>Myo Myint Cho – Remembering Maung Thaw Ka

June 17, 2009

>

မရှူံးခြင်းနှင့် မနိုင်ခြင်း

မျိုးမြင့်ချို

ဇွန် ၁၇၊ ၂၀၀၉

ကျနော့် နားလည်ထားချက်အရ အကျဉ်းထောင်၊ တရားရုံး၊ ရဲနှင့် စစ်တပ်ဆိုသည်မှာ အုပ်ချူပ်သူများ၏ လူထုဖိနှိပ်ရေး ကိရိယာများသာ ဖြစ်ပါ သည်။ ထိုတရားသည် မည်သည့်နိုင်ငံများတွင်မှား၍ မည်သည့်နိုင်ငံများတွင်မှန်သည်ကို တပ်အပ်မပြောနိုင်သော်လည်း ဗမာပြည်တွင် မှန်ပါ သည်။ ကျနော် မှန်သည်ထင်၍ ပုန်ကန်သည်။ ထို့ကြောင့် ကျနော် သူပုန်ဖြစ်သည်။ သူပုန်တိုင်း မင်းမျက်သင့်၏။ မင်းဒဏ်ရှ၏။ ကျနော်လည်း သင့်၏။ ရှ၏။ လည်မျိုပေါ်တုတ်တိုမရောက်ခြင်းနှင့် ရေတွင်အဖျောက်မခံရခြင်းအတွက် “ဘုရားသခင်”နှင့် “ကံ” ကို ကျေးဇူးတင်စရာ ကောင်းသည်ဟု ယခုအချိန်ထိမထင်မိပါ။

အင်းစိန်တောရတွင် သီတင်းသုံးဖူးတိုင်း “ရင်ခွဲတိုက်” ဟု ဆိုရုံနှင့် “ကြိုးတိုက်” ဒါမှမဟုတ် “၂ တိုက်” မှန်းသိကြသည်။ ထူးခြားသည့် အခေါ်အဝေါ်နှင့် ထူးခြားသည့်တိုက်ခန်းဖွဲ့စည်းပုံကြောင့် တချို့ ထိုတိုက်ကိုရောက်ဖူးချင်ကြသည်။ သို့သော် မရောက်ခဲ့ကြ။ ကျနော်က အခွင့် အခါသင့်သဖြင့် ထိုတိုက်သို့ ၂ ကြိမ်တိုင်တိုင်ရောက်ခဲ့ဖူးပါသည်။ “ကြိုးတိုက်” တဲ့။ နင့်သီးလိုက်သည့်အသုံး။ ကြက်သီးမွှေးညှင်း ထချင်စရာ။ အကယ်၍ ဗမာပြည်တွင် သေဒဏ်ကျခံရသူများအား လျှပ်စစ်ကုလားထိုင်ဖြင့်၊ ခေါင်းဖြတ်စက်ဖြင့်၊ သေဆေးထိုးခြင်းဖြင့်၊ လက်ဖြောင့် သေနတ်သမားဖြင့်သတ်လျင် ထိုတိုက်ကိုဘယ်လိုခေါ်မလဲဟု ကျနော်တွေးမိဖူးပါသည်။ အာဏာလက်ဝယ်ရှိသူတို့၏ “သူပုန်များအား တရား စီရင်ခန်း” အောက်တွင် သူပုန်ပေါင်းများစွာ “ဒေါက်ဖြုတ်” ခံရပြီး သေခြင်းတရားကို လှပစွာလက်ခံခဲ့သည့်အရပ်မို့ အရှိန်အစော်က ကြီးလွန်း လှသည်။

ထိုတိုက်တွင် အခန်းပေါင်း ၆၀ ရှိပါသည်။ မျက်နှာချင်းဆိုင် အခန်း ၃၀ စီ စီထားသဖြင့် ၂ ဘက်ပေါင်း ၆၀ ဖြစ်သည်။ အလယ်က လျှောက်လမ်းဖြင့်ခွဲထားသည့် ရထားတွဲကြီးနှင့်ဆင်ပါသည်။ တခန်းချင်းစီ၏နောက်ဘက်အပေါ်ရှိ အလင်းပေါက်ကလေးမှအလင်းရောင် မှတပါး အပြင်အလင်းရောင်မရသဖြင့် အမြဲတမ်းလိုလိုမှုံဝါးဝါး။ ကြိုးတိုက်တွင် အခန်း ၆၀ ရှိသည့်အနက် အခန်း ၁၄ ခန်းကို အလယ်မှ ကန့် လန့်ဖြတ် သစ်သားတံခါးကြီးဖြင့်ပိုင်း၍ ထပ်ခွဲထားပါသေးသည်။ ၂ တိုဟု ခေါ်ပါသည်။ ၂ တိုတွင် ထောင်ကျပြီးမှထောင်တွင်းပြစ်မှု ထပ်မံ ကျူးလွန်သည်ဆိုသည့် ကြိုးသမားများနှင့် ကြိုးသမားမဟုတ်သည့် အခြားအကျဉ်းသားများလည်းရှိပါသည်။

ကျနော် ကြိုးတိုက်သို့ ပဌမအကြိမ်ရောက်စဉ်က “အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသား”ဘဝ။ တော်တော်လှပသည့် စကားလုံးဟုတွေးစရာ ရှိသော်လည်း အလွန်အကျည်းတန်သည့် အဖြစ်တွေရင်ဆိုင်ခဲ့ရပါသည်။ ထိုစဉ်ကတည်းက သူလည်း ကြိုးတိုက်တွင်ရှိနေခဲ့ပါသည်။ အခြား မည်သူမည်ဝါတွေရှိသည်ဟုသာ သိရသော်လည်း မည်သူနှင့်မျှ မတွေ့ခဲ့ရပါ။ သေဒဏ်ကျကြိုးသမားများအား ၃ ခန်းတတွဲနှင့် ရေချိုးဆင်းချိန် ၁၅ မိနစ်ခွင့်ပြုပါသည်။ ကျနော်တို့ နိုင်ငံရေးထိန်းသိမ်းများကိုမူ တယောက်တခန်းထားသည့်အပြင် ရေချိုးချိန်ကိုလည်း ခွဲထားပြန်သည်။ ဘယ်သူတွေရေချိုးဆင်းဆင်း ကျနော်တို့အခန်းများကို နှီးကြောဖျာများဖြင့်ပိတ်ထားသလို ကျနော်တို့ရေချိုးဆင်းချိန်တွင်လည်း အခြား သူများ၏အခန်းများအား အလားတူပိတ်ထားပါသည်။ ကြိုးတိုက်၌ တလခွဲခန့်နေခဲ့ရပြီး ကျနော့်အား ၁ တိုက်သို့ပြောင်းရွှေ့ပြီး ချူပ်ပြန်ပါသည်။

၁ တိုက်တွင် ၄ လခန့်နေပြီးနောက် စစ်ခုံရုံးဖြင့်ထောင်ချလိုက်ပါသည်။ ထို့နောက် ဟိုတိုက်ဒီတိုက်နှင့် တိုက်သံသရာလည်နေချိန်များ ဖြင့်သာပြီးနေတော့သည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ်နှောင်းပိုင်း အင်းစိန်ထောင်တွင်း “တောင်းပွဲတိုက်ပွဲများ”အနက် လူအများဆုံး ပါဝင်ခဲ့ သည်ဟုဆိုနိုင်မည့် ၁၉၉၀ စက်တင်ဘာ ၂၅ အရေးအခင်းဖြစ်လာသည်။ ထိုအချိန်က ကျနော် ၄ ရှည်တွင်ရှိနေပါသည်။ အခြားသော နိုင်ငံ ရေးအကျဉ်းသားများနည်းတူ ကျနော်လည်းပါခဲ့သည်။ ၉၀ စက်တင်ဘာ ၂၅ အား အာဏာပိုင်တို့က သွေးရူးသွေးတမ်းဖြေရှင်းခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား လူစုခွဲပါသည်။ တချို့ကို ညတွင်းချင်း ထောင်ပြောင်းပြစ်လိုက်သည်။

၎ ရှည်မှ ကိုခွန်ဆိုင်း(သွေးသစ်လူငယ် များအစည်းအရုံး)၊ ကိုမြင့်ရီ(ဗ.က.သ)၊ ကိုညိုထွန်း(ဗ.က.သ)၊ ကိုအောင်သန်း(NLD)၊ ကိုကျော်အေး (ဒ.ည.တ) နှင့် ကျနော်တို့မှာ မိုး ပိုအရွာခံသည်လား အညှိုးပို အသိုခံရသည်လား မပြောတတ်ပါ။ ၄ ရှည်မှ ခွဲထုတ်ခံလိုက်ရပါသည်။ ကိုခွန်ဆိုင်းနှင့် ကိုညိုထွန်းမှာ ညတွင်း ချင်းသရက်ထောင်သို့။ ကျနော်နှင့် ကျန် ၃ ယေ.ာက်မှာ ကြိုးတိုက်သို့။

ဒုတိယမ္ပိ ကြိုးတိုက်ခရီးသည် ပဌမအကြိမ်ထက်အဆပေါင်းများစွာပိုဆိုးပါသည်။ ဘယ်လောက်ဆိုးသလဲဟု ဆိုလျှင် ကျနော့်ထောင်သက် စုစုပေါင်း ၁၅ နှစ်တွင် အဆိုးဆုံးအခြေအနေဖြစ်သည်ဟုသာ ပြောချင်ပါသည်။ ထားတော့။ ကျနော်ပြောချင်သည်မှာ ထောင်အကြောင်း မဟုတ်ပါ။ ကျနော်ပြောချင်သည်မှာ သူ့အကြောင်းဖြစ်ပါသည်။ တရက် သူ ရေချိုးဆင်းပြီးအပြန်တွင် ကျနော်က သူ့ကိုတွေ့ချင်နေသည်။ စကားပြော၍မရမှန်းလည်းသိသဖြင့်လည်း ခေါင်းကလေးဆတ်ပြခွင့်ရရုံ၊ လက်မကလေးထောင်ပြခွင့်ရရုံလောက်သာ မျှော်လင့်ထားပါသည်။

(ထောင်တွင်းအကျဉ်းအကြပ်ကာလများတွင် တယောက်ကိုတယောက် ရင်ဘတ်ကိုကပ်၍လက်မထောင်ပြခြင်း၏သင်္ကေတမှာ အသံတိတ် နည်းဖြင့် “တောင့်ထား”“တောင့်ထားတယ်” ဟူသော အဓိပ္ပါယ်ဆောင်ပါသည်)

အခန်းပေါက်ကို ပိတ်ထားသည့် နှီးကြောဖျာကြမ်းကို မသိမသာလေးလှစ်၍ သူပြန်အလာကို ကျနော် ချောင်းနေပါသည်။ သူပြန်လာပြီ။ အစောင့်ဝါဒါ၏ အော်သံကြားလိုက်ရသည်။ “အားလုံး နောက်လှည့်ထား” တဲ့။ ကျနော်မလှည့်။ ကျနော်အတွက် ပြာပူမကြောက်ခဲ့ဖူးသည့်အချိန်များ။ ဖြစ်ချင်ရာဖြစ်။ ရအောင် နှုတ်ဆက်မည်ဟု စိတ်ကပိုင်းဖြတ်ထားပြီးသား။ မလှည့်၊ ကြမ်းပြင်ပေါ်အသာပုချလိုက်ပြီး ခေါင်းကိုထောင်ထားလိုက်သည်။ ကံကောင်းသွားသည်။ ရေချိုး ထုတ်ချိန် နောက်ကလိုက်သည့် အစောင့်ဝါဒါသည် ကျနော်နှင့်တရပ်တည်းသားဖြစ်နေသည်။ သူက ကျနော့်ကို မမြင်ယောင်ဆောင်ပြီး နေပေး သည်။

ကျနော်က ဆရာမောင်သော်ကကို ရင်ဘတ်ကပ်ပြီးလက်မထောင်ပြလိုက်သည်။ သူက ကျနော့်ကိုမြင်တော့ လှည့်ရစောင်းရ ခက်လှသည့် သူ့လည်တိုင်ကို အားယူလှည့်ရင်း “ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ” တဲ့။ ဒါပဲ။ ဘာမှ ထပ်ပြောနေချိန်မရတော့။ သူလည်း ဆက်လျှောက်သွားသည်။ ကျနော်လည်းကြမ်းပြင်ပေါ်ပုလျက်သား ကျန်နေခဲ့သည်။

နောက်တော့ နောက်ထပ်အတောမသတ်နိုင်သည့် အဆိုးများကြားတွင် လိမ့်ပြီးရင်းလိမ့်နေခဲ့ရပါသည်။

ထို့နောက်ပိုင်း ကျနော် တောင်ငူထောင်သို့ အရွှေ့ခံရပြန်သည်။

သူ ကျန်းမာရေးမကောင်းတော့ကြောင်း၊ ထောင်က သူ့ကို မည်သို့ပြုမူကြောင်း စသည့်ရင်နင့်စရာတွေကြားရသည်။

ကျနော်လည်း စိတ် မကောင်း။ ဘာမှလည်းမတတ်နိုင်။ ရောက်ရာထောင်မှာ ငဖယ်တေ အတေခံရပြီး လူလည်းအပွေးတက်လာသည်ထင်၏။ မချိမဆန့် နှလုံးသားသည် “ခံနိုင်ရည်နှင့်ဝ” လာသည်လား မဆိုတတ်တော့။ တော်ရုံတန်ရုံဆိုသည်များကို ကျကျနန“ခံ” တတ်လာသည်။ သို့သော် …။ ထို သို့သော်ကား အရေးကြီးပါမည်။ “ပြီးတာတွေပြီးပါစေတော့” ဆိုသည့်အပြောအဆိုမျိုးကို ဘဝင်ခွေ့သူများ၊ ခံတွင်းလိုက်သူများ ရှိနိုင်ပါမည်။ ဘာမျှမပြောလိုပါ။ သူ့အကြောင်းနှင့်သူရှိပါလိမ့်မည်။ ကျနော်ကား ထိုစဉ်ကရော ယခုရော “ပြီးတာတွေပြီးပါစေတော့” ကို ဟာဒယမတွေ့သေးပါ။

နောက်တော့ သူ ကျဆုံးသွားပြီတဲ့။ ကြား ကြားခြင်းစိတ်ထိခိုက်မိသည်။ ကြိတ်မနိုင်ခဲမရဖြစ်ရသည်။ ဆောက်တည်ရာမရ ဖြစ်စရာမရှိဟုသာ ကိုယ့်ဘာသာကိုယ် တွေးပြီးဖြေယူလိုက်ရသည်။ သူကား သူယုံကြည်ရာအတွက် နောင်တမဲ့စွာ၊ ရဲရင့်စွာ၊ ခိုင်ကြည်ပြတ်သားစွာ ခရီးခဲကို ဖြတ်သန်းခဲ့လေပြီ။

ကျနော်တို့သည် အားကစားမဟုတ်သည့်ပွဲတပွဲတွင် ဝင်ယှဉ်ခဲ့ကြပါသည်။ ယှဉ်နေဆဲလည်းဖြစ်ပါသည်။ အားကစားပွဲဆိုသည်မှာ စည်းမျဉ်း စည်းကမ်းမည်မျှ ကောင်းကောင်း၊ ခြေရည်မည်မျှသာသာ ဒိုင်ညစ်လျှင်ရှူံးရသည်များရှိတတ်ပါသည်။ ကျနော်တို့ ကစားခဲ့သည့်ပွဲသည် ဒိုင် မရှိသည့်ပွဲ။ ကြိုတင်စည်းမျဉ်းစည်းကမ်းများ မသတ်မှတ်နိုင်ခဲ့သည့်ပွဲ။ ထို့ကြေင့် သူပြောခဲ့ဖုးသလို ရှူံးသည်ဟုဆိုလျင်လည်း မနိုင်သေးခြင်း သာဖြစ်ပြီး၊ မနိုင်သေးဟုဆိုလျင်လည်း မရှူံးသေးခြင်းသာဖြစ်မည်ဟု တွေးနေမိပါသည်။

“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”

“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”

“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”

ဆိုသည့် သူ့အသံများကား ယနေ့တိုင် ကျနော့်ရင်တွင် ပဲ့တင်ထပ်ဆဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments