>Lu Bo – Hundred Note

July 11, 2009
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

တရာတန် ဇာတ်လမ်း

လူဗိုလ်

ဇူလိုင် ၁၁၊ ၂၀၀၉

(၁)

“ဟိုက် … ပိုက်ဆံ ရာတန်ကြီးပါလား၊ အိပ်ကပ်ထဲ ဘယ်လိုရောက်လာပါလိမ့် …”

အစည်းအဝေးထိုင်အပြီး၊ အားလုံးကိုနှုတ်ဆက်ကာ အသစ်ဖွင့်စ ငြိမ်းချမ်းရေးရင်ပြင် တိုင်းရင်းသားခန်းမကအထွက် ဆေးလိပ်သောက်ချင်စိတ်ပေါက်လာသဖြင့် အိပ်ကပ်ထဲအရှာ တွေ့လိုက်ရတာ။ သေချာတာက ကျနော့်ပိုက်ဆံမဟုတ်။ အိမ်က အမျိုးသမီး ထည့်ပေးလိုက်တာလည်း မဟုတ်။ အိမ်မှာ ငွေပြတ်နေတာ ကြာပြီ။

ဒါဆိုရင်ဒီပိုက်ဆံက ဘယ်ကနေရောက်လာတာလဲ၊ တယောက်ယောက်က တနေရာရာကိုပေး ခိုင်းလိုက်တာလား။ ဘယ်သူပေးလိုက်တာလဲ ..စသဖြင့် တယောက်ထဲမေးခွန်းတွေထုတ်ရင်း အိမ်အပြန် လမ်းတလျှောက်မှာ ဆေးလိပ်တိုကို အဆက်မပြတ်ဖွာလာမိခဲ့တယ်။ မိုးကလည်းရွာလိုက်တာ သဲသဲမဲမဲ။ နို့ဖိုး မိုးက စွေပြီဆိုအဆက် မပြတ်၊ တပတ် နှစ်ပတ်အထိ ကြာတတ်တယ်။

ညနေစောင်းကျော်ကျော်ဆိုပေမယ့် မိုးကသဲသဲ အလင်းရောင်ကမွဲမွဲမို သတိထားလျှောက်ရင်းက ပီအေဘီရပ်ကွက် အစပ်ကိုအရောက်မှာ ခေါင်းထဲမှာအဖြေတခု ဖြတ်ခနဲလင်းလက်လာတယ်။

ကိုခင်လွန်းတို့၊ ကိုထင်လင်းအောင်တို့များ မသိအောင်ထည့်ပေးလိုက်ကြတာလား။

ကျနော်က အအေးဒဏ်မခံနိုင်လို့ အနွေးထည်နဲ့ကင်းလို့မရ။ ခုလည်းရာသီဥတုက အေးလွန်းလို့ ဖရီးဂျက်ကက်ကို ဝတ်ထားရတယ်။ နော်ဝေနိုင်ငံကိုထွက်သွားတဲ့ ဦးမြတ်စိုး လက်ဆောင်ပေးခဲ့တဲ့ အင်္ကျီပေါ့။ ဆိုတော့ အိပ်ကပ်ထဲမသိအောင် ထည့်ဖို့ကိစ္စက အလွယ်ကလေး။

ဖြစ်နိုင်စရာအကြောင်းက ဒီနေ့နေ့လည်မှာ ဘီအန်အေ ဗမာအမျိုးသားအသင်းရဲ့ ဒုတိယအကြိမ် ညီလာခံကျင်းပဖို့ အကြိုစည်းဝေးကြတယ်။ ဆွေးနွေးကြတဲ့အထဲ အစည်းအဝေးခေါင်းစဉ်တခုက ညီလာခံကျင်းပရေးအတွက် ကုန်ကျငွေကိစ္စ။ လက်ရှိကော်မတီဝင်ထဲက မတည်ငွေအဖြစ် တယောက်ကို အနည်းဆုံး ဘတ် ၅ဝ စီထည့်ဝင်ကြဖို့။ ဒီကိစ္စက ကျနော့်အတွက် အသက်ရှူရကြပ်စေပါတယ်။ ချက်ချင်းပဲ မတတ်နိုင်ပါကြောင်းအားသွင်းပြီး ရှက်ရှက်နဲ့ ဖွင့်ဟလိုက်မိတယ်။ ဒါကို အားလုံးထဲက ကိုခင်လွန်းနဲ့ ကိုထင်လင်းအောင်တို့ ပိုသတိထားမိကြမှာပါ။ ဒါကြောင့်ပဲ ခုလိုစီစဉ်ကြတာဖြစ်မယ်။ ဟိုအရင်ကလည်း ဒီလိုမျိုး အကြပ်အတည်းကို တယောက်ယောက်က စိုက်ပေးနေကျ။

ကျနော့်အဖြစ်က ဝင်ငွေမရှိဖြစ်ရပေမယ့် မိသားစုကအများသား။ သားသမီးက ၂ ဦးထဲဖြစ်ပေမယ့် တူ နှစ်ယောက်၊ ပြီးတော့ ယောက်ဖနှစ်ယောက်နှင့် ယောက်ခမပါဆိုတော့ ကျနော့်အိမ်က ၉ ယောက် အင်အား မိသားစု။ မိန်းမတယောက်ထဲက ကျန်းမာရေးဌာနတခုမှာ ဝန်ထမ်းလုပ်ပြီး ရှာကျွေးနေတာ။ ဒါကြောင့်ပဲ ကျနော့်ကို ဂရုဏာမှတ်ပေးပြီးဖေးမကြတာပါ။ ခုကိစ္စမှာလည်း ဒီလူနှစ်ဦးက စာဖတ်နာသူများမို့ ဆရာဖေမြင့်ရဲ့ နှလုံးသားအဟာရစာအုပ်ထဲက ရုပ်ရှင်ကြည့်ဖို့လာကြတဲ့ သားအဖ အခက်အခဲကို ကြားဝင်ကူညီ လိုက်သူတဦးရဲ့အတွေးကို ထပ်တူပြုလိုက်ကြဟန်တူပါရဲ့။

(၂)

အိမ်ကိုရောက်တော့ မိုးက တိတိပပ မှောင်နေပြီ။ ကလေးတွေနဲ့ အမျိုးသမီးမရှိကြလို့ အိမ်ဝင် အဖြောင့်သား။ ခါတိုင်းလို ကလေးတွေရဲ့ “ဘာဝယ်ခဲ့လဲ အဖေ …” ဆိုတဲ့ နှုတ်ဆက်မေးခွန်းသံနဲ့ အမျိုးသမီးရဲ့ “ဝင်ငွေမဲ့ အလုပ်များသူကြီး ပြန်လာပြီလား …” ဆိုတဲ့ ခနဲ့တဲ့တဲ့အကြည့်ဒဏ်တို့ကို မခံရတော့။

မိုးနည်းနည်းစိုလာလို့ ကျနော့်မူလရောဂါဟောင်းက ပြန်ပေါ်လာပြန်ပြီ။ နှာမကြာမကြာချေ၊ နှပ် ခဏခဏညှစ်နဲ့ အလုပ်ကများပေါ့။ ဒီလိုအချိန်မျိုးဆို ကျနော့်အဖေကိုသိပ်သတိရတယ်။ ဒီရောဂါကို အဖေ့ဆီက အမွေရခဲ့တာဖြစ်မယ်။ အဖေက ကျနော့်ထက် ပိုသာတာတခု သတိထားမိတယ်။ နှာတခါတခါချေရင် တရပ်ကွက်လုံးနီးပါးကြားရလောက်အောင် အသံက ကျယ်တယ်။ ဒါကြောင့်လည်း တရပ်ကွက်ထဲအတူနေ ကလေးတွေက အဖေ့ကို ဟပ်ချိုးအဖိုးကြီးလို့ခေါ်ကြတယ်။ အဖေက ဒီရောဂါ ဘယ်လိုစဖြစ်တယ်မသိ။ ကျနော်ကတော့ ကျောင်းသားတပ်မတော်မှာရှိစဉ် လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် ကတည်းက ဖြစ်ခဲ့တာ။ မိုးစို၊ ချွေးစိုနဲ့ နေခဲ့၊ အိပ်ခဲ့တဲ့ဒဏ်တွေကြောင့်များလား။

“ ဟေ့ ကိုလူဗိုလ်ကြီး၊ မိုးမိလာပြီလား။ …”

“ ဟုတ်တယ် ဦးဇေလတ်ရေ၊ ကျနော်ကတော့ ပုံမှန်ပဲ။ …”

ဦးဇေလတ်တယောက် မီးထည့်နေရာက နှပ် ခဏခဏ ထွက် ညှစ်နေရတဲ့ကျနော့်ကို လှမ်းနှုတ်ဆက်လိုက်တယ်။ သူက စားသောက်ဆိုင်လေး ဖွင့်ထားလို့ မနက်အတွက် ညဖက်ကြီး ပြင်ဆင်နေတာဖြစ်မယ်။ ကျနော်လည်းကလေးတွေနဲ့ အမျိုးသမီး အိမ်လည်ကြရာက ပြန်မရောက်ကြသေးလို့ ထမင်းမစားသေးဘဲ မဂ္ဂဇင်းစာအုပ်တအုပ်ကိုယူပြီး ဖတ်နေလိုက်တယ်။ ဒါပေမယ့် စိတ်က စာအုပ်ထဲမရောက်။ စောစောက ပိုက်ဆံ ရာတန်အကြောင်းပဲ ပြန်ပြန်ပေါ်လာတယ်။ ပေးသူက ကြည်ကြည်ဖြူဖြူပေးပြီဆိုမှတော့ သုံးသူက အကျိုးရှိရှိသုံးဖို့ပဲရှိတာပေါ့။ အိမ်မှာဘာတွေများ အရေးပေါ်လိုနေလဲ။ ဘယ်ကိစ္စကို ဦးစားပေးသုံးရမလဲဆိုတာကို အပြေးအလွှား စဉ်းစားလိုက်တယ်။

(၃)

ဒီနှစ်ကလေးတွေ ကျောင်းအပ်ပြီကတည်းက ဘာမှဝယ်မပေးရသေး။ ထီးကိုတော့ ပြီးခဲ့တဲ့လထဲက အကြွေးယူထားလို့ ထည့်စဉ်းစားစရာမလိုတော့။ လွယ်အိပ်တွေကလည်း အဟောင်းဆိုပေမယ့် သုံးလို့ရနိုင်သေးတယ်။ လောင်းဘွတ် ဖိနပ် တွေတော့ ဝယ်ပေးဖို့လိုပြီ။ မိုးကဆက်တိုက်ရွာထားတာမို့ လမ်းတွေက ဗွက်ပေါက်နေပြီလေ။ ညှပ်ဖိနပ်နဲ့ လျှောက်မရတော့။ ရှိပြီးသားလောင်းဘွတ်တွေကလည်း သေးကုန်ပြီ။ ဒုက္ခသည်စခန်းကိုရောက်ကတည်းက ဝယ်ထားတာမို့ ၃ နှစ်ပြည့်တော့ မယ်။ စီးလို့ မရတော့ဘူး။ ဖိနပ်တရံက ၄၅ ဘတ်ဆို၊ ၂ ယောက်အတွက် ၉ဝ ကုန်မယ်။

“ဟာ … ဝယ်လို့မဖြစ်သေးပါဘူး။ ”

ဟုတ်တယ်။ တကယ်ဆို ပေးတဲ့သူက ညီလာခံဖြစ်မြောက်ရေးအတွက် မတည်ငွေထည့်ဖို့ပေးတာ။ ဖိနပ်ဝယ်လိုက်လို့ မထည့်ဖြစ်ရင် မကောင်းပါဘူး။ ဒါဆိုရင် နောက်အရေးပေါ်ကဘာလဲ။ ညဖက် ညဖက်စာဖတ်ဖို့ တာဝန်ယူကူညီပေးနေတဲ့ ကားဓာတ်မီးလေးကိစ္စ။ အားသွင်းထားတာ တပတ်ပြည့်တော့မယ်။ အားတခါသွင်း ၅ ဘတ်ဆိုပေမယ့် သူ့ဦးစားပေးအလှည့် က မရောက်သေး။ ပိုတဲ့ပိုက်ဆံထဲက ဒါလေးတော့ ရွေးမှဖြစ်တော့မယ်။ ညဖက် စာဖတ်ချင်လွန်းလို့။

နောက်တခုက အင်တာနက်တက်ဖို့ကိစ္စ၊ တတိယနိုင်ငံရောက်မိတ်ဆွေများနှင့် ဆက်သွယ်ဖို့လေ။ ပြီးခဲ့တဲ့လက အမေရိကန်ရောက် ကိုစိုးရွှေက ဒေါ်လာ ၁ဝဝ ကူညီမယ်လို့ အီးမေးပို့ထားတယ်။ သူနဲ့ ကျနော်က မကဒတရဲ့ ရဲဘော်ဖြစ်ခဲ့ဖူးခြင်းနဲ့ ဇလားဒုက္ခသည်စခန်းက ရောင်နီဦးကျောင်းမှာကျောင်း ဆရာလုပ်ခဲ့ဖူးတာခြင်းတူကြတယ်။ ဒါကြောင့်ပဲ ကြင်နာလိုဟန် တူပါတယ်။ သူက ဟိုရောက်တာ မကြာသေးတော့ မမေ့သေး။ တချို့ရဲဘော်တွေက ကြာပြီဆိုတော့ … ။ ပြသနာက ပို့ပေးမယ်ပြောထားတာ နှစ်လပြည့်တော့မယ်။ အဆက်အသွယ်ထပ်မရတော့။ ဒီကိစ္စကလည်း ကျနော့်အတွက်တော့ သေရေး ရှင်ရေး တမျှ။ ကျန်တဲ့ပိုက်ဆံလေးထဲက နာရီဝက်၊ ၂ဝ ဖိုးလောက် သုံးရဦးတော့မယ်။

ဒုက္ခသည်စခန်းမှာ ရိက္ခာရတယ်ဆိုပေမယ့် ပဲနဲ့ ငါးပိကလည်း ဝနေပြီ။ နီးစပ်ရာ တောတောင်တွေမှာရနိုင်တဲ့ မျှစ် အပါအဝင် သဘာဝအသီးအရွက်တွေကိုလည်း စိတ်ချလက်ချ မခူးရဲကြတော့။ မျှစ်တို့၊ ဒညင်းသီးတို့ ခူးတာတွေ့ရင် ထိုင်း သစ်တောကဖမ်းမယ်၊ ဒဏ်ရိုက်မယ်လို့သတိပေးထားတော့ ဒုက္ခ။ ဆင်ဖိုးထက်ချွန်းဖို့ အကြီးမခံနိုင်။ ရှိတာလေးနဲ့ စားရ အောင်ကလည်း ကလေးတွေမဆိုထားနဲ့ လူကြီးတွေတောင် ငြီးငွေ့လှပြီ။ မနက်ပဲ၊ ညပဲနဲ့ မျိုမကျချင်တော့။ ဒါတောင် ကျနော်က တောထဲမှာ နှစ်ပေါင်း ၂ဝ နီးနီးနေခဲ့တာ။

“ အင်း … ပိုက်ဆံလေးပိုရင် ကလေးတွေကို ကြက်ဥဝယ်ပြီး ကြော်ကျွေးလိုက်ဦးမယ် …”

(၄)

ဘယ်တော့များမှ တတိယနိုင်ငံကို ထွက်ရပါ့မလဲ။

၃ နှစ်ကျော်ကာလမှာ အတူနေခဲ့ကြတဲ့သူတွေ တဖွဲ့ပြီးတဖွဲ့ တတိယနိုင်ငံကိုထွက်သွားကြတာ လူဟောင်းဆိုလို့ ကျနော့်အိမ်ပတ်လည်မှာ တအိမ်၊ နှစ်အိမ်ပဲ ရှိတော့တယ်။

သမီးတို့လည်း ဘယ်တော့ အမေရိကန်နိုင်ငံကို သွားရမလဲအဖေလို့ ခဏခဏအမေးအမြန်းထူတတ်တဲ့ သမီးအငယ်တောင် အခု မေးဖော်မရတော့။ ဒါပေမဲ့ သူနဲ့အရွယ်တူကလေးတွေနဲ့ အချင်း ချင်းစကားပြောကြရင် တို့အဖေက ဒီမိုကရေစီလုပ်ခဲ့လို့ ဟိုး (Hold) မိထားတယ်။ တို့အဖေက ABSDF လုပ်ခဲ့လို့ အမေရိကန် နိုင်ငံက မခေါ်တော့ဘူး ပြောပြောနေတတ်ပြီ။

မြန်မာပြည် ဒီမိုကရေစီရေးမှာပါခဲ့လို့ အကြမ်းဖက်သမား အသတ်မှတ်ခံရ တာတော့ ရီစရာလိုလို။ ဘယ်လိုအချက်အလက်တွေ၊ ဘယ်လိုဥပဒေတွေနဲ့ ပြောကြ၊ သတ်မှတ်ကြတယ်တော့ ခုထိတရားဝင် မရှင်းပြကြလို့ တိတိကျကျမသိရသေး။

ဒါပေမယ့် ဒုက္ခသည်ချင်း အတူတူ ကျောက်ကုန်သည်တို့၊ သဘောင်္သားတို့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးသမား တို့က အမေရိကန်နိုင်ငံခိုလှုံခွင့်မှာ ကျနော်တို့ထက် အခွင့်အလန်းသာကြတယ်။ ငွေထုတ်ပိုက်ပြီး ၀င်လာကြတယ်။ ဒုက္ခသည် စခန်းမှာ အစစ ဈေးတက်လာအောင် ငွေတွေကို ပျော်ပျော်ပါးပါးကြီးသုံးသွားကြတယ်။ ပြီးတော့ သိပ်မကြာပါဘူး ဖြတ်ခနဲ ဖြတ်ခနဲ ထွက်ထွက်သွားကြတယ်။ သူတို့ခရီးစဉ်တွေက ချောလို့။

(၅)

ညဥ့်တောင်တော်တော်နက်နေပြီ။ ညကပဲ ရှည်တာလား။ ညအမှောင်ကိုဒဏ်မခံနိုင်လို့ ရှည်တယ်လို့ပဲထင်ရတာလား မသိ။ အမှောင်ညကတော့ ရှည်လွန်းလှပါတယ်။ ဒီညအမှောင်ကို မုန်းနေမိတာကတော့ အမှန်။ ကလေးတွေရဲ့ အနာဂတ် အရေး၊ မြန်မာပြည်ရဲ့အနာဂတ်အရေး … ဟူး။

ကလေးတွေနဲ့ အမျိုးသမီးတို့ကတော့ အိပ်မောကျလို့။ ရာသီဥတုကအေးလွန်းလို့ ကလေးတွေကို စောင်ထခြုံပေး လိုက်တယ်။ အိပ်မရမယ့်အတူ မထူးဘူးဆိုပြီး ခြင်ထောင်အပြင်ထွက်လို့ ဆေးလိပ်ဖွာနေလိုက်တယ်။ အမှောင်ထဲ ဖွာလိုက် တိုင်းလင်းလင်းလာတဲ့ ဆေးလိပ်မီးရောင်ကြောင့် အခန်းထောင့်က ဆန်အိတ်ဖြူဖြူကို အမှတ်မထင်လှမ်းတွေ့လိုက် ရမှ …

“ဟိုက် … ဦးဇေလတ် မနက်က ဆန်ဝယ်ခိုင်းထားတာ၊ သွားပြီ …”

ခုအချိန်ကျမှ ဘာမှလုပ်လို့မရတော့။ ဦးဇေလတ်အပါအ၀င် ပတ်ဝန်းကျင်တခုလုံး အိပ်မောကျနေ ကြပြီလေ။

ဒီနေ့မနက် ၁၀ နာရီလောက်က ဦးဇေလတ်ဆိုင်မှာထိုင်နေတုန်း ဆန်လိုတယ်ဆိုလို့ ဝယ်ကူပေးမယ်ဆိုပြီး သူ့ဆီက ရာတန်တရွက်ကို ယူခဲ့မိတယ်။ သူက ဒုက္ခသည်စခန်းရောက်တာ တနှစ်ပြည့်ခါနီးပေမယ့် လူသစ်မို့ ရိက္ခာမရသေး။ ဝယ်စား နေရတုန်း။ နောက်ပြီး နိုင်ငံရေးသမား၊ ထောင်ထဲမှာနှစ်ရှည်နေခဲ့ရသူ။ ဒုက္ခသည်စခန်းရောက်တော့လည်း မိသားစု စားဝတ် နေရေးကို ရိုးရိုးသားသားနဲ့ ရုန်းကန်ဖြေရှင်းနေသူမို့ကူညီလိုစိတ်ရှိခဲ့တာ။ ခုတော့ ကျနော့်ရဲ့ပေါ့ဆမှုကြောင့် ဦးဇေလတ်တို့ မိသားစု ဒီည ထမင်းမှစားကြရရဲ့လား။ ညကြီးမိုးချုပ်မှ မီးဖိုနေရခြင်းဟာ ကျနော့်ကြောင့်လေလား။ မနက်ကျရင် ဦးဇေလတ်ရဲ့ မျက်နှာကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ။

တကယ်လို့များ ၃၊ ၄ ရက်ကြာမှသာ သတိရမိမယ်ဆိုခဲ့ရင် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)