Khin Aung Aye – Essay

July 6, 2013

စကားပြေ အရေးလေ့ကျင့်ခြင်းအကြောင်း အက်ဆေး  
(တောင်တောင်အီအီ အတွေးများမှတ်စု ၁၂)
ခင်အောင်အေး
ဇူလိုင် ၆၊ ၂၀၁၃

ဒီနေ့တော့ စားပွဲသာထိုင်လိုက်တယ် ဘယ်က စရမလဲ မသိဖြစ်နေရပြန်ပြီ။ ရေးစရာတွေရေးချင်ရာရာတွေကလဲ သူအရင်ထွက်မယ် ငါအရင်ထွက်မယ်နဲ့ တချို့ ခုန်ချမယ်တကဲကဲလုပ်နေလို့ မနည်းပြန်တွန်းသွင်းရသေးတယ်။ သူတို့ကိုထိန်းသိမ်းနေရင်း ကိုယ်ပါ သူတို့နဲ့ မျောတဲ့အခါလဲ မျောပါသွားနဲ့ပေါ့။ ကိုယ်တကယ် နှစ်နှစ်ကာကာရှိတဲ့ စာရေးဆရာကြီး ငယ်တွေရဲ့ စာတွေဖတ်ရတဲ့အခါ သူတို့စာတွေ စီးစီးပိုင်ပိုင်ရှိပုံနဲ့၊ သူတို့ဘ၀ ဇာတ်ကြောင်းတွေဒါမှမဟုတ် တစိတ်တပိုင်း၊ ဒါမှမဟုတ် ထိစပ်ယှက်နွှယ်ရာတွေကို ထည့်ရေးထားတာ အရ သာရှိရှိဖတ်ခဲ့ရပေမယ့် ကိုယ့်အကြောင်းကိုယ်ဖော်ထုတ်ရေးဖို့တော့ တော်တော်သတ္တိနည်းမိတယ်။
နောက်တခုကတော့ စကားလွန်မှာ ကြောက်တဲ့စိတ်၊ တခုခုကို definite မပြောရဲဘူး။ တခုပြောပြီဆိုရင် အဲ့ဒီနောက်ကွယ်က အဲ့ဒါကို ချေဖျက်နိုင်တဲ့ တခုခုက အမြဲခြိမ်းခြောက်နေစမြဲမို့ ဒါလဲစာရေးဘို့ တွန့် ရတဲ့ အကြောင်းထဲကတခုပဲလို့ဆင်ခြင်မိရဲ့။ (ချက်ခြင်းပဲ ဆင်ခြေပါ လို့လဲတွေးမိရဲ့။)
အကြောင်းဆိုက်လာပြီမို့ နည်းနည်းဆက်လိုက်ပါအုန်းမယ်။ နောက်တခုက မနေ့က ကဗျာတပုဒ်ရေးမိတာ၊ စိတ်ထဲ ဘ၀င်မကျဖြစ်ပြီး မျက်ခုံးနှစ်ဖက်ရှုံ့တက်သွားလောက်အောင် စိတ်ကို ရိုက်ခတ်သွားစေတဲ့အချက်ကတော့ အဲ့ဒီကဗျာဟာ နည်းနည်း လျော့လျဲလျဲဖြစ်နေပြီး ကျစ်လျစ်မှုအားနည်းသွားတယ်လို့ခံစားရတယ်။ ရေးတာကတော့ ခုနောက်ပိုင်း အရသာတွေ့ပြီးရေးဖြစ်နေတဲ့ မော်ဒန်လွန် အမျိုးအစားဖက် ကျွံဝင်နေတဲ့ ကဗျာမျိုးပါပဲ။ စကားပြေနဲ့ကဗျာကြား နယ်/စည်း မခြားတော့ပဲ ကစား ပြီးရေးတဲ့ သဘောမျိုးလို့ပြောချင်တယ်။ ကိုယ်ပြော တာလဲ ၀ါးတားတားပါ။ ကိုယ်တကယ်ပြောချင်ရာကို မရောက်မှန်းသိနေတယ်။ ဒီတော့ ဒီအကြောင်းခဏထားလို့ ကိုယ်တွေးမိတဲ့အတွေးကိုပဲ ဆက်ပြောတာပဲ ကောင်းပါတယ်။ (တနေ့က meet the poetry မှာ Harry Lwin တင်ထားတဲ့ “မိုးဖွဲလေးတွေ စွေလာလိမ့်မည်” ပို့စ်လေး သဘောကျမိတယ်။ တခုခု ပြန်ပြော/commentချင်ပေမယ့် မထိမရောက်ဖြစ်သွားမှာစိုးလို့ မပြောဖြစ်သေးဘူး။ တကယ်ကို ကြိုဆိုပါတယ်။ ဒီလိုအားထုတ်မှုမျိုးကို၊ ကြိုက်တာမကြိုက်တာက တပိုင်းပေါ့)
ပြောချင်တာကတော့ စောစောက ကဗျာပြန်ဖတ်ကြည့်ပြီး စိတ်ထဲ ခိုးလိုးခုလုဖြစ်သွားရတာကစကားပြေရေးနေလို့ ကဗျာမှာ လာထိခိုက်သွားလားဆိုတဲ့ သံသယ စိတ်ကြောင့်ပါပဲ။ ဒီစိတ်ဟာခုမှ ကောက်ကာငင်ကာ ပေါ်လာတာမဟုတ်ပါဘူး။ ကဗျာတွေရေးဖြစ်ပြီး မရှေးမနှောင်းမှာ စကားပြေတချို့ရေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲက count လုပ်လို့ရတဲ့ ရလဒ်တခုကတော့ ၁၉၈၁ လောက်ကရှုမ၀မှာ (ချစ်ကိုယ်တွေ့မဟုတ်ဘူးနော်) ၀တ္ထုတို ရွေးချယ်ဖော်ပြခံခဲ့ရတာ တပုဒ်ပါခဲ့ဖူးတာပါပဲ။လင်းလက်အောင် ဆိုတဲ့ ကလောင်နံမယ်နဲ့ပါ။ ‘သီတင်းကျွတ်ပန်းချီကားအို’ ဆိုတဲ့ ၀တ္ထုတိုလေးပါ။ အဲ့ဒီနောက် အားတက်ပြီး ၀တ္ထုတိုလေးတွေ လေး ငါး ဆယ်ပုဒ်လောက် ရေးဖြစ်သေးပေမယ့်။တပုဒ်မှ အရွေးမခံရတော့ပါဘူး။ အံမယ်လေး အရွေးမခံရတာကို ကိုယ်ညံ့လို့လို့ အဲဒီတုန်းကမထင်ခဲ့ပဲ၊ အယ်ဒီတာတွေ ပုံမလာဘူး။ ငါ့ အနုပညာကို သဘောမပေါက်ကြသေးဘူးလို့ ထင်ခဲ့တာ။ ဘယ်လောက်ရယ် ရသလဲဆိုတာ။ အဲ့ဒီနောက်ပိုင်းမှာ ကဗျာအပေါ်ပဲ တကိုယ်လုံးပစ်ပုံလိုက်ပြီး တစိုက်မတ်မတ်ရေးလာတဲ့ အကျိုးကျေးဇူးကတော့ (ဒါကြောင့်လဲ ခုတော့ အယ်ဒီတာမင်းများကို တဖုံတလှည့် ကျေးဇူးတင်တတ်သွားပါပြီ၊ ကိုယ့်စကားပြေညံ့တာကိုတော့ ပိုကျေးဇူးတင်ရတာပေါ့။ ကဗျာဆရာဖြစ်လာရေး အထောက်အပံ့ကောင်းတခု အဖြစ်နဲ့) ဒီကနေ့ ကိုယ်စိတ်ကျေနပ်နိုင် ဘ၀င်ကျနိုင်တဲ့ ကဗျာမျိုးတွေရေးနိုင်ခဲ့တာပါပဲ။ ကဗျာကောင်းတွေ ရေးနိုင်ခဲ့တာ လို့ တမင်တကာ မရေးမိအောင် ရှောင်ခဲ့ပါတယ်။ မရှက်တမ်းပြောကြကြေးဆို ခုနေမှာ ကိုယ့်ကဗျာတွေကိုကောင်းတယ်လို့ ကိုယ်ထင်ကုတင်ရွှေနန်း လုပ်နေမိပေါ့။
ကဗျာလျော့လျဲတဲ့အကြောင်းပြောဖို့ ပြင်ရာကနေပြီးတော့ ဘယ့်နှယ်ကနေ ဘယ့်နှယ်လုပ်ပြီးကိုယ်ရည်သွေးတဲ့ဆီရောက်သွားတာပါလိမ့်။ အဲ ပြန်ကောက်ရရင် ကဗျာတွေရေးဖြစ်ပြီး မရှေးမနှောင်းမှာ စကားပြေ ရေးဖြစ်တယ်။ ဒါပေမယ့် မစွံဘူး။ ဒါနဲ့ စိတ်ပျက်ပြီးမရေးဖြစ်၊ လေးစားအားအကျဆုံး ကဗျာဆရာ အောင်ချိမ့်ကို ကြည့်တယ်။ စကားပြေ မရေးသလောက်ပဲ။ အမှာစာတို့ ဘာတို့တောင် ဒီဖက်ပိုင်းကျမှ နည်းနည်းရေးလာတာ။ ဟိုတုန်းက ဘာမှ မရေးဘူး။ တခါမရဲတရဲ စကားစပ်ကြည့်ဖူးတယ်။ ထုံးစံအတိုင်း လိုတိုရှင်း သူပြောတဲ့ စကားအရင်းအတိုင်း ကိုမမှတ်မိတော့ပေမယ့် စကားပြေမရေးဖို့ တမင် တောင့်ထားတာမျိုးကို ဆိုလိုတယ်လို့ ယူဆဖြစ်တယ်။ ဒါနဲ့ စကားပြေရေးတာဟာ ကဗျာရေးတာအပေါ် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေတယ်လို့ စိတ်ထဲ စွဲသွားတော့တယ်။ တဖြည်းဖြည်းနဲ့ ဒီစိတ်ဟာ ဥပါဒါန်လိုဖြစ်လာပြီး တကယ်ပဲစကားပြေရေးရမှာ ကြောက်တဲ့စိတ်နဲ့ စကားပြေရေးခြင်းအမှုဟာ ကိုယ့်အတွက် သံချေးကိုက်နေတဲ့ သံဘီရိုတလုံးဖြစ်လာခဲ့တော့တယ်။
ခုတော့လဲ ကဗျာတွေ ပုဒ်ရေတော်တော်များများရေးဖြစ်သွားခဲ့ပြီ။ သူငယ်ချင်း ဇေယျာလင်းရဲ့ဆောင်းပါးတွေ စာအုပ်တွေ ကျေးဇူးနဲ့ ကဗျာရေးနည်းအသစ်တွေနဲ့လဲ တို့ထိကစား ပျော်ပါး မွေ့လျော် တတ်ခဲ့ပြီမို့၊ သိပ်ကြီးရေးကြီးခွင်ကျယ် လုပ်ပြောစရာမရှိတော့ပါဘူး။ ရေးချင်
ရင် ကောက်ရေးလိုက်ရုံပါပဲ။ ကိုယ်လိုအပ်သလောက် ဖတ်သူအရေအတွက် ဆယ်ဂဏန်းမျှလဲ ပုံမှန်ရှိနေပြီမို့ ပုံ ပြီး ယုံလိုက်လို့ရနေပါပြီ၊ ကဗျာဖက်က ပြောတာပါ။ တအိအိ အနည်ထိုင်အနှစ်ကျလာတဲ့ (အနှစ်-ဆိုတာ အနည်အမှုန်တွေ များလာပြီး ထူထဲပျစ်နှစ်လာတယ်လို့ပြော
ရုံမျှသာ။ အနှစ်သာရပြည့်ဝသော ဆိုတဲ့အထိ မရောက်ပါ။ ဤကားစကားချပ်) ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေက ရင်ဘတ်ထဲမှာတင် မနေတော့ပဲ တရွရွ တလှုပ်လှုပ်နဲ့လည်မြိုဝနားထိ ရောက်လာပြီး ကိုယ့်ကို တစ်ဆို့ဆို့ အီလည်လည်ကြီး ဖြစ်အောင် မွှေနေကြပြီမို့သံချေးတက် ဗီရိုကြီးကိုဖွင့်ကာ စကားပြေရေးခြင်းတည်းဟူသော အလေ့အကျင့်ကိရိယာကြီးကို ပင့်ကူမျှင်ရှင်း ဖုံသုတ်ခါရင်း ခတ်ကွင်းပြင်နေမိပါကြောင်း။
ခင်အောင်အေး
၁၇၊ အောက်တိုဘာ၊ ၂၀၁၁ 

ချေလ်တန်ဂရို့ဗ် လန်ဒန် ၀၈း၅၂ နာရီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်