fbpx

>Kyay Mon U Thaung

April 3, 2009

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၃)
ကြေးမုံဦးသောင်း သို့မဟုတ် သံမဏိ သတင်းစာဆရာ
ထိန်လင်း
ဧပြီ ၃၊ ၂၀၀၉


အခုလ ၃ ရက်နေ့ဆိုရင် ဆရာကြေးမုံဦးသောင်း ကွယ်လွန်ခဲ့တာ ၁ နှစ် ပြည့်ပါပြီ။ စာရေးဆရာ၊ သတင်းစာဆရာအဖြစ် နှစ်ပေါင်း ၆ဝ ကျော် ရပ်တည်ခဲ့တဲ့ ဆရာဦးသောင်းဟာ သူ့ဘဝ နောက်ဆုံးအချိန်တွေထိ စာပေရေးသားခြင်း၊ ရေဒီယို အသံလွှင့်ဆွေးနွေးခန်းများမှာ ပါဝင်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်မှာ မနေဖြစ်တဲ့ ကျနော်တို့က ကိုယ့်မြေကိုယ့်ရေမှာ မနေဖြစ်တဲ့အပေါ် စိတ်မကောင်းဖြစ်ရပေမယ့် ဆရာဦးသောင်းတို့လို ပြည်ပရောက်နေတဲ့ ဆရာကြီးတွေနဲ့ သိကျွမ်းတွေ့ဆုံခွင့်တွေ ရခဲ့တဲ့အတွက် ကံကောင်းတယ်လို့ ဖြေသာရပါတယ်။

ဆရာနဲ့ ဆုံခဲ့ရတဲ့အချိန်တွေဟာ အသက် ၈ဝ အရွယ် ကျန်းမာရေး သိပ်မကောင်းတော့တဲ့ အချိန်ဖြစ်ပေမယ့် ဆရာ့ကို အမြဲတမ်း လန်းလန်းဆန်းဆန်း တွေ့ရသလို သိချင်လို့ မေးတဲ့အခါပဲဖြစ်ဖြစ် စာမူကိစ္စပဲဖြစ်ဖြစ် တက်တက်ºကွºကွရှိသူဖြစ်ပါတယ်။ အသက်အရွယ် ကြီးလာပေမယ့် မြန်မာပြည်နဲ့ပတ်သက်တဲ့ အဖြစ်အပျက် အကြောင်းအရာတွေ ဆိုရင် အမှတ်အသား အလွန်ကောင်းသူဖြစ်ပါတယ်။

ဆရာဦးသောင်းဟာ သတင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးတဲ့အခါ ‘ကြေးမုံ ဦးသောင်း’ အမည်ကို သုံးလေ့ရှိပြီး ရသစာပေတွေ၊ သရော်စာတွေ ရေးသားတဲ့အခါ ‘အောင်ဗလ’ အမည်ကို သုံးပါတယ်။ ဒီကလောင် ၂ ခုစလုံးလည်း ထင်ရှားပါတယ်။ ဆရာ့စာပေတွေထဲက အများအတွက် အထင်ကရ ဖြစ်မယ့်စာမူကတော့ ပုဂံမြို့က တဝဂူဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အချစ်အတွက် တဝဂူထဲမှာ ပိတ်ဆို့သတ်ပစ်တာကို ခံခဲ့ရတဲ့ စောင်းဆရာလေးနဲ့ ချစ်သူမိန်းကလေးတို့ဘအကြောင်းကို ရေးသားခဲ့တာဖြစ်ပြီး ‘တဝဂူမှ ဂီတ’ဆိုတဲ့ အမည်နဲ့ ရေးသားပုံနှိပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဝတ္ထုကို ၁၉၄၅ ခုနှစ်အတွင်း ဂျပန်အထွက် အင်္ဂလိပ်စစ်တပ်က ညောင်ဦးမြို့ကို ပြန်သိမ်းတဲ့အချိန် မြို့သူမြို့သားတွေက ဘုရားတွေ ကျောင်းတွေဆီ ပြေးလွှားပုန်းခိုရတဲ့အချိန်မှာ စိတ်ကူးရ ရေးဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဝတ္ထုကို ဆရာ ဘိုကလေးတင့်အောင်က ပြဇာတ်အဖြစ် တင်ဆက်ခဲ့သလို တေးသံရှင် တင်တင်မြ ကလည်း ‘ပုဂံမြို့ဟောင်း တနေရာ’ အမည်နဲ့ သီချင်းအဖြစ် သီဆိုခဲ့ပါတယ်။ အဲဒီလို တင်ဆက်မှုတွေကြောင့် ပုဂံမှာရှိတဲ့ ‘တဝဂူ’ မှာ အတိတ်က ဒီလိုဇာတ်လမ်းတွေ ရှိခဲ့တယ်လို့ ထင်မြင်ဘယုံကြည်ကြတဲ့အထိ ဆရာ့ရဲ့ စာပေက အသက်ဝင်ခဲ့ပါတယ်။ အချိန်ကြာလာနဲ့အမျှ ဒီအဖြစ်အပျက်ကို တကယ့်အဖြစ်အပျက်လို့ ပိုပြီး ထင်လာကြပါတယ်။ ဒါကြောင့် ဆရာဘမရှိတော့ပေမယ့် ပုဂံက တဝဂူကို ရောက်တဲ့အခါ ဒီဘုရားမှာ အတိတ်က ဒီလိုဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်လို့ တချို့လမ်းညွှန်တွေက ဘုရားဖူးတွေကို ဆက်လက်ဘပြောဆိုနေဦးမှာ ဖြစ်ပါတယ်။

ဆရာ့အနေနဲ့ အချစ်ဝတ္ထုတွေ ရသစာပေတွေထဲမှာပဲ သတင်းစာရဲ့ အခန်းကဏ္ဍကို ထည့်သွင်း ရေးသားခဲ့တာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ‘သတင်းစာဆရာ’ဆိုတဲ့ ဝတ္ထုမှာ သတင်းစာရဲ့ အရေးပါမှုနဲ့ သတင်းစာဆရာတွေ ထားရှိသင့်တဲ့ စိတ်ဓာတ်တွေကို ပေါ်လွင်အောင် ရေးသားခဲ့ပါတယ်။ မြန်မာပြည်မှာ သတင်းစာ စတင်ပေါ်ပေါက်လာချိန်ကစပြီး သတင်းစာဆရာတွေအနေနဲ့ တာဝန်ကျေခဲ့ပုံကို စာအုပ်ရဲ့ နိဒါန်းမှာကတည်းက ရေးသားထားပါတယ်။ အဲဒီနိဒါန်းမှာ သတင်းစာမှတ်တမ်း အဟောင်းတွေကို လှန်ပြီး အတိတ်က သတင်းစာတွေရဲ့ တာဝန်ကျေပုံတချို့ကို အခုလို ဖော်ပြခဲ့ပါတယ်။

“‘ကျွန်ုပ်တို့သည် အဆိုးရွားဆုံး၊ အချုပ်ချယ်ဆုံး၊ ပညာအမဲ့ဆုံး၊ အမြင်အကျဉ်းဆုံး၊ အကြင်နာမရှိဆုံး ဖြစ်သော အစိုးရ၏ အုပ်စိုးခြင်းကို ခံနေကြရသည်။’

၁၈၅၃ ခုနှစ်က ထုတ်ဝေသော ရန်ကုန်ခရော်နီကယ် သတင်းစာ၏ ရေးသားပုံကို ကြည့်ပါက အင်္ဂလိပ်အစိုးရတို့ အုပ်ချုပ်မှုကို နည်းမျိုးစုံအောင် ပြစ်တင်ရှုတ်ချသည်ကို တွေ့နိုင်သည်။ ထိုသတင်းစာကပင် ရန်ကုန်မြို့တော် မြေထုရေထု ညစ်ကျုမှုနှင့် စပ်လျဉ်း၍ ‘ကျွန်ုပ်တို့သည် ရာဇဝတ် တရားသူကြီးအား (ရန်ကုန်)မြို့၏ နေရာအနှံ့အပြားတွင် မည်ကဲ့သို့ ဖြစ်ပျက်နေကြောင်းကို သိစေလို၏။ ပျက်စီးရိရွဲနေသော လူသေကောင်များ၊ ပုပ်ပွနေသော ခွေးသေကောင်များ၊ ကြောင်သေ ကြွက်သေများဖြင့် မြို့နေရာ အနှံ့အပြား သေချင်စရာကောင်းလောက်အောင် ဗလပွ ပြည့်နှက်နေကြပါသည်’ဟု ရေးသား ဝေဖန်ခဲ့လေသည်။

မြန်မာနိုင်ငံ သတင်းစာတို့သည် သတင်းစာအဖွဲ့အစည်း စတင်တည်ထောင်ချိန်မှစကာ သတင်းစာဆရာ တို့၏ ဝတ္တရားများကို သိရှိကျေပွန်ခဲ့ကြသည်။”

အဲဒီစာအုပ်ကို ၁၉၇၆ ခုနှစ် စက်တင်ဘာလမှာ ဂုဏ်ထူးစာပေက ထုတ်ဝေခဲ့ပြီး အဲဒီအချိန်မှာ ဆရာက ဒုတိယညွှန်ကြားရေးမှူး (သတင်း) တာဝန် ထမ်းဆောင်နေချိန် ဖြစ်ပါတယ်။ ၁၉၇၇ မေလမှာ အဲဒီရာထူးက နုတ်ထွက်ခဲ့ပြီး ဇူလိုင်လမှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မဆလ ဆန့်ကျင်ရေး စာပေတွေရေးသားခဲ့ပြီး နောက်ဆုံးချိန်အထိ အာဏာရှင်ဆန့်ကျင်ရေး၊ မြန်မာ့ဒီမိုကရေစီရေး ဆောင်းပါးတွေ အဆက်မပြတ် ရေးသားခဲ့သူဖြစ်ပါတယ်။

ဆရာဦးသောင်း သတင်းထောက်အဖြစ် စတင် အမှုထမ်းချိန်ဟာ ၁၉၄၇ ခုနှစ် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်လွတ်လပ်ရေး မရခင်ကနေ နောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ အထူးသဖြင့် နိုင်ငံတော် လုပ်ကြံမှု အဖြစ်အပျက်တွေ၊ လွတ်လပ်ရေးနေ့ မြင်ကွင်းတွေ၊ ပါလီမန်ဒီမိုကရေစီ အတွေ့အကြုံတွေ၊ သတင်းတွေ စတဲ့ အကြောင်းအရာတွေကို အနီးကပ် တွေ့ကြုံခဲ့ရပါတယ်။ မြန်မာပြည် နိုင်ငံရေးနဲ့ မျက်ခြည်မပြတ်ဘဲ အမြဲတမ်း စောင့်ကြည့်နေတဲ့အတွက်လည်း မဆလ ခေတ်တလျှောက်လုံးကနေ လက်ရှိကာလ အထိ အကုန် လက်လှမ်းမီနေသူ ဖြစ်ခဲ့ပါတယ်။ ဆရာဟာ သတင်းဆောင်းပါးတွေ၊ ဝေဖန်ရေး ဆောင်းပါးတွေ ရေးသားတဲ့အခါ အဲဒီအတွေ့အကြုံတွေအပြင် မှတ်တမ်းမှတ်ရာတွေ အချက်အလက်တွေနဲ့ ကိုးကားရေးသားနိုင်သူ ဖြစ်ပါတယ်။ ကြေးမုံဦးသောင်းလို့ အမည်တွင်စေတဲ့ ကြေးမုံသတင်းစာကို ၁၉၅၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ ပုဒ်မ ၅ နဲ့ ဖမ်းဆီးပြီး ထောင် ၃ နှစ် ချမှတ်တာကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း တချိန်လုံး သတင်းစာဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်။ မဆလ ခေတ်ဦးဖြစ်တဲ့ ၁၉၇၄ ခုနှစ်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး သတင်းစာဆရာ ကိုယ်စားလှယ်အဖြစ် ဆိုဗီယက်ပြည်ထောင်စုကို စေလွှတ်ခြင်း ခံခဲ့ရပါတယ်။

ဆရာအနေနဲ့ မြန်မာပြည် နိုင်ငံရေးစနစ် မြန်မြန် ပြောင်းစေချင်ပုံရပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ မြန်မာတွေအနေက မြန်မာပြည် ပြောင်းလဲရေးအတွက် ညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်စေချင်ပါတယ်။ အဲဒီလို စကားမျိုးကို လောင်စာဆီ သပိတ်ပြီးလို့ စစ်အစိုးရက ဖမ်းဟယ်ဆီးဟယ် လုပ်နေချိန်က ပြောခဲ့တဲ့စကားရဲ့ အဆုံးမှာ

“ပြည်တွင်းပြည်ပ မြန်မာအများ ညီညွတ်ရေး၊ ဆက်လက် တိုက်ခိုက်ရေး အထူး လိုအပ်တယ်လို့ ကျနော်က တင်ပြလိုပါတယ်ခင်ဗျာ”လို့ ပြောဆိုခဲ့ပါတယ်။

တိုင်းပြည်ကနေ ပြည်ပကို သွားရောက် နေထိုင်ရသူတွေထဲမှာ တချို့က ပြည်ပမှာ နေရတာကိုပဲ ပိုနှစ်သက်ပါတယ်။ ဆရာကတော့ နှစ်ပေါင်း ၃ဝ လောက် မြန်မာပြည် ပြင်ပကို ရောက်နေပေမယ့် မြန်မာပြည်ကို ပြန်ချင်တဲ့စိတ် အမြဲတမ်း ရှိပါတယ်။ “တကယ်လို့များ ဒီကနေ့ မြန်မာပြည် အပြောင်းအလဲ ဖြစ်မယ်ဆိုရင် ဆရာ ဘယ်တော့ မြန်မာပြည် ပြန်မလဲ”လို့ ဆရာ မကွယ်လွန်ခင် လအနည်းငယ်တုန်းက မေးဖူးပါတယ်။ အဲဒီတော့ ဆရာက ချက်ချင်းပဲ “ကျနော် မနက်ဖြန် ပြန်မှာပေါ့”လို့ ဖြေခဲ့ပါတယ်။ အခုတော့ အဲဒီလို တိုင်းပြည်ကို ပြန်ချင်တဲ့၊ တိုင်းပြည် အပြောင်းအလဲကို မြင်ချင်တဲ့ဆရာ မရှိတော့ပါဘူး။

ဒါပေမယ့်လည်း သတင်းစာဆရာအဖြစ် တဘဝလုံး ရပ်တည်ခဲ့ရတဲ့အပေါ်မှာ လုံးဝ နောင်တမရဘူးဆိုတဲ့ ဆရာ့ရဲ့ စာပေ၊ ဆရာ့ရဲ့ လုပ်ဆောင်မှု မှတ်တမ်းတွေက ဆက်လက် တည်ရှိနေဦးမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ကျေးဇူးတင်ပါတယ်။ ။

ထိန်လင်း (၁၊ ၃၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဧပြီလ ၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)