>Nay Choo – Tin Moe, the great guest from haven to earth 01

January 24, 2009

>

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး – ၂
နေခြူး
ဇန်န၀ါရီ ၂၄၊ ၂၀၀၉

ဒီလိုနဲ့ ဆရာကြီးနဲ့အတူ (၅)ဆောင်မှာနေရင်း ၁၉၉၃၊ နိုဝင်ဘာ၊ ၁၉ ရက်မှာ ဆရာကြီး အသက်(၆ဝ) ပြည့်တယ်။ (၆ဝ) ပြည့် အမှတ်တရအနေနဲ့ သူ ကဗျာတပုဒ်ဖွဲ့တယ်။ ကဗျာက တိုတိုလေးပါ။ ဒါပေမဲ့ ဒီ ကဗျာလေးဟာ သူ အကျဉ်းခံကာလမှာ ပထမဆုံး ဖွဲ့တဲ့ ကဗျာလေး လို့ ပြောပါတယ်။

”ငါကွ၊ ငါဟ
ဘာကမှ ရှာမရ
မာန ပြာကျ
စာနာမျှသည်
လငပုတ်ဖမ်း လွတ်ခဲ့ပြီ…” တဲ့။

ဒါပါပဲ။ ဒီကဗျာလေးကို ကျနော်နဲ့အတူ တခြား ရဲဘော်တွေကိုလည်း ရွတ်ပြတယ်။ အပြင်ထုတ်ထားချင်တယ်လို့လည်း ပြောတယ်။ ခက်တာက အဲဒီကာလ ထောင်တွင်း အခြေအနေက အနေအထိုင် တော်တော်ကြပ်တဲ့ ကာလ။ စာအုပ်ဖတ်ခွင့် အလျဉ်းမရှိ။ စာရေးဖို့ ဆိုတာ ဝေးရော။ စာရွက်ဆိုရင် ထောင်ဝင်စာမုန့်ထုပ်ထဲ ပါတဲ့ တံဆိပ်တောင် ဖောက်ထုတ်ထားကြတာ။ ကျနော်တို့ လက်ထဲ ဘောပင်တချောင်း မိရင် သေနတ်တလက် မိသလောက်ကို အပြစ်ကြီးတာ။ အဲဒီကာ လမှာ သူ့ကဗျာကို အပြင်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှိနေတယ်။

ဒါပေမဲ့ အင်းစိန်မှာနေတဲ့ ရိုးရိုး အကျဉ်းသားတယောက် လွတ်ရက်စေ့ခါနီးပြီ။ သူ့ကို အကျိုးအကြောင်း ပြောပြပြီး သူ့အင်္ကျီ ချုပ်ရိုးကြောင်းထဲ သူရှာပေးတဲ့ မှင်တံလေးနဲ့ ခြစ်ခြစ်ကုတ်ကုတ် ရေးပြီး ထည့်လိုက်တယ်။ သူလွတ်တော့ အဲဒီ့ အင်္ကျီဝတ်ပြီး ထွက်သွားလေရဲ့။ နောက် ဆရာကြီး မိသားစု ထောင်ဝင်စာလာတော့ အဲဒီ့ကဗျာလေး အိမ် ရောက်သွားပြီ ဆိုတော့ တော်တော် ဝမ်းသာသွားကြတယ်။ ဒါပေမဲ့ ၁၉၉၇ ကျနော် လွတ်တော့ ဆရာကြီး ကဗျာစာအုပ် ထုတ်တဲ့အထဲ အဲဒီကဗျာလေးပါတာ မတွေ့ဘူး။ ဒါနဲ့ ဆရာကြီးကို မေးကြည့်တော့ သူက ”အေး..ဒီကဗျာလေး အသိမ်းလွန်ပြီး ပျောက်နေတယ်။ ငါလည်း မမှတ်မိတော့ဘူး” တဲ့။ ကျနော် အလွတ်ရသေးတယ် ဆိုတော့ သူဝမ်းသာအားရ ရေးမှတ်သွားတယ်။ အဲဒီအချိန်အနားမှာ ကိုယဉ်မင်းပိုက် ရှိနေတော့ ဆရာကြီးက သူ့ကို ကဗျာလေးပြပြီး နောက်တခါ ထပ်ရိုက်ရင် ထည့်ရအောင်လို့ ပြောလိုက် တယ်။ ခုထိ ထည့်ဖြစ်၊ မထည့်ဖြစ် ကျနော်မသိဘူး။

ဒီလို ဆရာကြီးနဲ့ (၅) ဆောင်မှာ အတူနေကြတုန်း မှတ်မှတ်ရရလေးတခု ဖြစ်ခဲ့သေးတယ်။ ၁၉၉၄၊ သြဂုတ်လလောက်မှာ ထင်ပါရဲ့။ အဲဒီတုန်းက ဆရာကြီးနဲ့ ကျနော် နေရတာ အခန်း မတူဘူး။ သူက (၃)၊ ကျနော်က (၄)ခန်း။ တခန်းထဲ အတူတူနေရဖို့ ဆရာကြီးရော၊ ကျနော်ရော ထောင်မှူးစောထွန်းကို အကြိမ်ကြိမ် တင်ပြကြပေမဲ့ မရခဲ့ဘူး။ ထောက်လှမ်းရေး တင်ပြရဦးမယ် တို့၊ ရုံးချုပ်ထိ တင်ရမှာ တို့နဲ့ အကြောင်း အမျိုးမျိုးပြခဲ့တာ (၁)နှစ်ကျော်ကျော် ရှိပြီ။

တနေ့တော့ (၄) ခန်းမှာ အတူတူနေတဲ့ ကိုကိုကြီး(မြမန္တလာ)နဲ့ ကိုကျော်ငွေတို့ “Food Poison” ဖြစ်ကြတယ်။ အန်လဲအန်၊ ဝမ်းလည်းသွားကြတယ်။ ဖြစ်တဲ့ အချိန်က တန်းပိတ်ပြီး ည (၇)နာရီလောက်မှာ ဖြစ်တာ။ အဲဒီနေ့ကတောင် အသားအစား ငါးကြော် ကျွေးတဲ့နေ့။ (တပတ်မှာ တခါ ကျွေးတာ။) ညနေခင်း ငါးကြော်နဲ့ ထမင်းစားကြတော့ ငါးက အပေါ်ယံ ကျက်ပေမဲ့ အတွင်းပိုင်း မကျက်ဘူး။ သွေးစသွေးနလေးတွေ တွေ့ရတယ်။ အဲဒါစားလို့ (အခန့်လည်း မသင့်လို့) ခုလိုဖြစ်တာပါ။ ဒါကို တာဝန်ကျဝန်ထမ်း ခေါ်ပြီး ဆေးရုံ အကြောင်းကြားပေးဖို့ ပြောလိုက်တော့ ထောင်မှူးစောထွန်း ရောက်ချလာပြီး ”မင်းတို့က အစားအသောက်မှ မဆင်ခြင်ကြတာ၊ အခုတော့ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ နဲ့ ဇာတ်လမ်းကို ရှုတ်တယ်..” ဆိုပြီး အော်ကြီး ဟစ်ကျယ် လုပ်ပါတော့တယ်။

ကျနော်လည်း ထောင်းကနဲ ဒေါသထွက်သွားပြီး ”ထောင်မှူး – ခင်ဗျား ဘာသိလို့ ပြောနေတာလဲ။ အခုဖြစ်တာ အစားသောင်းကျန်းလို့ မဟုတ်ဘူး။ ခင်ဗျားတို့ထောင်က ပေးတဲ့ ငါးကြော် မကျက်လို့ ဖြစ်တာ။ အပိုတွေ လျှောက်ပြောမနေနဲ့။ အရေးကြီးတာ ဆေးရုံအမြန်ပို့ပေး” လို့ပြောချလိုက်တယ်။ ထောင်းမှူးစောထွန်းကလည်း မခံဘူး။ ”မင်းက ငါ့ကို ပြန်ပြောရအောင် ဘာကောင်မို့လို့လဲ။ အကျဉ်းသားက ငါ့ကို ဘာမှ ပြန်ပြောစရာမရှိဘူး။ မင်းကို အရေးယူလိုက်လို့ရတယ်။ အခု ထုတ်ရိုက်ပစ်လိုက်မယ်..” ဘာညာဆိုပြီး ရှူးရှူးရှားရှား ပြန်အော်တယ်။ ကျနော်ကလည်း ”အကျဉ်းသားလည်း လူပဲ။ ခင်ဗျား သတ္တိရှိရင် ထုတ်ရိုက်စမ်းပါ။ သတ်ပစ်လို့ရတယ်။ ကျုပ်က လုံးဝ ဂရုစိုက်တဲ့ကောင် မဟုတ်ဘူး။ ခင်ဗျားတို့ဘက်က မှားတာကို ကာကွယ်ချင်တာနဲ့ ဟိုဟိုဒီဒီ အပြစ်လျှောက်ဖို့ချင်သေးတယ်။ အခု ဆေးရုံ အမြန် အကြောင်းကြားပေး..” ဆိုပြီး စိတ်ထဲရှိရာ ဖောက်ခွဲပစ်လိုက်တယ်။ ပြီးတော့ ဆက်ပြီး ဝုန်းဒိုင်းကြဲလိုက်တော့ ထောင်မှူးထွက်သွားတယ်။

ကိုကိုကြီးတို့ အခြေအနေက ဆက်တိုက် အန်၊ ဝမ်းလည်းသွား ဆိုတော့ တော်တော်ပင်ပန်း နွမ်းနယ် နေပြီ။ အဲဒါကို စိုးရိမ်တာရော၊ လူကို နိုင့်ထက်စီးနင်း လာဟောက်တာကိုရောကြောင့် ကျနော် ဒေါသ အထွတ်အထိပ် ဖြစ်နေတာ။ လူပေါင်း (၁၂ဝ)လောက်ရှိ တဲ့ ကျနော်တို့ အခန်းလည်း အားလုံး တိတ်ဆိတ်နေကြတယ်။ ဟိုဘက် ဆရာကြီးတို့ အခန်းကတောင် ကျနော်နဲ့ထောင်မှူး အပြန်အလှန် အော်ဟစ်နေကြတာကို အတိုင်းသား ကြားနေရတယ်။ ခဏနေတော့ ဝန်ထမ်းတွေ ရောက်လာကြပြီး ကျနော့်ကို စားမတတ်၊ ဝါးမတတ် ဝိုင်းကြည့်နေကြတယ်။ တောက်တခေါက်ခေါက်၊ တုတ်တကိုင်ကိုင်နဲ့။ ကျနော်လည်း မထူးဘူး ဆိုပြီး ”အရေးပေါ်လူနာ၊ အရေးပေါ်လူနာ..” ဆိုပြီး ဆက်တိုက် အသံကုန် ဟစ်အော်နေလိုက်တယ်။ ဒီတော့မှ တံခါးလာဖွင့်ပြီး ကိုကိုကြီးတို့ကို ဆေးရုံခေါ်သွားတယ်။ ဆေးရုံရောက်ပြီး အငန်ရည်သွင်းပြီး သက်သာသွားတယ်လို့ နောက်ပိုင်း ပြန်သိရတယ်။

နောက်တနေ့မနက် တန်းဖွင့်ဖွင့်ချင်း ဆရာကြီး ကျနော့်ဆီ ရောက်လာတယ်။ ညကဖြစ်ပျက်ပုံ မေးလို့ ကျနော် အသေးစိတ် ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ ”ညက ထောင်မှူး အတော် ရှက်သွားတယ်။ မင်းကို အရေးယူမယ်လို့ ပြောသံကြားတယ်” လို့ သူ မျက်နှာ မသာမယာနဲ့ ပြောတယ်။ ကျနော်က ”ယူပစေ၊ ဂရုမစိုက်ဘူး။ ဒီကိစ္စ ကျနော် လုံးဝ မမှားဘူး။ သူတို့လည်း မှားသေးတယ်။ ကျနော်လည်း အရေးယူခံရဦးမယ် ဆိုတော့ ဒါ လုံးဝ သဘာဝ မကျဘူး။ ကျနော် ရတဲ့နည်းနဲ့ ရင်ဆိုင်မယ်” လို့ ပြောလိုက်တော့ ဆရာကြီးက ”ဖြစ်စဉ်ကတော့ မင်းမမှားဘူးဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ သူတို့က လုပ်ပိုင်ခွင့် ရှိနေတော့ အန္တရာယ်ပေးနိုင်တယ်။ ပြဿနာတခုက မှန်ရုံတင် မပြီးသေးဘူးလေ။ လုပ်နည်း လုပ်ဟန် လိုသေးတာကိုး။ ညကဆို ငါ အတော် စိုးရိမ်သွားတယ်။ မင်းကို သူတို့ ထုတ်ရိုက်ကြတော့မှာလား၊ စစ်ခွေးတိုက်ပဲ ပို့ပစ်လိုက်တော့မှာလားလို့ ပူမိတယ်။ ငါပြောချင်တာက ပြဿနာကို ဒေါသနဲ့ မဖြေရှင်းပါနဲ့။ ဒေါသပါရင် ကိုယ့်ဘက်က မှန်နေဦးတော့ ကွဲစရာရှိရင် ကိုယ်က ကွဲမှာ။ ပြီးတော့ ကိုယ်က လက်မဲ့၊ သူတို့က လက်ရှိ၊ ဒါကြောင့် ..” သူ့စကား မဆုံးသေးဘူး၊ ကျနော်ကဖြတ်ပြီး ”ကွဲပစေ..ကြိုက်သလောက်ကွဲ.. ကျနော့်ဘက်က မှန်နေသ၍ ကွဲရုံမကဘူး၊ သေမှာတောင် ဂရုမစိုက်ဘူး။ ပြောသမျှ မှားမှား မှန်မှန် ခေါင်းငုံ့ခံနေရင် ကျနော် ထောင်ထဲတောင် ရောက်စရာအကြောင်း မရှိဘူး။ ကိုယ့်ထမင်း ကိုယ်စား ကျောင်းတက်ပြီး အေးအေး လူလူ နေလို့ရတယ်။ မမှန်တာကြီးကို ခေါင်းငုံ့ မခံနိုင်လို့ ထောင်ထဲရောက်လာတာ။ အကျဉ်းသား လာဖြစ်နေရတာ။ လက်ညှိုးထောင်၊ ခေါင်းညိမ့်၊ ပေးတာယူ၊ ကျွေးတာစားတွေအထဲ ကျနော်မပါဘူး” လို့ ဒေါသစိတ်နဲ့ ပြန်ပြောချလိုက်တယ်။ ဆရာကြီး မျက်နှာ တချက် မဲ့ခနဲ ဖြစ်သွားတယ်။

ကျနော့်ကို သေသေ ချာချာစိုက်ကြည့်ပြီး ”မင်းက အကဲဆတ်လွန်းတယ် ကွာ၊ ခုကိစ္စ မင်း မှားတယ်လို့ ငါမပြောသေးဘူး။ ဒါပေမဲ့ ဖြေရှင်းပုံက ပရိယာယ်မဲ့ရာ ကျလွန်းတယ်။ အရာရာ ထိပ်တိုက် ရင်ဆိုင်နေလို့ အကျိုးမရှိဘူး။ တချို့ကိစ္စတွေမှာ နောက်တလှမ်းဆုတ်တယ် ဆိုတာ အရှုံးပေးတာ မဟုတ်ဘူး။ လိုအပ်ရင် နောက်ထပ် ဆုတ်ချင် ဆုတ်ရဦးမယ်။ အဲဒါ အောင်မြင်ဖို့အတွက် ကိုယ့်ကိုကိုယ် ပြင်ဆင်တာပဲ။ မလိုအပ်ဘဲ အထိအခိုက် မဖြစ်အောင် ရှောင်တဲ့သဘောပဲ” လို့ သူ့အသံကို ထိန်းပြီး ပြောနေတယ်။ ကျနော် ညကဖြစ်ခဲ့တဲ့ ဒေါသတွေ ရုတ်ချည်း ပြန်ပေါ်လာတယ်၊ ဒါပေမဲ့ ဖြစ်ရမှာက ဆရာကြီးကို။ သူ့နေရာမှာ တခြားတယောက်ဆို သေချာတယ်၊ ကျနော့်ရင်ထဲ ရှိတာ ဖောက်ခွဲပစ်လိုက်မိမှာပဲ။ ”ခင်ဗျားတို့ လူကြီး ဆိုတာတွေ အသက်တွေ ကြီး၊ အဖိုးကြီးတွေ ဖြစ်လာတာနဲ့အမျှ သွေးကြောင်လာကြတယ်၊ ဟိုဟာရှောင်၊ ဒီဟာရှောင်နဲ့ ရှောင်ရင်း ရှောင်ရင်း ဘာမှလုပ်စရာ မရှိတော့အောင် အနင်းခံနေကြရပြီ။ အဲဒါတွေ ခင်ဗျားတို့ တွေဝေနေကြလို့ ဖြစ်တာ။ ခင်ဗျားတို့ တာဝန်ရှိတယ်..” ဘယ်သို့ ဘယ်ညာ ဆိုပြီး စိတ်လွတ်ကိုယ်လွတ် ပြောပစ်လိုက်မှာ အမှန်ပဲ။ ဒါပေမဲ့ ဒါတွေ ဆရာကြီးကို ကျနော် မပြောဖြစ်ခဲ့ပါဘူး။ ရင်ထဲက ပြောချင်ခဲ့စကားတွေ မျိုသိပ် ထားရတော့ မျက်နှာက တင်းမာနေမှာ သေချာတယ်။ ဒါကို ဆရာကြီး ရိပ်စားမိတယ်နဲ့ တူတယ်။ ကျနော့်ပုခုံးကို ပုတ်ပြီး ”ကဲ..ကဲ မျက်နှာသွားသစ်ရအောင်၊ ပြီးမှ အေးအေးဆေးဆေး ပြောတာပေါ့” လို့ ပြောတယ်။

ကျနော်လည်း မျက်နှာသစ်ပြီး ဆရာကြီးဆီ မသွားတော့ဘဲ တောင်ယာထဲ ဆင်းခဲ့တယ်။ သွားချင်စိတ်၊ ပြောချင်စိတ်လည်း မရှိတော့ဘူး။ ဖြစ်စဉ်တခုလုံး ကျနော်မှန်နေရက်နဲ့ ဆရာကြီး နားမလည်နိုင်တာကို ဝမ်းနည်းနေတာ။ ခဏနေတော့ ဆရာကြီး ရုံးခန်းထဲက ပြန်ထွက်လာပြီး ကျနော်ရှိရာ တောင်ယာထဲ လိုက်လာတယ်။ သူ့မျက်နှာက မနက်တုန်းကလို ညှိုးမနေတော့ဘဲ ဝမ်းသာတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်။ ကျနော့်ကိုတွေ့တွေ့ချင်း ထုံးစံအတိုင်း ”ဟေ့.. ခွေးကောင် ..လာ .. မင်း ငါ့အခန်း ပြောင်းလို့ရပြီ။ ခုပဲ ထောင်မှူးက ပြောင်းခွင့် ပြုလိုက်တာ” ဆိုပြီး တကယ့်ကို ဝမ်းဝမ်းသာသာနဲ့ ပြောတာပါ။ ကျနော့် စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ်။ ထောင်မှူးစောထွန်း အညှာကိုင်လိုက်ပြီပဲ။

ထောင်မှာ အပြစ်ပေးတဲ့ပုံစံ အမျိုးမျိုး ရှိတယ်။ အခန်းပြောင်း ပြစ်ဒဏ်၊ အဆောင်ပြောင်း တိုက်ပိတ်၊ ဒေါက်၊ ခြေကျင်းခတ် ဆိုပြီး ပြစ်ဒဏ်တွေ ရှိတယ်။ အခု ကျနော့်ကို အခန်းပြောင်းပြစ်ဒဏ် ဆိုပြီး လုပ်ချလိုက်တာပဲ။ ဒါ သဘာဝမကျဘူး။ တကယ်ဆို ကျနော်တို့ အခန်းပြောင်းပြီး ဆရာကြီးနဲ့ တူတူနေဖို့ နှစ်ယောက်လုံး အကြိမ်ကြိမ် တင်ပြခဲ့ဖူးပြီပဲ။ ခွင့်မပြုခဲ့ဘူး။ ခုကျမှ သူ့ကိုပြန်ပြောလို့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ အခန်းပြောင်း ဆိုပြီး လုပ်လိုက်တဲ့သဘောပဲ။ ဒါကို ကျနော် လက်သင့်ခံလို့ မဖြစ်ဘူး။ ဆရာကြီးကတော့ ရိုးရိုးလေးတွေးပြီး ကျနော်တို့ အတူနေခွင့်ရလို့ ဝမ်းသာနေတာ။ ကျနော် အခန်း မပြောင်းတော့ဘူးလို့ ပြောလိုက်တော့ ဆရာကြီး အံ့အားသင့်သွားတယ်။ ဘာလို့လဲလို့ မေးတယ်။ ခုနက ကျနော် စဉ်းစားခဲ့သလို ကျနော်မြင်တဲ့ ရှုထောင့်ကနေ အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ ဆရာကြီး ခဏငြိမ်သွားတယ်။ ပြီးမှ ”မဟုတ်ဘူးလေကွာ။ အခုဟာက သူ့ ဟာသူ ဘယ်လိုပဲ လုပ်လုပ် မင်းနဲ့ငါ အတူနေချင်တာ နေခွင့်ရပြီလေ။ လက်ငင်းအကျိုးပဲ။ အခန်းပြောင်းဖို့သာ လုပ်ပါကွာ” တဲ့။ ကျနော်စိတ်ထဲ ကြေကွဲ သွားမိတယ်။

”မဟုတ်သေးဘူး ဆရာကြီး။ ကျနော် မမှားဘဲ အပြစ်ဒဏ်နဲ့ အခန်းပြောင်းရတာမျိုးက အဓိပ္ပာယ်မရှိဘူး။ အများအမြင်မှာ ထောင်မှူးကို ပြန်ပြောလို့ အပြစ်ဒဏ် ခံရတယ် ဆိုတာမျိုးက အလားအလာ မကောင်းဘူး။ နောက်ဆို ကိုယ့်ဘက်က မှန်နေရက်နဲ့ ဘာမှ ပြန်မပြောရဲဘဲ ခေါင်းငုံ့ခံနေရမယ့်ကိန်း ဆိုက်နေပြီ။ ဒါကြောင့် ကျနော်မပြောင်းနိုင်ဘူး။ အဲလို မပြောင်းလို့ ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် ကျနော်ခံမယ်” လို့ ပြန်ပြောလိုက်တယ်။ ”မင်း ရှုထောင့်က ကြည့်ရင် မှန်ပါတယ်။ ဒါပေမဲ့ ခုဟာက ပြစ်ဒဏ်နဲ့ ပြောင်းတာလို့ဆိုရင်တောင် တို့ဘက်က အတူနေခွင့်ရတဲ့ အကျိုးတောင် ရှိသေးတယ်။ ဒီထက်ပိုပြီး ပြစ်ဒဏ်ခတ်တာ ဆိုရင်တော့ ထားပါတော့။ တဖက်မှာလည်း ထိပ်တိုက် တိုးမိပြီး အဆောင်ပြောင်း၊ တိုက်ပိတ်၊ ထောင်ပြောင်းဆိုရင် ဘယ်နှယ့်လုပ်မလဲ။ ငါ့ဆန္ဒကတော့ မင်းကို ငါ့မျက်စိရှေ့မှာ ဆိုးဆိုးဝါးဝါးဖြစ်တာမျိုး မတွေ့ချင်ဘူးကွာ။ အထူးသဖြင့် တို့တွေ မလွတ်မြောက်ခင်မှာ အတူတူ နေသွားချင်တယ်။ အဲဒါ င့ါဆန္ဒပဲ” တဲ့။ ကျနော် ဆရာကြီးကို ဘာမှ မပြောတော့ဘူး။ မြေကြီးပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ကျနော့် ရှေ့တည့်တည့်က အုတ်နံရံကို ငေးကြည့်နေမိတယ်။

သူလည်း ဘာမှ ထပ်မပြောတော့ဘဲ ဒီအတိုင်း ထိုင်နေတယ်။ အဲဒီအချိန်မှာ ကျနော့်အခန်းက အခန်းလူကြီး(တန်းစီး) ရောက်လာပြီး ကျနော့်ကို ထောင်မှူးက အခန်းပြောင်းဖို့ ပြောကြောင်း လာပြောတယ်။ ကျနော် ဆတ်ကနဲ တချက် လှည့်ကြည့်လိုက်ပြီး ”ခင်ဗျားတို့ ထောင်မှူးကို ပြောလိုက်။ ကျုပ် အခန်း မပြောင်းနိုင်ဘူးလို့ …။ ကျုပ် မမှားဘဲနဲ့ ပြစ်ဒဏ်ခတ်တာမျိုး ဆိုရင် မခံဘူး။ ကြိုက်တဲ့နေရာတင် ကျုပ် ရင်ဆိုင်မယ်။ ခင်ဗျား ထောင်မှူးကို အဲဒီ အတိုင်း သတင်းပို့လိုက်” လို့ ခပ်မာမာ ပြောလွှတ်လိုက်တယ်။ တန်းစီးလည်း ဘာမှမပြောဘဲ လှည့်ပြန်သွားတယ်။ ဆရာကြီးက သူ့နောက် လိုက်သွားဖို့ဟန် ပြင်နေတာနဲ့ ကျနော်က ”ဆရာကြီး လိုက်မသွားနဲ့။ ဒီကိစ္စ ဆရာကြီး သက်သာသလိုနေပါ။ ဖြစ်သမျှ ကျနော် ရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးပြီ” လို့ ပြောလိုက်တယ်။ ဆရာကြီးက လောလောဆယ် စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဖို့၊ အခုရေချိုးပြီး အေးအေး ဆေးဆေး နေဖို့၊ နေ့လည် (၂)နာရီ တန်းဖွင့်မှ ဆက်ပြောကြဖို့ ပြောပြီး သူ့အခန်း ပြန်သွားပါတယ်။

ကျနော်လည်း ရေချိုးထမင်းစားပြီး တနေ့လည်လုံး အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်တယ်။ ဖြစ်စဉ် တခုလုံးကို ခြုံကြည့်ရင် ကျနော့်ဘက်က လုံးဝ မမှားတာ သေချာတယ်။ တခြားရဲဘော်တွေကလည်း ကျနော် မှန်ကြောင်း၊ အခန်း မပြောင်းသင့်ကြောင်း၊ ဒီအတိုင်း တောင့်ခံထားသင့်ကြောင်း ဝိုင်းပြောကြတယ်။ ခက်နေတာက ဆရာကြီး။ သူက တခြားကိစ္စတွေမှာသာ ဝင်ပါလေ့မရှိတာ။ အခုကိစ္စ ကျနော်နဲ့ တိုက်ရိုက် ပတ်သက်နေတော့ သူကိုယ်တိုင် ထောင်မှူးနဲ့ စကားပြောပြီး ထဲထဲ ဝင်ဝင် ပါဝင် ပတ်သက်နေတယ်။ သူ ကျနော့် အပေါ် ဘယ်လောက် သံယောဇဉ်ကြီးတယ်။ စေတနာကြီးတယ် ဆိုတာ ကျနော့်နှလုံးသားထဲက သိနေတယ်။ ကျနော့်အကျိုးအတွက် ခုလို သူဝင်ပါနေတယ် ဆိုတာလည်း ကျနော် သိတယ်။ ဒါပေမဲ့ တဖက်က အမှန်တရားနဲ့ ဆိုင်တဲ့ကိစ္စ၊ မတရားမှုကို ခေါင်းငုံ့မခံဘဲ တွန်းလှန်နေတဲ့ကိစ္စ၊ နောက်ပြီး ဒါဟာ ကျနော် တဦးတည်းနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်လောက် မှန်မှန် ထောင်အာဏာပိုင်ကို ခံပြောရင် ပြစ်ဒဏ်ခံရမယ် ဆိုတဲ့ အစဉ်အလာ ဖြစ်သွားမှာ စိုးရတယ်။ ပိုဆိုးတာက ဒီထက်ပိုတဲ့ အပြစ်ဒဏ် ခံရမှာ ကြောက်လို့ အခန်းပြောင်းပြစ်ဒဏ်ပဲ ကျေကျေနပ်နပ် ခံယူသွားတယ်လို့ အမြင်ခံရမယ့်သဘော ရှိနေတာပဲ။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ”အမှန်တရားနဲ့ ဂုဏ်သိက္ခာ” က တဖက်၊ ”မေတ္တာတရား”က တဖက် အပြင်းအထန် လွန်ဆွဲနေတယ်ဆိုတာ တွေ့ရတယ်။

”ဘယ်လိုပဲဖြစ်ဖြစ် ငါမပြောင်းဘူးကွာ။ ဖြစ်ချင်တာဖြစ်စမ်း” ဆိုပြီး ဆုံးဖြတ်ကြည့်တယ်။ ဆရာကြီးမျက်နှာ ဘွားကနဲ ပေါ်လာတယ်။ ဒီလိုဆို သူအကြီးအကျယ် စိတ်ထိခိုက်သွားနိုင်တယ်။ ကျနော် ဘယ်လိုဆုံးဖြတ်ရမှန်းမသိတော့ဘူး။ ခေါင်းထဲလဲ ထူပူပြီး ရှုတ်ယှက်ခတ်နေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျနော် အပြီးသတ် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ရင်ထဲက ဆစ်ခနဲပူသွားတာ အမှန်ပဲ။ ထာဝရ အမှန်တရား မဟုတ်တဲ့ သမုတိ အမှန်တရားနဲ့ မေတ္တာတရား ထိပ်တိုက် ရင်ဆိုင်ရတဲ့ ပွဲမှာ ဘယ်ဖက်ကို အလေးပေးသင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး အဲဒီတုန်းက ချမှတ်နိုင်ခဲ့တာ အခု ပြန်တွေးကြည့်တော့ ကိုယ့်ကိုကိုယ်တောင် အံ့သြမိတယ်။

နေ့လည် (၂) နာရီ တန်းဖွင့်တော့ ကျနော် ဆရာကြီးဆီ တန်းတန်းမတ်မတ် သွားလိုက်တယ်။ ဆရာကြီး အိပ်ယာထဲ လှဲနေတုန်း ရှိသေးတယ်။ ကျနော့်ကိုမြင်မှ ထထိုင်လိုက်တယ်။ သူ စကားစရှာရင်း ကျနော့်မျက်နှာကို လှမ်းအကဲခတ်နေတယ်။ အဲဒီအချိန်မှာပဲ ကျနော်က ”အခန်းပြောင်းဖို့ ကျနော် ဆုံးဖြတ်လိုက်ပြီ” လို့ ဗြုန်းစားကြီး ပြောချလိုက်တော့ သူ အံ့သြလွန်းလို့ နှုတ်ကတောင် ”ဟေ” လို့ ထွက်သွားတယ်။ မျက်နှာလည်း ဝင်းကနဲဖြစ်သွားပြီး ”ခွေးကောင်.. ငါဝမ်းသာတယ် ..အခုပဲ ပြောင်းတော့ကွာ” တဲ့။ သူအံ့သြမယ်ဆိုလည်း အံ့သြလောက်တယ်လေ။

နောက်မှ သူပြန်ပြောလို့သိရတာ တနေ့လည်လုံး သူ စဉ်းစားကြည့်တာ ကျနော် အခန်းပြောင်းမယ့်ပုံ လုံးဝ မရှိဘူး။ အသက် (၁၆) နှစ်လောက်နဲ့ မိဘ အသိုင်းအဝိုင်းကို ကျောခိုင်းပြီး တောခိုသွားတဲ့သူ၊ ခေါင်းမာမာနဲ့ ကိုယ်မှန်တယ် ထင်ရာ စွတ်လုပ်မယ့်သူ၊ ခုလည်း မှန်တယ်လို့ ရပ်ခံထားပြီး လုံးဝ လျှော့မယ့် အရိပ်အရောင်မရှိဘူး။ ဒါကြောင့် (၂)နာရီ ထိုးရင် ပြစ်ဒဏ်နဲ့ပြောင်းတာ မဟုတ်ဘူး ဆိုတာ ကျနော့်ကို ခေါ်ပြောဖို့ ထောင်မှူးကို သွားပြောမယ်လို့ စိတ်ကူးထားတာတဲ့လေ။ အခုကျမှ ကျနော်က ဆိုင်းမဆင့် ဗုံမဆင့် အခန်းပြောင်းတော့မယ့် လို့ပြောတော့ သူအံ့သြသွားရတော့တာပေါ့။ ”ကျနော်အခန်း ပြောင်းဖို့တော့ ဆုံးဖြတ်ပြီးပြီ။ ဒါပေမဲ့ ထောင်မှူးစောထွန်းနဲ့ သွားတွေ့ပြီး စကား တခွန်းနှစ်ခွန်း သွား ပြောဦးမယ်” လို့ပြောတော့ ဆရာကြီးက ”ငါလည်းလိုက်တွေ့မယ်” ဆိုပြီး ပြောပြော ဆိုဆို ကျနော့်နောက်က လိုက်လာတယ်။ ကျနော်က မလိုက်ခဲ့ဖို့၊ ကျနော်ဖာသာ ကျနော် သွားပြောမယ် ဆိုတာ မရဘူး။ နောက်က အတင်း လိုက်လာတယ်။

ထောင်မှူးရုံးခန်းထဲဝင်တော့ ထောင်မှူးက ကျနော့်ကို ကျော်ကြည့်ပြီး နောက်က ဝင်လာတဲ့ ဆရာကြီးကို ”ဦးတင်မိုး .. လာ ထိုင်ပါ။ ဘာပြောစရာ ရှိလို့လဲ” လို့မေးတယ်။ တခုခုဖြစ်မှာ စိုးလို့သာ ဆရာကြီးက ကျနော့်နောက် လိုက်လာတာ။ ကျနော်ဘာပြောမယ် ဆိုတာ သူမသိဘူးလေ။ ဒါကြောင့် ကျနော်နဲ့ ထောင်မှူးကို တလှည့်စီ ကြည့်ပြီး ယောင်နနဖြစ်နေတယ်။ ”ပြောမှာက ကျနော်ပါ။ တခြားမဟုတ်ဘူး။ ခု ကျနော့်ကို အခန်းပြောင်းဖို့ ထောင်မှူးက ပြောတယ်လို့ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနေ့ညက ကျနော်ထောင်မှူးကို ပြန်ပြောလို့ ပြစ်ဒဏ်အနေနဲ့ အခန်းရွှေ့တဲ့ သဘောလို့ ကျနော်ယူဆတယ်။ ဒါပေမယ့် ကျနော် ပြောင်းမှာပါ။ ဒါက မပြောင်းဘဲနေရင် ဖြစ်လာစရာ ရှိတဲ့ အကျိုးဆက်တွေကို စိုးရိမ်လို့၊ ကြောက်လို့ ပြောင်းပေးတာတော့ မဟုတ်ဘူး။ မနေ့ညက ဖြစ်တဲ့ ကိစ္စကလည်း ကျနော့်ဘက်က မှားတယ်လို့ လုံးဝ မယူဆဘူး။ အခု ကျနော့်ရှေ့က ဆရာသမားလို၊ မိဘလို ဆရာကြီးတင်မိုးရဲ့ မျက်နှာကို ထောက်ပြီး အခန်း ပြောင်းပေးလိုက်တာပဲ။ ကျနော်ပြောချင်တာ ဒါပါပဲ” လို့ ပြောပြီး ရုံးထဲက တန်းထွက်လာခဲ့တယ်။ ထောင်မှူးက နေပါဦး၊ ဘာညာနဲ့ ပြောနေပါသေးတယ်။ ဒါပေမယ့် ကျနော် နောက်လှည့်မကြည့်တော့ဘူး။ တန်းထွက်လာခဲ့တယ်။ ဆရာကြီးကတော့ ကျန်ခဲ့ပြီး စကားစမြည် ပြောနေပါသေးတယ်။ ဒီလိုနဲ့ ဆရာကြီးနေတဲ့ (၃) ခန်းကို ရောက်သွားပြီး သူနဲ့ ဘေးချင်းကပ် အိပ်ရတယ်။ အခု ဒီအကြောင်းကို ပြန်ပြောတော့ ဆရာကြီးရဲ့ မေတ္တာကို ကျနော် အသိအမှတ်ပြုခဲ့ပါလား ဆိုတဲ့ အသိနဲ့ ရင်ထဲ နွေးနွေးလေး ခံစားလိုက်ရတယ်။

(၅) ဆောင် (၃) ခန်းမှာ နေရင်း ဆရာကြီးနဲ့ ကျနော်ကြားမှာ အမှတ်ရစရာလေးတခု ဖြစ်ခဲ့သေးတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၁၉၉၄၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ည။ ၁၉၉၅နှစ်သစ်ကို ကြိုဖို့ ဆရာကြီးနဲ့ ကျနော်တို့ ဝိုင်းဖွဲ့စကားပြောနေကြတယ်။ ကျနော်က ”ဆရာကြီး ချောင်းတွေ အရမ်းဆိုးနေတယ်။ ဆေးလိပ်ဖြတ်ပါလား”လို့ ကောက်ခါငင်ကာ ပြောလိုက်မိတယ်။ သူ နည်းနည်း တွေသွားတယ်။ ”အေး .. ငါ့အမျိုးသမီး ရှိတုန်းကကော၊ သမီးတွေကကော အားလုံး ငါ့ကို ဆေးလိပ်ဖြတ်ဖို့ချည်း ပြောကြတယ်။ ငါက ဆေးလိပ်နဲ့ လက်ထပ် ပေါင်းသင်းလာတာ နှစ်ပေါင်း ကြာလှပြီကွ။ ဖြတ်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားကြည့်ပါသေးတယ်။ မရဘူး။ ဆေးလိပ်မကောင်းဘူးဆိုတာ သိတယ်။ ဒါကြောင့် ကိုယ်နဲ့ရင်းနှီးသူတိုင်းကို ဆေးလိပ်မသောက်ဖို့ အမြဲပြောတာပဲ။ ငါကတော့ စွဲနေပြီ ဖြတ်ဖို့ မလွယ်တော့ဘူး” လို့ ပြောပါတယ်။ ကျနော်ကလည်း မလျှော့သေးဘူး.. ”ဆရာကြီး စကားကို ကျနော် အမြဲလိုလို နားထောင်ခဲ့တယ်နော်။ ဒီ အခန်းပြောင်းတဲ့ကိစ္စဆို အထင်အရှားပဲ။ ဘေးကြပ်နံကြပ်ကိစ္စမှာ ဆရာကြီး စိတ်ထိခိုက်မှာစိုးလို့ ဒီပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဆရာကြီးသိပါတယ်။ အခုလည်း ဆရာကြီးရဲ့ ကျန်းမာရေး ကို ရှေ့ရှုပြီး ကျနော် တောင်းဆိုတာကို ဆရာကြီး အသိအမှတ်ပြုသင့်တယ်။ ခုတလော ဆရာကြီး ဆေးလိပ် တအားသောက်တယ်။ ဘယ်ခါ ကြည့်ကြည့် လက်ကြားထဲ ဆေးလိပ်ညှပ်လျက်ပဲ။ ဒီအတိုင်းဆို ဆရာကြီးရဲ့ ကျန်းမာရေးမလွယ်ဘူး။ ခုတောင် ချောင်းတွေ တအားဆိုးနေပြီ” လို့ ထပ်ပြောလိုက်တော့ သူက ”သမီးတွေလည်း ထောင်ဝင်စာ လာတိုင်း ဆေးလိပ်ဖြတ်ဖို့ ပြောတယ်။ ငါလည်း ဖြတ်ဖို့ စဉ်းစားနေတာပဲ။ အခြေအနေပေးရင် ဖြတ်ကြည့်တာပေါ့” တဲ့။

”ဟာ..ဆရာကြီးကလည်း အခြေအနေ ပေးရင်ဆိုပြီး စောင့်နေရင် ဖြတ်ဖြစ်မှာမဟုတ်တော့ဘူး။ ဒီနေ့ဆို (၉၄)ရဲ့နောက်ဆုံးညပဲ။ (၉၅)နှစ်သစ် ရောက်ဖို့ နာရီပိုင်းပဲ လိုတော့တာ။ ဒီတော့ အမှတ်တရအနေနဲ့ စ ဖြတ်ရင် မကောင်းဘူးလား” လို့ ကျနော်က ပြောတော့ ဘေးနားက ကိုအောင်ထွန်း (မ/ဥက္ကလာ)၊ ဝေမိုးနဲ့ တခြား ရဲဘော်တွေက ကောင်းတယ် လို့ ဝိုင်းပြောကြတော့ နောက်ဆုံး ဆရာကြီး ဆေးလိပ်ဖြတ်ဖို့ သဘောတူလိုက်တယ်။

”(၉၄) မကုန်ခင် သောက်မယ်ကွာ။ ည (၁၂)နာရီကျော်ပြီး ဟိုဘက်နှစ်သစ် ရောက်ရင် မသောက်တော့ဘူး” လို့ပြောပြီး ဆေးလိပ် စ ဖြတ်ပါတော့တယ်။ တကယ်ဆို ဆရာကြီးဟာ သိပ်ချစ်ဖို့ကောင်းတယ်။ သူ့သမီးတွေဆန္ဒကို ဖြည့်ဖို့ အကြိမ်ကြိမ် အားယူနေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျနော် ကလည်း တွန်းအားတရပ် ပေးမိရက်သား ဖြစ်သွားတော့ သူ သိပ်ကြိုက်တဲ့ ဆေးလိပ်ကို ဖြတ်ဖို့ ကြိုးစားခဲ့တာလေ။ အဲဒီရက်တွေအတွင်း ဆရာကြီး သိပ် သနားဖို့ကောင်းတယ်။ အရင်လို ရွှင်ရွှင် လန်းလန်း မရှိဘူး။ ငေါင်နေတတ်တယ်။ သူအရမ်းကို ခံရခက်နေတာလေ။ ကျနော့်ကို တွေ့တိုင်း ဆေးလိပ်ဖြတ်တာ ဘယ်နှစ်ရက်ရှိပြီနော်၊ ဘာညာနဲ့ ပြောတတ်တယ်။ ထောင်ဝင်စာတွေ့ပြီး ပြန်လာတော့လည်း သူ ဆေးလိပ်ဖြတ်တာ သမီးတွေ အရမ်း ဝမ်းသာနေကြတယ် ဆိုပြီး တခုတ်တရ ပြောတတ်သေးတာ။ ဒါပေမဲ့ သူအရမ်းခံစားနေရတာ သိသာတယ်။

ကြိတ်မှိတ်ခံနေတာ သိလို့ တခါတော့ ကျနော်က ”ဆရာကြီး အရမ်း ခံစားနေရရင် အာရုံ ပြောင်းသွားအောင် ကွမ်းလေးဘာလေး ငုံပါလား။ မြန်မာအဖိုးကြီး၊ အဖွားကြီးတွေ ကွမ်းတမြုံ့မြုံ့နဲ့ ကျန်းမာနေကြတာပဲ။ ဆေးလိပ်နဲ့စာရင် ကွမ်းက အန္တရာယ် ကင်းလောက်ပါတယ် လို့ ပြောမိတော့ ဆရာ ကြီးက ”ဟာ..ခွေးကောင်.. ငါ..သွားတချောင်းမှ မရှိဘဲ ဘယ်လို ကွမ်းဝါးရမလဲ” လို့ ပြောတော့ ဝိုင်းရယ်ကြရသေးတယ်။ ဆရာကြီး သွားတွေ ဘယ်လိုဖြစ်ကုန်တာလဲ၊ ဘာလို့ပြန်မစိုက်ဘဲ ဒီအတိုင်းထားရတာလဲလို့ ကျနော် တခါက သူ့ကို မေးဖူးတယ်။ ”မင်းလိုကောင်တွေ ငါ့ဒုက္ခပေးသွားကြတာကွ။ သွားကောလိပ် ကျောင်းသားတွေပေါ့။ သူတို့ လက်တည့်စမ်းချင်တာလား မသိပါဘူး။ ငါ့တွေ့တိုင်း ဆရာ့သွားတွေ မကောင်းဘူး။ ကျနော်တို့ နှုတ်ပေးမယ်၊ ပြီးမှ ပြန်စိုက်ပေးမယ်၊ ရှယ်လုပ်ပေးမယ်ချည်း ပြောနေကြတာ၊ ငါလည်း အဟုတ်မှတ်တာပေါ့။ နှုတ်ပေါ့လေ။ ပြီးတော့ ဒီကောင်တွေ ကျောင်းဆင်းလို့ နယ်တွေ ရောက်သွားကြပြီး တကောင်မှ ပြန်ပေါ်မလာကြဘူး။ အဲဒီလို တယောက်က လာနှုတ်လိုက်၊ ပြန်စိုက်ပေးမယ် ပြောပြီး ပျောက်သွားလိုက်နဲ့ ငါ့သွားတွေသာ ကုန်သွားတယ်။ ခွေးကောင်တွေ ဘယ်ရောက်ကုန်တယ် မသိဘူး။ ငါလည်း သွားစိုက်ဖို့ သူတို့ကို တမျှော်မျှော်နဲ့ ထောင်ထဲရောက်လာတဲ့အထိ မင်းအမြင်ပဲ။ တချောင်းမှကို မရှိ တော့ဘူး” လို့ ရယ်ရယ်မောမော ပြောဖူးတယ်။

ဆရာကြီးက အဲဒီလိုလူစားမျိုးပါ။ ကျနော်နဲ့နေစဉ်တလျှောက် တခါမှ ဒေါသထွက်တာ မတွေ့ခဲ့ဖူးဘူး။ ဘယ်သူ့ကိုမှလည်း မကောင်းပြောတာ မကြားခဲ့ရဖူးဘူး။ သူ စွဲစွဲမြဲမြဲ လက်ကိုင်ထားတဲ့ ဝါဒက ”အကောင်းမြင်” ဝါဒလေ။ ဘယ်လောက်ဆိုးတဲ့လူ ဖြစ်ပါစေ ကောင်းကွက်တော့ ရှိစမြဲပဲလို့ သူက ခံယူထားတာ။ သူသူငါငါ ရှာတွေ့ဖို့ ခက်တဲ့ အဲဒီ့ မဆိုစလောက် ကောင်းကွက်လေးကို သူက အမြဲရှာတွေ့တတ်စမြဲပဲ။ ဒါကြောင့် ထင်ပါ ရဲ့။ ကျနော့်လို ဂျစ်ကပ်ကပ်၊ ခပ်ရိုင်းရိုင်း၊ ခပ်ဆိုးဆိုးကောင်ကို သူလာပြီး သံယောဇဉ်ဖြစ်နေတာနေမှာ။ နောက် ဆရာကြီးရဲ့ ထူးခြားချက်က မျက်လုံးပဲ။ ကျနော့်အထင်ပါ။ သူ့မျက်လုံးက အပြစ်ကင်းတဲ့ ကလေးလေး တယောက်ရဲ့ မျက်လုံးတွေလိုပဲ၊ ရွှင်လန်း တက်ကြွနေတတ်တယ်။ အရောင်လက်နေပြီး တခုခုကို အမြဲ စူးစမ်းနေတတ်တဲ့ မျက်လုံးတွေ။ ဆံပင်တွေ ဖြူ၊ သွားတွေ တချောင်းမှ မရှိလို့ ခန္ဓာကိုယ်တခုလုံး အိုမင်း ရင့်ရော်နေပေမဲ့ ဆရာကြီးရဲ့ မျက်လုံးတွေက အမြဲနုဖပ်၊ ပြုံးရွှင်၊ ချိုမြနေတတ်တာ။ ဆရာကြီး ကွယ်ရာမှာ ရဲဘော်တချို့က အောင်ထွန်းလေးလို့ ချစ်စနိုး ခေါ်ကြသေးတယ်။ အဲဒီလို ခေါ်ကြတဲ့အကြောင်း ကျနော်က ပြောပြတော့ သူက စိတ်မဆိုးဘဲ ရယ်တောင် နေလိုက်သေးတယ်။

တခါတလေ သူရေချိုးတာနဲ့ကြုံရင် ကျနော်က ‘ဂျီး’ တွန်းပေးတတ်တယ်။ သူ့ဗိုက်က ဖောင်းဖောင်း ကားကားကြီး။ အဲဒီဗိုက်ကြီးရဲ့ခလယ်တည့်တည့်မှာ စူထွက်နေတဲ့ ”ချက်”ကြီး ရှိတယ်။ ဘုသီးကြီးတခု တင်ထားသလိုပဲ။ ကျနော်က ဆရာကြီးကို စ ချင်ရင် အဲဒီချက်ကြီးကို လက်ညှိုးနဲ့ ဖိတွန်းပြီး ကလိသွားထိုးတယ်။ အဲဒီအခါတွေဆို ဆရာကြီးက ”ဟာ..ဟေ့ကောင် .. ခွေးကောင် .. ယားတယ် မလုပ်နဲ့” ဆိုပြီး အော်ဟစ်နေတော့တာ။ ကျနော်က ရယ်ပေါ့။ ဆရာကြီးက အရမ်းယားတတ်တာ။ သူ့ဗိုက်ကြီးကို လက်နဲ့ သွားထိမိရင် ယားလို့ တွန့်ခနဲ ဖြစ်ဖြစ်သွားတတ်တယ်။ သူ့ကို ဘယ်သူမှ မစကြပါဘူး။ ကျနော်ပဲ အဲဒီလို ကလိထိုး သွားသွားစတာ။ သူ ဟက်ဟက်ပက်ပက် ရယ်တာကို ကြည့်ချင်လို့။ သူ အဲဒီလို ရယ်ရင် မျက်လုံးနှစ်လုံးကပိတ်ပြီး ပျောက်သွားရော။ သွားတွေ တချောင်းမှ မရှိတဲ့ ပါးစပ်ကြီးက ဟလို့၊ တကယ့်ကို ချစ်စရာကြီး။ တခါတလေ ကျနော်က ”ဆရာကြီး ကျနော် ကလေးမှ မဟုတ်တော့တာ..” လို့ ပြောတော့ သူက ”ဘာရှက်စရာလဲကွ။ မင်းနဲ့ငါက သားအဖ၊ မြေးအဖိုး အရွယ်ပဲ” လို့ပြန်ပြောတတ် တယ်။ ကျနော်က ”ဒါဆို ဆရာကြီးရဲ့ ချက်ကြီးကိုလည်း ကျနော့်လက်နဲ့ အတင်းဖိမယ်” လို့ပြောတော့ ”ဟာ..ခွေးကောင်” ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်နေတော့တယ်။ တကယ့်ကို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ဆရာကြီးပါ။

နောက် သူနဲ့ကျနော့်ကြားမှာရှိတဲ့ ဆက်သွယ်မှုက ကျနော် ထမင်းစားနေတာနဲ့ ကြုံရင် ကျနော့် ထမင်းပန်းကန်ထဲက တလုတ်၊ နှစ်လုတ် ဇွန်းနဲ့ ခပ်စားတတ်တယ်။ တခါတလေလည်း ကျနော်က လက်နဲ့ခွံ့ပေးရတယ်။ ဘာဟင်းနဲ့စားစား ကောင်းကောင်း၊ မကောင်းကောင်း ကျနော်ထမင်းစားတာနဲ့ ကြုံလို့ကတော့ အနည်းဆုံး တလုတ်လောက်စားလိုက်ရမှ ကျေနပ်တာ။ သူ ထမင်းစားတာနဲ့ ကြုံရင်လည်း ကျနော်ကို ”ခွေးကောင် .. လာ ဆိုပြီး” အတင်း ခွံ့ကျွေးတော့တာပဲ၊ မစားချင်ဘူးပြောလည်း မရဘူး။ အထူးသဖြင့် ဟင်းကောင်းတဲ့နေ့တွေဆို အတင်းကို ကျွေးတော့တာ။ အထဲမှာ သိတဲ့အတိုင်း ”ကိုယ်တာ” နဲ့ စားရတော့ ဟင်းနည်းသွားမှာစိုးလို့ ကျနော် ငြင်းရင်မရဘူး။ အနည်းဆုံး တလုတ်လောက်စားလိုက်မှ သူ ကျေနပ်သွားတာ။ ကျနော်တို့အပြင်မှာ ပြန်ဆုံကြတော့ ”ငါ အစားကောင်းစားတဲ့ အခါတိုင်း မင်းကို သတိရတယ်ကွာ” လို့ ပြောခဲ့ဖူးတယ်။

အဲဒီလို ဆရာကြီး ဆေးလိပ်ဖြတ်ပြီး (၁)လလောက်ရှိတော့ တနေ့မှာ ကိုအောင်ထွန်း (မ/ဥက္ကလာ)က ဆရာကြီး ဆေးလိပ်ပြန်သောက်နေတာ သိလား လို့ ကျနော့်ကို လာမေးတယ်။ ကျနော်တောင်ယာလုပ်ရင်း တန်းလန်းကြီး ဆိုတော့ လက်တွေခြေတွေမှာလည်း ရွှံ့တွေ ပေနေတယ်။ ကျနော်က မသိပါဘူးပေါ့။ ကျနော်နဲ့အတူနေတာ ကျနော် သိတာပဲ။ သူ ပြန်မသောက်ပါဘူး လို့ ပြန်ပြောလိုက်တော့ ကိုအောင်ထွန်းက မယုံရင် ဟိုး .. ပြတင်းပေါက်နားမှာ သွားကြည့်တဲ့။ ကျနော် သွားကြည့်တော့ သူပြောတဲ့နေရာမှာ ဆရာကြီးနဲ့ ကိုအောင်မင်းတို့ ထိုင်နေကြတယ်။ သူတို့နှစ်ယောက်ကြားမှာ ဆေးလိပ်မီးခိုးတွေ တွေ့နေရတယ်။ ဒါပေမဲ့ မီးညှိထားတဲ့ ဆေးလိပ်က ကိုအောင်မင်းလက်ကြားမှာ။

ကျနော့်ကို တွေ့တော့ ဆရာကြီးက ဘာလဲလို့မေးတယ်။ ကျနော်က ဘာမှ မဟုတ်ပါဘူး။ ဆရာကြီးတို့ ဘာလုပ်နေတာလဲ လာကြည့်တာလို့ ပြောတော့ သူက ဘာလုပ်နေရမှာလဲ။ စကားထိုင်ပြောနေတာ ပေါ့ကွလို့ ခပ်တည်တည်နဲ့ ပြန်ပြောတယ်။ ကျနော့်စိတ်ထဲ မရှင်းဘူး။ ဆရာကြီး ကြည့်ရတာ ဆေးလိပ်များ ပြန်သောက်နေပြီလားပေါ့။ ဒါနဲ့ နောက်တနေ့မှာ ဆရာကြီးနဲ့ကိုအောင်မင်းတို့ ထိုင်နေတုန်း နောက်ကနေ တိတ်တိတ်လေး သွားကြည့်တယ်။ အဟုတ်ပဲ။ ကိုအောင်မင်းလက်ထဲ မီးညှိပြီးသား ဆေးလိပ်ကို ဆရာကြီး ယူဖွာတယ်။ နှစ်ဖွာလောက်ဖွာပြီး ကိုအောင်မင်း လက်ထဲ ဆေးလိပ် ပြန်ထည့်လိုက်တယ်။ ကျနော်လည်း တိတ်တိတ်ကလေး ဆက်ကြည့်နေလိုက်တယ်။

နောက်တကြိမ် သူဖွာတော့ ဗြုန်းဆို ကျနော် ထလိုက်ပြီး ”မိပြီ။ မိပြီ။ ဆရာကြီး ဆေးလိပ် ပြန်သောက်နေပြီ”လို့ အော်ပြောလိုက်တော့ ဆရာကြီး ခမြာ ရှက်ကိုး ရှက်ကန်းနဲ့ ရယ်နေတယ်။ “အေးကွာ။ ငါမနေနိုင်တော့ဘူး။ ဒါကြောင့် ကိုအောင်မင်းဆီက တဖွာ၊ နှစ်ဖွာ ယူယူဖွာနေတာ” လို့ ပြောရှာတယ်။ ကိုအောင်မင်းကလည်း ”ဟုတ်တယ်၊ ဆရာကြီးက မင်းကို ကတိပေးထားတော့ မင်းရှေ့မှာ ဆေးလိပ်ပြန်သောက်ဖို့ ခက်နေတာ။ ဆရာကြီး တော်တော် ခံနေရတယ်။ သောက်ပါစေကွာ။ မများရင် ပြီးတာပါပဲ” လို့ ဆရာကြီးဘက်က ရှေ့နေလိုက်နေပါသေးတယ်။ ကျန်တဲ့ရဲဘော် တချို့ကလည်း အဲဒီအတိုင်းဝိုင်းပြောကြတယ်။ ကျနော်ကလည်း ဆရာကြီး အရမ်းခံနေရတာ သိတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် ပြောတာ။ သိပ်မနေနိုင်လွန်းရင် သောက်ပေါ့။ ဒါပေမဲ့ တတ်နိုင်သလောက် လျှော့သောက်ဖို့ ပြောတော့ သူ့မျက်နှာ လက်ခနဲ ဖြစ်သွားတယ်။ ”အေးပါကွာ။ နည်းနည်းပါးပါးပဲ သောက်မှာပါ။ အရင်သောက်နေကျရဲ့ လေးပုံတပုံပဲ သောက်မယ်” လို့ ပြောရှာတယ်။ ဒီလိုနဲ့ ဆရာကြီး ဆေးလိပ် ပြန်သောက်ဖြစ်သွားတယ်။ ”သမီးတွေကိုတော့ မသောက်တော့ဘူး ပြောထားတာ ဘယ်လို ပြန်ပြောရမလဲ မသိဘူး။ မျက်နှာပူလိုက်တာ” လို့ ငြီးတွားနေပါ သေးတယ်။ ဆရာကြီးက ကိုယ့်သားသမီးတွေကိုတောင် အဲဒီလို အလေးထားတဲ့ ပုဂ္ဂိုလ်ကြီးပါ။

ကျနော်နဲ့ ဆရာကြီးကြားမှာရှိတဲ့ အထင်ကရ အမှတ်တရတခုက ”ဘာသာရေး” ကိစ္စပါ။ သိတဲ့အတိုင်း ကျနော်က ကရင်ကပြား၊ ဘာသာတရား သတ်သတ်မှတ်မှတ် မရှိတဲ့သူ။ ဒါကိုသူက ဘာသာတရားရဲ့ အနှစ်သာရကို နားဝင်အောင် ပြောပြတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာရဲ့ လေးနက်ပုံကို ရှင်းပြတယ်။ ဓမ္မစကြာရဲ့ တရားကိုယ်တွေ့ဖြစ်တဲ့ အစွန်းတရားနှစ်ပါး ရှောင်တဲ့ အလယ်အလတ် မဇ္ဈိမ ပဋိပဒါ လမ်းစဉ်၊ မဂ္ဂင် (၈) ပါး စတာတွေကို အပ်ကြောင်း ထပ်အောင် ပြောပြခဲ့တယ်။ သူအမြဲပြောလေ့ရှိတာက (၃၈)ဖြာ မင်္ဂလာ တရားတော်ပါပဲ။ အကြိမ်ရာနဲ့ထောင်နဲ့ချီပြီး သူပြောနေကျကတော့ “စိတ်ရှည်၊ ဇွဲသန်၊ သည်းခံ၊ ဧကန် နိဗ္ဗာန်ရောက်” တဲ့။ ဒါလေးကို ခဏ ခဏ ပြောတယ်။ တဖွဖွ ပြောတယ်။ ကြုံတိုင်းပြောတယ်။ သူနဲ့ရင်းနှီးတဲ့သူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ကျနော့်ကိုလည်း ”ပရိတ်” နဲ့ ”ဓမ္မစကြာ” ကို ကျက်ဖို့ ခဏ ခဏ ပြောတာ ကျနော်ကလည်း သိတဲ့အတိုင်း ဂျစ်တီးဂျစ်ကန်ဆိုတော့ မကျက်ဖူးချည်း ပြန်ပြောတာ။ ဒါကို သူက မလျှော့ဘူး။ ကြုံတိုင်း တဖွဖွ ကျက်ခိုင်းနေတော့တာ။

တနေ့တော့ သူက ”မင်းက ခိုင်ဝတ်မှုန်တို့နဲ့ တတန်းထဲဆိုတော့ (S) ခန်းကပေါ့။ (S) ခန်းဆိုတာ စာတော်တဲ့ ကျောင်းသားချည်းထားတာ ဆိုတော့ မင်းလည်း စာတော်လို့ပေါ့။ ဒါပေမဲ့ ကျောင်းစာ ဘယ်လောက် တော်တော် ဘုန်းကြီးစာတွေကိုတော့ မလွယ်ဘူး။ အရမ်း ခက်တယ်။ ”ပရိတ်”ထဲက ”ရတနသုတ်” ဆိုရင် တော်ရုံလူ ရဖို့ မလွယ်ဘူး။ မင်းလည်း ကျက်လို့ရမှာ မဟုတ်ပါဘူးကွာ” လို့ ပြောလာတယ်။ ကျနော်ကလည်း သိတဲ့အတိုင်း မာန်က ခပ်ထောင်ထောင် ဆိုတော့ ဘာလို့ မရရမှာလဲ၊ မကျက် ချင်လို့။ ကျက်ရင် ရပြီးသားပဲ လို့ မခံချင်စိတ်နဲ့ ပြန်ပြောတော့ ဆရာကြီးက ”ဒါဆို မင်းနဲ့ငါ လောင်းရအောင်၊ ရတနသုတ်ကို (၂)ရက်နဲ့ရရင် မင်းလိုချင်တာ တောင်း ငါပေးမယ်။ မရရင် ငါလိုချင်တာ တောင်းမယ်။ မင်း ပေး” ဆိုပြီး စိန်ခေါ်ပါလေရော။ ကျနော်ကလည်း မခံချင်တော့၊ ရတယ်။ ကျက်မယ် ဆိုပြီး သူ့လောင်းကြေးကို သဘောတူလိုက်တယ်။

တကယ် ကျက်တော့ မချောင်ဘူး။ ကျနော်က ‘သြကာသ’တောင် ဖြောင့်အောင် ရွတ်တတ်တဲ့သူ မဟုတ်တော့ ခက်နေပြီ။ ပါဠိ ဆိုတာလည်း ကိုယ်နဲ့ ယဉ်ပါးတာမဟုတ်တော့ အသံထွက်ဖို့တောင် မလွယ်ဘူး။ ဒါပေမယ့် ဆရာကြီးက အသံချပေးပါတယ် ဒီလိုနဲ့ (၂)ရက်လုံးလုံး ဘာမှမလုပ်ဘဲ ထိုင်ကျက်၊ ထကျက်၊ လှဲကျက်နဲ့ တတွတ်တွတ် ရွတ်နေရတယ်။ ဆင်တူ အပိုဒ်တွေပါလို့ ရှေ့ကရလိုက်၊ နောက်က မေ့လိုက်နဲ့ ချာလပတ်ကို လည်နေတော့တာပဲ။ ဒါပေမဲ့ (၂)ရက်ပြည့်လို့ သတ်မှတ်ထားတဲ့အချိန်မှာ ကျနော် ရသွားပါတယ်။ ကျနော့်ဘဝမှာ ဘုရားစာနဲ့ ပတ်သက်ပြီး ပထမဆုံး ရတာလို့ ဆိုရမယ်။

လောင်းကြေးနိုင်သွားတဲ့အတွက် ဆရာကြီးက ကျနော့်ကို လိုချင်တာတောင်း၊ သူပေးမယ်လို့ ပြောပါတယ်။ တကယ်က ကျနော် တခုခုလိုချင်လို့ ကျက်တာမှ မဟုတ်ဘဲ။ မခံချင်လို့ကျက်ခဲ့တာလေ။ ဒါကြောင့် ကျနော်ဘာမှမတောင်းပါဘူးလို့ ပြောတော့ ဆရာကြီးက ”မင်းမတောင်းလည်း ငါက ဂုဏ်ပြုရမှာပဲ” ဆိုပြီး သူ့ထောင်ဝင်စာထဲက အကောင်းဆုံးမုန့် တွေကို ချကျွေးပါတော့တယ်။ ကျနော်နဲ့အတူ ရဲဘော်တွေ ဝိုင်းစားကြရင်း ဆရာကြီးက ”ဒီကောင် တော်တယ်၊ ဉာဏ်လည်း ကောင်းတယ်” ဆိုပြီး ချီးကျူးနေတော့ လူကြားထဲ နေရထိုင်ရတောင် ခက်ပါသေးတယ်။

တကယ်ဆို ကျနော်ကျက်လို့ရမယ်မှန်း ဆရာကြီး သိပါတယ်။ ဘယ်သူမဆို ကျက်လို့ ရနိုင်တာပဲလေ။ ဘာသာတရားနဲ့ ထိတွေ့ပေးချင်လို့။ ရိုးရိုးတန်းတန်း ကျက်ခိုင်းတာ၊ မကျက်လို့၊ ရတဲ့နည်းနဲ့ လှည့်ပတ် ကျက်ခိုင်းတယ်ဆိုတာ နောင်မှ ကျနော်သိရတယ်။ ဒီလိုနဲ့ ဆရာကြီးကြောင့် ရတနသုတ်ကနေ ဓမ္မစကြာ၊ မေတ္တာသုတ်၊ ပဋ္ဌာန်းတွေပါ အားလုံး ကျနော် အလွတ်ရသွားတယ်။ ကျနော်တို့နေတဲ့အခန်းက မနက် (၅) နာရီထပြီး ပဋ္ဌာန်းတရက်၊ ဓမ္မစကြာတရက်၊ ပရိတ်တရက် နေ့တိုင်း ရွတ်ကြတယ်။ အရင်ကတော့ ကျနော်က မထဘူး။ သူများတွေ ရွတ်လည်း ခေါင်းမြီးခြုံပြီး ပေအိပ်နေတာပဲ။ နောက်ပိုင်းတော့ ဆရာကြီးက မရဘူး။ အတင်းလာနှိုးပြီး ထရွတ်ခိုင်းတော့တာပဲ။ သူကိုယ်တိုင်လည်း ရွတ်တယ်။ ကျနော့်မှာ မထချင်ဘဲနဲ့ သူလာ လာနှိုးလို့ ထရွတ်နေရတယ်။ အဲဒါ ဆရာကြီးချပေးတဲ့ ဘာသာတရားမျိုးစေ့ ဖြစ်နေတယ်ဆိုတာ နောက်မှ သိလာရတယ်။ ခုတော့ ကျနော်ဟာ ဗုဒ္ဓဘာသာတရားကို တကယ် ယုံကြည်လာသူ တယောက်ဖြစ်လာပြီး တရားဘာဝနာကိုတောင် ကျင့်နေပါပြီ။ ဒီတော့မှ ဆရာကြီးကျေးဇူး ဘယ်လောက် ကြီးမားတယ်ဆိုတာ သိလာရတယ်။ ဝမ်းနည်းဖို့ ကောင်းတာက ကျနော် ခုလိုဗုဒ္ဓတရားကို နှစ်နှစ်ကာကာ ယုံကြည်နေပြီ ဆိုတာ ဆရာကြီး သိမသွားရှာဘူး။ သူနဲ့ လူချင်း ပြန်ဆုံကြရင် ကဗျာနဲ့ ဘာသာတရားအကြောင်း ကျနော် သိနားလည်ထားတာတွေ ပြောဖို့၊ ဆွေးနွေးဖို့ စိတ်ကူးခဲ့တာ၊ အခုတော့ ပြောခွင့်မရတော့ဘူး။ ဒါထက် … သူ ကျနော့်ကို မြင်စေ၊ ဖြစ်စေချင်ခဲ့တာတွေ ကျနော်ဖြစ်နေပြီ၊ ဖြစ်အောင်ကြိုးစားနေပြီ ဆိုတာ သူသိမသွားရလို့ ယူကြုံးမရဖြစ်မိတယ်။

ဆရာကြီးနဲ့ပတ်သက်ပြီး နောက်ပိုင်း ပြောသံ၊ ဆိုသံ တချို့ ကြားရတယ်။ ဆရာတင်မိုးဟာ လက်ဝဲဝါဒကို အလွန်အမင်း ယုံကြည်သူ၊ ဘာသာတရားမရှိသူ” တဲ့လေ။ လက်ဝဲဝါဒ ယုံကြည်မှုဆိုတာ ထားပါ။ ကျနော် ဘာမှ မှတ်ချက်မပြုလိုဘူး။ လူတိုင်း ဘယ်သူမဆို ကိုယ်ကြိုက်ရာဝါဒကို စွဲကိုင်ယုံကြည်ခွင့် ရှိကြတာချည်းပဲ။ ကိုယ်သန်ရာ ကိုယ်ယုံ။ အရေးကြီးတာက လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးတဲ့ ဝါဒဖြစ်ဖို့ပဲ လိုတယ်။ ဒါကြောင့် ဆရာကြီးနဲ့ လက်ဝဲဝါဒကိစ္စ ကျနော်ဘာမှ မပြောလိုဘူး။ တခါမှလည်း ကျနော် သူ့ကိုမမေး ကြည့်ဖူးဘူး။ သူကလည်း အဲဒီအကြောင်း တလုံးတပါဒမှ ပြောသံမကြားရဘူး။ ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေးနဲ့ လေးလေးလို့ ခေါ်တဲ့ ဦးထွန်းဝေအကြောင်းတော့ တဖွဲ့တနွဲ့ ဆွေးဆွေးမြေ့မြေ့ ပြောခဲ့ဖူးတာပဲရှိတယ်။

အခု ကျနော်ပြောချင်တာက ဆရာကြီးမှာ ဘာသာတရား မရှိ ဆိုတဲ့ကိစ္စပါ။ ဒါကို ကျနော်လုံးဝ လက်သင့်မခံနိုင်ပါဘူး။ ဒီလိုပြောတဲ့သူတွေဟာ ဆရာကြီး အကြောင်း ဂဃဏန မသိကြလို့ တဆင့်စကားနဲ့ ပြောနေကြတာပဲဖြစ်မယ်။ ကျနော်နဲ့ နေစဉ် ကာလမှာ သူ့မွေးနေ့၊ တခါတလေ လပြည့်နေ့တွေမှာ သူ ဥပုသ်စောင့်လေ့ရှိတယ်။ ဆရာကြီးဟာ အင်မတန် နှိမ့်ချတတ်ပြီး မာန်မာန ကင်းစင်တဲ့သူပါ။ ဘာသာတရားကိုလည်း အလွန် လေးစားတယ်။ အထင်ရှားဆုံး သာဓကနဲ့ပြရရင် ကျနော်တို့ (၅)ဆောင်မှာ (၂၉၅)ပုဒ်မနဲ့ ထောင်ကျနေတဲ့ စာချဘုန်းကြီးလေးတပါး ရှိတယ်။ ဘုန်းကြီးလေးက အသက် (၃ဝ) စွန်းစွန်းဆိုတော့ ဆရာကြီးနဲ့ အသက် ခေါက်ချိုးလောက် ကွာတယ်။ ဘုန်းကြီးဆိုပေမယ့် ထောင်ထဲမှာဆိုတော့ သူလိုကိုယ်လို ထောင်ဝတ်စုံနဲ့ ဆံပင်နဲ့ပါပဲ။ ဒါပေမဲ့ အပြင်မှာ စာချဘုန်းကြီး လုပ်ခဲ့တာဆိုတော့ ဆရာကြီးက သူ့ဆီက အဘိဓမ္မာ သင်ယူချင်နေတယ်။ ဘုန်းကြီးကလည်း လိုလိုချင်ချင်ပဲ သင်ပေးပါတယ်။ ထူးခြားတာက ဆရာကြီးဟာ မသင်ခင်မှာရော သင်ပြီးမှာပါ အဲဒီဘုန်းကြီးလေးကို ကုန်းဦးချတာပါပဲ။ ကန်တော့တာမှ ထိခြင်း ငါးဖြာ ဆိုသလို နဖူးနဲ့ကြမ်းပြင် ထိပြီး ရိုရိုသေသေ လက်အုပ်ချီ ကန်တော့တာပါ။ စားစရာလေးတွေ ယူပြီး ဘုန်းကြီးလေးကို သွားပေးတဲ့အခါမှာလည်း ရိုရိုသေသေ လက်အုပ်ချီ ကန်တော့ပြီးမှ ပေးတာပါ။

ကျနော်က ဒီ ကိုယ်တော်လေးဟာ ‘ကတုံး’ လည်းမဟုတ်၊ သင်္ကန်း လည်း မစီးထားဆိုတော့ လူပဲပေါ့။ ဆရာကြီးနဲ့လည်း အသက် အရမ်းကွာတယ်။ အဲဒါ ဘာကြောင့် ကန်တော့ရတာလဲ လို့ မေးဖူးတယ်။ ဆရာကြီးက ”ရဟန်း”ဆိုတာ ဝိနည်းနဲ့အညီ သင်္ကန်းစီးပြီးရင် ဝိနည်း မချိုးပေါက်သရွေ့ အဲဒီရဟန်းရဲ့ စိတ်ဆန္ဒမပါဘဲ သင်္ကန်းချွတ်လို့ မရဘူး။ ရုပ်ဝတ္ထုဖြစ်တဲ့ သင်္ကန်းကိုပဲ အတင်းချွတ်လို့ ရချင်ရမယ်။ ရဟန်းအဖြစ်ကတော့ ဖယ်ရှားလို့ မရဘူး။ ရဟန်းက ရဟန်းပါပဲ။ ဒီကိုယ်တော်လေးက ဝိနည်း မချိုးဖောက်ပါဘဲနဲ့ အဓမ္မသင်္ကန်းချွတ် ထောင်ထဲထည့်ခံထားရတာ။ ခုထိ သိက္ခာမချသေးလို့ သူ့ကိုယ်သူ ရဟန်းလို့ ခံယူနေသေးတယ်။ ရဟန်းလိုပဲ ကျင့်ကြံနေသေးတယ်။ ဗုဒ္ဓတရားတော်တွေ သူ့ကိုယ်ထဲမှာ ကိန်းဝပ်နေတယ်။ အဲဒီတရားတော်တွေကို ငါ့ကို ပို့ချနေသေးတယ်။ ဒါကြောင့် ရိုရိုသေသေ ကန်တော့တာလို့ . . . စိတ်ရှည်လက်ရှည် ရှင်းပြတယ်။

နောက်တခုက ညနေခင်းတွေမှာ လမ်းလျှောက်ပြီးရင် ကျနော်နဲ့ ဆရာကြီးတို့ သွားထိုင်လေ့ရှိတဲ့ စေတီလေးတဆူရှိတယ်။ ဆရာကြီး တခါမှ ဦးမချဘဲနဲ့ စေတီထဲ မဝင်ဘူး။ ဦးမချဘဲနဲ့ စေတီထဲက ထွက်လေ့မရှိဘူး။ ဒါကြောင့် ကျနော်က ”စေတီဆိုတာ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနဲ့ လုပ်ထားတဲ့အရာပဲ။ အဲဒါကို ဖြိုချကြည့်လိုက်ရင် အုတ်၊ ကျောက်၊ သဲတွေပဲ ထွက်လာမှာပေါ့။ ဒါကို ဆရာကြီးက ကန်တော့နေတော့ အုတ်၊ သဲ၊ ကျောက်အပုံကြီးကို ကန်တော့နေသလို ဖြစ်နေတယ် .. မဟုတ်ဘူးလား..”လို့ ပြောတော့ သူက ”မင်းပြောသလို အုတ်၊ သဲ၊ ကျောက်တွေနဲ့ လုပ်ထားတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အထိမ်းအမှတ် သင်္ကေတဆိုတာ ရှိတယ်။ ကျေးဇူးတရားကို အလေးအမြတ် ပြုတာနဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်း သယ်တယ်ဆိုတာ ရှိတယ်။ ဥပမာ မင်းအဖေနဲ့ မင်းအမိုးတို့ ကျွေး မွေးခဲ့တာတွေကို မင်း ကျေးဇူးမတင်ဘူးလား။ သူတို့ကျေးဇူးကို ရည်မှတ်ပြီး သူတို့နဲ့ဆိုင်တဲ့ ပစ္စည်းတွေ သိမ်းမထားဘူးလား။ ဒီလိုပဲပေါ့။ စေတီဆိုတာလည်း ဗုဒ္ဓရဲ့ အမွေအနှစ်တွေပါပဲ။ ဗုဒ္ဓရဲ့ ကျေးဇူးကို ရည်မှတ်ပြီး အထိမ်းအမှတ်လုပ် တည်ထားတယ်ဆိုတော့ ဒါတွေကို ရည်မှန်းပြီး ကန်တော့တာပဲ။ ဒီအစဉ်အလာ အမွေအနှစ်တွေကို ရှေးလူတွေက လက်ဆင့်ကမ်း သယ်လာကြလို့ ခုထိရှိနေကြတာ။ တချို့နိုင်ငံတွေမှာဆို တိမ်ကော ပျက်စီးကုန်ကြတာတွေ ရှိတယ်။ ဒီလို မဖြစ်အောင် တို့တွေကလည်း လက်ဆင့်ကမ်းသယ်ဆောင် သွားရမယ့် တာဝန် ရှိတယ်။ ဒါမှ ကျေးဇူးသိတတ်တဲ့ လူသား ဖြစ်မှာ..” လို့ ကျနော် နားလည်နိုင်လောက်မယ့် စကားတွေ ရွေးပြီး တခုတ်တရ ရှင်းပြခဲ့တာပါ။

ဒီလိုမျိုး ဘာသာတရားအပေါ် ကြည်ညိုအလေးမြတ် ထားတဲ့ ဆရာကြီးကို ”ဘာသာတရားမရှိသူ” လို့ ပြောဆိုတာကို ကျနော် နားမလည်နိုင်ဘူး။ ခု အသက်ရွယ်ကြီးမှ သက်ဝင် ယုံကြည်လာတာ ဖြစ်မှာပေါ့။ ငယ်ငယ်ကတော့ ဘာသာတရား ရှိချင်မှရှိမယ် ”လို့ အဲဒီလို လှည့်ပြောကြရင်လည်း ကျနော် လက်မခံနိုင်ပါဘူး။ ဆရာကြီးက ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်း ပညာရေးနဲ့ ကြီးပြင်းလာသူပါ။ သူ ဆယ်တန်းအောင်တုန်းက မြန်မာတပြည်လုံး မြန်မာစာ ပထမဆု ရခဲ့တယ်။ အဲဒီ့ ဂုဏ်ထူးရ မြန်မာစာ အဖြေလွှာ စာစီစာကုံးမှာ ပရိတ်တရားတော်ထဲက နွေဦးအလှကို ပါဠိလို အပိုဒ်လိုက် ကိုးကားပြီး ထည့်ရေးထားတာ။ ဒါကိုကြည့်ရင် ဆရာကြီးဟာ ငယ်ငယ်ကတည်းက သူ့နှလုံးလားထဲ ဦးနှောက်ထဲမှာ ဗုဒ္ဓတရားတော် ကိန်းဝပ်နေတယ်ဆိုတာ အထင်အရှားပဲ ။ အဲဒီ့အပြင် ဆရာကြီးဟာ ဗုဒ္ဓတရားတော်ကို သက်ဝင် ယုံကြည်သူသက်သက် မဟုတ်ဘဲ တရားတော်နဲ့အညီ တသက်လုံး ကျင့်ကြံ နေထိုင်သွားတယ် ဆိုရင် ဘယ်သူ ငြင်းဦးမှာလဲ. . . ။

နောက် ဆရာကြီးနဲ့ ပတ်သက်ပြီး မရှင်းတာ တခု ရှိသေးတယ်။ အထင်အမြင် လွဲကြတာပါ။ ကိုတိုးတိုးထွန်းက ကျနော့်ကို ဒီလို မေးဖူးပါတယ်။ ဆရာတင်မိုးက ကပ်စေးနည်းတယ်ဆို။ သူ့ထောင်ဝင်စာကို ဘယ်သူ့ကိုမှ မကျွေးဘူးဆို . . ဟုတ်လားတဲ့ ။ ကျနော် အကြီးအကျယ် အံ့အားသင့်သွားတယ်။ တကယ့်ကို ပြောင်းပြန်ကြီးဗျာ။ ကိုတိုးတိုးထွန်းက သူများပြောတာ ကြားလို့ ဟုတ်လား ဆိုပြီး စကားအဖြစ် မေးကြည့်တဲ့ သဘောပါပဲ။ ဘယ်က ကြားတယ်ဆိုတာလည်း သူ ပြောပြပါတယ်။ အဲဒါတော့ ထားလိုက်ပါတော့လေ။ ကျနော် ပြောချင်တာက ဆရာကြီးဟာ ရုပ်ဝတ္ထုပစ္စည်းနဲ့ ငွေ ဆိုတာကို ဘယ်တုန်းကမှ မက်မောခဲ့တာ မဟုတ်ဘူး ဆိုတာပါပဲ။ ငွေအကြောင်းကို ဘယ်တုန်းကမှ စကားထဲတောင် ထည့်ပြောခဲ့တာ မဟုတ်ဘူး။ မဆလပါတီ မဝင်လို့ အငြိုးခံထားရပြီး နောက်တော့ ကျူရှင်ပြလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တက္ကသိုလ်က အနားပေးတော့ သူ့မှာ နေစရာအိမ်တောင် မရှိပါဘူး။ ဒီလို ဆင်းရဲခဲ့တာ သူနဲ့ နီးစပ်သူတိုင်း သိကြမှာပါ။ အဲဒီလို ငွေကြေး ရုပ်ဝတ္ထုပစ္စည်းတွေကို တန်ဖိုးမထားခဲ့တဲ့သူဟာ ထောင်ထဲ ရောက်မှ ဘာမဟုတ်တဲ့ ထောင်ဝင်စာထုပ်လေးကို မက်မောနေပါ့မလား။ စဉ်းစားသာ ကြည့်ကြပါတော့။

ဆရာကြီးရဲ့ ထမင်းစားဝိုင်းမှာ သူကလွဲရင် ဘယ်သူမှ ထောင်ဝင်စာ ဟုတ်တိပတ်တိ မလာနိုင်ကြပါဘူး သူ့ရှိတာနဲ့ မျှစားနေကြတာပါ။ ဆရာကြီးနဲ့ တဝိုင်းတည်းစားပြီး ဆရာကြီးကို အစစအရာရာ လုပ်ကိုင်ပေးနေတဲ့ ကိုသိန်းအောင် အသိဆုံးပါ။ ဆရာကြီးက ( ၁၄ ) ရက် တခါ ထောင်ဝင်စာ လာတယ်။ သူ့အိမ်က ထည့်ပေးလိုက်တဲ့ အစား အစာတွေဟာ သူတယောက်တည်းစားရင် ( ၁၄ )ရက် မဟုတ်ဘူး၊ တလစားတောင် ကုန်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဆရာကြီးက မရှိတဲ့သူတွေနဲ့ မရှိအတူ ရှိအတူ ဝိုင်းဖွဲ့ပြီး မျှဝေ စားသောက်တာပါ။ ထောင်ဝင်စာလာလို့ အခန်းပြန်ရောက်တာနဲ့ သူ့ ထောင်ဝင်စာထုပ်ကို လှည့်ကို မကြည့်တော့ဘူး ။ ထမင်းဝိုင်းကို အပြီး အပ်လိုက်တာပဲ။ ထမင်းဝိုင်းက စီစဉ်တဲ့သူက စီစဉ်ပြီး သူ့ကို ထည့်ကျွေးတာပဲ စားတယ်။ ဟိုဟာပေးပါ ဒီဟာပေးပါ တခါဖူးမှ မတောင်းဖူးဘူး။ ရဲဘော်ကြီး ကိုသိန်းအောင်က အားလုံး သိမ်းဆည်းပြီး စီမံပေးတာ။ တခါတလေ စားစရာ ပြတ်သွားတဲ့အခါတောင် ရှိသေးတယ်။ ဒါပေမယ့် ဆရာကြီးက တခါမှ မညည်းဖူးဘူး။ သူ့ထည့်ကျွေးတာနဲ့ စားတာပဲ။ တကယ်ဆို သူ့အသက်အရွယ် သွားတွေလည်း မရှိ ဆိုတော့ အခွင့်ထူးယူမယ်ဆို ယူခွင့်ရှိလျက်နဲ့ သူမယူဘူး။ ဒါတွေအားလုံး သူ့ဝိုင်းစားတွေ အသိဆုံးပါ။ အထူးသဖြင့် ကိုသိန်းအောင်ကြီး အသိဆုံးပါ။

တခါတလေ ဆရာကြီး မိတ်ဆွေတချို့က သူ့ဆီက စားစရာတောင်းရင် သူပိုင်ပစ္စည်းတွေပဲ သူယူပေးလို့ရတာပေါ့။ ဒါပေမယ့် ဘယ်တော့မှ ကိုယ်တိုင် ယူပေးတာမျိုးမလုပ်ဘူး။ ကိုသိန်းအောင်ကို မေးတယ်။ ရှိသေးရဲ့လား ရှိရင် နည်းနည်း ပေးလိုက်ပါ။ မရှိလည်း ကိစ္စမရှိဘူး။ အဲဒီလို ခွင့်တောင်းတာပါ။ ပြီးတော့ ဆရာကြီးဟာ အရမ်းလည်း အားနာတတ်တယ်။ တဖက်သားကို အရမ်း ငဲ့ညှာတတ်တယ်။ ဒီလို စိတ်အခံရှိတဲ့ ဆရာကြီးကို ခုနကလို ပြောကြတာတွေ ကြားရတော့ ကျနော် တော်တော် အံ့သြပါတယ်။ လောကကြီးက ပြောင်းပြန်ကြီးပါလား။ မသေချာမှုတွေ ပြည့်နှက်နေပါလား လို့ ခံစားမိတယ်။ ဂဃနဏမသိဘဲ ထင်ရာလျှောက် ပြောနေတော့ တဆင့်စကားတဆင့်နဲ့ မဟုတ်တာကြီး အဟုတ်ဖြစ်သွားကြရရော။ ခုဆို ကိုတိုးတိုးထွန်းက သူကြားတာမေးလို့ပေါ့။ မမေးဘဲ တကယ် ထင်နေရင် မခက်ပါလား။ ကိုငွေလင်းလည်း ဒီလိုပဲ သိထားတာလို့ ကျနော့်ကို ပြောဖူးတယ်။ ဒါပေမယ့် ကျနော်ရှင်းပြလိုက်တော့ သူတို့တွေ ရှင်းသွား ကြပါတယ်။ အမှန် သိသွားကြတာပါ။ ဒါကြောင့် ကိုယ်တကယ်မသိဘဲနဲ့ ထင်ကြေးနဲ့ ပြောတာပဲ ဖြစ်ဖြစ် သိလျက်နဲ့ တခြား မကျေနပ်ချက် တခုခုကြောင့် ရည်ရွယ်ပြီးပြောတာပဲ ဖြစ်ဖြစ် ဒီနှစ်ခုလုံး မကောင်းဘူး ။ အကုသိုလ်ချည်းပဲ။ ။

ဆက်ပါဦးမည်..

[ မူရင်း – http://moechothin.blogspot.com/ ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်