>Nay Choo – Tin Moe, the great guest from haven to earth 03

January 26, 2009

>

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး – ၃
ဇန်န၀ါရီ ၂၆၊ ၂၀၀၉

နောက် ဆရာကြီးရဲ့ ချစ်စရာကောင်းတာလေးက သူ့ကြောင့် တဖက်သား ထိခိုက် နစ်နာသွားမှာကို မလိုလားတာပဲ။ ချစ်စရာကောင်းတာထက် လေးစားဖို့ ကောင်းတာပါ။ ( ၅ ) ဆောင်မှာ ”ဘိုးတော်ဟိန်း” ဆိုတဲ့ ဘိုးတော်တယောက် ရှိတယ်။ ယောင်ထုံးကြီးနဲ့။ ဆန်တွေ စုထားကြ၊ ဆီတွေ စုထားကြ၊ တိုင်းပြည် ပျက်တော့မယ်ဆိုပြီး သူ့တပည့်တွေကို ပြောလို့ စစ်ခုံရုံးက (၅-ည) ပုဒ်မ တပ်ပြီး ထောင် (၁ဝ)နှစ် ချခံထားရသူပါ။ ဘိုးတော်ဟိန်းကို အပြင်မှာ စီးပွားရေးသမား လူချမ်းသာတွေ ကိုးကွယ်ကြတယ်လို့ သိရတယ်။ အထဲမှာတော့ နေချင်သလိုနေ၊ ဖြစ်သလိုစား၊ ပါးစပ်ကလည်း တောင်တောင်အီအီ လျှောက်ပြောနေတာပါပဲ။ ဘယ်သူ့ကိုမှတော့ ဒုက္ခမပေးဘူး။ ဒါပေမယ့် အရူးကြီးတယောက်လို စုတ်စုတ်ပြတ်ပြတ်နဲ့နေတာ။ ပုဆိုးတထည်ကို တေဇလူငယ်တွေ ပုခုံးသိုင်း လည်စီး ထားသလိုမျိုး အမြဲ စည်းထားတယ်။ မနက်ခင်းနဲ့ ညနေခင်းတွေဆိုရင် အဲဒီ့ ပုဆိုးကြီးနဲ့ ဝှေ့ယမ်းပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရွတ်ဖတ်နေတတ်တာ။ ဘယ်သူမှ သူ့ကို အဖက်မလုပ်ကြပါဘူး။ တချို့ ရိုးရိုးအကျဉ်းသားတွေဆို သူ့ကို ဖင်ပုတ် ကျောပုတ် စ နောက်ပြီး ထွက်ပြေးကြတာ။ သူက စိတ်ဆိုးပြီး နောက်က လိုက်ပေါ့။

အဲဒီလိုနေတဲ့ ဘိုးတော်ဟိန်းကို ဆရာကြီးက သနားနေတယ်။ ”သူ့ခမျာ ကြောင်တောင်တောင်ပါကွာ၊ ဒါပေမယ့် ဘယ်သူ့မှ ဒုက္ခမပေးပဲ ရိုးရိုးသားသား နေရှာတယ်” လို့ ဆရာကြီးက ခဏခဏ ပြောလေ့ရှိတယ်။ ဘိုးတော်ဟိန်းက ဘယ်သူ့ကိုမှ စကား ဟက်ဟက် ပက်ပက် ပြောတာ မဟုတ်ဘူး။ ဘောက်ချည်း ပြောနေတတ်တာ။ ဒါပေမယ့် ဆရာကြီးက သူနဲ့ စကား သွားသွားပြောရင်း ကြာတော့ ဆရာကြီးကို စိတ်လိုလက်ရ စကားတွေ ဖောင်အောင် ပြောနေတော့တယ်။ ဆရာကြီးကလည်း ထုံးစံအတိုင်း ဟိုမေး ဒီမေးပေါ့။ ဒီလိုနေကြရင်း တနေ့တော့ ဘိုးတော်ဟိန်းက သူ့ကို ကုလားသီချင်းတွေ ဆိုပြတယ်လို့ ဆရာကြီး ပြန်ပြောပြပါတယ်။ ဘိုးတော်ဟိန်းဟာ အိန္ဒိယကို အနှံ့ လျှောက်သွားဖူးတယ်လို့ ဆိုတယ်။ အဲဒီလို ဘိုးတော်ဟိန်းက ဆရာကြီးကို သီချင်းတွေဆိုပြ စကားတွေ ပြောပြောနေလိုက်ကြတာ တနေ့တော့ ဘိုးတော်ဟိန်းက ထပေါက်ပါလေရော။

ဖြစ်ပုံက ဆရာကြီးကို ပထမ သီချင်း ( ၂ ) ပုဒ် ဆိုပြတယ် တဲ့။ ပြီးတော့ ထသွားမယ် လုပ်တော့ ဆရာကြီးက နေပါဦး နောက်တခေါက်လောက် ဆိုပြပါဦးလို့ ပြောလည်းပြော၊ လက်လည်းဆွဲ ပေါ့လေ။ ဒီမှာတင် ဘိုးတော်ဟိန်းက ” ဟာ . . ဒီကောင် . . တော်တော် လက်ပေါက်ကပ်တဲ့ အကောင်ပဲ ” ဆိုပြီး ဗြုန်းခနဲ ဆရာကြီးကို ”နားရင်း” ပိတ်အုပ်လိုက်ပါတော့တယ်။ ကျနော် ဒေါသဖြစ်ပြီး ဘိုးတော်ဟိန်းကို ကြိမ်းမောင်း ထိုးကြိတ်မယ် လုပ်တော့၊ ဆရာကြီးက ပျာပျာသလဲ ပြေးလာပြီး ”မလုပ်နဲ့၊ မလုပ်နဲ့ . . ငါမှားတာ.. ငါမှားတာ.. သူမမှားဘူး .. သူ့ဖာသာ နေတာ ငါ သွားနှောက်ယှက်လို့ ဖြစ်ရတာ၊ သူ့ကို ဘာမှသွားမလုပ်ပါနဲ့… ” လို့ အမောတကော တားရှာတယ်။

တကယ်ဆို ဆရာကြီးဟာ သူ့အသက်အရွယ်၊ သူ့ဂုဏ်နဲ့ ဘယ်သူမှ သူ့ကို ကိုယ်ထိလက်ရောက် နေနေသာသာ၊ စကားတောင် မာမာထန်ထန် မပြောကြပါဘူး။ အခုလို နားရင်းအုပ်ခံရတာ တော်တော် လွန်လွန်းနေပြီလေ။ ဒါပေမယ့် ဆရာကြီးက သူ့ကြောင့် တဖက်သား ထိခိုက်နစ်နာသွားမှာ မလိုလားဘူး။ သူမှားလို့ ဆိုတာချည်း ထပ်တလဲလဲ ပြောပြီး သူ့အမှားကို ဝန်ခံရဲတဲ့သတ္တိ ရှိသူပါ။ နောင်တော့ သူ့ကို အေးအေးဆေးဆေး မေးကြည့်တယ်။ နားရင်းအုပ်ခံလိုက်ရတာ စိတ်မဆိုးဘူးလား လို့။ သူက ပြုံးပြီး ”ဗြုန်းခနဲ ထအုပ်လိုက်တော့ စိတ်ထဲ ပူခနဲ ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကိုယ်က အတင်းအကြပ် သွားလုပ်တော့ ကိုယ်မှားတာပေါ့။ ကိုယ်မှားလို့ ခံရတာပဲ၊ စိတ်ထဲ ဘာမှမရှိတော့ပါဘူး” လို့ ပြန်ဖြေပါတယ်။ ဆရာကြီးဟာ အဲဒီလို လူစားမျိုးပါ။ သူ့အစ္ဇျတ္တရုပ်ကို ထင်းခနဲ တွေ့နိုင်ကြပါတယ်။

ဆရာကြီးနဲ့ကျနော်က ထမင်းစားဝိုင်း မတူဘူး။ ဆရာကြီးတို့ဝိုင်းမှာက ကိုသိန်းအောင်၊ ကိုရင်လေး၊ ကျောင်းဆရာ ကိုစိုးလွင် အပါအဝင် စုစုပေါင်း (၅) ယောက်လောက် ရှိမယ်။ ကျနော်တို့ဝိုင်းမှာက ကိုတင်ဝင်းအောင်၊ ဝေမိုး၊ ကိုမျိုးအောင်၊ ရဲကျော်လှိုင်၊ ကိုခင်မောင်ဝင်း၊ ကိုမောင်ဦး အားလုံး ( ၇ ) ယောက်။ ကိုတင့်ဝေအောင်က လူကြီးဆန်တယ်။ ပြဿနာတခုကို ဘယ်တော့မှ ထိပ်တိုက် မဖြေရှင်းဘူး၊ ဒါပေမယ့် လွယ်လွယ်နဲ့ အလျှော့ပေးတတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ မရ ရတဲ့နည်းနဲ့ ကျားကုတ်ကျားခဲ လုပ်တတ်တဲ့ ဝိရိယမျိုးရှိသူ။ ကျနော်က သူ့ကို အောင်ဘုလို့ ခေါ်တယ်။ ကျနော့်အပေါ် တော်တော် နားလည်ပေးနိုင်တဲ့သူပါ။ အထူးသဖြင့် ကျနော် ဒေါသထွက်ရင် အမြဲ အလျှော့ပေးတတ်တယ်။ ပြီးမှ အကျိုးသင့် အကြောင်းသင့် ပြန်ပြောတတ်သူ။

ကိုမျိုးအောင်ကတော့ ကျနော်နဲ့ ပြည်နယ်မှာ စစ်သင်တန်း အတူတူ တက်ခဲ့တဲ့ တိုက်ဖော်တိုက်ဖက် ရဲဘော်ဟောင်း၊ ထောင်ထဲရောက်မှ ပြန်ဆုံတာ။ သူက ရှုးရှုးရှားရှားသမား။ တခုခုဖြစ်တာနဲ့ ချမယ်နှက်မယ် ဆိုတာချည်းပဲ။ ကျနော်တောင် ဘရိတ်အုပ်အုပ်ထားရတဲ့ လူစားမျိုး။ ရဲကျော်လှိုင်က ကျနော့်ထက် အသက်(၁) နှစ်လောက်ပဲ ငယ်တယ်။ ဒါပေမယ့် ကျနော့်ကို အကိုတယောက်လို ဆက်ဆံတတ်တယ်။ အနစ်နာခံစိတ် ရှိတဲ့သူ၊ ထမင်းဝိုင်းမှာ ဘယ်သူမှ မလုပ်တဲ့ အလုပ်မျိုးကို သိမ်းကြုံးလုပ်တတ်တာ။ ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ ဘာကိုမှ မပြောတာ၊ သူပဲလုပ်လိုက်တယ်။ အစားအသောက်လည်း အရမ်းညှာတတ်တယ်။ ဟင်းကို အလယ်မှာပုံပြီး ခပ်စားကြမယ် ဆိုရင် အဖြစ်လောက် ထည့်စားပြီး ထသွားတာ။ နောက်လူ ရှေ့လူ အတွက် အမြဲ ဦးစားပေးတယ်။ ”ဝေပုံကျ” ”ကိုယ်တာ”နဲ့ စားတာတောင် သူရတဲ့ ဝေစုကို ဘယ်တော့မှ အကုန်မစားဘူး။ တဝက်လောက်စားပြီး ထမင်းဝိုင်းထဲ ဘယ်သူ ဟင်းလိုသလဲ လိုက်ကြည့်ပြီး ဟင်းကုန်နေတဲ့ သူ ပန်းကန်ထဲ အတင်း ထည့်ပေးတာ။ များသောအားဖြင့် ကျနော့်ဟင်းပန်းကန်ထဲ ရောက်တာ များပါတယ်။ ကျနော်က အမြဲ ဟင်းကုန်ကုန်နေတတ်လို့။

ဝေမိုးကတော့ ကျနော်တို့ဝိုင်းမှာ အငယ်ဆုံး။ ကျနော့်ညီတယောက်လို ချစ်ရတဲ့သူ။ ကျနော့်အပေါ်ကိုလည်း အစ်ကိုလို သဘောထားတာ။ သူက လူပုံက ဖြူဖြူနွဲ့နွဲ့ ကလန်ကလားကြီး ဆိုပေမယ့် စိတ်ဓာတ် အတော်မာတဲ့ကောင်။ အရွယ်နဲ့ မလိုက်အောင် စာဖတ်အား များတယ်။ ယုံကြည်ချက် ခိုင်မာပြင်းထန်သလို၊ အငြင်းလည်း သန်တယ်။ အဲဒီလို အငြင်းသန်လို့ တခါက ဆရာကြီးနဲ့ “ဘု” ဖြစ်ခဲ့ရသေးတာပေါ့။ အဲဒီတုန်းက ကျနော်နဲ့ ဝေမိုး စာပေ စိစစ်ရေးကိစ္စ ပြောရင်း စာပေလွတ်လပ်ခွင့် အကြောင်း ရောက်သွားတယ်။ သူက စာပေလွတ်လပ်ခွင့် ဆိုတာ အလုံးစုံ လွတ်လပ်ရမယ်လို့ သဘောရတယ်။ ကျနော်က လိုအပ်တဲ့ အကန့်အသတ် စည်း ဘောင်တော့ ရှိသင့်တယ်လို့ ယူဆတယ်။ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဆိုင်ရာ ကိစ္စမျိုးမှာ ထိန်းထိန်း သိမ်းသိမ်း ရှိသင့်တယ်လို့ လက်ခံထားလို့ပါ၊ ဝေမိုးကမဟုတ်ဘူး။ လုံးဝ လွတ်လပ်ရမယ်။ အလုံးစုံ အကန့်အသတ်မဲ့နေရမယ် ဆိုပြီးတော့ ရပ်ခံထားတယ်။ ကျနော်က လိင်မှုဆိုင်ရာ အညှီအဟောက် ကိစ္စ မျိုးမှာ ပရမ်းပတာ ဖြစ်တာနဲ့စာရင် လိုအပ်တဲ့ထိန်း သိမ်းမှုရှိရင် ကောင်းမယ် လို့မြင်တယ်။ သူက “၁၆ နှစ်အောက် မဖတ်ရ” စာတမ်း ကပ်လိုက်တာနဲ့ လုံလောက်တယ်လို့ ယူဆတယ်။

အဲဒီလိုနဲ့ သူနဲ့ကျနော် ဒေါင့်တခုစီကနေ ရပ်ခံပြောနေကြတုန်း စကားဝိုင်းထဲကို ဆရာကြီး ဝင်လာတယ်။ ဆရာကြီးက ကျနော့်ရှုဒေါင့်အမြင်ကို လက်ခံတယ်။ သူပြောတာပိုပြီးတောင် ပြည့်စုံသေးတယ်။ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာ၊ ဘာသာတရားတွေနဲ့ ချိန်ထိုးပြီး ကျနော့်အမြင်ကို ထပ်ဖြည့်စွက်တယ်။ ဝေမိုးက သူ့အမြင် သူ့ရှုဒေါင့်ကနေ တပြားမှ မလျှော့ဘူး။ အဲ့ဒီလို ပြောနေရင်းကနေ ဝေမိုးက ”ဒါဆို ဆရာကြီးက န.ဝ.တ အာဏာပိုင်တွေကို အားပေးနေသလိုပဲပေါ့။ ဘာထူးသေးလဲ။ ဆရာကြီးလည်း အာဏာရှင်ပါပဲ” လို့ ပြောတော့ ဆရာကြီးမျက်နှာ တင်းခနဲ ဖြစ်သွားတယ်။ ”အေး.. ငါသာ အစိုးရ ယန္တယားထဲရှိရင် မင်းလိုကောင်မျိုးကို အရင် ဖမ်းချုပ်ပစ်မယ်” လို့ ပြောပြီး စကားဝိုင်းထဲက ထထွက်သွားပါလေရော။

မှတ်မှတ်ရရ ဆရာကြီး စကားမာမာနဲ့ မျက်နှာတင်းတင်းနဲ့ ပြောတာ ဒီတခါတည်း တွေ့ဖူးတယ်။ သူက အာဏာရှင်ဆိုတာကို သွေးထဲ အသားထဲကနေ ဆန့်ကျင်နေတဲ့သူပဲလေ။ အခု သူကိုယ်တိုင် အာဏာရှင်လို့ ပြောခံလိုက်ရတော့ ‘ဘု’ သွားတယ်နဲ့ တူပါတယ်။ ဒါပေမယ့် ဝေမိုးအပေါ်မှာတော့ ဘယ်လိုမှ သဘောမထားပါဘူး။ နောင်နေ့တွေမှာလည်း ဝေမိုးကို ဖက်လဲတကင်း နွေးနွေးထွေးထွေး ဆက်ဆံနေတာပါပဲ။ တကယ်တော့ ဝေမိုးအဖေကလည်း စာပေနယ်ကပဲလေ။ ဆရာကြီးနဲ့ ရင်းနှီးနေတာ နှစ်ပေါင်းကြာလှပြီ။ ဝေမိုးအကို ဝေဦးကိုလည်း ( ၁ဝ ) တန်းမှာ ဆရာကြီးက စာသင်ပေးခဲ့ဖူးတာ။ ၁၉၉၈ ဝေမိုး ထောင်ကလွတ်လို့ ဘုန်းကြီးဝတ်တော့လည်း ကျနော်နဲ့ ဆရာကြီး သွားခဲ့ကြပါသေးတယ်။

ရယ်စရာလေးတခုရှိသေးတယ်။ (၅) ဆောင်မှာ ကိုရင်ဂေါင်းပြားဆိုတဲ့ ကိုရင်လေးရှိတယ်။ သူက ဘုန်းကြီး ကံဆောင်သပိတ်မှာ ပါပြီး ထောင်ကျနေတာ။ အဖမ်းခံရတော့ ( ၁၆ ) နှစ်သား ရှိသေးတယ် ဆိုလားပဲ။ သူက အသက်ကလည်း ငယ်၊ သွက်ကလည်းသွက်၊ ယဉ်လည်းယဉ်ကျေးလို့ အားလုံးက ဝိုင်းချစ်နေကြတာ။ အဲဒီတုန်းက ထောင်ထဲမှာ ဆရာကြီးရဲ့ ‘ ဧည့်သည်ကြီး ‘ ကဗျာကို သူသူငါငါ ပြောနေကြတဲ့အချိန်လေ။ ကဗျာလေးက ရွတ်လို့ကလည်း ကောင်း၊ တိုလည်း တိုတိုလေးဆိုတော့ လူတိုင်းပါးစပ်ဖျားမှာ ‘ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ’ ဆိုပြီး ရွတ်ရွတ်နေကြတာ။ အဲဒါကို.. ကိုရင်ဂေါင်းပြားက ” ပုံစံလည်းပြဲ၊ ဝဲလည်းစွဲပြီ၊ ငါလည်း အိမ်ပြန်ချင်လှပြီ ..” ဆိုပြီး လုပ်ချလိုက်တာ။ လူတိုင်း တသောသော ဖြစ်ကုန်ကြတယ်။

‘ ပုံစံ ‘ ဆိုတာ ထောင်ဝတ်စုံနဲ့အင်္ကျီ၊ ပုဆိုးကို ခေါ်တာ။ ထောင်မှာက အားလုံး ပုံစံနဲ့ မလွတ်ဘူး။ ပုံစံထိုင်၊ ပုံစံထ၊ ပုံစံရပ်၊ ပုံစံပန်းကန်၊ ပုံစံခွက်၊ ပုံစံဆောင်၊ ပုံစံထမင်း၊ ပုံစံဟင်း၊ ပုံစံဆပ်ပြာ၊ ပုံစံနဲ့သွား၊ ပုံစံနဲ့ပြော.. ဆိုပြီး ထောင်ထဲ ရှိရှိသမျှ ပုံစံဆိုတာနဲ့ ပတ်သက်နေတော့တာ။ ‘ ငါးပိ ‘ တောင် ထောင်က ပေးတဲ့ ‘ ငါးပိ ‘ ကို ‘ ပုံစံငါးပိ ‘ လို့ ခေါ်တာလေ။ ကိုရင်ဂေါင်းပြားက အဲဒီ ‘ ပုံစံ ‘ ဆိုတာကို အမိအရ ယူပြီး ဆရာကြီးရဲ့ ‘ဧည့်သည်ကြီး’ ကဗျာကို တုဆိုလိုက်တော့ အားလုံး သဘောကျသွားကြတယ်။ ဆရာကြီးကိုယ်တိုင်က ‘ကိုရင်တော်တယ်၊ ကဗျာဉာဏ်ရှိတယ်’ ဆိုပြီး ရယ်ရယ်မောမောနဲ့ ချီးကျူးနေလိုက်သေးတယ်။ အဲဒီ့နောက်ပိုင်းတော့ ‘ဆေးလိပ်လည်းတို’ ဆိုတဲ့နေရာမှာ ‘ပုံစံလည်းပြဲ’ ဆိုပြီး ပြောနေကြတော့တာပဲ။ ဆရာကြီးကတော့ ထုံးစံအတိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့။

ဆရာကြီးက သီချင်းလည်း အတော် ဝါသနာကြီးတာ။ သူ့အသံကတော့ သိကြတဲ့အတိုင်းပဲ။ စကားပြောတာတောင် မနည်း ညှစ်ပြောနေရတာ။ ဒါတောင် အသံက သိပ်မထွက်ချင်သေးဘူး။ ရှရှကြီး။ ဒါပေမယ့် သူက သီချင်းတော့ ဆိုချင်သေးတာ။ ကျနော်တို့ ရဲဘော်ကြီး ကိုခင်မောင်ညွန့်က သီချင်းကြီးတွေ အကုန်ရတာဆိုပဲ။ ဘယ်သီချင်း ပြောလိုက်ပြောလိုက် အကုန် သူရပြီးသားပဲ။ ဒါကို ဆရာကြီးက သိပ် သဘောတွေ့နေတာ။ အားတာနဲ့ ကိုခင်မောင်ညွန့်ကို သီချင်း ဆိုခိုင်းတော့တာပဲ။ ကိုခင်မောင်ညွန့်ကလည်း သိပ် မဆိုချင်ရှာပါဘူး။ ငိုချင်လျက် လက်တို့သူ ဆိုသလို မဆိုခိုင်းခင်ကတည်းက ဆိုချင်လွန်းလို့ ပါးစပ် တပြင်ပြင် ဖြစ်နေတာ။ ဒါကြောင့် သူ့ကို ‘ဖိုးဆိုချင် ခင်မောင်ညွန့်’ လို့ ခေါ်ကြတာ။

သူတို့နှစ်ယောက် ဆုံပြီ ဆိုတာနဲ့ သီချင်းပဲ။ ကိုခင်မောင်ညွန့် သီချင်းတွေရဲ့ စာသားတွေသာ ရတာ၊ အသံကတော့ ( ၅ ) ဆောင်ပရိတ်သတ်စကားနဲ့ ပြောရရင် ‘တအီအီ၊ တအာအာ’ ဆိုတာမျိုး။ ”ခင်မောင်ညွန့် သီချင်းဆိုရင် ဆရာကြီးက စည်းချက်လေး လိုက်ပြီး သူလည်း လိုက်ဆိုလိုက်သေးတယ်။ ကျနော်က ဆရာကြီးနဲ့ ကိုခင်မောင်ညွန့် အပြင်ရောက်လို့ ‘စီးရီး’ ထုတ်ရင် ဝက်ဝက်ကွဲမှာပဲ။ ‘ဝက်ဝက်ကွဲ’ မယ်ဆိုတာ ပရိသတ် ဝက်ဝက်ကွဲမှာ မဟုတ်ဘူး။ ရှိသမျှ စည်းစိမ် ဝက်ဝက်ကွဲမှာကို ပြောတာလို့” လို့ ပြောတော့ ဆရာကြီးက ထုံးစံအတိုင်း ‘ ခွေးကောင်. . ခွေးမသား ‘ ဆိုပြီး ကျနော့်ခေါင်းကို ထုပါလေရော။ ပြီးတော့ ရယ်လိုက်တာမှ မျက်လုံးကြီးကို ပိတ်လို့။ ဒီမြင်ကွင်းလေးကို ခုထိ ကျနော့်မျက်စိထဲ စွဲကျန်နေသေးတယ်။

နောက် ဆရာကြီးနဲ့ အတွဲမိသူတယောက်က စာရေးဆရာ မောင်သာမညပါ။ ကိုသာမညက ကျနော်တို့နဲ့ တဝိုင်းတည်း စားတာ။ နောက်ပိုင်းမှ သီးသန့် ပြောင်းခံလိုက်ရတယ်။ ဆရာကြီးနဲ့သူ အများဆုံး ပြောဖြစ်တာကတော့ စာအကြောင်းပေအကြောင်းတွေပါပဲ။ ဆရာကြီးက ကိုသာမညကို တော်တော် ချီးကျူးတယ်။ စာ အရမ်းဖတ်ကြောင်း၊ နှံ့စပ်ကြောင်း၊ အတွေးအခေါ် မျှတကြောင်း ခဏခဏ ပြောဖူးတယ်။ အပြင်ရောက်တော့လည်း သူတို့နှစ်ယောက် မကြာခဏတွေ့ဖြစ်၊ ပြောဖြစ်ကြတယ် လို့ ဆိုတယ်။ ကျနော်နဲ့ ကိုသာမညက အပြင်မှာ တခါမှ မဆုံဖြစ်ကြပါဘူး။

ဒီလိုနဲ့ ၁၉၉၅ ဖေဖော်ဝါရီလမှာ တပ်မတော် ရွှေရတု အထိမ်းအမှတ်နဲ့ ဆရာကြီး လွတ်သွားတယ်။ သာမန် လွတ်ရက်စေ့ဖို့ (၄) လ လောက်ပဲ လိုတော့တယ် ထင်ပါရဲ့။ ဆရာကြီးလွတ်တဲ့နေ့က တိုက်တိုက် ဆိုင်ဆိုင် သူ ထောင်ဝင်စာတွေ့ရမယ့်နေ့။ သူ့သမီးတွေ ထောင်ဝင်စာလာတွေ့တာ သူ့ကို လာကြိုသလို ဖြစ်သွားကြတာပေါ့။ ထောင်ဝင်စာ ပစ္စည်းတွေကို ကျနော်တို့ကို လှမ်းပို့ပေးလိုက်ပါတယ်။ ဆရာကြီးမရှိတော့ ကျနော် တော်တော်ဟာသွားတယ်။ အထူးသဖြင့် ညနေပိုင်းတွေမှာ နေလို့ ထိုင်လို့ကို မရဘူး။ အဲဒီ့အချိန်က ဆရာကြီးနဲ့ကျနော်လမ်းလျှောက်၊ စကားတွေပြော၊ စေတီလေးထဲ သွားထိုင်၊ အဲဒီလို နေနေကျလေ။ ကျနော် သိရသလောက် ရနံ့သစ်မှာ ကဗျာကဏ္ဍအနေနဲ့ ဆရာကြီးလွတ်တော့ သူ့ကဗျာလေးတပုဒ် ပါလာတယ်။ “တကိုယ်တော်” တဲ့။ ကျနော်တို့အတွက် အမှတ်တရ လက်ဆောင် လှမ်းပို့ပေးတယ်။ သင့်ဘဝမဂ္ဂဇင်း ထင်ပါရဲ့။
‘သည်လစကား’ မှာ ဆရာကြီးကဗျာတွေထဲက ကောက်နုတ်ချက်လေး ထည့်ပေးလိုက်တာ။ ‘ ရိက္ခာနဲ့ သိက္ခာ အတူယှဉ်လာပြီ ဆိုရင်. . ရိက္ခာ မရွှင်ပေမယ့် သိက္ခာတင်ရတဲ့အခါလည်း ရှိရဲ့. . သိက္ခာစင်မှ လိပ်ပြာရွှင်မှာ မဟုတ်လား. . ‘ တဲ့။ ကျနော်တို့အတွက် ပို့လိုက်တဲ့ အမှတ်တရ လက်ဆောင်ဆိုတာ ကျနော်တို့ ချက်ချင်း တန်းသိတယ်။ သိတဲ့အတိုင်းပဲ ကျနော်တို့ နေနေရတဲ့အခြေအနေက အစားအသောက် အဝတ်အစား၊ အနေအထိုင်ကစလို့ ချို့တဲ့ခြင်း ပေါင်းစုံနဲ့ နေနေရတာလေ။ ဒါပေမယ့် ကျနော်တို့ ရဲဘော်တွေ ရုပ်ဝတ္ထုပစ္စည်းဆိုတဲ့ ရိက္ခာတွေ ချို့တဲ့နေပေမယ့် သိက္ခာစင်နေကြတယ် မဟုတ်လား။ ဒီတော့ လိပ်ပြာလည်း ရွှင်နေကြတာပေါ့။ ဆရာကြီး ရင်ထဲက စကားလုံးတွေနဲ့ ကျနော်တို့ ဖြစ်နေတာတွေနဲ့က တထပ်တည်းပဲလေ။ ဒါကို ကြည့်ခြင်းအားဖြင့် ဆရာကြီးဟာ ရိက္ခာနဲ့ သိက္ခာမှာ ဘယ်ဟာကို ပိုတန်ဖိုးထားရမယ်ဆိုတာ တွေ့ရမယ်။ လိပ်ပြာသန့်ဖို့ ဘယ်လောက်လိုလားတယ်ဆိုတာလည်း ထင်းခနဲတွေ့ရပါလိမ့်မယ်။

ဆရာကြီးလွတ်ပြီး ( ၇ ) လအကြာ၊ ၁၉၉၅ခု စက်တင်ဘာလ ( ၅ ) ရက်နေ့မှာ ကျနော် ထောင်ပြောင်းခဲ့ရတယ်။ မန္တလေးထောင်ကနေတဆင့် မြင်းခြံထောင် ရောက်တယ်။ မြင်းခြံထောင်မှာ ( ၂ ) နှစ်လောက် နေရပြီး ၁၉၉၇၊ အောက်တိုဘာလ ( ၈ ) ရက်နေ့မှာ ကျနော် လွတ်ရက်စေ့လို့လွတ်တယ်။ ရန်ကုန်ရောက်ပြီး ( ၂ ) ရက်လောက်နေပြီးတော့ ဆရာကြီးဆီ သွားတွေ့တယ်။ ကျနော်နဲ့အတူ အမှုတွဲ ထောင်ကျတဲ့ ထွန်းထွန်းက လိုက်ပို့ပေးတာ။ သူက ကျနော့်အရင် ( ၁ ) နှစ်လောက်စောပြီး လွတ်သွားတဲ့သူ။ အင်းစိန်က ဆရာကြီးအိမ်ရောက်တော့ သံတံခါးမှာ ချိတ်ထားတဲ့ ခေါင်းလောင်းလေးကို ဆွဲလိုက်တယ် ဆိုရင်ပဲ ခပ်ဝဝ အမျိုးသမီးတယောက် ထွက်လာတယ်။ ဘယ်သူနဲ့ တွေ့ချင်လို့လဲလို့ မေးတော့၊ ကျနော်က ဆရာတင်မိုးနဲ့ တွေ့ချင်လို့ပါ လို့ ပြောလိုက်တယ်။ ခေါ်ပေးမယ်လို့ ပြောပြီး သူ ပြန်လှည့်ထွက်သွားတယ်။ ကျနော့်ကို တံခါး မဖွင့်ပေးဘူး။ ကျနော်နဲ့ ထွန်းထွန်းလည်း တံခါးဝမှာ ဒီအတိုင်း ရပ်နေရတာပေါ့။

ဒီလို လှည့်ထွက်ပြီး ခြေလှမ်း သုံးလှမ်းလောက် လှမ်းပြီးတော့မှ နောက်ပြန်လှည့်ပြီး ဘယ်သူလို့ ပြောလိုက်ရမလဲလို့ မေးပါတယ်။ ကျနော်က ‘နေခြူး လို့ ပြောလိုက်ပါ’ လို့ ပြောလိုက်တော့ ‘ဟယ် . . နေခြူးလား’ လို့ ပြောပြီး တံခါးလည်း ပြန်ပြေးဖွင့်၊ ပါးစပ်ကလည်း ‘ဖေဖေရေ . . ဒီမှာ နေခြူး ရောက်နေတယ်’ လို့ အိမ်ထဲကိုလည်း အော်ပြောလိုက်သေးတယ်။ တံခါးဖွင့်ပြီး ကျနော့်ကို အိမ်ထဲ ခေါ်ထိုင်ခိုင်းထားပြီးတဲ့ အချိန်ထိ ဆရာကြီးရောက်မလာသေးဘူး။ နောက်ထပ် အမျိုးသမီး နှစ်ယောက် ထပ်ရောက်လာတယ်။ ‘နေခြူး..လား၊ ဖေဖေ ပြောပြလို့ မောင်လေးအကြောင်း အမတို့ သိထားကြပြီးသား. . နေကောင်းလား. . ဖေဖေအောက်မှာ၊ ခုပဲတက်ခဲ့မယ်။ လွတ်တာ ဘယ်နှစ်ရက် ရှိပြီလဲ. .” ဆိုပြီး ဝမ်းပမ်းတသာနဲ့ ပြောနေလိုက်ကြတာ ခရီးဝေးက ပြန်ရောက်လာတဲ့ သူတို့မောင်လေးကို ဝိုင်းနှုတ်ဆက် နေကြသလိုမျိုးပါပဲ။

ခဏနေတော့မှ ဆရာကြီး လှေကားကနေ အမောတကော တက်လာပြီး၊ ကျနော့်လည်း မြင်ရော ‘ ဟာ . . ခွေးကောင် . .’ ဆိုပြီး တအားဖက် နှုတ်ဆက်ပါတော့တယ်။ ဆရာကြီး မျက်ဝန်းထဲမှာ မျက်ရည်စတွေ ရစ်ဝဲနေတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါရဲ့။ ဆရာကြီး အသံတွေတောင် တုန်ခါနေလို့။ မေးတာတွေလည်း အများကြီးပဲ။ ‘နေကောင်းရဲ့လား။ အခုဘယ်မှာနေလဲ။ မြင်းခြံထောင်မှာ သေလုမျောပါး ဖြစ်နေတယ် ကြားလို့ . ဟုတ်လား ..’ နဲ့ စုံနေတာပါပဲ။ သမီးတွေနဲ့မိတ်ဆက်ပေးတော့ အမကြီး မမိုးမိုးစံ၊ မမိုးမိုးအေး၊ မမိုးမိုးနှင်းတို့ကို လူနဲ့နာမည်နဲ့ တွဲမိသွားတယ်။ မမိုးချိုသင်းနဲ့ ကိုဉာဏ်မိုးစန်းတို့က အိမ်မှာမရှိကြဘူး။ သူတို့ (၂)ယောက်နဲ့ နောက်ပိုင်းကျမှ လူချင်း တွေ့ဖူးကြတာ။ မမိုးမိုးစံကဆို ကျနော့်ကို မောင်လေးတယောက်လိုပဲ။ ‘ဘာလိုလဲ.. လိုတာရှိရင်ပြောနော်’ ဆိုပြီး အကြိမ်ကြိမ် ပြောတာ။ ဆရာကြီးအိမ်က အပြန်မှာ ထွန်းထွန်းက ‘မင်းကို ဆရာကြီးက တော်တော် ချစ်တာပဲ၊ သူ့သမီးတွေဆိုလည်း မင်းနဲ့လူချင်းခုမှ တွေ့ဖူးတယ်သာ ဆိုတာ၊ တကယ့် ဆွေမျိုးရင်းချာ တယောက်လိုမျိုး နုတ်ဆက်ကြတာ’ လို့ သူအံ့သြပြီးတော့ကို ပြောတာပါ။ ကျနော်ကိုယ်တိုင်လည်း အံ့သြသွားမိတာ အမှန်ပါပဲ။

ပထမချက်ချင်း တံခါးမဖွင့်ပေးဘူး။ နောက် ကျနော့်နာမည်ကြားတာနဲ့ တံခါးဖွင့်ပြီး ပျာပျာသလဲ နှုတ်ဆက်ပုံတွေက လူချင်း မတွေ့ဖူးကြပေမယ့် ကျနော့်အကြောင်းကို သူတို့ရင်ထဲ ရင်းနှီးနေကြပြီးသားဆိုတာ ဖော်ပြနေတာပါပဲ။ ဒါကိုကြည့်ရင် ဆရာကြီး ကျနော့်အကြောင်း ဘယ်လောက်များ ရွှန်းရွှန်းဝေအောင် ဖောက်သည်ချထားမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိသာပါတယ်။ တကယ်ဆို ကျနော်ကိုယ်တိုင် အဲဒီလောက် ထင်မထားခဲ့မိဖူး။ ဆရာကြီးနဲ့သာ ရင်းနှီးတာလေ။ သူ့မိသားစုနဲ့ကတော့ ပုံမှန် ဝတ်ကျေတန်းကျေလောက် ဆက်ဆံကြမယ် ထင်ခဲ့တာ။ အဲဒီ့တုန်းက မြင်ကွင်းလေး ခုထိ ကျနော့်မျက်လုံးထဲ စွဲထင်နေဆဲပါ။

ဆရာကြီးနဲ့ရော သူ့မိသားစုတွေနဲ့ပါ စကားပြော နှုတ်ဆက်ပြီး ပြန်မယ်လို့ လုပ်တော့ ဆရာကြီးက ခဏဆိုပြီး အိမ်ထဲ ဝင်သွားတယ်။ ပြန်ထွက်လာတော့လက်ထဲမှာ ပိုက်ဆံတွေ ကိုင်လာပြီး ‘ ရော့. . မင်းသုံးဖို့ ယူသွား’ ဆိုပြီး ပေးတယ်။ ကျနော်က မယူဘူး ငြင်းတာ မရဘူး။ အတင်းအိတ်ထဲထည့် ပေးတော့တာပဲ။ ‘ဆရာကြီး ကျနော်မယူချင်ဘူး။ ကျနော် ဒီကိုလာတာ ဆရာကြီးကို တွေ့ချင်လို့ လာနှုတ်ဆက်တာ၊ ပိုက်ဆံမလိုဘူး’ လို့ ပြန်ပြောလိုက်တော့ ဆရာကြီးက ‘အထဲက ထွက်လာတဲ့သူတွေ ငါ့ဆီလာကြရင် ငါက သုံးဖို့ဆိုပြီး ပေးနေကျပဲ။ ထွက်ခါစမှာ သုံးဖို့ လိုတယ်မဟုတ်လား။ ဒါကြောင့် ယူပါကွာ’ ဆိုပြီး အတင်း ပေးနေပြန်တယ်။ ကျနော်ကလည်း အတင်း ငြင်းနေတာ။ မျက်စိမျက်နှာ ပျက်ပြီး ငြင်းလွန်းမက ငြင်းတော့မှ ဆရာကြီး မပေးတော့ပါဘူး။ မမိုးမိုးစံအနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်တော့ မမိုးမိုးစံအထဲ ပြန်ဝင်သွားတယ်။ ပြန်ထွက်လာတော့ ပုဆိုးနဲ့အင်္ကျီတစုံ ပါလာတယ်။ ”ဒါတွေ ယူကွာ။ အသစ်တွေပဲ။ မင်းဝတ်လို့ရတာပေါ့” ဆိုပြီး ပေးနေပြန်ရော။ ကျနော်လည်း အတော်လေး စိတ်ကသိကအောက် ဖြစ်သွားတယ်။

မယူချင်ဘူးဆိုပြီး ဇွတ်ငြင်းတော့ ဆရာကြီးက ”ငါမင်းကို အမှတ်တရပေးတာ၊ ယူပါကွာ” ဆိုပြီး အတင်း ပေးပြန်တယ်။ ”အမှတ်တရလား။ ဆရာကြီးနဲ့ကျနော့်ကြားမှာ ရုပ်ဝတ္ထုပစ္စည်းအမှတ်တရ လိုသေးလို့လား၊ ကျနော်တို့ရင်ထဲမှာ ဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့ မရတဲ့ အမှတ်တရ ရှိနှင့်ပြီးသားပဲ။ ဒါတွေ ဆရာကြီးဝတ်ဖို့ ယူထားလိုက်ပါ” လို့ ပြောလိုက်တော့ ဆရာကြီး လှစ်ခနဲ ပြုံးတာ တွေ့လိုက်ရတယ်။ ကျနော် ပြောလိုက်တဲ့စကားကို သဘောကျသွားပုံရပါရဲ့။ ဒါပေမယ့် သူပေးတာ ကျနော် မယူလို့ ”မင်း တော်တော်မာနကြီးတဲ့ကောင်ကွာ” လို့ ငြီးငြူလိုက်တယ်။ အဲဒီလို မှတ်ချက်မျိုး အထဲမှာ နေစဉ်ကတည်းက သူ ကျနော့်ကို မကြာခဏ ပြောခဲ့ဖူးသားပါ။ ကျနော်က အစားအသောက်ကအစ မလိုအပ်ပဲ သူများဆီက မယူတတ်ဘူးလေ။ အထူးသဖြင့် အလကားရတာကို မလိုချင်တာပဲ။ နောက် သူနဲ့ကျနော်ကြားမှာ ခဏခဏ ကသိကအောက် ဖြစ်ရတာရှိသေးတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင် ငွေရှင်းတဲ့ကိစ္စ။ သူလည်းရှင်းမယ် ကျနော်လည်း ရှင်းမယ် ဖြစ်ကြတာ။ နောက်ဆုံးတော့ ဆရာကြီးက ဒီလို စည်းမျဉ်း ချလိုက်ပါတော့တယ်။ သူနေတဲ့ အင်းစိန်မြို့နယ် ပရိဝုဏ်ထဲမှာဆိုရင် သူရှင်းမယ်။ ကျနော်နေတဲ့မြို့နယ် ဧရိယာထဲဆိုရင် ကျနော်က ရှင်း။ ဒီလိုတော့မှ အဆင်ပြေသွားတော့တယ်။

ကျနော်က ပစ္စည်းတခုရဲ့ တန်ဘိုးကို လိုအပ်မှုနဲ့ တိုင်းတာတယ်။ လူ့သတ်မှတ်ချက်အရ ဘယ်လောက်တန်ဖိုးရှိတဲ့ ပစ္စည်း ဖြစ်နေပါစေ၊ ကျနော် မလိုအပ်ရင် ဒီပစ္စည်းက ကျနော့်အတွက် တန်ဖိုး မရှိဘူး။ သတ်မှတ်ချက်အရ တန်ဖိုးနည်းနေပေမယ့် ကျနော့် အတွက် လိုအပ်နေရင် အဲဒီ့ပစ္စည်း တန်ဖိုးကြီးတယ်။ နောက်တခုက အလကားရတာကို ကျနော်မယူတာပဲ။ အလကားရလို့ယူရင် စိတ်က အဲဒီ့ အလကားရမှုအပေါ်ကို သာယာသွားပြီး အလကားလိုချင်စိတ် အချောင်လိုချင်စိတ်တွေ ဖြစ်သွားတတ်တယ် လို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ် အားထုတ်မှုတခု စိုက်ထုတ်ပြီးမှ ကျနော် လိုချင်တယ်။ အဲဒီ့လိုအားထုတ်မှုနဲ့ ရတဲ့ အပေါ်တန်ဖိုးထားတယ်။

နောက်တခုက လူ့စိတ်က တခုခုပေးပြီးရင် တခုခုပြန်လိုချင်ကြတယ်။ တန်ရာတန်ကြေး ပြန်တောင်းချင်တတ်ကြတာ ထုံးစံလို ဖြစ်နေပြီ။ ဆရာကြီး ကျနော့်အပေါ် အဲဒီလိုမျိုး မရှိဘူးဆိုတာ ကျနော် အတိအကျ ယုံကြည်တယ်။ ကျနော့်စိတ်မှာ ကိုယ်က ကိုယ်ယုံကြည်ချက်နဲ့ ကိုယ် အခုအခံ ဖြစ်နေတာလေ။ ကျနော့်အနေနဲ့ တခုခု ယူပြီးရင် တခုခုပြန်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူထားတယ်။ ဒီခံယူချက်ကြောင့်ပဲ ဘာပဲဖြစ်ဖြစ် မလိုရင် မယူဘူး။ အလကားရလို့ ယူတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ငွေကြေးဥစ္စာသာ မကပဲ ကျနော် ပညာရေးမှာလည်း ဒါမျိုး ကျင့်သုံးခဲ့တာပါ။ ဒါပေမယ့် အများအမြင်မှာတော့ ကျနော်ဟာ မာနကြီးတယ်၊ ခေါင်းမာတယ်ဆိုပြီး အမြဲလိုလို အမြင်ခံရတယ်။ ဒီအမြင်ကို ကျနော်ရှင်းဖို့ မကြိုးစားဘူး။ လူပဲလေ။ အမြင်ခံရတတ်တာချည့်ပဲ။ အဲဒါ လူ့လောကရဲ့ ထုံးတမ်း အစဉ်အလာတခုခုလိုတောင် ဖြစ်နေပြီလေ။

ကျနော် လွတ်ခါစအချိန်တွေမှာ ဆရာကြီးနဲ့ သုံးလေးကြိမ်လောက်ပဲ လူချင်း တွေ့ဖြစ်ကြတယ်။ ဖုန်းနဲ့တော့ နေ့တိုင်း ပြောဖြစ်ပါတယ်။ ထောင်ကထွက်တော့ ကျနော့်အသက်က ( ၂၆ ) နှစ်၊ ပညာ အရည်အချင်းက ( ၉ ) တန်း၊ စီးပွားရေးက ဘာမှမရှိ၊ လက်မှုပညာကလည်း သေနတ်ပစ်တာက လွဲရင် ဘာတခုမှ မလုပ်တတ်မကိုင်တတ်။ ရွယ်တူ တန်းတူတွေ အားလုံး လိုလိုက ဘွဲ့တွေရလို့ တခုခုမှာ ခြေကုတ် ရနေကြပြီ။ လူတော်တော်များများက ( ၈၈ ) လိုမျိုး လူထုတိုက်ပွဲကြီး ဖြစ်ခဲ့ဖူးပါလား ဆိုတာတောင် မေ့သလောက်ရှိနေကြတယ်။ စိတ်ထဲမှာ အားမလို အားမရမှုတွေ၊ မခံချင်မှုတွေနဲ့ မုန်တိုင်း ထန်နေတော့တယ်။ လူတွေကို ကြည့်ပြီး အဓိပ္ပာယ်မဲ့သလိုမျိုး ခံစားလာရတယ်။ ဒီတော့ လူတွေနဲ့ ဝေးသထက်ဝေးပြီး တကိုယ်တည်း အထီးကျန်လာတယ်။ ထောင်ထဲ ကျန်ခဲ့တဲ့ ရဲဘော်တွေအတွက် ဘာမှ မကူညီ မထောက်ပံ့နိုင်လို့ အကြီးအကျယ် ကြေကွဲ ဝမ်းနည်းရတယ်။

ကိုယ့်စိတ်ကို ဘုန်းဘုန်းလဲပြိုကျမသွားအောင် အနိုင်နိုင် စုစည်းမတည်ဖို့ ကြိုးစားနေချိန်မှာ ကျနော့်ကို ငယ်ငယ်က စာသင်ပေးခဲ့တဲ့ ဆရာမ (၂ ) ယောက်က ကျနော့်စိတ် အခြေအနေကို နားလည်တယ်။ ကျနော့်ကို အားပေးတယ်။ စာမေးပွဲ ပြန်ဖြေဖို့ တိုက်တွန်းတယ်။ လိုအပ်တာမှန်သမျှ သူတို့ တာဝန်ယူဖို့ ပြောတယ်။ တကယ်ဆို ဒီဆရာမနှစ်ယောက်ဟာ ကျနော့် အမေလိုပါပဲ။ ငယ်ငယ်ကတည်းက ကျနော့်ကို စောင့်ရှောက်ခဲ့တာပါ။ သားတယောက်နဲ့ မခြားပါပဲ။ သူတို့တမိသားစုလုံး ဆရာ ဆရာမတွေချည်းဆိုတော့ သူတို့အိမ်ကလည်း ဘော်ဒါဆောင်လို ဖြစ်နေတယ်။ အမြဲတမ်းကျောင်းသားတွေနဲ့ တရုံးရုံး၊ ဒီလိုအခြေအနေမှာ ကျနော်သာ စာမေးပွဲ ပြန်ဖြေမယ်ဆိုရင် ကျနော့်ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အစစအရာရာ တာဝန်ယူမယ်။ ကျနော့်ဘက်က ဆုံးဖြတ်ဖို့ပဲ လိုတော့တယ်။

ပထမတော့ ကျနော် ပညာရေးကို ကျောခိုင်းလိုက်ဖို့ပါပဲ။ အသက်က ( ၂၆ ) နှစ်၊ အတန်းက ( ၉ ) တန်း၊ အစပ်အဟပ်က အရမ်း ကွာလွန်းတယ်။ ဆရာမတွေကတော့ စာမေးပွဲပြန်ဖြေဖို့ပဲ တပူပူတစာစာ လုပ်နေကြတယ်။ သူတို့က စာသင်ကြားမှုအပြင် ကုန်ကျစရိတ် အကုန်လုံး တာဝန်ယူဖို့ အဆင်သင့်။ ကျနော်ငယ်ငယ်က စာကြိုးစားတာ သူတို့ သိနေတယ်လေ။ (၈၈) ကြောင့် ပညာရေး တပိုင်းတစ ဖြစ်သွားရတာကို စိတ်မကောင်း ဖြစ်နေကြတာ။ နောက်ဆုံးတော့ ဆရာမတွေရဲ့မေတ္တာ စေတနာကို လိုက်လျောဖို့က တကြောင်း၊ အခြေအနေတွေရဲ့ ပြဌာန်းချက်ကြောင့်တကြောင်း ကျနော်ပြန်ဖြေဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ပြီးမှ ဆရာကြီးဆီ ဖုန်းဆက်ပြီး ကျနော် ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ဆုံးဖြတ်ချက်ကိုပါ ပြောပြလိုက်ပါတယ်။

သူ ဝမ်းသာသွားပါတယ်။ ဖုန်းထဲကနေ ”မင်းအခုအိမ်မှာ ရှိလား၊ ခုပဲ ငါလာခဲ့မယ်၊ စောင့်နေ ”ဆိုပြီး ဖုန်း ချပြီးတာနဲ့ ကျနော့်ဆီ တန်းလာခဲ့တယ်။ လူချင်းတွေ့တော့ ဆုံးဖြတ်ချက်မှန်ကြောင်း သူလည်း လိုအပ်တာ မှန်သမျှ အကုန် ပံ့ပိုးပေးမယ်ဆိုတဲ့အကြောင်း၊ ကျနော့်ဖက်ကသာ မာနမထားပဲ လက်ခံဖို့ လိုတဲ့ အကြောင်းတွေ ပြောပြီး၊ ”အထဲမှာကတည်းက မင်းက ကတိ မပေးခဲ့ဘူး။ အခု မင်း ပြန်ဖြေမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် မင်း ဖြစ်ထွန်းအောင်မြင်မယ်ဆိုတာ ငါယုံတယ်။ မင်းက ဆုံးဖြတ်ချက် ချပြီးရင် မရရအောင် အကောင်အထည် ဖော်တတ်တယ်။ ဒါကို ငါအပြည့်အဝ ယုံနေတယ်.. ” တဲ့ .။

ထောင်က လွတ်တာက ၉၇ အောက်တိုဘာ၊ စာမေးပွဲက ၉၈ ဖေဖော်ဝါရီ ဆိုတော့ အချိန်က (၄) လလောက် ရှိတာ။ ဒါတောင်မှ လွတ်ခါစက ဟိုဟိုဒီဒီနဲ့ အချိန် (၁) လ ကျော်ကျော်ကုန်သွားပြီးမှ စာမေးပွဲပြန်ဖြေဖို့ ဆုံးဖြတ်တာ ဆိုတော့ ပြင်ဆင်ချိန် (၃) လတောင်မရှိတော့ဘူး။ ( ၈၈ ) မဖြစ်ခင် ကျနော် တက်ခဲ့တဲ့ ကျောင်းမှာပဲ ပြန်ဖြေဖို့ လုပ်တာဆိုတော့ ဆရာမ တော်တော်များများက ကျနော့် နောက်ခံအကြောင်း သိနေကြတယ်။ ဒါကြောင့် သူတို့အားလုံး အကူအညီ ဝိုင်းပေးကြတယ်။ ကျက်ရ ဖတ်ရမယ့် သင်ခန်းစာတွေကို ဘာသာရပ်အလိုက် မှတ်စုထုတ်ပြီး ကော်ပီ ကူးပေးကြတယ်။ အပြင်ဖြေ ကျောင်းသားတွေအတွက် ဖွင့်ထားတဲ့ သင်တန်းတွေကိုလည်း လာတက်ဖို့ ခေါ်ကြသေးတယ်။

ကျနော်ကလည်း ကိုယ့်ယုံကြည်ချက်အတိုင်း စာ လုံးဝ ခိုးမချဘူး။ ကျနော်မသိတဲ့ စာတလုံးကို အဖြေလွှာထဲ ပါမသွားစေရဘူး။ အားကုန် ကျက်မယ်၊ ကြိုးစားမယ်၊ ရသလောက်ဖြေမယ်၊ အဲ့လို အားထုတ်မှုတွေနဲ့ ရတဲ့ အောင်မြင်မှုမျိုးကိုပဲ ကျနော် ယူမယ်။ ခိုးချပြီး အောင်တဲ့ စာမေးပွဲမျိုးကို ကျနော် လုံးဝ တန်ဖိုးမထားဘူး။ ဒီလို ကျနော့်ခံယူချက်တွေကို ဆရာမတွေကို ကြိုပြောထားတယ်။ ပြီးတာနဲ့ အချိန်ဇယားဆွဲပြီး စာထဲ နှစ်ထားလိုက်တယ်။

တောထဲနဲ့ထောင်ထဲ စုစုပေါင်း ( ၁ဝ ) နှစ်လောက် စာနဲ့ အဆက်အသွယ် ပြတ်သွားတော့ ထင်သလောက် မလွယ်ဘူး။ စိတ်မှာလည်း အခြား အခုအခံတွေနဲ့ဆိုတော့ မနည်း အားထုတ်နေရတယ်။ ဆရာကြီးလည်း ကျနော့်ဆီ လူ ကိုယ်တိုင် လာတဲ့အခါလာ ဖုန်းနဲ့တော့ အမြဲ ပြောဖြစ်တယ်။ စာမေးပွဲ ဖြေခါနီးဆဲဆဲမှာ အဒေါ် အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ရတယ်။ စာမေးပွဲတဖက် ဆေးရုံတဖက်နဲ့ ဗျာများသွားပါသေးတယ်။ စာမေးပွဲဖြေပြီး မကြာဘူး၊ အဒေါ်လည်း ဆုံးသွားတယ်။ ကျနော် စာမေးပွဲတော့ အောင်သွားပါတယ်။
ဆက်ပါဦးမည်..

[ မူရင်း – http://moechothin.blogspot.com ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments