>Biography Books

February 28, 2009

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၅)

နိုင်ငံရေး နှင့် အတ္ထုပ္ပတ္တိစာပေ
ထိန်လင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ခေတ်တစ်ခုရဲ့ ကောင်းခြင်းဆိုးခြင်းဟာ အဲဒီခေတ်မှာ ရှင်သန်နေသူတွေအပေါ် မူတည်သလို ဖြစ်ပေါ်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုလည်း အဲဒီခေတ်အခါမှာ ရှင်သန်နေသူတွေပဲ အနီးဆုံး ခံစားကြရပါတယ်။ အတိတ်ခေတ်တွေရဲ့ ကောင်းမွေဆိုးမွေတွေကို နောက်ပိုင်းခေတ်တွေမှာ ခံစားရတာဖြစ်ပေမယ့် လတ်တလော ခံစားရတာကတော့ သက်ဆိုင်ရာအချိန်ကာလမှာ ရှင်သန်နေကြသူတွေဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုမှာ နိုင်ငံရေးစနစ်၊ နိုင်ငံရေးအခြေအနေ ကောင်းရင်ကောင်းသလို လူထုရဲ့ ရပိုင်ခွင့်၊ အခြေခံအခွင့်အရေး စတဲ့ အရာတွေ ပြည့်စုံနိုင်မှာဖြစ်သလို နိုင်ငံရေးအခြေအနေ ဆိုးပြီ၊ စနစ်ဆိုးပြီဆိုရင်တော့ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သမျှအားလုံး ဆိုးဝါးတဲ့အခြေအနေတွေအောက်မှာပဲ ရုန်းကန်ရှင်သန်ရတာဖြစ်ပါတယ်။ ဒီလိုရှင်သန်ရတဲ့အခါ လွတ်လပ်ခွင့်ဆိုတာတွေ ဆုံးရှုံးရမှာဖြစ်ပြီး အဲဒီထဲမှာ စာပေလွတ်လပ်ခွင့်ဆိုတာလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိခေတ်ကာလမှာ စာပေလွတ်လပ်ခွင့် မရှိဘူးဆိုတာကတော့ အများပြည်သူ သိပြီးသားကိစ္စဖြစ်ပါတယ်။

စာပေလွတ်လပ်ခွင့်မရှိတဲ့အခါ ခေတ်ကို ထင်ဟပ်စေမယ့် အရေးအသားတွေ၊ ပွင့်လင်းတဲ့ သဘောထား အမြင်တွေကို စာရေးသူတွေက ဖော်ထုတ်ခွင့်မရသလို၊ ပိတ်ဆို့ထားတဲ့ ခေတ်ဆိုတော့ တချို့အခြေအနေမှန်တွေ၊ ဖြစ်ရပ်မှန်တွေကို စာဖတ်သူ သို့မဟုတ် ပြည်သူလူထုက သိခွင့်မရနိုင်တော့ပါဘူး။ ဒီလိုအခြေအနေကြီးမှာ နှမြောစရာ အဖြစ်ဆုံးကိစ္စကတော့ အတ္ထုပ္ပတ္တိစာပေ လွတ်လပ်ခွင့် မရှိခြင်းပဲဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း သက်ဆိုင်ရာ အုပ်စိုးသူတွေရဲ့ အာဃာတတွေ အမုန်းတွေ အငြိုးအတေးတွေကြောင့် မြန်မာပြည်က ဂုဏ်ပြုထိုက်သူတွေ၊ လေးစားထိုက်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေ ပြည့်ပြည့်စုံစုံ မရှိပါဘူး။ စာပေနယ်ကပဲ ဖြစ်ဖြစ်၊ တခြားသော အနုပညာရှင်တွေပဲဖြစ်ဖြစ် ဘယ်လိုထင်ရှားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ဆက်စပ်ပတ်သက်ပြီ၊ အာဏာပိုင်တွေ မကြိုက်တဲ့ဘက်မှာ ရပ်တည်တဲ့သူ ဖြစ်ပြီဆိုတာနဲ့ သူ့အကြောင်း ဖော်ပြခွင့်တွေ ပိတ်ပင်ခံရမှာ အသေအချာပါပဲ။ အကယ်၍များ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီဆိုရင်တော့ ပြောစရာ မရှိတော့ပါဘူး။

စာအုပ်အထူကြီးတွေ အတွဲလိုက် ထုတ်ဝေထားတဲ့ အာရှတိုက်က တချို့သော နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ တွေ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့တိုင်းပြည်က ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်များရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကတော့ ခုထက်ထိ ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာခြင်းမရှိပါဘူး။ အထူးသဖြင့် သခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်း စတဲ့သူတွေရဲ့ အတ္ထုပ္ပတ္တိ ပြည့်ပြည့်စုံစုံ မထွက်ပေါ်နိုင်ခြင်းဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ စာပေလွတ်လပ်ခွင့်ရှိတဲ့ကာလက တိုတောင်းပြီး ကိုလိုနီခေတ်ထက် ပိုပြီး ပိတ်ပင်တားဆီးခံရတဲ့အချိန်က ရှည်လျားလှပါတယ်။ သက်ဆိုင်ရာ အုပ်စိုးသူတွေနဲ့ သူတို့ရဲ့ အလိုတော်ရိတွေကလည်း မထင်ရင်မထင်သလို ကန့်သတ်မှုတွေက လုပ်လေတော့ ဘာမှ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ပါဘူး။

တကယ်တော့ ဒီလို ချုပ်ချယ်မှုတွေက သမိုင်းဖျောက်ဖျက်ချင်တဲ့ အာဏာပိုင်တွေအတွက် အောင်မြင်တယ်လို့ ယူဆနိုင်ပေမယ့် တိုင်းပြည်အတွက် နစ်နာသလို နောက်မျိုးဆက်တွေအတွက် ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အချိန်ကာလ ကြာမြင့်မှု၊ အဖြစ်အပျက်တွေမှာ ပါဝင်ခဲ့သူတွေ ပျောက်ပျက်ကုန်မှုတွေကြောင့် သမိုင်းအချက်အလက်တွေ ဆုံးရှုံးနိုင်တဲ့အဖြစ်တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ အတွေးအမြင်စာစောင်မှာ သံအမတ်ကြီးဟောင်း ဦးသက်ထွန်းရဲ့ ဦးသန့်နဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အဲဒီထဲမှာ ဦးသန့်အပေါ် ဦးနေဝင်းက အထင်လွဲမှားပြီး ဘာကြောင့် စိတ်ကွက်သွားတယ်ဆိုတဲ့အချက်ကို ရေးသားထားပါတယ်။ ဖြစ်ရပ်မှာ အဓိကပတ်သက်ခဲ့သူများဖြစ်တဲ့ ဦးသန့်၊ ဦးနု နဲ့ ဦးနေဝင်းတို့အကြောင်း ထည့်သွင်းရေးသားထားတဲ့အတွက် အရင်က မသိထားသူတွေအဖို့ အင်မတန်တန်ဖိုးရှိတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအချက်အလက်တွေက ဦးသန့် ကွယ်လွန်ပြီး ၃၅ နှစ်၊ ဦးနု ကွယ်လွန်ပြီး ၁၄ နှစ်၊ ဦးနေဝင်း ကွယ်လွန်ပြီး ၇ နှစ် ကြာမြင့်မှ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အကယ်၍သာ ဒီလိုအချိန်မျိုးအထိ ထုတ်ဖော်ခွင့် မရနိုင်ဘူးဆိုရင်၊ ထုတ်ဖော်နိုင်သူလည်း မရှိတော့ဘူးဆိုရင် နောက်လူတွေ သိနိုင်တော့မှာ မဟုတ်ပါဘူး။ တကယ်တော့ သမိုင်းအလှည့်အပြောင်း ဖြစ်ရပ်တွေက ဒီလို ဖော်ထုတ်နိုင်ခြင်းမရှိရင် ပျောက်ပျက်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၁၈ နှစ်လောက်က အာဇာနည်ခေါင်းဆောင် သခင်မြရဲ့ သားမက်တော်သူ သခင်ခင်အောင်ဆီ လူငယ်တွေ သွားရောက်ပြီး လွတ်လပ်ရေးတိုက်ပွဲအတွင်း အတွေ့အကြုံတွေကို မေးမြန်းခဲ့ကြပါတယ်။ သခင်ခင်အောင်ရဲ့ ပြောစကားတွေကို ကက်ဆက်နဲ့ အသံဖမ်းယူခဲ့သလို၊ ဓာတ်ပုံတွေလည်း ရိုက်ယူခဲ့ကြပါတယ်။ ရက်အနည်းငယ်ကြာတဲ့အထိ အခေါက်ခေါက် သွားရောက်ပြီး မေးမြန်းကြတဲ့အခါ တချို့သော သမိုင်းတွင်မယ့် မထင်မရှား အဖြစ်အပျက်တွေကို ကြားခဲ့ရပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်ကို တိုက်ထုတ်ဖို့ လျှို့ဝှက်ပြည်ပခရီးက ပြန်ရောက်လာတဲ့ သခင်အောင်ဆန်းက ရန်ကုန်ပြန်ရောက်ရောက်ချင်း တို့ဗမာအစည်းအရုံး ဌာနချုပ်ကို ဘတ်စ်ကားနဲ့ သွားတဲ့အခါ ကားပေါ်မှာ သခင်ခင်အောင်နဲ့ ဆုံခဲ့တဲ့အကြောင်း၊ အဲဒီအချိန်မှာ အင်္ဂလိပ်က တို့ဗမာအစည်းအရုံးကို စောင့်ကြည့်နေပြီး သခင်ခေါင်းဆောင်တွေကို လိုက်ဖမ်းနေတဲ့အတွက် ဌာနချုပ်ကို မသွားဖို့ ပြောပြီး သခင်မြတို့ဆီ ခေါ်သွားတဲ့အကြောင်းမျိုးဖြစ်ပါတယ်။

အဲဒီအချိန် သခင်အောင်ဆန်းရဲ့ ရည်ရွယ်ချက်က ရဲဘော်သုံးကျိပ် စုစည်းပြီး ဂျပန်အကူအညီနဲ့ စစ်ပညာသင်ဖို့ ဖြစ်ပါတယ်။ သဘောကတော့ အကယ်၍ ကားပေါ်မှာ သခင်ခင်အောင်နဲ့ မဆုံဖြစ်ခဲ့ဘဲ အင်္ဂလိပ်က သခင်အောင်ဆန်းကို ဖမ်းမိသွားခဲ့မယ်ဆိုရင် ရဲဘော်သုံးကျိပ် အစီအစဉ်လည်း တမျိုးတဖုံ ပြောင်းသွားနိုင်ပါတယ်။ ဒါတွေက သမိုင်းဖြစ်ရပ်တွေထဲက အလှည့်အပြောင်းတွေ ဖြစ်တဲ့အတွက် တန်ဖိုးရှိလှပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာပိုင်တွေက စောင့်ကြည့်ပြီး ဒီလူငယ်တွေကို အန္တရာယ်ပြုမယ့်အရိပ်အယောင် ရှိလာတဲ့အတွက် ဆက်ပြီးမလုပ်နိုင်တဲ့အပြင် ရထားတဲ့ မှတ်တမ်းမှတ်ရာတွေတောင် ကောင်းကောင်းမွန်မွန် မသိမ်းထားနိုင်ဘဲ တကွဲတပြား ဖြစ်ကုန်ပါတယ်။ အခုတော့ ကာယကံရှင် သခင်ခင်အောင် ကွယ်လွန်ခဲ့ပြီးဖြစ်သလို အကျပ်အတည်းအောက်မှာ သိမ်းထားတဲ့ မှတ်တမ်းတွေလည်း ဘယ်လောက် ရှိနိုင်ဦးမလဲ မသိနိုင်ပါဘူး။ ဒါတွေဟာ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ ပျက်စီးဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေပါ။

တကယ်တော့ အတ္ထုပ္ပတ္တိစာပေ ထွန်းကားမှ၊ လွတ်လွတ်လပ်လပ် ရေးခွင့်ရှိမှ အတိတ်က လူတွေအကြောင်း သိနိုင်သလို၊ ခေတ်စနစ်တွေအပေါ် ခြေခြေမြစ်မြစ် လေ့လာသုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာက သမာသမတ်ရှိတဲ့ အတ္ထုပ္ပတ္တိရေးသားနိုင်သူတွေ ပေါ်ပေါက်ဖို့လိုအပ်တာ မှန်ပေမယ့် စာပေလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့က ပိုပြီးလိုအပ်ပါတယ်။ ဒီအခြေအနေတွေ မပြည့်စုံနိုင်သေးတဲ့ အချိန်ကာလမှာတော့ ကာယကံရှင်တွေက ကိုယ့်ရဲ့မှတ်တမ်းမှတ်ရာတွေကို တတ်နိုင်သမျှ ကျန်ရစ်အောင် ကြိုးပမ်းသင့်သလို စာပေပညာရှင်များကလည်း ရနိုင်သလောက် စုဆောင်းဖော်ထုတ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ မျက်မှောက်ခေတ်သမိုင်းကို နှောင်းလူတွေ ပြောဆိုကြတဲ့အခါ ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ်ဆိုတဲ့ အဖြစ်မျိုးတွေက ကင်းဝေးမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့်ရရှိပါစေ။

ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၂၄၊ ၁၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်