>dagon taryar by htain linn

May 11, 2009

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၆)
ငြိမ်းချမ်းရေးအတွက် ရှင်သန်သူ ဆရာကြီး ဒဂုန်တာရာ
ထိန်လင်း
မေ ၁၁ ၊ ၂၀၀၉

ပြီးခဲ့သည့် နိုဝင်ဘာလက တွေ့ရသော ဒဂုန်တာရာ (ဓာတ်ပုံ – မိုးမခ)

မေလ ၁ဝ ရက်နေ့ဟာ ဆရာကြီး ဒဂုန်တာရာရဲ့ အသက် ၉ဝ ပြည့် မွေးနေ့ဖြစ်ပါတယ်။ ကိုလိုနီခေတ်ကနေ ဒီကနေ့အထိ စာပေပညာရှင်အဖြစ် ရပ်တည်ခဲ့တဲ့ဆရာဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သလို တိုင်းပြည်ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာ ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့က ကျိုက်လတ်မြို့နယ်က ထိုင်ကူမြစ်တန်းရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျိုက်လတ်မြို့ အမျိုးသားကျောင်း၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်းတွေမှာ ပညာသင်ကြားပြီး ၁၉၃၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ပါတယ်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စသဖြင့် တာဝန်ယူခဲ့ပါတယ်။ ဒီလို ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်လာသလို နိုင်ငံရေးခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးခဲ့ပေမယ့် ဆရာကြီးက သူ့ကိုယ်သူ နိုင်ငံရေးသမားအဖြစ် ဘယ်တုန်းကမှ မခံယူခဲ့ပါဘူး။ စာပေကိစ္စ အနုပညာကိစ္စတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

စာပေမွေ့ပျော်သူ၊ ဂီတမြတ်နိုးသူ၊ ပန်းချီရေးဆွဲသူ အနုပညာသမားဖြစ်ပေမယ့် စိတ်ဓာတ်က ခိုင်မာသူ ဖြစ်ပါတယ်။ ဆရာ့စိတ်ဓာတ်နဲ့ ပတ်သက်လို့

‘သူက ဘူးဆိုလျှင် ဖရုံမသီးပါ။ သူ သဘောမပေါက်လျှင်၊ သူ့စိတ်ထဲမှာ ဘဝင်မကျလျှင် သူ ဘာမှ မလုပ်ပါ’ လို့ ဆရာနတ်နွယ်က ‘မိမိနှင့်ဒဂုန်တာရာ’ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်။

ဆရာဟာ စာပေ နဲ့ အနုပညာဝေဖန်ရေး ဆောင်းပါးတွေ၊ ရုပ်ပုံလွှာအဖွဲ့အနွဲ့တွေ၊ ကဗျာနဲ့ ဝတ္ထုတွေ အများအပြား ရေးသားခဲ့သူဖြစ်သလို စာပေသစ်အယူအဆ ကို ထုတ်ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စာရေးဆရာ စာပေကလပ်၊ စာရေးဆရာ သမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ စတဲ့ အဖွဲ့အစည်းတွေကိုလည်း ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ပထမဆုံး ကလောင်အမည်က ‘မြိုင်သဇင်’ဖြစ်ပြီး အကြောင်းအရာအလိုက် ခွဲခြားရေးသားတဲ့ ကလောင်အမည် စုစုပေါင်း ၄ဝ ရှိတယ်လို့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ ဆရာဟာ မျက်စိမကောင်းတာကြောင့် ကိုယ်တိုင် စာကို လက်နဲ့ ချ မရေးနိုင်ပေမယ့် ရေးချင်တဲ့အကြောင်းအရာကို အသံသွင်းပြီး နှုတ်နဲ့ ရေးသားခဲ့တာ အခုဆို ဆယ်နှစ်ကျော်လာပါပြီ။

အိုးဝေမဂ္ဂဇင်း၊ မျိုးညွန့်မဂ္ဂဇင်း၊ တာရာမဂ္ဂဇင်း၊ စာပေသစ်မဂ္ဂဇင်း၊ ဂန္ထဝင်ဂျာနယ်တို့ရဲ့ အယ်ဒီတာဖြစ်ခဲ့တဲ့ ဆရာက ဝေဖန်ရေးစာပေတွေ ဆောင်းပါး အပုဒ်ပေါင်း ရာချီအောင် ရေးသားခဲ့ပါတယ်။ နိုင်ငံတကာ စာပေတွေကို အများအပြားဖတ်ရှုခဲ့ပေမယ့် အဲဒီဆောင်းပါးတွေမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ ကိုယ်ပိုင်အမြင်တွေကိုသာ အခြေခံပြီး ရေးသားခဲ့ပါတယ်။

ဆရာ့ရဲ့ တခြားအရေးပါတဲ့ အယူအဆကတော့ ငြိမ်းချမ်းရေး အယူအဆပဲဖြစ်ပါတယ်။ ဆရာ ဒဂုန်တာရာက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကြီးမှူးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖြစ် ကမ္ဘာ့နိုင်ငံတချို့ကို သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီလို လှုပ်ရှားဆောင်ရွက်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သလို တဖက်မှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စာပေတွေကို ရေးသားပြီး ပြည်သူကို နိုးကြားအောင် လုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်ကနေ ဒီကနေ့အထိ ဆရာ ကိုင်စွဲလာတာက ငြိမ်းချမ်းရေးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရေးသားခဲ့တဲ့ ဆရာ့ရဲ့ စာပေတွေထဲက ကောက်နုတ်ချက်ကလေး ၂ ခုကို ထုတ်ပြချင်ပါတယ်။ တစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်က ရေးသားခဲ့တဲ့ ‘ငြိမ်းချမ်းရေးနှင့် အဖွဲ့အစည်းများ၏ အခန်း’ ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အဲဒီထဲမှာ ဆရာက မြန်မာပြည်နိုင်ငံရေး အဖွဲ့အစည်းတွေအကြောင်း၊ မြန်မာနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအကြောင်း ဖော်ပြရင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆကို အခုလို ရေးသားခဲ့ပါတယ်။

“ဖိနှိပ်သောစစ်၊ ကျူးကျော်ရန်စသော စစ်များကို အစိုးရများက လုပ်ဆောင်နေတတ်ကြသည်။ အစိုးရ ဆိုရာ၌လည်း မတရားသောနည်းလမ်းဖြင့် တက်လာသော အစိုးရ၊ တရားသောနည်းလမ်းဖြင့် တက်လာသော အစိုးရ စသည်ဖြင့် ရှိကြသည်။ ပြည်သူ၏ဆန္ဒနှင့် ဆန့်ကျင်သောအစိုးရ၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော အစိုးရဟူ၍ ရှိကြသည်။ မည်သည့်အစိုးရပင် ဖြစ်စေ ပြည်သူက ရွေးကောက်တင်မြှောက်ကြရမည်ဟူသော သဘောတရားက ရှိသည်။ သို့ဖြစ်ရာ စစ်ကိုတားဆီးသော ပြည်သူသည် ငြိမ်းချမ်းရေးလိုလားသော အစိုးရများကိုသာ ရွေးကောက်တင်မြှောက်ကြပေမည်။”

ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်က ဆရာ့ရဲ့ ငြိမ်းချမ်းရေးအယူအဆပါ။

အများသိကြတဲ့အတိုင်း ၂ဝဝ၃ ခုနှစ်မှာ ဒုတိယ ပင်လယ်ကွေ့စစ်ပွဲဖြစ်ပါတယ်။ ကုလသမဂ္ဂက တားနေတဲ့ကြားက အမေရိကန်က အီရတ်ကို ဝင်တိုက်ပါတယ်။ ဒါကြောင့် ကမ္ဘာမှာ အဲဒီစစ်ပွဲနဲ့ပတ်သက်ပြီး ထောက်ခံသူ ကန့်ကွက်သူတွေ ပေါ်ပေါက်ခဲ့သလို စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း ကမ္ဘာအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ကျနော်တို့တိုင်းပြည်မှာလည်း အာဏာရှင်ကို တိုက်တဲ့ စစ်တွေကို ထောက်ခံတယ်ဆိုတဲ့ အယူအဆနဲ့ စစ်ဆိုရင် ဘယ်စစ်မှ မထောက်ခံဘူးဆိုတဲ့ အယူအဆတွေ ကွဲပြားခဲ့ပါတယ်။ အဲဒီတုန်းက ဆရာ ဒဂုန်တာရာက ‘ယဇ်ပူဇော်ပွဲ’ ဆိုတဲ့ ကဗျာတစ်ပုဒ် ရေးသားပြီး သူ့ရဲ့ ငြိမ်းချမ်းရေးအယူအဆကို ဖော်ပြခဲ့ပါတယ်။

ယဇ်ပူဇော်ပွဲ

ကမ္ဘာဦးက
လူရိုင်းခေတ်အစ၊ မိမိဆန္ဒ
ပြည့်ဝစေရန်၊ တိရစ္ဆာန်များ
သတ်ဖြတ်စားသောက်၊ ညလုံးပေါက်က
ခုန်ကြွမြူးပျော်၊ တေးဆိုအော်ဟစ်
ယဇ်ပူဇော်ပွဲ။

ဗုံသံနှဲသံ
ဆူညံပသ၊ သမိုင်းအစ
အစဉ်အလာများ၊ တိုးပွားလာခဲ့
ယနေ့ခေတ်မှာ၊ သည်သမိုင်းပါပဲ
မိမိဆန္ဒ၊ ဖြည့်ရာစနစ်
စစ်ပွဲများစွာ၊ ဖြေရှင်းရာပါပဲ
ယဇ်ပူဇော်ပွဲပဲ မဟုတ်ပါလား။

ငါ၏ ဒဿနမှာ
ငြိမ်းချမ်းရေးမှ၊ စီးဖြာကျလာ
အချစ်ငြိမ်းချမ်းရေး၊ ယဉ်ကျေးလှပ
ကမ္ဘာ့ငြိမ်းချမ်းရေး မဟုတ်ပါလား။ ။

ကျနော်တို့တိုင်းပြည်မှာ ဒီလို ငြိမ်းချမ်းရေးကို တောင့်တနေတဲ့သူတွေ များပြားမယ်၊ တကယ်ပဲ ညီညီညွတ်ညွတ် ပါဝင်ကြမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် ရှင်သန်နေတဲ့ ဆရာ့ဆန္ဒတွေ မကြာခင် ပြည့်ဝနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ။

ထိန်လင်း ( ၅၊ ၅၊ ၂ဝဝ၉)


၂ဝဝ၉ ခုနှစ် မေလ ၈ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်