာကို ရောက်သွားပါတယ်။

ပါပါ ဘဏ္ဍာရေး မင်းကြီးရုံးမှာ အလုပ်လုပ်စဉ် ဟံသာဝတီ အရေးပိုင် (ခရိုင်ဝန်) ရုံးမှာ စာရေးကြီး ဦးထွန်းရှိန်နဲ့ သိကျွမ်းခဲ့ပါတယ်။ မေမြို့မှာ စစ်သင်တန်း မတက်မီ ပါပါ အ၀တ်အစားများ ဦးထွန်းရှိန်နဲ့ အပ်ထားခဲ့ပါတယ်။ ဦးထွန်းရှိန်တို့ မိသားစုဟာ ၈၁၊ အလုံ ဌာနလမ်းမှာ နေပြီး ရန်ကုန်မြို့ ဂျပန် မသိမ်းမီ ၎င်းတို့မိသားစုဟာ ၎င်းတို့ဆွေမျိုးရှိရာ တွံတေးမြို့နယ်၊ ကုလားတန်းသုံးအိမ်ရွာသို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်။

သုံးအိမ်ရွာဟာ တွံတေးတူးမြောင်း မိုင်တိုင် (၆)မှာ တည်ရှိတဲ့ ကုလားတန်းကျေးရွာ အတွင်းဘက် နှစ်မိုင်ခန့် ကွာဝေးတဲ့နေရာမှာ တည်ရှိပြီး၊ တွံတေး တူးမြောင်းက တက်လာတဲ့ သံပယိုချောင်းဘေးမှာ ဖြစ်ပါတယ်။ သုံးအိမ်ရွာမှ တွံတေးတူးမြောင်းကို သံပယိုချောင်းအတိုင်း သွားလျှင် နှစ်မိုင်ခန့် ဝေးပါတယ်။

ရန်ကုန်ဘူတာမှ ကုလားတန်းသုံးအိမ်ရွာ သွားရန် လမ်းမကျော် ဆိပ်ကမ်းသို့ ပါပါ သွားပါတယ်။ ပါပါ အနေနဲ့ ပစ္စည်း ဆိုလို့ လွယ်အိတ် တစ်အိတ်ပဲ ပါတယ်။ သုံးအိမ်ရွာသို့ ပါပါ တခါမှ မရောက်ဘူးပါ။ ကုလားတန်းရွာ အရောက်သွားပြီး ကုလားတန်းမှ တစ်ဆင့် သုံးအိမ်ရွာကို မေးပြီးသွားရန် ကြံရွယ်ထားပါတယ်။ လမ်းမတော်ဆိပ်ကမ်းမှာ ရေအလှည့်သင့်ပြီး ရေစတက်ချိန်ဖြစ်လို့ တွံတေး သွားမယ့် သမ္ဗာန် သုံး လေးစင်း တွေ့ပါတယ်။ (ဂျပန်ခေတ်မှာ ရန်ကုန် တွံတေးသွား ကူးတို့သင်္ဘော အင်္ဂလိပ် လက်ထက်ကလို မရှိပါ။ သမ္ဗာန်ဖြင့်သာ ရေလှည့်သင့်သလိုသွား ရပါတယ်။

ရေလှည့်သင့်သလို ဆိုရခြင်းမှာ ဒီရေအတက်အကျ အပေါ်မှာ မူတည်ပါတယ်။ ဒီရေအတက်အကျလည်း လဆန်းလဆုပ်အပေါ်မှာ ထပ်မံ မူတည်ပါတယ်။ လဆန်းဖြစ်စေ၊ လဆုပ်ဖြစ်စေ တစ်ရက်နှင့် တစ်ရက် ရေတက်ရေကျချိန် မတူပါ။ (၇၅) မိနစ်ခန့် ကွာခြား ပါတယ်။ လဆန်း၊ လဆုပ် (၁၀) ရက်ဟာ ရေသေရက်များ ဖြစ်ပြီး လပြည့်လကွယ်မှ လဆုတ်လဆန်း (၄) ရက်ထိဟာ ရေထရက်များ ဖြစ်ပါတယ်။ ရေသေရက်များမှာ ရေစီး ပျော့ပြီး ရေထရက်များမှာ ရေစီး သန်ပါတယ်။)

တွံတေးကို သွားမယ့် သမ္ဗာန်တစ်စင်းနဲ့ ပါပါ လိုက်သွားပါတယ်။ ကုလားတန်းရွာကျတော့ ပါပါ ဆင်းကျန်ရစ်ခဲ့ပါတယ်။ အဆင်သင့်ချင်တော့ ကုလားတန်းရွာမှာ ဦးထွန်းရှိန်နဲ့ ပါပါတွေ့ပါတယ်။ ဦးထွန်းရှိန်နောက်ကိုပဲ ပါပါ လိုက်သွားပါတယ်။ သုံးအိမ်ရွာမှာ ဦးထွန်းရှိန် အိမ်ဆောက်နေပါတယ်။ ဦးထွန်းရှိန်အိမ်မှာ သူ့ဇနီးနဲ့ သားသမီးများအပြင် သူ့အမေ၊ သူ့အစ်ကို နှစ်ယောက်နဲ့ ညီမအပျိုတစ်ယောက် ရှိပါတယ်။

ဦးထွန်းရှိန်အိမ်ဟာ ငါး (?) နီကာ ဖြစ်ပါတယ်။ သုံးအိမ်ရွာဟာ အိမ်ခြေ လေးငါးဆယ်ခန့်ရှိပြီး ရွာသူရွာသားများဟာ ဗုဒ္ဓဘာသာ ကရင်လူမျိုးများ ဖြစ်ပြီး လယ်ယာ လုပ်ကိုင်စားသောက် ကြပါတယ်။ ပါပါ ရောက်သွားတဲ့အချိန်မှာ မိုးတွင်းဖြစ်သဖြင့် ရွာထဲမှာ ရေ၀င်ပါတယ်။ အိမ်တွေလဲ ခြေတံမြင့်မြင့် ဆောက်ရပါတယ်။

ဦးထွန်းရှိန်တို့ အိမ်ထောင်စု အိမ်ဆောက်ပြီး မနေထိုင်မီ သုံးအိမ် သူကြီး ဦးစံရွှေ (ယခုကွယ်လွန်) အိမ်မှာ တည်းခိုပါတယ်။ ဦးစံရွှေဟာ အသက်ငါးဆယ် ပတ်ဝန်းကျင်မှာ ရှိပြီး ပေါင်းသင်း ဆက်ဆံရေးမှာ လူကြီးတွေနှင့် ပြေပြစ်သလို လူငယ် လူရွယ်တွေနဲ့လည်း အဆင်ပြေပါတယ်။ ပါပါ သုံးအိမ်ရွာ ရောက်ပြီး မကြာမီအတွင်းမှာပဲ သူကြီးဦးစံရွှေနှင့် အပေါင်းအသင်း ဖြစ်ပါတယ်။ ပါပါလည်း စစ်ပြန်ဆိုတဲ့ ၀ိသေသနဲ့ ဦးစံရွှေလည်း ဩဇာတိတ္တိမနဲ့ ပြည့်စုံသောသူကြီး ဆိုတဲ့ ၀ိသေသနဲ့၊ ဘုတ်ကျီး ရိုသေ၊ ကျီး ဘုတ် ရိုသေ သဘောနဲ့ အပေါင်းအသင်း ဖြစ်ပါတယ်။ သုံးအိမ်ရွာနဲ့ နီးစပ်တဲ့ ကျီးကန်း၊ ကလီအော် သံပယို၊ ကုလားတန်း၊ မျက်နီကုန်း၊ ဗျောက်ရိုး၊ သာစည်၊ ကံရွာ အစရှိတဲ့ ကျေးရွာများကို လှေဖြင့် သွားလို့ရလျှင် လှေလှော် သို့မဟုတ် ကုန်းကြောင်းဖြင့် ပါပါနှင့် ဦးစံရွှေတို့ လျှောက်လည်ကြတယ်။ ဦးစံရွှေမှာ နှစ်လုံးပြူးသေနတ် ရှိလို့ တခါတလေ သူ့သေနတ်ကို သူ ယူသွားပါတယ်။ ပါပါတို့ နှစ်ယောက်သား လှေနဲ့ လျှောက်လည်တဲ့အခါ လှေမှောက်လို့ နှစ်ယောက်သား ရေဆင်းကူးရတဲ့ အခါလည်း ရှိပါတယ်။

သုံးအိမ်ရွာက လူတွေဟာ လယ်ယာ လုပ်ကိုင်စားသောက်ကြသော်လည်း သမ္ဗာန်ထောင် ခပ်စားတဲ့လူ နှစ်ဦး၊ သုံးဦး ရှိပါတယ်။ မိရိုးဖလာအရ ဆုံကြိတ်၊ ဆန်ဖွတ် လုပ်ခဲ့ကြသော်လည်း တွံတေးတူးမြောင်းမှာ ဆန်စက်တွေ ရှိလာတော့ ဆန်စက်မှာ ပဲကြိတ်ခွဲကြပါတယ်။ ဆန်ကြိတ်ခွဲတဲ့အခါမှာ ဖြစ်စေ၊ ရန်ကုန် သို့မဟုတ် တွံတေးသို့ သွားရန် လူ လေးငါးယောက် ရှိလျှင် သမ္ဗာန်သမားတွေက အခကြေးငွေ ယူပြီး လိုက်ပို့ပါတယ်။ ရွာထဲမှာ သမ္ဗာန်သမား တစ်ယောက်ဟာ သမ္ဗာန်ခပ်တဲ့အပြင် သူအားလပ်တဲ့ အချိန်မှာတော့ အရက်ချက်ပြီး ရောင်းပါတယ်။ သူ့နာမည်က ဦးဘိုးသန်း ဖြစ်ပါတယ်။ ပါပါက သူ့သမ္ဗာန် စီးရင်း သူနဲ့ အကျွမ်းဝင်တော့ သူအရက်ချက်တဲ့အကြောင်း ပြောပြပါတယ်။ ပါပါလည်း တောအရက်ချက်တာ မြင်ဖူးချင်တယ် ပြောတော့ တနေ့ သူ အရက်ချက်တော့ ပါပါ့ကို လာခေါ်ပါတယ်။

သူ့အိမ်ရောက်တော့ ပေါင်းအိုးနဲ့ ဆက်ထားတဲ့ ငါးပြွန်ချောင်းကနေ အရက်ရည်တွေ ကျနေတာကို တွေ့ရတယ်။ အောက်မှာတော့ ဇလုံနဲ့ ခံထားပါတယ်။ ပေါင်းအိုး ဖင်မှာ ဆေးရွက်တပ်ထားရင် အရက်က ပိုပြီး ပြင်းတယ်လို့ ဦးဘိုးသန်းက ပြောပါတယ်။ (ယခုခေတ် တောအရက်ချက်တဲ့ လူတွေဟာ ဓာတ်ဆား မြေဩဇာ သုံးတယ်လို့ ကြားသိရတယ်) နောက် ထန်းလျက်စိမ်တာက စပြီး ပြွန်တန်မှ အရက်ကျဆင်းလာသည်အထိ ဦးဘိုးသန်းက သူ့လုပ်ငန်းကို ရှင်းပြပါတယ်။

ရှင်းပြအပြီးမှာ ပါပါ့ကို ဗိုလ်ကြီး အရက် သောက်တတ်သလားလို့ မေးပါတယ်။ (ပါပါ စစ်ပြန်ဖြစ်လို့ သုံးအိမ်ရွာက လူတချို့ဟာ ပါပါ့ကို ဗိုလ်ကြီးလို့ ခေါ်ပါတယ်။) မေးမှ မေးရက်ပလေ၊ စစ်ပြန်ပဲ၊ မသောက်တတ်ဘဲ နေပါ့မလားလို့ စိတ်ထဲမှာသာ ဖြေပြီး ပါးစပ်ကတော့ “သောက်တတ်ပါတယ်” လို့သာ ပါပါက ပြန်ဖြေပါတယ်။ ဒါနဲ့ ဦးဘိုးသန်းက ပါပါ့ကို အရက်ပူပူ နွေးနွေး တစ်ခွက် ကမ်းပေးပါတယ်။

ရွာနီးချပ်စပ် တ၀ိုက်မှာမှာ ညတိုင်းလိုလို သေနတ်သံများ ကြားရပါတယ်။ ဓားပြတိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို သေနတ်သံကြားတိုင်း ရွာသားတွေက ပါပါကိုလာခေါ်ပါတယ်။ ဦးထွန်းရှိန်မှာလည်း နှစ်လုံးပြူး သေနတ်တစ်လက် ရှိတော့ ဦးထွန်းရှိန် သေနတ်ကို ယူပြီး ပါပါ ရွာပြင် ထွက်ပြီး စောင့်ရပါတယ်။ စစ်ပြန်ဆိုပြီး ရွာသူ ရွာသားများက ပါပါ့ကို အားကိုးပါတယ်။ ဘယ်သူက လွှင့်ထားတဲ့သတင်းတော့ ပါပါ မသိပါ။ သတင်းကတော့ ပါပါပြန်လာတာ လက်နက် ခဲယမ်း မီးကျောက်တွေ အများကြီး ပါလာတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဲဒီသတင်းကြောင့် ရွာနီးချုပ်စပ်သာ ဓားပြ အတိုက်ခံရပြီး သုံးအိမ်ရွာ ဓားပြ အတိုက်မခံရပါ။

ပါပါ သုံးအိမ်ရွာရောက်ပြီး တစ်လအကြာမှာ ဦးထွန်းရှိန်ရဲ့ ညီမ ဒေါ်မြမေ (ဌေးဝင်းမောင်တို့အမေ) နဲ့ အိမ်ထောင်ကျပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာဘမော် အစိုးရဖွဲ့ပြီး၍ ပါပါနဲ့ ဦးထွန်းရှိန် အလုပ်အကိုင် စုံစမ်းမေးမြန်းရန် ရန်ကုန်သို့ ဆင်းသွားကြပါတယ်။ ဒေါက်တာ ဘမော် အစိုးရအဖွဲ့ဟာ အတွင်းဝန်များရုံးမှာ ရုံးထိုင်ပါတယ်။ အတွင်းဝန်များရုံး ရောက်တော့ အလုပ်လာရှာတဲ့ လူတွေ၊ ဘီအိုင်အေ စစ်ဗိုလ်တွေ၊ တို့ဗမာ အစည်းအရုံးဝင် သခင်တွေ၊ ဒေါက်တာ ဘမော်အဖွဲ့ဝင် ဓားမတွေ ခြေချင်း လိမ်နေတာ တွေ့ရတယ်။

ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကတော့ အတွင်းဝန်များရုံး ပတ်ဝန်းကျင်မှာ အင်္ဂလိပ်လူမျိုး ဆယ်ယောက်ခန့်၊ ဂျပန်စစ်သား အစောင့်အရှောက်နဲ့ အမှိုက်သရိုက်များ လိုက်လံကောက်နေတာကို တွေ့ရတယ်။ ဒါ ဂျပန်တို့ရဲ့ စိတ်ဓာတ် စစ်ဆင်ရေး နည်းတစ်နည်းပဲ ဖြစ်တယ်။ တချိန်က အတွင်းဝန်များရုံးဟာ အင်္ဂလိပ်တွေ မင်းမူခဲ့တဲ့ နေရာဖြစ်တယ်။ ခုတော့ သူတို့ မင်းမူခဲ့တဲ့ရုံး ပတ်ဝန်းကျင်မှာ သူတို့ အမှိုက်သရိုက်တွေ လိုက်လံ ကောက်နေရတယ်။ လောကဓံတရားအရ ရေစီးတစ်ခါ၊ ရေသာတစ်လှည့်၊ မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့် ဆိုတဲ့အတိုင်းပါပဲ၊ အလုပ်ကို ချစ်တဲ့လူတွေ သတ်မှတ်ထားတဲ့ ပုံးထဲမှာ လျှောက်လွှာ ထည့်ရမယ် ဆိုတဲ့ ကြော်ငြာစာ တွေ့တော့ ပါပါနဲ့ ဦးထွန်းရှိန်ဟာ ပုံးထဲမှာ လျှောက်လွှာများ ထည့်ပြီး သုံးအိမ်သို့ ပြန်လာပါတယ်။

များမကြာမီ ဆား၊ သကြား၊ မီးခြစ်များ ကိုယ်စားလှယ်များမှ တဆင့် ဖြန့်ဖြူး ရောင်းချမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာတယ်။ ကုန်သွယ်ရေး ၀န်ကြီးက ကိုယ်စားလှယ်များကို ခန့်အပ်တယ် ဆိုတဲ့ သတင်းလည်း တဆက်တည်း ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ ကုန်သွယ်ရေး ဌာန ၀န်ကြီးဟာ သထုံ ဦးလှဖေ ဖြစ်ပါတယ်။ ၀န်ကြီး ဦးလှဖေကို ပါပါ ကိုယ်တိုင် မသိပါ။ ဒါပေမယ့် ဦးလှဖေကို သိကျွမ်းတဲ့ လူတွေနဲ့ ဆက်သွယ်ပြီး တွံတေးမြို့အတွက် ဆား လက်လီ ကိုယ်စားလှယ် ရရှိခဲ့ပါတယ်။ ပါပါ့ နာမည်နဲ့တော့ မဟုတ်၊ ဘကြီး ဦးထွန်းရှိန် နာမည်နဲ့ ဖြစ်ပါတယ်။

တွံတေးမှာ ဆားရောင်းရမှာဖြစ်တော့ တွံတေးမြူနီစပယ်ဈေးမှာ နေရာ သွားကြည့်ထားရပါတယ်။ နောက် ဆားထည့်ရန် စက္ကူအိတ်တွေ လုပ်ဖို့၊ သတင်းစာ စက္ကူဟောင်းတွေ စုဆောင်းပြီး ကိုယ်တိုင် စက္ကူအိတ်များ လုပ်ပါတယ်။ ဆား တစ်ပိဿာ ဆံ့မယ့်အရွယ် ဖြစ်ပါတယ်။ ဆား လက်ကား ကိုယ်စားလှယ်ဟာ ရန်ကုန် အနောက်ပိုင်းမှာ နေတော့ သူ့ဂိုဒေါင်မှာ ဆား သွားထုတ်ရပါတယ်။ ဆားအိုးဟာ ငွေတစ်ထောင်နီးပါး ဖြစ်တော့ ပါပါတို့ လက်ထဲမှာ အင်္ဂလိပ်ငွေ စက္ကူပဲ ရှိတယ်။ ဂျပန်ငွေ စက္ကူ များများ စားစား မရှိပါ။ အင်္ဂလိပ်ငွေ စက္ကူနဲ့လဲ ပါပါတို့ ဆားဖိုး မချေချင်ဘူး။ ဒါနဲ့ အသိတစ်ယောက် ဆီမှာ ပါပါတို့ အင်္ဂလိပ်ငွေ စက္ကူနဲ့ သူ့ဆီက ဂျပန်ငွေစက္ကူနဲ့လဲထား ရပါတယ်။ (အင်္ဂလိပ်တွေ ပြန်ဝင်လာတော့ ဂျပန်ငွေ စက္ကူတန်ဖိုး မရှိကြောင်း ကြေညာပါတယ်။) ဆား ကို အိတ်လိုက်ထုတ်ပြီး ပါပါတို့ လက်ထဲ ရောက်တော့ တစ်ပိဿာစီ ချိန်ပြီး စက္ကူအိတ်ထဲ ထည့်ရပါတယ်။

ဂျပန်ဆားဟာ အတုံးအခဲ ဖြစ်တော့ ပါပါတို့က ထောင်းထုပြီးမှ ထည့်ရပါတယ်။ လက်ကား ကိုယ်စားလှယ်ထံမှ ထုတ်ယူတဲ့ဆားအိတ်ဟာ သတ်မှာတ်ထားတဲ့ အချိန်အတိုင်း မပြည့်တော့ ပါပါတို့လဲ စက္ကူအိတ်ထဲ ပြန်ထည့်တဲ့အခါ လျော့ချိန်ပြီး ထည့်ရပါတယ်။ လက်လီဆား တစ်ပိဿာကို ဆင့် လေးဆယ် သတ်မှတ်ပါတယ်။ (ဂျပန်ခေတ်မှာ ပြား အစား ဆင့် သုံးပါတယ်။ တစ်ကျပ်ကို ဆင့် တစ်ရာ ဖြစ်ပါတယ်) အပြင်မှာ ဈေးမှာ ငါးမတ်၊ တစ်ကျပ်ခွဲလောက် ရှိပါတယ်။ တွံတေးမြို့၊ မြူနီစပယ်ဈေး ရောက်တော့ ဆားတစ်ပိသာ ဆင့်လေးဆယ်၊ ဆားတစ်ပိသာ ဆင့်လေးဆယ် ဆိုပြီး ပါပါ အော်ရောင်းပါတယ်။

ကြာကြာ မအော်ရပါ။ ဆားရောင်းမှန်း သိတော့ ပြုံးပြီး၊ တိုးပြီး လာကြပါတယ်။ တစ်ယောက်ကို တစ်ပိသာစီပဲ ရောင်းတဲ့အတွက် တချို့လူများ လေးငါး ခြောက်ခါ ပြန်ကျော့ပြီး လာဝယ်ပါတယ်။ တချို့ကျလည်း ဆားရရင်ပြီးရော ဆိုပြီး သူတို့ပေးတဲ့ ပိုက်ဆံ ပိုလို့ ပြန်အမ်းတာတောင် မစောင့်ဘူး။ ဆားဟာ အရောင်းရ သွက်တော့ များမကြာမီ ကုန်သွားပါတယ်။ ဒီလိုနဲ့ပဲ ဆားဟာ တစ်လ နှစ်ခါလောက် တွံတေးမှာ သွားရောင်းရပါတယ်။

ဆားရောင်းရင်း သုံးအိမ်ရွာမှာ နေပြီး လေးငါးလခန့် ကြာတဲ့အခါ သုံးအိမ်ရွာမှာ နေတဲ့ ဦးဘစိန်ဟာ ပါပါ့ကို ပြောပါတယ်။ တွံတေးက ရဲအုပ် (ဒုလုံခြုံရေးမှူး)က ဂျပန် ခိုင်းစေချက်အရ ပါပါ့အကြောင်းကို လိုက်လံ စုံစမ်းတယ်။ စုံစမ်းတဲ့ အကြောင်းက ပါပါဟာ စစ်ပြန်ဖြစ်လို့ လက်ထဲမှာ လက်နက်ခဲယမ်း မီးကျောက်တွေ တော်တော် များများ ရှိတဲ့ အကြောင်းပဲ ဖြစ်တယ် ဆိုပြီး ဦးဘစိန်က ပါပါ့ကို ပြောတယ်။

အဆိုပါရဲအုပ်ဟာ ပါပါ သုံးအိမ်မှာ မရှိတဲ့ နောက်ပိုင်းမှာ အိမ်လာပြီး လက်နက်အကြောင်း ပါပါကို မေးပါသေးတယ်။ ပါပါ့ရှိတဲ့ လေသေနတ် တစ်လက်ကို ထုတ်ပြရပါတယ်။ ပါ့ပါ့ကို ဂျပန် လိုက်လံ စုံစမ်းတယ် ဆိုတဲ့ အကြောင်းလည်း ကုလားတန်းရွာမှာ နေတဲ့ လူတစ်ယောက်ထံမှ ပါပါ ထပ်မံ ကြားသိရပြန်တယ်။ ဒီသတင်းကို ကြားရတော့ ပါပါလည်း ရန်ကုန်မှာ အလုပ်တစ်ခုခု သွားလုပ်မှ ဖြစ်တော့မယ် ဆိုပြီး ရန်ကုန်သွားပြီး အလုပ် ရှာပါတယ်။ အဲဒီအချိန်မှာ ဦးထွန်းရှိန်က သူအရင်လုပ်ခဲ့တဲ့ ဟံသာဝတီ အရေးပိုင် (ခရိုင်ဝန်) ရုံးမှာ အလုပ်ဝင်လုပ် နေပြီး ဖြစ်တယ်။ ခရိုင်ဝန်ကတော့ ဦးဘသိန်း (ဓားမ) (သမီးတော် အပ်ချုပ်စက် ကုမ္ပဏီ) ဖြစ်ပါတယ်။

ပါပါ အလုပ် ဆင်းရှာတဲ့အချိန်မှာ ရုံးတွေဟာ အတွင်းဝန်များရုံးမှာ မရှိတော့ပါ။ ရန်ကုန်မြို့ကို မဟာမိတ်တွေက ဗုံးလာချလို့ ဗဟန်းနဲ့ ဗဟန်းတ၀ိုက်မှာ ပြောင်းရွှေ့ ရုံးဖွင့်ကြတယ်။ ဂျပန်ခေတ်မှာ ဘဏ္ဍာရေး မင်းကြီးရုံးဟာ မလိုတော့ဘူး ဆိုပြီး ပြန်မဖွင့်ပါ။ ဘဏ္ဍာရေးမင်းကြီးရုံးမှာ ပါပါနဲ့ အင်္ဂလိပ်ခေတ်တုန်းက အတူတူ အလုပ်လုပ်ခဲ့တဲ့ လူတွေကို လိုက်လံ စုံစမ်းတော့ လယ်မြေနှင့် စိုက်ပျိုးရေး ၀န်ကြီးဌာနမှာ အလုပ်လုပ်ကြောင်း သိရတယ်။ ၀န်ကြီးက သခင်သန်းထွန်း ဖြစ်ပါတယ်၊ ရုံးနေရာက အမှတ် (၁၂) ကိုယ့်မင်းကိုယ့်ချင်းလမ်းမှာ ဖြစ်တယ်။

ဝန်ကြီးသခင် သန်းထွန်းရုံး ရောက်တော့ ဘဏ္ဍာရေး မင်းကြီးရုံးမှာ ပါပါနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ လူတွေ တွေ့ရပါတယ်။ သူတို့ရုံး ပါပါသွားမေးတဲ့ အချိန်မှာ လစ်လပ်တဲ့ နေရာ မရှိပါ။ လျှောက်လွှာ တင်ထားပြီး တစ်ပတ်တစ်ခါ လာစုံစမ်းပါ ဆိုပြီး ပါပါ့ကို အကြံပေးတဲ့အတိုင်း ပါပါ လျှောက်လွှာတင်ထားပြီး ရွာကို ပြန်လာပါတယ်။ ရုံးအုပ်၊ စာရေးနှင့် မင်းစေအလုပ်များကို ၀န်ကြီး ကိုယ်တိုင် ခန့်ပါတယ်။ ၀န်ကြီး သခင်သန်းထွန်းရုံးတွင် လျှောက်လွှာတင်ပြီး နှစ်ပတ်အကြာမှာ အထက်တန်းစာရေး အလုပ်ကို ပါပါ ရရှိပါတယ်။

လယ်မြေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန်ဟာ အိုင်စီအက်(စ) ဦးစောဟန် ဖြစ်ပါတယ်။ အတွင်းဝန်ကလေးဟာ သခင်ဗိုလ်ဖြစ်ပြီး၊ သခင်သန်းထွန်းရဲ့ လူယုံတော် ဖြစ်ပါတယ်။ သခင်သန်းထွန်းရုံး ရောက်စမှာ ပါပါ အလုပ်ပဲ လုပ်ပြီး အေးအေး နေပါတယ်။ နောက်ပိုင်းကျတော့ အေးအေး မနေတော့ဘဲ ဂျပန်မကောင်းကြောင်း ပြောပါတယ်။ ဒီလို ဂျပန်မကောင်းကြောင်း ပြောတော့ ပါပါနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ လူတွေက ဘာပြောသလဲ ဆိုတော့ ရုံးမှာ သခင်သန်းထွန်း လူတွေ တစ်ဝက်ရှိကြောင်း ဒီလူတွေမှ တစ်ဆင့် သခင်သန်းထွန်းနား ပေါက်ကြားရင် မကောင်းကြောင်း ပါပါ့ကို သတိပေးပါတယ်။ ပထမတော့ ပါပါက ငြိမ်နေပြီး နောက်ပိုင်းကျတော့ ပြောမြဲပြောပါတယ်။

ရန်ကုန်မှာ ပါပါ အလုပ်လုပ်တော့ ဘကြီး ဦးထွန်းရှိန်နဲ့အတူ ၈၁-ဌာနလမ်း၊ အလုံမှာ နေပါတယ်။ နောက် ဘကြီးဦးထွန်းရှိန်နဲ့ တစ်ဝမ်းကွဲတော်သူ ဘကြီး ဦးအောင်ကျော်လည်း နေပါတယ်။ ဦးအောင်ကျော်က အမြတ်တော်ကြေးရုံးမှာ အလုပ်လုပ်ပါတယ်။ ပါပါတို့သုံးယောက် ကိုယ့်ထမင်း ကိုယ်ချက်စားပြီး ဗဟန်းမှာ ရှိတဲ့ ရုံးသို့ နေ့တိုင်း လမ်းလျှောက်သွားကြပါတယ်။ အပြန်လည်း လမ်းလျှောက် ပြန်ပါတယ်။

ဒီလိုရုံးတက်ရာမှ တစ်နေ့ ဦးဝိစာရကျောက်တိုင် ရောက်တော့ ဟေ့ – ကိုဝင်းမောင်၊ ဟေ့ – ကိုဝင်းမောင် ဆိုပြီး ခပ်လှမ်းလှမ်းမှ စက်ဘီးစီးလာတဲ့ လူတစ်ယောက်က ပါပါ့ကို လှမ်းခေါ်ပါတယ်။ ဒါနဲ့ ပါပါက ရပ်ပြီး အဲဒီလူကို လှမ်းကြည့်ပါတယ်။ လူက အရပ် အမောင်း ကောင်းကောင်း၊ ၀တ်ထားတာက၊ ကာကီဘောင်းဘီရှည် တစ်ပတ်နွမ်း၊ အင်္ကျီစက စပို့ရှပ်အဟောင်း၊ ခေါင်းပေါ်မှာ ဂျပန်ဦးထုပ်၊ အနား ရောက်လာမှ ပါပါက အံ့ဩစွာနဲ့ ဟေ့ စောဘသက်ကြီး လို့ ခေါ်လိုက်ပါတယ်။

စောဘသက်ကြီးဟာ ပါပါနဲ့အတူ မေမြို့မှာ စစ်သားသင်တန်းနဲ့ ဗိုလ်လောင်းသင်တန်း တက်ရောက်ခဲ့တဲ့လူ ဖြစ်ပါတယ်။ ဗိုလ်လောင်းသင်တန်း ပြီးခါနီးမှ သူလျှိုအလုပ် လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ စောဘသက်ကြီးက ပါပါကိုတွေ့တော့ သူတို့ ကုလားပြည်ရောက်ပြီး ထောက်လှမ်းရေး သင်တန်းတက်ရတယ်။ လေထီးဖြင့် ခုန်ဆင်းနည်း လေ့ကျင့်ရတယ်။ နောက် သူလျှိုအလုပ် လုပ်ဖို့ ဗမာပြည်ထဲသို့ လေထီးနဲ့ ပြန်ဆင်းရတဲ့အကြောင်း၊ နောက် ဂျပန်ဆီ အဖမ်းခံတဲ့အကြောင်း၊ ခု ဂျပန်က သူ့ကို အကျယ်ချုပ်နဲ့ ထားလို့ မြို့ထဲမှာ သွားလာနိုင်တဲ့အကြောင်း ပါပါ ကုလားပြည် မလိုက်သွားလို့ ပါပါ ကံကောင်းတဲ့အကြောင်း မဟုတ်ရင် သူတို့လိုပဲ လေထီးနဲ့ ပြန်ဆင်းရမယ့် အကြောင်း အစရှိသည်တို့ကို ပါပါ့ကို ပြောပြပါတယ်။

ပါပါလည်း ကုလားပြည်ကို လိုက်သွားတဲ့ မိတ်ဆွေသင်္ဂဟအကြောင်းတွေကို စောဘသက်ကြီးအား မေးပါတယ်။ စောဘသက်ကြီးနဲ့ နာရီဝက်ခန့်ကြာအောင် စကားပြောပါတယ်။ (စောဘသက်ကြီးဟာ ကျဆုံးတဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့ ညီအစ်ကို တစ်ဝမ်းကွဲ တော်ပါတယ်။ ဂျပန်အဆုတ်မှာ သူ့ကို မော်လမြိုင်ဘက် ခေါ်သွားပါတယ်။ နောက်ပိုင်း ဂျပန်လက်ချက်ဖြင့် ကျဆုံးကြောင်း ကြားသိရပါတယ်။)

သခင်သန်းထွန်းရုံးမှာ ပါပါ အလုပ်လုပ်ရင်း ဂျပန်မကောင်းကြောင်း ပြောတာကြောင့် ပါပါ့အတွက် ထူးခြားတာက အတွင်းဝန်ကလေး သခင်ဗိုလ်(?) ဟာ ရုံးနဲ့ ပတ်သက်သော သူသိချင်တဲ့ ကိစ္စကို အကြောင်းပြု၍ ပါပါ့ကို တစ်နေ့တစ်ခါလောက် ခေါ်ပြီး မေးမြန်းပါတယ်။ အမှန် ပါပါ့ အထက်က ရုံးအုပ်ကို ခေါ်ရန် ဖြစ်သော်လည်း ပါပါကိုပဲ ခေါ်မေးပါတယ်။ ဒီလိုနဲ့ သခင်ဗိုလ်နဲ့ စတင် ရင်းနှီးပါတယ်။ ရုံးမှာ စတင်ရင်းနှီးရာမှ သတင်ခင်ဗိုလ်က သူနေတဲ့အိမ်ကို အလည်လာရန် ခေါ်ပါတယ်။

သူနေတဲ့အိမ်ဟာ စမ်းချောင်း၊ စမ်းရေတွင်းလမ်းမှာ ဖြစ်ပါတယ်။ (ယင်းအိမ်ဟာ ဂျပန်တော်လှန်ရေး အပြီးမှာ သခင်သန်းထွန်း နေပါတယ်။ သခင်ဗိုလ်နဲ့ ရင်းနှီး သည်ထက် ရင်းနှီးလာတော့ သခင်ဗိုလ်က ပါပါ့ကို နိုင်ငံရေး သဘောတရား တစ်လုံးစ၊ နှစ်လုံးစ ပြောလာပါတယ်။ ကန်တီဘူတာရီ ဂိုဏ်းချုပ် ??? ( ) ရေးတဲ့ ကမ္ဘာ့ခြောက်ပုံတစ်ပုံရဲ့ ဆိုရှယ်လစ်တိုင်းပြည် ( ) စာအုပ်ကို ဖတ်ရန် ပါပါ့ကို ပေးပါတယ်။ ယင်းစာအုပ်ကို ပါပါ နှစ်ခေါက်ဖတ်ပြီး ဆိုရှယ်လစ် သဘောတရားကို ပါပါ စတင် စိတ်ဝင်စားလာပါတယ်။

ဆိုရှယ်လစ် သဘောတရားကို စိတ်ဝင်စားသည်ထက် ဂျပန်တွေ ရက်စက် ကြမ်းကြုတ်တာကို မြင်ရ၊ ကြားရတော့ ဂျပန်ကို တော်လှန်ချင်တဲ့ စိတ်ဟာ ပိုပြီး ပြင်းပြပါတယ်။ ဂျပန်ကို တော်လှန်ရတယ်ဆိုလျှင် ဘယ်ကဏ္ဍကပဲ နေရ၊ နေရ နေဖို့ အဆင့်သင့်ဖြစ်တယ် ဆိုပြီး သခင်ဗိုလ်ကို ပါပါ ပြောပြပါတယ်။ သခင်ဗိုလ်နဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာတော့ သခင်ဗိုလ်ရဲ့ အိမ်ဟာ ပါပါရဲ့ စားအိမ်သောက်အိမ် ဖြစ်လာပါတယ်။ တခါတလေ ညအိပ်ညနေ နေပါတယ်။ သခင်ဗိုလ်ဟာ အိမ် အပေါ်ထပ်မှာ အိပ်ပါတယ်။ ဘုရားစင်လည်း ရှိပါတယ်။

“ကျွန်တော်တို့ဟာ ကွန်မြူနစ် ဖြစ်သော်လည်း၊ ဘုရားတရား ကြည်ညိုလေးစားတဲ့ လူတွေပါ” လို့ ဘုရားစင်ကို ပြရင်း သခင်ဗိုလ်က ပါပါ့ကို ပြောပါတယ်။)

သခင်သန်းထွန်းရုံးမှာ ပါပါ သုံးလေးလ လုပ်ပြီးချိန်မှာ လယ်မြေနှင့် စိုက်ပျိုးရေး ၀န်ကြီးဌာန လက်အောက်မှာ မြင်းမွေးမြူရေးဌာနခွဲ ဖွင့်လှစ်လိုက်ပါတယ်။ မြင်းမွေးမြူရေးဌာနခွဲ ညွှန်ကြားရေးဝန် အဖြစ် မြင်း ၀ိဇ္ဇာ ဦးဘ၀င်းကို ခန့်ပြီး ဒုတိယ ညွှန်ကြားရေးဝန် အဖြစ် မစ္စတာကလူး(စ)မင်းခေါ် ဦးသာထူးကို ခန့်ပါတယ်။ (ဦးသာထူးဟာ အင်္ဂလိပ်လက်ထက်မှာ ရဲဝန်ထောက်ဖြစ်ပါတယ်။) မြင်းမွေးမြူရေး ဌာနခွဲရုံးမှာ ရုံးအုပ်အဖြစ် သခင်သန်းထွန်းက ပါပါ့ကို ခန့်အပ်ပါတယ်။

မြင်းမွေးမြူရေးဌာနခွဲ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ဂျပန် စစ်အောင်နိုင်ရေးအတွက် လိုအပ်တဲ့ မြင်းများ မွေးမြူသားစပ်ပေးရေး ဖြစ်ပါတယ်။ ကျန်လုပ်ငန်း အကောင်အထည် ပေါ်လာရန်အတွက် တစ်ပြည်လုံးမှာ ရှိတဲ့ မြင်းများကို စာရင်းကောက်ယူပြီး မွေးမြူ သားစပ်ရန် သင့်လျော်သော မြင်းများကို မှတ်ပုံတင်ရန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်က သားစပ်ရန်အတွက် မျိုးကောင်းသော မြင်းထီးများကို ပေးထားပါတယ်။ မြင်းပိုင်ရှင်များ မြင်းမှတ်ပုံတင်ရမည်ဖြစ်တော့ ရန်ကုန်ရှိ မြင်းပိုင်ရှင်များ ပါပါတို့ရုံးမှာ လာပြီး မှတ်ပုံတင်ကြပါတယ်။ ဂျပန်ခေတ် မြို့ထဲ သွားလာရေးမှာ မြင်းလှည်းဖြင့်သာ သွားလာရပါတယ်။

ဆင်မလိုက် ၀က်သတ်ရုံမှ ရန်ကုန်သို့ ၀က်သား ပို့သော မြင်းလှည်းပိုင်ရှင်များနဲ့ ပါပါတို့ရုံးက လူတွေနဲ့ အပေါင်းအသင်း ဖြစ်ကြလို့ ပါပါတို့ လိုချင်တဲ့ ၀က်သားကို လွယ်ကူစွာဖြင့် ၀ယ်လို့ရပါတယ် (ဂျပန်ခေတ်မှာ စားဆီ ရှားပါးသဖြင့် ၀က်သားဝယ်သော အခါ အဆီကို ထုတ်ထားသော ၀က်သားသာ ၀ယ်လို့ ရပါတယ်။ ဒါကြောင့်ဂျပန်ခေတ် ၀က်သားဟာ တကဲ့ဝက်သားလို့ ဆိုစမှတ် ဖြစ်ခဲ့တယ်။)


(ဆက်လက်ဖော်ပြပါမည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်