>The funeral of Bamaw Tin Aung

August 9, 2009

>

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၁၉)
‘၁၉၇၈ အောက်တိုဘာ ဗန်းမော်တင်အောင် ဈာပန’
အောင်ဝေး
သြဂုတ် ၉၊ ၂၀၀၉

၁၉၇၆ မတ်လ (၂၄)ရက် မှိုင်းရာပြည့် အရေးအခင်းမှာ ကျောင်းသားပေါင်း (၂၃ဝ)ကျော် အဖမ်းခံရပြီး မဖလ စစ်ခုံရုံးတွေကနေ နှစ်ရှည် ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ရပါတယ်။
မဆလ အစိုးရက ကျောင်းသား လှုပ်ရှားမှုကို အခုလို ကြမ်းကြမ်း တမ်းတမ်း ဖိနှိပ် ကိုင်တွယ်ခဲ့ပေမဲ့လည်း၊ ကျောင်းသားတွေရဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူတွေကတော့ ရပ်တန့်မသွားဘဲ ဆက်လက် ပေါ်ပေါက်လာနေခဲ့ပါတယ်။ မှိုင်းရာပြည့် အရေးအခင်း ဂယက်က ငြိမ်သက်မသွားသေးပါဘူး။
၁၉၇၆ မေလထဲမှာ ကျောင်းသားတွေရဲ့ အစိုးရ ဆန့်ကျင်ရေး လျှို့ဝှက် စာစောင်တွေဖြစ်တဲ့ ‘အရှေ့လေ’ နဲ့ ‘မီးမောင်း’ ဖြန့်ဝေတဲ့ အရေးအခင်းတွေ ထပ်ဖြစ်လာပါတယ်။

အဲဒီအချိန်ဟာ အဖမ်းခံထားရတဲ့ ချင်းကျောင်းသား ကိုတင်မောင်ဦးကို မဆလ စစ်ခုံရုံးက သေဒဏ်အမိန့် ချမှတ်လိုက်တဲ့ အချိန်ပါ။ ပြီးတော့ အဲဒီအချိန်က ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်တဲ့ တပ်မတော် အရာရှိငယ်တွေရဲ့ ဦးနေဝင်းကို လုပ်ကြံပြီး နိုင်ငံတော် အာဏာသိမ်းလိုက်ဖို့ ကြံစည်တဲ့ကိစ္စ အမှု ပေါ်ပေါက်သွားပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးပါ၊ သတင်း ထိန်းချုပ်မှုနဲ့ အတူ အဖမ်းခံလိုက်ရတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

ဇွန်လထဲမှာတော့ မဆလစစ်အစိုးရက ကိုတင်မောင်ဦးကို အင်းစိန်ထောင်အတွင်းမှာ ကြိုးစင်တပ်ပြီး သတ်ပစ်လိုက်ပါတယ်။ ကိုတင်မောင်ဦးဟာ လွတ်လပ်ရေး ရပြီးတဲ့ နောက်မှာ ပထမဆုံး ကြိုးပေးခံရတဲ့ ကျောင်းသား ခေါင်းဆောင် ဖြစ်ပါသည်။ မဆလရဲ့ ၁၉၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအောက်မှာ အစောဆုံး ကြိုးစင် တက်ရတဲ့ ကျောင်းသား သူရဲကောင်းပါပဲ။ (ဗိုလ်ကြီး အုန်းကျော်မြင့်လည်း အဲဒီ မရှေးမနှောင်းမှာပဲ ကြိုးပေးခံခဲ့ရပါတယ်)

ဒီ ၁၉၇၆ ခုနှစ်ထဲမှာပဲ ထင်ရှားတဲ့ ပြည်သူ့စာရေးဆရာ တစ်ဦးဖြစ်သူ သခင်မြသန်း ကွယ်လွန်သွားပါတယ်။ သခင်မြသန်း ဈာပနမှာ ထောင်အပြင်မှာ ကျန်ခဲ့တဲ့ကျောင်းသားတွေက ဈာပန ပို့မယ့် ကားတန်းကြီးမှာ ‘တော်လှန်သော စာရေးဆရာ – သခင်မြသန်း’ ဆိုတဲ့ ပိုစကာတွေ လိုက်လံကပ်ကြတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

၁၉၇၇ခုနှစ်၊ ဇူလိုင်လ(၇)ရက်၊ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ခုနစ်လေးလုံး (၇၇၇၇) လှုပ်ရှားမှု လှုံ့ဆော်တဲ့ စာစောင်တွေ ဖြန့်ဝေခဲ့ကြတယ်။ ၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ မျိုးဆက်တွေ၊ ၇၄-၇၅-၇၆ မျိုးဆက်သစ် ကျောင်းသားတွေ ပူးပေါင်းပြီး ဗုံးခွဲခံခဲ့ရတဲ့ သမဂ္ဂ အဆောက်အအုံ ရင်ပြင်မှာ ခုနစ် လေးလုံး အခမ်းအနား လုပ်ဖို့ ကြိုးစားခဲ့ကြတာပါပဲ။

၁၉၇၆-၇၇-၇၈ အင်းစိန်ထောင်ထဲမှာ ကျောင်းသား၊ အလုပ်သမားတွေရဲ့ အကျဉ်းသား အခွင့်အရေး တောင်းဆိုတဲ့ တိုက်ပွဲတွေ ဆက်တိုက် ပေါ်ထွက်ခဲ့ပါတယ်။ ပထမဆုံး တိုက်ပွဲကတော့ အကျဉ်းထောင် အာဏာပိုင်တွေဘက်က နိုင်ငံရေး အကျဉ်းသားတွေကို နှိမ်ချိုးလိုတဲ့ ရည်ရွယ်ချက်နဲ့ အဓမ္မ အလုပ်ကြမ်း လုပ်ခိုင်းလားတဲ့ အပေါ်မှာ ကျောင်းသားတွေက ဆန့်ကျင် ဆန္ဒပြတဲ့ တိုက်ပွဲပါပဲ။

ကျောင်းသားတွေ တောင်းဆိုတဲ့ အထဲမှာ ထောင်ထဲမှာ စာဖတ်ခွင့် ရရှိရေးလည်း ပါပါတယ်။
ဒီတိုက်ပွဲဟာ တွဲဖက်ထောင်ကနေ စခဲ့တာလို့ ဆိုပါတယ်။ နောက်တော့ နိုင်ငံရေး အကျဉ်းသားတွေ ဟိုပြောင်း ဒီရွေ့ လုပ်ရင်း သုံးဆောင်မှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့တော့တာပါပဲ။
ထောင်အာဏာပိုင်တွေ ဘက်က အပြင်းအထန် နှိပ်ကွပ်လို့ ကျောင်းသား (၃၂)ယောက် အကြီးအကျယ် ဒဏ်ရာ ရခဲ့သလို ကျောင်းသားတွေကလည်း တန်ပြန် တိုက်ခိုက်တဲ့ အတွက် အာဏာပိုင်တွေ ဘက်မှာလည်း ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။

အစာငတ်ခံ ဆန္ဒပြကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ အလုပ်သမား ခေါင်းဆောင်တွေကို စစ်အစိုးရက အမှောင်တိုက်၊ စစ်ခွေးတိုက်၊ လက်ပါးတိုက် လို့ ခေါ်တဲ့ အနူတိုက်တွေထဲ ထည့်ပိတ်ပြီး နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။

၁၉၇၈ ခုနှစ်ထဲ ရောက်တော့ စက်မှု တက္ကသိုလ် ကျောင်းသားတွေက ကြိုတင် လှုံ့ဆော် မထားဘဲ ဇူလိုင်လ (၃) ရက်နေ့မှာ အရေးအခင်း တစ်ခု စတင်လိုက်ကြပါတယ်။ ၆၂-၇၄-၇၅-၇၆ ကျောင်းသား ခေါင်းဆောင်တွေ ပူးပေါင်းပြီး ‘အရေးတော်ပုံသမိုင်း’ ဆိုတဲ့ ဆဲဗင်းဂျူလိုင် အရေးအခင်း အထိမ်းအမှတ် စာစောင် ဖြန့်ဝေနိုင်ခဲ့ကြပါတယ်။

အဲဒီ ၁၉၇၈ နှစ်လယ် အလွန်မှာ မြန်မာပြည် အကျဉ်းထောင် အသီးသီးမှာ ထိန်သိမ်းခံထားရတဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေ အများစု ရှေ့ဆင့် နောက်ဆင့် ဆိုသလို ပြန်လည် လွတ်မြောက်လာကြပါတယ်။

၁၉၇၈ ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်နေ့မှာတော့ စာရေးဆရာ ဗန်းမော်တင်အောင် ကွယ်လွန်သွားရှာပါတယ်။

ဆရာ ဗန်းမော်တင်အောင်ရဲ့ သားနှစ်ယောက် ဖြစ်တဲ့ ကိုဗဟိန်းအောင်နဲ့ ကိုကျော်ဇောအောင်တို့ကလည်း အင်းစိန်ထောင်က ပြန်လွတ်ကာစ ဖြစ်တာမို့၊ အတူတူ ထောင်က လွတ်လာတဲ့ ကျောင်းသား ရဲဘော်တွေ၊ ထောင်အပြင်က ကျောင်းသား ရဲဘော်တွေဟာ ဆရာ ဗန်းမော် တင်အောင်ရဲ့ ဈာပနမှာ လာရောက် စုစည်းမိသွားကြပါပြီ။

ဆရာ ဗန်းမော်တင်အောင် ဈာပနဟာ ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း နောက်ပိုင်း ကျောင်းသား အင်အားစု အများဆုံး ပြန်လည် စုစည်းမိတဲ့ အခမ်းအနား လို့ ပြောနိုင်ပါတယ်။
ဆရာ ဗန်းမော်တင်အောင်ရဲ့ တိုက်ဖော် တိုက်ဖက်၊ ရေးဖော် ရေးဖက်တွေ ဖြစ်ကြတဲ့ ကိုကိုးကျွန်းပြန် ရဲဘော်ကြီးတွေ၊ ဆရာ ဒဂုန်တာရာတို့၊ ဆရာ ပါရဂူ တို့လို စာရေးဆရာကြီးတွေနဲ့ အတူ၊ ကျောင်းသား အင်အားစုက ဆရာ ဗန်းမော်တင်အောင် ဈာပနကို ဦးဆောင် စီစဉ် ကျင်းပခဲ့ကြတာပါပဲ။
၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်၊ ကြံတောသုဿန်က ဆရာ ဗန်းမော်တင်အောင် ရုပ်ကလာပ်ကို ဂူသွင်းသဂြိုင်္ဟ်တဲ့ အခမ်းအနားမှာ ကျောင်းသားတွေက လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ ဆရာ ဗန်းမော်တင်အောင်ကို တိုင်တည်ပြီး အလေးအနက် အဓိဋ္ဌာန်ပြုခဲ့ကြပါတယ်။

ဆရာဗန်းမော်တင်အောင် အုတ်ဂူပေါ်မှာ ကမ္ဗည်းထိုးထားတဲ့ ‘လူတစ်ယောက်ရဲ့ တန်ဖိုးကို သူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ’ ဆိုတဲ့ သြဝါဒစကားတွေကတော့ အဖိနှိပ်ခံ ကျောင်းသားပြည်သူတွေ ရင်ထဲမှာ စွဲမြဲနေဆဲပဲလို ကျွန်တော် ယုံကြည်နေမိပါတော့တယ်။ ။

[ မူရင်း – Radio Free Asia ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်