>Myo Myint Cho – Wings behind Bars, Flying …

June 2, 2009

>


ပျံသန်းနိုင်စွမ်းတောင်ပံများနှင့် နှင်းဖြူဇီးကွက်

မျိုးမြင့်ချို

ဇွန် ၂၊ ၂၀၀၉

မည်သူဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲကတေး” သီချင်းသံလွင့်ထွက်လာ၏။ ကျွန်တော့် စိတ်အလျဉ်က ရုပ်ကနဲရပ်သွား၏။ သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စစာအုပ်နှင့် သီချင်းသံကြား အတွေးများစုန်ချီဆန်ချီ။ သည်အခြေ အနေသည် တိုက်ဆိုင်မှုတစ်ရပ်သာ ဖြစ်သည်ဆိုလျင်လည်း အတော်ထူးခြားသည့် တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။

စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန် ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ”ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာစကားတွင် မျက်မှောက်ခေတ် ဂျာမန်စာရေးဆရာ များ၏ စာပေလက်ရာသစ်များကို ရွေးချယ်တင်ပြထားကြောင်း၊ မူရင်းစာရေးသူတို့၏ ရေးဖွဲ့ပုံ၊ ယူဆပုံ၊ စိတ်ကူးပုံ၊ တင်စားပုံ၊ စကားသုံးနှုန်းပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တီထွင်ပုံနှင့် ရေးဖွဲ့ချက်အကြောင်းအရာများကို အရင်းအတိုင်းသုံးသပ်လေ့လာမိစေရန် တတ်နိုင်သမျှ အတိအကျပြန်ဆို ထားကြောင်း ဆိုပါသည်။

စာအုပ်ကိုဖတ်ကြည့်လျင် ဘာသာပြန်ဆိုသူ၏ စေတနာနှင့် အားထုတ်မှုကို ထင်ထင်လင်းလင်းမြင်ရလိမ့်မည်။ ကျေးဇူးကြီးလှသည်ဟု အောက်မေ့၏။ စာအုပ်ကို ဝတ္ထုများ၊ ကဗျာများ၊ ဆောင်းပါးများနှင့် ဆွေးနွေးချက်များ ဟူ၍ အခန်း ၄ ခန်းခွဲ စီစဉ် ထားပြီး နောက်ဆက်တွဲသဘော စာရေးသူတို့၏ကိုယ်ရေးအကျဉ်းကို ဖေါ်ပြထားသည်မှာလည်း ထူးခြားချက်လို ဖြစ်နေသည်။

လောလောလတ်လတ် ကျွန်တော်ဖတ်နေသည်က ၁၉၇၂ နှစ်အတွက် စာပေနိုဗယ်လ်ဆုရှင် ဂျာမန်စာရေးဆရာ ဟိန်းနရစ်ဘိုးလ်၏ “သူတို့ပျံမပြေးကြပေ” ဆိုသည့် ဆွေးနွေးချက်များအခန်းပါ စာတစ်ပုဒ်။ ဆွေးနွေးချက်များခေါင်းစဉ်အောက်တွင် ထည့်ထား၍သာ ဆွေးနွေး ချက်ဖြစ်ရသည်ထင်၏။ တကယ်က ရသစာတမ်းလိုလို၊ ဘာလိုလို ကျွန်တော်လည်း မခွဲခြမ်းတတ်။ စာပေဝေဖန်သူတို့သာ လိမ္မာတတ်ပွန်ပေလိမ့်မည် ထင်ရ၏။

စာ စလျင် စခြင်း စာရေးသူက ယခုနှစ်တွင် အရေးအပါဆုံးသော “ယဉ်ကျေးမှုနှင့် လူမှုရေးပွဲလမ်းသဘင်” ကိစ္စဆိုသည်မှာ အဘယ်နည်းဟု သင်သိလိုပေလိမ့်မည်.. ဆိုကာ ဤပွဲလမ်းနှစ်ရပ်ကို အဘယ်ကြောင့် သီးခြားခွဲသင့်ပါသနည်း.. ဟုမေးလိုက်သည်။ ယဉ်ကျေးမှုနှင့် လူမှုရေးသည် ခွဲခြား၍ပိုင်းခြား၍မရနိုင်ကြောင်း သူ့အမြင်ကိုတင်ပြလာသည်။

ထို့နောက် “အနုပညာနှင့် လူမှုအသိုက်အဝန်း (လူ့အဖွဲ့အစည်း)သည် အစဉ်အမြဲပင်တသီးတခြားဖြစ်ပေသည်” ဟု ဆို၍ သူ့အယူအဆကို ဝံ့ဝံ့စားစား ထုတ်ဖေါ်ချပြလိုက်သည်။ သဘောတူခြင်းမတူခြင်း လက်ခံခြင်းမခံခြင်းတို့မှာ ဘက်သဘောရပ်တည်ချက်ကိစ္စအဖြစ် နှလုံးပိုက်၍ စာကိုဆက်ဖတ်နေမိသည်။

သူ့အနေနှင့်ဆိုလျှင်

“အရေးပါဆုံးသော ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်ချက်နှင့် အရေးပါဆုံးသော လူမှုရေးဆောင်ရွက်မှုမှာ နှစ်စဉ် လည်ပတ်နေကြအတိုင်း တိရစ္ဆာန်ရုံရှိ ကျွန်ုပ်၏မိတ်ဆွေ နှင်းဖြူဇီးကွက်ကြီးထံ နှစ်တပတ်လည် လည်ပတ်ခြင်းပင်ဖြစ်ပေသည်”

ဟု ဆိုရာ ကျွန်တော့်စိတ်တွင် အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ဖြတ်ကနဲလျှပ်ပြေးသွား၏။

ဘယ့်နှယ် ရှေ့မှာတစ်လျှောက်လုံး “အရေးပါသည့်ယဉ်ကျေးမှုတို့ အရေးပါသည့်လူမှုရေးဆောင်ရွက်ချက်တို့” စသည့် ခန့်ထည် လှသည့် စကားများပြောလာနေရင်းမှ သူ၏ အရေးပါသောယဉ်ကျေးမှုနှင့် လူမှုရေးဆောင်ရွက်ချက်မှာကား “ငှက်တစ်ကောင်ထံ သွားရောက် လည်ပတ်ခြင်း”သာ ဖြစ်သည်ဆိုတော့ ဘယ်လိုပါလိမ့်ဟု သိချင်စိတ်က ဖြန်းကနဲဖြစ်မိသည်။

ထို့နောက်ဆက်လက်၍ ထိုဇီးကွက်မကြီး အကြောင်းနှင့် ထိုဇီးကွက်မကြီးထံ သူ အဘယ်ကြောင့် နှစ်စဉ်သွားရောက်လည်ပတ် ရကြောင်းကို

“မည်သည့်အရာသည် ဇီးကွက်မကြီး၏ရှေ့မှောက်သို့ သွားရောက်ရလေအောင် ဆွဲဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုဇီးကွက်မသည် လက်ခံတွေ့ဆုံနိုင်သူမဟုတ်ပါ။ ထိုပြင်လည်း တွေ့ဆုံရသူတို့အား အလွန်စေ့စေ့စပ်စပ် ဆန်းစစ်တတ်သောကြောင့် ဖြစ်ပေသည်။ ကျွန်ုပ်အား ဆွဲဆောင်သောအရာမှာ သူသည်အလွန်လှပ၍ အလွန်စင်ကြယ်ပြီး၊ အလွန်လိမ္မာ၍ အလွန်ရိုင်းခြင်းပင်ဖြစ်ပေသည်။ ထိုမှတပါး သူသည် အလွန်လည်းရဲရင့်ပေသည်။ သို့ရာတွင် ယခုအချိန်တွင်ကား သူ၏ရဲ့ရင့်မှုကို များစွာအသုံးမချနိုင်သေးပေ။ သူ၏ ခံနိုင်ရည်ရှိ သောအရာကို တွက်ဆရသလောက်မှာ သူ၏ လှောင်အိမ်သံတန်းများသာဖြစ်ပေသည်…”

ဟု ပြော၍ ထိုဇီးကွက်မကြီး၏ ပကတိ အခြေအနေနှင့်စရိုက်သဘာဝကို ဖေါ်ညွှန်းလိုက်သည်။ လှပခြင်းနှင့် စင်ကြယ်ခြင်းကို တွဲဖက်ပြ၍၊ ရဲရင့်ခြင်း လိမ္မာခြင်းတို့ရှိသည် မှန်သော် လည်း ထိုအရည်အချင်းများ သူအသုံးမချနိုင်သေးကြောင်း၊ လောလောဆယ်တွင် သူ့ခံနိုင်ရည်ကို တိုင်းဆရန်မှာ လှောင်အိမ်နှင့်သံတန်းများ သာဖြစ်ကြောင်း လှပစွာရေးဖွဲ့ပြ၏။ ကျွန်တော့် စိတ်အထင် ရိုင်းသည်ဆိုသည်မှာလည်း အင်္ဂလိပ်လို Wild ကိုညွှန်းသည်ထင်၏။ ဤသို့ ဆိုလျင် သဘာဝအတိုင်းဖြစ်သော၊ အပြုအပြင်မရှိသော၊ ဟန်ဆောင်ဖုံးကွယ်မှုနှင့် ယဉ်ကျေးယောင်ဆောင်တတ်ခြင်းတို့ကင်းသော “အရိုင်း ဆန်ခြင်း”သာဖြစ်ရမည်။ မသွေးရသေးသည့် ကျောက်မျက်ကို “အရိုင်းတုံး”ဟု ခေါ်သည့်နှယ် ဖြစ်လေမည်လားဟု တွေးမိသည်။

စာရေးသူက သူနှင့် ထိုဇီးကွက်ကြီးတို့ မည်သည့်အကြောင်းအရာများ ဆွေးဆွေးနွေးကြသည်ကို စာဖတ်သူ၏သိချင်စိတ်ကို အောက်ပါအတိုင်း နှိုးဆွပေးပြန်ပါသည်။ “စာရေးဆရာများသည် နှင်းဖြူဇီးကွက်နှင့် အဘယ်အရာကို ဆွေးနွေးသနည်း” အစချီလိုက်ပြီးမှ သူနှင့် နှင်းဖြူဇီးကွက်တို့ဆွေးနွေးချက်များကို တဆက်တည်းပြောချလိုက်၏။

“မကုန်ခန်းနိုင်သော အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေသည်၊ ယခုနှစ်တွင်ကား ကျွန်ုပ်တို့၏ ဆွေးနွေးချက်ခေါင်းစဉ်မှာ လွတ်လပ်ရေး၏ အသွင်အပြင်နှင့်အနှစ်သာရ အကြောင်းပင် ဖြစ်ပေ သည်”

စာရေးသူက နှင်းဖြူဇီးကွက်မကြီးကို စဆွေးနွေးပုံကို အောက်ပါအတိုင်း ဆိုသည်။

“အခြား ရေခဲငှက်နှင့်လင်းတကြီးများကဲ့သို့ သင့်အား အမိုးပွင့်လေဟာပြင်ဝင်းခြံ ကာရံပေးပါသလား”

ဟု မေးသည်။

ဇီးကွက်မကြီးက

“ဟုတ်ကဲ့”

ဟု ဖြေသည်။

သို့ရာတွင် သူက ငြင်းပယ်ခဲ့သည်။ လှောင်အိမ်ကိုသာ ပို၍သဘောကြသည်။

ထိုချီအချ စကားပြောခန်းအား ကျွန်တော့နားလည်ချက်မှာ အခြားသော ရေခဲငှက်နှင့် လင်းတကြီးများကို အမိုးမပါသည့် အကာအရံကြားတွင် ထားသည့်နည်းတူ သူ့အားလည်း ထိုသို့နေချင်ပါသလား မေးသည့်အခါ၊ သူက ထိုသို့မနေချင်ကြောင်း လှောင်အိမ်ကိုသာ ပို၍သဘောကျကြောင်းပြောပြီး၊ အမိုးမဲ့လေဟာပြင်ကို ငြင်းဆန်ခဲ့ကြောင်း ပြန်ပြောပြဟန် ဟု သဘောရသည်။

ထိုရောအခါ စာရေးသူက “ဖြစ်မှဖြစ်ရလေ” ဟု ငြီးတွားမိလိုက်သည်။ ထို့ပြင်လည်း ဤ စင်ကြယ်သော၊ လှပသော၊ လိမ္မာသော၊ ရိုင်းသော ဇီးကွက်မကြီးနှင့် စကားပြောမိသည့် အခါတိုင်းတွင် သူ့ကိုယ်သူ အလွန်မိုက်မဲလှသည်ဟု ခံစားရမိကြောင်းဆိုပါသည်။ ထို့ကြောင့် ဘာမှ ဆက်မပြောတော့ပဲ ရပ်လိုက်သည်။

သည်တော့မှ ဇီးကွက်မကြီးက

“ရေခဲငှက်နဲ့လင်းတတွေ ဘာလုပ်နေတယ်ဆိုတာ ရှင်..သတိမထားမိဘူးလား”

ဟု မေးသည်။

“ထားမိပါတယ်။ သူတို့ဟာကြီးမားတဲ့ အတောင်ပံကြီးတွေကို ဖြန့်ရိုက်ခတ်ပြီး ခမ်းနားတဲ့ဟိတ်ဟန်တွေကို ပြသနေကြတယ်။”

ဟု သူ ဖြေလိုက်ကြောင်းဆိုသည်။

ပြီးမှ ဇီးကွက်မကြီး၏အမေးကို ဆက်ရေးသွားပြန်သည်။

“ရှင်.. သူတို့ အဝေးကိုပျံသွားတာကိုရော တွေ့ဖူးလား။”

“ဟင့်အင်း။ ကျုပ် သူတို့ပျံပြေးတာ မမြင်ဖူးဘူး”

ဟု ပြန်ဖြေရင်း၊ ဘာများ ဆက်ပြောမှာပါလိမ့် ဆိုသည့်အတွေးနှင့် စာရေးသူက ငြိမ်သက်နေ ဟန်ရှိ၏။

`“ဒီလိုဆိုရင်လည်း ကျွန်မရဲ့ မိတ်ဆွေမိုက်ကြီးရယ်၊ ဘာကြောင့် မမြင်ရတာလဲ။ သူတို့အတောင်ပံကြီးတွေ ရိုက်ခတ်ပြီး တခမ်းတနား ဟိတ်ဟန်တွေ လှည့်ပြသားဘဲ။ ဒါပေမယ့် သူတို့ပျံမပြေးနိုင်ကြဘူးရှင့် ။ သူတို့အတောင်ပံတွေကို ညှပ်ခံထားရတယ်။ ဒါကြောင့်လဲ ကျွန်မ လှောင်အိမ်ထဲမှာ နေချင်တာပေါ့။ အမိုးဖွင့်ထားတဲ့ လေဟာပြင်ဆိုတာ သံတိုင်သံတန်းတွေတော့ မရှိဘူးပေါ့။ ဒါပေမယ်လို့ အတောင်တွေ ညှပ်ခံထားရတယ်လေ။ လှောင်အိမ်ဆိုတာမျိုးက သံတိုင်သံတန်းတွေတော့ရှိတာပေါ့။ ဒါပေမယ့် အတောင်ပံအညှပ်မခံရဘူးမို့လား … ကျမ ပျံနိုင်စွမ်း ရှိသလောက် သူတို့မှာ ပျံနိုင်စွမ်း မရှိတော့ပါဘူး”

စာရေးသူက ဤနေရာတွင် သူ့စာကို တိကနဲပိပိယိယိဖြတ်ချလိုက်သည်။

ကျွန်တော့်ရင်ထဲလှိုက်ကနဲ။

သူပြောချင်သမျှကို အိပ်သွန်ဖာမှောက် ပြောချပြီးသွားပြီ။ ဘာမျှမကျန်တော့။ ကျွန်တော့်မှာသာ အမိုးဖွင့်လှောင်အိမ်ထဲမှ ရေခဲငှက်ကြီးများနှင့်လင်းတကြီးများ အကြောင်းနှင့် ဘက်ပေါင်းစုံ သံတိုင်သံတန်းတို့ကာရံခံနေရသည့် နှင်းဖြူဇီးကွက်မကြီးအကြောင်း တွေးမိနေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်