fbpx

>Moe Cho Thin – DASSK 64

June 19, 2009

>

မွေးနေ့ ဆုတောင်း

မိုးချိုသင်း

ဇွန် ၁၉၊ ၂၀၀၉

ဟိုးငယ်ငယ်က နေ၀င်ရီတရော ညနေစောင်းကလေး မိသားစု လမ်းလျှောက်ထွက်ကြတဲ့ အချိန်လေး တချိန်ကို ကိုယ်သတိရနေမိတယ်။

ကိုယ်တို့ မိသားစုက ညနေဖက်တွေဆို ထမင်းစားသောက်ပြီးရင် တက္ကသိုလ်ရိပ်သာလမ်း တလျှောက်ကနေ ပင်မတက္ကသိုလ်ဖက်ကို လမ်းလျှောက်ထွက်တတ်ကြတယ်။ ငှက်တွေလဲ အိပ်တန်းပြန်ပြီ။ နေရီဖျိုးဖျမှာ ကျီးတွေကလဲ အုပ်စုလိုက် အာ လို့။

ခရေတွေက မွှေးမွှေး လမ်းကလေးတလျှောက် ကိုယ်တို့ကလေးတွေက ရှေ့ ကပြေးတော့ အဖေနဲ့အမေက နောက်က စကားတပြောပြောနဲ့ လိုက်ကြတယ်။ ကိုယ်တို့ကလေးတွေက လိုက်တမ်းပြေးတမ်း ဆော့သလိုနဲ့ ရှေ့ကို ပြေးသွားလိုက်ကြ၊ နောက်မှာ ကျန်ခဲ့တဲ့ အဖေတို့ အမေတို့ဆီ ပြေးလာလိုက်ကြ။

တခါတလေ လမ်းမှာ အသိနဲ့တွေ့လို့ အဖေတို့ ရပ်စကားပြောနေရင် ကိုယ်တို့ကလဲ ဘေးကနေ ၀ိုင်းမော့ နားထောင်လို့။ ပြီးတော့ လူချင်းခွဲ၊ လမ်းဆက်လျှောက်ကြပြန်တယ်။ အဖေ့ထုံးစံက သူ့မိတ်ဆွေတွေကို ကိုယ်တို့သားသမီးတွေ ဘယ်လောက်ပဲ ငယ်နေပါစေ၊ လူရာသွင်းပြီး နံမည်နဲ့ မိတ်ဆက်ပေးတတ်တာပါ။

ဒါကတော့ ပထမသမီး၊ သူကတော့ ဒုတိယ၊ သူကတော့ တတိယ သမီးလေ၊ ဟိုပြေးနေတဲ့ ကလေးက နံပါတ် (၄)ပေါ့၊ သားကတော့ အငယ်ဆုံး ..ယောကျာင်္းလေး တယောက်ပဲ ပါတယ် စသဖြင့်ပေါ့။ ပြီးရင် မိတ်ဆွေတွေရဲ့ နံမည်ကို ပြောပြတတ်တယ်။ ဒါကတော့ ဦးဦး ဘယ်သူ တဲ့၊ မှတ်ထားနော် သမီး။ ဒါကတော့ အံတီ ဘယ်သူပေါ့။ ကိုယ်တို့လဲ ဟုတ်ကဲ့၊ ဟုတ်ကဲ့ရှင့် နဲ့ ပြောပြော ပြေးပြေး ဆော့ဖို့ စိတ်ရောက်သွားတော့တာပါပဲ။

တညနေတော့ အဲဒီလို မိသားစု လမ်းလျှောက်ရင်း အဖေတို့ အသိတယောက်နဲ့ လမ်းမှာတွေ့လို့ စကားပြောနေတယ်။ ကိုယ်တို့လဲ ပြေးရင်း ဆော့ရင်း အဖေတို့နားကပ်ပြီး ဘယ်သူများလဲလို့ စပ်စုမိတော့ ပိန်ပိန် အသားဖြူဖြူဝင်းဝင်း အမျိုးသမီး ငယ်ငယ် တယောက်။ မြန်မာဆန်ဆန် ခပ်ရိုးရိုး ၀တ်လို့၊ စာအုပ်တချို့ကို ရင်မှာ ပိုက်လို့။

ကိုယ်တို့ အနားရောက်သွားတော့ အဖေက သမီးတို့ လာပါအုံး၊ သမီးတို့ ဗိုလ်ချုပ်အောင်ဆန်းကို သိတယ် မဟုတ်လား တဲ့။ ခေါင်းညိတ်မိတော့ “အဲဒါ ဗိုလ်ချုပ် သမီးပဲ” တဲ့။ ကိုယ်တို့လဲ အံ့သြသွားတာပေါ့။ ဗိုလ်ချုပ်ကိုတော့ ကောင်းကောင်းသိတာပေါ့။

“အရုဏ်ဦးက ကြယ်နီဖြာ

ဗိုလ်ချုပ်အောင်ဆန်းပါ

တို့ဗမာပြည် အမှောင်တွင်း

သူခေါင်းဆောင်လို့ လင်း”

… လို့ အိမ်မှာ အမြဲဆိုနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတော့ မှတ်မှတ်ထင်ထင် ရှိသွားရတာပေါ့။ နောက်ပြီး သူ့မျက်နှာက ကြည်လင်ပြုံးချို လွန်းလို့ တခါတွေ့ဖူးရင် တသက်မှတ်မိသွားတာမျိုး။

အခုလဲ စာကြည့်တိုက်ကလား၊ စာအုပ်ဆိုင်ကလား ပြန်ခဲ့ပုံပါပဲ။ လက်မှာလဲ စာအုပ်တပွေ့ နဲ့။ သူက နိုင်ငံခြားမှာ ကျောင်းသွားတက်နေရာက ကျောင်းပိတ်ရက် အိမ်ပြန်လာတာတဲ့။ အဖေနဲ့ စာအုပ်ကိစ္စတွေ ပြောကြ ဆိုကြပုံရတယ်။ အဖေက သူပြန်လာတိုင်း သူလိုချင်တဲ့ စာအုပ်တွေ ရှာပေး၊ စာကြည့်တိုက်တွေ အတူသွားကြတယ်။ အဖေတို့ အမေတို့ထက် အများကြီး ငယ်ပုံရပေမဲ့ အဖေရော အမေရော တလေးတစား ဆက်ဆံ စကားပြောနေကြတာ ကိုယ်မှတ်မိနေတယ်။

နောက်တော့ ကိုယ်တို့လဲ အရွယ်ရောက် တက္ကသိုလ်တက်ကြတော့ ၈၈ အရေးတော်ပုံကြီး စ ခဲ့ပြီ။ အဲဒီအချိန်မှာ သူက မိခင် ဒေါ်ခင်ကြည်ကို ပြုစုဖို့ မြန်မာပြည်ကို ရောက်နေတာနဲ့ ကြုံကြိုက်နေတာမို့ မြန်မာ့နိုင်ငံရေးထဲ ပါဝင်ရဖို့ ဖြစ်လာတယ်။ သူ့သတင်းတွေထဲမှာ စွဲနေတာ တခုက “ပြည်သူ့ဖက်ကို အပြတ်လိုက်မယ်” တဲ့။

နောက် ဒေါ်ခင်ကြည် ဈာပနမှာ အဖေက ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ကဗျာတပုဒ် စပ်ခဲ့ပါတယ်။ အဲဒီကဗျာက “သမီးလက်သို့ အောင်သပြေခက်” တဲ့။ မိဘတွေရဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်တွေကို သမီးလက်ကို လက်ဆင့်ကမ်းလိုက်တဲ့ အကြောင်းကို စပ်ဆိုလိုက်တဲ့ ကဗျာလေးပါ။

နောက်တော့ ကိုယ်တို့လဲ အရေးတော်ပုံကြီးမှာ အုတ်တချပ် သဲတပွင့် ကျရာ နေရာက ပါဝင်ခဲ့ကြတယ်။ အဖေကတော့ ကလောင်နဲ့ တိုက်ပွဲဝင်၊ ပြည်သူ့ ကဗျာတွေ ရေးစပ်ရင်း NLD ရဲ့ ပင်တိုင် ကဗျာဆရာ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ အဖေက ပါတီဝင် မဟုတ်တဲ့ တဦးတည်းသော NLD တတ်သိပညာရှင် အဖွဲ့ဝင်ပါ။ ရုံးထုံးတမ်းစဉ်လာတွေ ဘာမှ နားမလည်သူမို့ ကဗျာပဲ ရေးပါရစေဆိုတာကို “တတ်သိပညာရှင်ထဲ ဆရာပါရမှာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးလို့ ပါဝင်ခဲ့ရတာပါ။

ကဗျာဆရာကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ အဲဒီကဗျာတွေကို နံမည်ဝှက်နဲ့ မရေးဘဲ မူရင်း နံမည်နဲ့ပဲ ရေးလို့ ကဗျာဆရာ “ထောင်” ဆုရခဲ့တယ်။ စစ်အစိုးရရဲ့ မျက်မာန်ရှ ငြိုးဖွဲ့တာ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ အကျယ်ချုပ် ၆နှစ် ကျ ခဲ့ပြီး နေအိမ်အကျယ်ချုပ်က လွတ်လာတော့ အဖေနဲ့တွေ့ချင်တယ်ဆိုလို့ ကိုယ်တို့သားအဖတတွေ သွားတွေ့ခဲ့ကြပါတယ်။

အဲဒီတုန်းက ဆုံခဲ့ရတာ ကိုယ် မမေ့နိုင်ဘူး။ သူ့မျက်နှာက ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်။ ထမင်းစားခန်းလေး ထင်ပါရဲ့၊ အဲဒီမှာပဲ ကိုယ်တို့စကားပြောကြတယ်။ စကားပြောကြတာ ဘာမှ ထူးထူးထွေထွေ မပါပါဘူး။ မိသားစု စကားဝိုင်းလိုပဲ ပျော်စရာကောင်းတယ်။ သူက ဟာသဥာဏ်လဲ ရွှင်တော့ တချိန်လုံး ရီမောနေရတာပေါ့။

အဲဒီတုန်းက ဒေါ်စုပြောတဲ့ အကြောင်းလေးတခု ကို မှတ်မိနေဆဲ။ သူ နေအိမ်မှာ အကျယ်ချုပ်ကျတုန်း စာအုပ်တွေ ရှင်းတုန်း ကဗျာလေးတပုဒ် တွေ့တယ် တဲ့။ သူ့အဖေ ဗိုလ်ချုပ် အောင်ဆန်း စပ်ထားတာပါ တဲ့။ သူက ရယ်ရယ်မောမောနဲ့ “ကဗျာကလဲ ကာရန်တွေဘာတွေ သိပ်မမိဘူး ဆရာ၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဆိုတဲ့ သဘောမျိုး စပ်ထားတာ” တဲ့။

သူလဲ သူ့အဖေ ကဗျာစပ်တယ် မကြားဖူးတော့ အံ့သြမိတယ် တဲ့။ အဲဒီကဗျာမူရင်းကို အဖေ့ကို လက်ဆောင်ပေးချင်ပါတယ် တဲ့။ ဒါပေမဲ့ သူ့ကိုလဲ တခုတော့ ပြန်ပေးရမယ် လို့ သူက ရီမောရင်း ပြောတယ်။ ဒါကိုတော့ သမီးတွေ လုပ်ပေးနိုင်မလားဘဲ လို့ ကိုယ်တို့ဖက်ကို လှည့်ကြည့်ပြီး ပြောသေးတယ်။ သူလိုချင်တာက ကိုယ်တို့အဖေ စပ်ထားတဲ့ ကဗျာတွေ အားလုံး ရနိုင်ရင် လိုချင်ပါတယ် တဲ့။ သူ စာအုပ်ရေးချင်လို့ တဲ့။

နောက်တော့ ကိုယ်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသား မိုက်ကယ်အဲရစ်စ်လဲ အိမ်ထဲဝင်လာလို့ သူနဲ့ပါ အတူ မိသားစု ဓာတ်ပုံရိုက်ကြတယ်။ မိုက်ကယ် အဲရစ်စ်က ခြံထိပ်မှာ စောင့်နေတဲ့ စစ်သားလေးတွေနဲ့ ခင်နေလို့ သူတို့နဲ့ စကားသွားပြောနေရာက ပြန်လာတယ်လို့ ဆိုတယ်။ သူတို့ နှစ်ယောက် တယောက်နဲ့ တယောက် သိပ်ချစ်မြတ်နိုးကြတာ သိသာလို့ ကိုယ်တို့စိတ်ထဲ ကြည်နူးပီတိ ဖြစ်မိပါတယ်။

နောက် ၁၀နှစ်ကျော်ကြာတော့ အဖေလဲ မရှိပြီ။ ကိုယ်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လဲ ချစ်ခင်သူတွေနဲ့ ခွဲခွာပြီး အင်းစိန်ထောင်မှာ အချိန်ဆွဲ မတရား အချုပ်အနှောင်ခံနေရရှာပြီ။ သူချစ်တဲ့ ခင်ပွန်းရဲ့ နောက်ဆုံး အချိန်လေးတောင်မှ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တွေ့ခွင့်မရခဲ့။ အာဏာရှင်တွေလဲ စစ်သွေးကြွတုန်း၊ လူထုလဲ အပူတွေနဲ့ မျက်ရည်ကျရတုန်း။ အရေးတော်ပုံလဲ မပြီးဆုံးသေး။

အဖေ ၂၀၀၄ခု က စပ်ခဲ့တဲ့ ကဗျာတပုဒ်နဲ့ ၁၉ရက် ဇွန်လမှာ ပြည့်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ကို ရည်စူးပြီး ကိုယ် မွေးနေ့ ဆုတောင်းချင်မိပါတယ်။ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံး။


“စု” အာဇာနည် သက်တော်ရှည်



ချစ်သူရဲ့ မျက်နှာ

ချစ်သူရဲ့ ဝေဒနာကို

မေတ္တာစိတ် စာနာစိတ်တွေ လျှံဖိတ်နေပေမဲ့

တိတ်တဆိတ် ကျောခိုင်းပြီး

သံတံတိုင်းကြားက မျက်ရည်သုတ်ပြီး

နောက်ဆုံး နှုတ်ဆက်ခဲ့ရှာတဲ့ “စု”။

ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို

ကိုယ်နဲ့ထပ်တူ နှိုင်း

ကျောမခိုင်းရက်

ချစ်သူကိုသာ လက်ပြ ထွက်ခွာခဲ့ရှာတဲ့ “စု”။

ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာထက်

တိုင်းပြည်ရဲ့ ဒုက္ခနဲ့ ဝေဒနာကိုသာ

မဖြေသာနိုင်အောင် ခံစားပြီး

အမှန်တရားကိုသာ ဦးတည်တဲ့

အောင်ဆန်းစုကြည် ဆိုတဲ့ တို့ခေါင်းဆောင်။

သူ့နှလုံးသားကို စတေး

သူ့သွေးကို လှူတဲ့

သူမတူတဲ့ အာဇာနည်

သက်တော် ရာကျော် ရှည်ပါစေ။

တင်မိုး

၃၊၆၊ ၂၀၀၄

လူထုက ချစ်တဲ့ လူထု ခေါင်းဆောင် တယောက် ပေါ်ပေါက်ဖို့ဆိုတာ ခက်ခဲလွန်းလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ် ငြိမ်းချမ်းပြီး အသက်ရာကျော် ရှည်ပါစေ။ လူတဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှင်စနစ်လဲ ကျဆုံးပါစေ။

(ပန်းချီကားက ပန်းချီဆရာ ကိုသန်းဌေးမောင်ရဲ့ လက်ရာပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)