Moe Moe (Pa Thein) – Heroes Bed Time Stories

June 26, 2013

အိပ်ရာဝင်သူရဲကောင်းပုံပြင် (သို့မဟုတ်)
699, Serramonte Blvd, Daly City, CA

မိုးမိုး(ပုသိမ်)၊ ဇွန် ၂၆၊ ၂၀၁၃

            ၂၀၁၀ ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်မှာ အမေရိကန်နိုင်ငံကြီးကိုစတင်ပြီး Green Card ထုတ်ရန် ခြေချခွင့်ရခဲ့ပါတယ်။ ကျမတို့မိသားစု ရောက်ပြီးသုံးလေးရက်မှာ အမေရိကန်ကိုရောက်နှင့်နေသူ ကျမအမလို ခင်မင်ရတဲ့ သူငယ်ချင်းက သူနေတဲ့မြို့ကနေ ကျွန်မရှိတဲ့မြို့ကို ၈၄ မိုင်လောက်ကနေ မောင်းချလာပြီး တွေ့ကြပါတယ်။ ကျမတို့ စင်္ကာပူရဲ့အလုပ်တစ်ခုမှာ သူမကို စတွေ့ပြီး ခင်မင်မှု စတင်ခဲ့တာပါ။ ဒီလိုပဲ ရယ်စရာမောစရာတွေ အလုပ်မှာ နေ့စဉ်တွေ့ကြုံရတာတွေကို ရီမောပျော်ရွှင်စရာအဖြစ် စကားတွေပြောရင်း “၈၈ အရေးတော်ပုံ” ကိုရောက်သွားပါတယ်။ အဲဒီမှာ သူမ ပါဝင်ခဲ့တဲ့အတွေ့အကြုံကလေးတွေကို မထင်မှတ်ပဲ ပြောဖြစ်ခဲ့ကြပါတယ်။

ဒါ့အပြင် သူ့ရဲ့ခင်ပွန်းက စင်္ကာပူကိုအရင် ရောက်ရှိပြီး အလုပ်လုပ်ကိုင်တာဖြစ်ပြီး၊ သူ့ခင်ပွန်းရဲ့ အပေါင်းအသင်းမိတ်ဆွေတွေထဲမှာ စင်္ကာပူမှာ ဗီဇာ ရက်လွန်နေထိုင်နေသူ (OverStay) တွေ ပါဝင်ကြောင်း သူမက အမှတ်တမဲ့ပြောလိုက်တဲ့အခါ၊ ကျမ အရမ်း အံ့သြသွားပါတယ်။ အဲဒိအချိန်က အများစုဟာ (Over Stay) နေတဲ့သူတွေဆို အထင်သေး၊ အဝေးကရှောင်ပြေးပြီး၊ မြန်မာအချင်းချင်း အဆင့်အတန်းခွဲခြားတဲ့ စရိုက်တွေ ပတ်ဝန်းကျင်တွေ ရှိနေတာကြောင့် အခုလို မြန်မာတွေ အချင်းချင်း လက်တွဲပေါင်းသင်းနိုင်သူတွေအဖြစ် အံ့သြ ၀မ်းသာ ဖြစ်မိတာပါ။ ဒါနဲ့ ကျမလည်း ၈၈မှာ ကိုယ်နိုင်သလောက် ပါဝင်ပတ်သက်ခဲ့ဘူးပါတယ်ဆိုတာ စင်္ကာပူကိုရောက်ပြီးမှ သူမကို ပထမဆုံးဖွင့်ပြောခဲ့လိုက်တာဘဲ။

            စကားတွေစပ်လိုက်ကြတော့ ကိုတိတ်(AAPP)က သူ့ခင်ပွန်းနဲ့ သိကြောင်း၊ လှည်းတန်းမှာ ကျောင်းသားတွေ စုပြီးတော့ လဘက်ရည်ဆိုင်ဖွင့်ခဲ့ကြောင်း၊ (ကျမတို့ စတည်းချခဲ့တဲ့နေရာ)၊ နောက်တော့ သူ့ခင်ပွန်းသည်က အမေရိကန်မှာ မြန်မာကွန်မြူနီတီဝက်ဆိုက်တွေ ဘာတွေ စတင်ပြီး လုပ်နေတဲ့ အချိန်ကာလ ဆိုတော့ (Website)ဆိုတာကြီးကို သိပ်မရင်းနှီးတဲ့ကျမအတွက် အထူးအဆန်းတွေကော၊ စိတ်ဝင်စားစရာတွေနဲ့ ပြောမကုန်နိုင်အောင်ဖြစ်ခဲ့တာပါ။
အခုလိုမျိုး ကွဲကွာနေတဲ့ မိတ်ဆွေကို ပြန်လည်ဆုံတွေ့ကြပြီး စကားလက်ဆုံ ပြောမကုန်မှာ တိုက်တိုက်ဆိုင်ဆိုင် အဲဒိအချိန်မှာ ကျမက မေးဖို့အားခဲလာတဲ့အကြောင်း မေးမိပါတယ်။ ကျမတို့လာတဲ့ ရက်ပိုင်းလေးအတွင်းမှာ ”အရုဏ်ဦးမှာဖူးသည့်ကြာ” သမိုင်းကြောင်းလိမ်ဇာတ်ကားကို ပါဝင်ရိုက်ကူးကြတဲ့ အမေရိကန်ပြည် အလည်ရောက်နေတဲ့ အနုပညာသည်တွေကို ဆန္ဒထုတ်ဖော် ကန့်ကွက်နေချိန်ဖြစ်ပါတယ်။ သတင်းတစ်ခုမှာ LAရဲ့ဆန္ဒပြပွဲကို ကျွန်မဖတ်ခဲ့ရပြီးပါပြီ။ အဲသည်မှာ ဓာတ်ပုံတွေမှာ စင်္ကာပူက ကျမခင်ပွန်းရဲ့သူငယ်ချင်းညီမကလည်း ရှေ့ဆုံးမှာ တွေ့ခဲ့ရပြီး၊ (သူမကတော့ စင်္ကာပူရဲ့ မြန်မာ့အရေးပွဲတိုင်းမှာ တက်ကြွစွာပါဝင်သူပါ) ဆန္ဒထုတ်ဖော်သူတွေနဲ့ ပွဲကြည့်ပရိတ်သတ်တွေဟာ တစ်ချိန်တုန်းက အတူလက်တွဲလုပ်ဆောင်ခဲ့သူတွေဖြစ်တဲ့အကြောင်း၊ အခုမှ လမ်းတဖက်ဆီမှာ ရပ်တည်နေကြကြောင်း … သတင်းထဲမှာ ဖတ်ခဲ့ရတာမို့ ဖြစ်စဉ်ကိုစိတ်ဝင်စားနေခဲ့တာပါ။

            သူက … ဟုတ်တယ်ဆိုပြီး၊ ဇာတ်ကြောင်းတွေ ပြန်ပြောပြပါတယ်။ ဆန်ဖရန်စစ္စကိုမှာလည်း ဆန္ဒထုတ်ဖော်ပွဲတွေရှိကြောင်း၊ ဆန္ဒပြပွဲအတွက် အင်အားလိုကြောင်းပြောဖြစ်တော့ “ကျမတို့ လိုက်လို့ရလား …” မေးမိ ပါတယ်။ သူမက ၀မ်းသာအားရနဲ့ “ကောင်းတာပေါ့၊ လူအင်အားတိုးတာပေါ့” လို့ ဆိုပါတယ်။ ပြီးမှ စဉ်းစားမိသလိုလုပ်ပြီး အဲဒီဒေသက အရမ်းအေးတယ်။ ကျမရဲ့သားက ၁နှစ်နဲ့၈လ ပဲဆိုပြီး ဖြစ်ပါ့မလားဆိုပြီး၊ တွေးပြောပြောပြီး ဒါပေမယ့် နောက်ဆုံးမှာ ကျမတို့ အားလုံး စိတ်ထက်သန်နေပြီး၊ ပါဝင်ဆင်နွှဲဘို့ချိန်းကြပါတယ်။

            မသွားခင်တစ်ရက်မှာ ကျွန်မတွေးရပြီ။ သားက အရမ်းငယ်သေးတော့ “ငါက ဆန္ဒထုတ်ဖော်နေတဲ့အချိန်မှာ သားကို ဘယ်မှာသွားထားမလဲ၊ ကားထဲမှာလဲ ဥပဒေအရ ကလေးကို ချန်ထားခွင့်မရှိ၊ အရမ်းအေးတယ်၊ ဘယ်လောက်အေးတာလဲ၊ ဘယ်လိုအနွေးထည်လိုမှာလဲ။ (ကျမမှာ အနွေးထည် လုံလုံလောက်လောက် မပါဘူးလေ)။ နောက်ဆုံး၊ အိမ်ရှင်သူငယ်ချင်းရဲ့ သားအကြီးငယ်ငယ်တုန်းက ၀တ်တဲ့အနွေးထည်တွေဟာ သားအတွက်အတော်ပဲဖြစ်တော့၊ ငှားခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲကိုရောက်ခဲ့ပါတယ်။

             “စတိတ်ရှိုးလာကြည့်တဲ့သူများ”နဲ့ “အာရုဏ်ဦးမှာဖူးသည့်ကြာ”သရုပ်ဆောင်တွေပါတဲ့ အနုပညာသည်များရဲ့ ကားများ ၀င်လာချိန်မှာ ကျွန်မတို့ဟာ ပိုစတာများကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါဘဲ။ ဒါက လွန်ခဲ့တဲ့ ၂ နှစ်က အမေရိကားနဲ့ ကျမ တခန်းရပ်ဇာတ်ဝင်ခန်း တခုပေါ့။

ဒီလိုနဲ့ နောက် နှစ်နှစ်ကျော်ကြာခဲ့ပြီး ၂၀၁၃ ခုနှစ်။

ဒီနှစ်မှာ ကျွန်မတို့ အမေရိကားကို ပြောင်းရွှေ့နေထိုင်ဘို့ ဆုံးဖြတ်ဖြတ်ခဲ့ပြီး ကျွန်မနဲ့သားက အရင်ရွှေ့ပြောင်းခဲ့ကြပါတယ်။ မပြောင်းခင် ဘယ်မြို့မှာနေမလဲစဉ်းစားကြတဲ့အခါ … ကလေးနဲ့ နှစ်ယောက်တည်း အရင်လာမှာဖြစ်တဲ့ ကျွှန်မဟာစိတ်ပူပြီး သွားလာရပိုပြီးလွယ်ကူတဲ့ ဆန်ဖရန်စ္စကိုနဲ့  ကပ်ရက် ရှိနေတဲ့ Daly City မြို့ကို ရွေးချယ်လိုက်ပါတယ်။ Daly Cityကို ရောက်ရောက်ချင်း၊ အိမ်ကိုသွားကြည့်ပြီး၊ ကလေးအတွက် မူလတန်းကြိုကျောင်းများကို လိုက်လံကြည့်ပြီး၊ နောက်ဆုံးတော့ အိမ်နဲ့အနီးဆုံးလည်းဖြစ်၊ ကျောင်းရဲ့အနေအထားလည်း ကျယ်ဝန်းသန့်ပြန့်တဲ့ “Youth World Preschool” ကိုရွေးချယ်လိုက်ပါတယ်။

            သားကို ကျောင်းလိုက်ပို့တိုင်း ကျောင်းဝင်းထဲကိုဝင်တဲ့နေရာရောက်ရင် ဒီနေရာကိုသိသလို ခံစားမိတော့ စင်္ကာပူမှခင်ပွန်းကို “ကျောင်းကိုသိလား၊ အိမ်နဲ့နီးတဲ့ Google Earth ကနေကြည့်” လို့ဆိုတော့၊ သူက “မင်းမမှတ်မိဘူးလား၊ အဲဒါ ငါတို့လွန်ခဲ့တဲ့ ၂ နှစ်က ဆန္ဒပြ ထုတ်ဖော်တဲ့နေရာလေ။” တဲ့။           

 ကျမ “အောင်မလေး …”လို့သာ အော်လိုက်ချင်တော့တာ။ သူပြောတော့မှ မျက်စိထဲ တရေးရေး ပြန်မြင်ယောင်လာပါတော့တယ်။

            ရောက်ခါစ ဘာကိုမှ အတည်တကျမဖြစ်သေးတော့၊ သတင်းတွေလည်း ဖတ်နိုင်သလောက် လိုက်ဖတ်ရင်း၊ မိုးမခရဲ့သတင်းမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်လာမယ် ဆိုတာ သိလိုက်တော့ ဘယ်မှာလဲ၊ ဘယ်နေရာလဲ ကြည့်လိုက်တော့၊ Fremont ဆိုတော့ ဘာမှ သေသေချာချာ မကြည့်မိ၊ ကြည့်လဲ သိမှာမဟုတ်ဘူးလေ။ Fremont ဆိုတော့ ဘုန်းကြီးကျောင်းပေါ့။  ပွဲချိန်က ကြည့်လိုက်တော့ ညနေပွဲကြီး။ စိတ်ကတော့ မဖြစ်မနေ သွားမယ်ဆိုပြီး သွားဖြစ်ခဲ့ကြပါတယ်။

ဇွန် မှာ မင်းကိုနိုင်နဲ့ ကိုကိုကြီး လာမယ်။ ကျင်းပရေးကော်မတီက အစည်းအဝေးတွေ ဖိတ်တယ် ။ ပွဲလုပ်မဲ့နေရာ၊ ပွဲချိန်တွေထွက်လာလို့ရင်မစွာကြည့်လိုက်မိတော့

“Little Thereater 699 Serramgnte DalRey …” တဲ့။

ကျေးဇူးတင်လိုက်တာ။ ကျမနဲ့ ရေစက်ရှိတဲ့ နေရာဖြစ်နေပြီကိုး။

ရက်ပိုင်းအတွင်းမှာ ပွဲကျင်းပမယ့်ကျောင်းရဲ့ ကြေငြာဘုတ်မှာ မင်းကိုနိုင်နဲ့ကိုကိုကြီးတို့ တိုင်းရင်းသားများနဲ့တွေ့ဆုံပွဲကြေငြာ တွေ့ရတော့တာပါဘဲ။ သားကိုပြပြီး သူတို့ရဲ့နာမည်တွေကို ပြောပြရပါတယ်။ ကျောင်းသားခေါင်းဆောင်တွေဆိုတာရယ်၊ သူတို့လာရင် လေဆိပ်ကိုသွားကြိုရမယ် … ဆိုတာရယ်၊ ကျမကလေးကို စတင်စည်းရုံးရပါတယ်။ လေဆိပ်ဆိုရင် အဖေလာရင်သွားကြိုရမယ်လို့ ပြောထားရတော့၊ အရမ်းကို စိတ်ဝင်စားနေတဲ့သားက လေဆိပ်ကိုသွားရမယ် ဆိုတော့ အရမ်းကိုပျော်ပါတယ်။

ကျောင်းသားခေါင်းဆောင်ဆိုတဲ့  “ခေါင်းဆောင်” ဆိုတာ ဘာလဲ မေမေ … တဲ့။

သူ့အတွက် နားအလည်နိုင်ဆုံးဖြစ်မဲ့ စကားလုံးတွေနဲ့ ရှင်းရတော့တာပါဘဲ။ ကျောင်းသား တွေအများကြီးကို သူတို့က ခေါင်းဆောင်ပြီး၊ စစ်သားတွေကို လက်နှက်မပါပဲ တိုက်ခဲ့တယ်။ အားလုံးထဲမှာ သူတို့ကရှေ့က ထွက်ပြီးစကားပြောတာပေါ့။ ဘာတွေပြောလဲ ဆိုတော့ “စစ်သားတွေတွေက နှိပ်စက်တယ်၊ ဒီလိုလုပ်တာ မကောင်းဘူး၊ မင်းတို့လက်ခံလားပေါ့”။ အဲဒိတော့ မေမေတို့ကျောင်းသားတွေက “မှန်တယ်၊ မင်း ပြောတာမှန်တယ် …” ဆိုပြီး နောက်ကလိုက်တာပေါ့။ သားကစားကွင်းထဲမှာ ဆော့တဲ့အခါ သားရဲ့သူငယ်ချင်းတွေကို “ဒီကိုလာ၊ ဒီမှာနေရာကောင်းတယ်၊ ဘောလုံးကန်မယ် … လာကြ” လို့ သားကခေါ်ရင် သူငယ်ချင်းတွေက လိုက်လုပ်တဲ့အခါ သားက ခေါင်းဆောင်ဖြစ်သွားမယ်။ ဒီလိုမဟုတ်ဘဲ သားကရန်စမယ်။ သွားရိုက်မယ် … ဆို သူတို့တွေက လာမှာမဟုတ်တော့ဘူး လို့ပြောပြရတာပေါ့။

            ပြီးတော့ …

“ဒီဦးဦးတွေကို စစ်သားခေါင်းဆောင်တွေက ထောင်ထဲမှာ အကြာကြီးချထားတယ်။ ဦးဦးတို့က မငိုဘူး။ ဦးဦးတို့ကို ထမင်းတွေကျွှေးရင် သဲတွေပါတယ်။ နောက်ဆုံးမှာတော့ ဦးဦးတို့က သတ္တိရှိလွန်းလို့၊ စစ်သားခေါင်းဆောင်တွေ ကြောက်ပြီး၊ ထောင်ထဲကပြန်လွှတ်ပေးတာ။ အဲဒါကြောင့် ဦးဦးတို့က အမေရိကားကိုလာပြီး သတ္တိရှိသူတွေပေးတဲ့ ဆုလာယူတာ …” လို့ ပြောရတယ်။

            ဒီအချိန်မှာ သားကမေးပါတယ်။ “မေမေပြောတဲ့ စစ်သားတွေကကောင်းတယ် ဆို။ ရန်သူတွေကို ချတာဆို။ အခုတော့ မေမေက မကောင်းဘူး …” တဲ့။

 ကျမ သူနားလည်အောင် ရှင်းပြဘို့ အရမ်းစိတ်အိုက်ခဲ့ပါတယ်။ စစ်ဘောင်းဘီကြိုက်၊ သေနတ်ပစ်တာကြိုက်တဲ့ ကျမကလေးကို ကျမကိုယ်တိုင် အမြဲတမ်းရှင်းပြခဲ့တာက စစ်သားတွေက လူဆိုးတွေကိုဖမ်းတာ။  လူကောင်းတွေကိုကာကွယ်ပေးတာဆိုပြီး၊ သူ့ရဲ့စိတ် တွေ တလွဲမရောက်ဖို့ ကျွှန်မရှင်းပြနေရတာ နေ့တိုင်းပါဘဲ။

            အခုတော့ နားလည်နိုင်မယ့်စကားလုံး ကျမ ရှာရခက်။ ပြီး နောက်ဆုံးတော့ မြန်မာပြည်က “စစ်သားခေါင်းဆောင်တွေ”လို့ ကျွှန်မခေါင်းစဉ်တပ်ရပြီ။  သူတို့ကဆိုးတာ ဒီက အမေရိကားက စစ်သား တွေက မဆိုးဘူး။ အဲဒိလို ကျောင်းသားတွေကို မနှိပ်စက်ဘူးလို့ ရှင်းပြရပြန်ပါတယ်။

သားက “ကျောင်းသားခေါင်းဆောင်တွေက စစ်သားတွေကို မကြောက်ဘူး။ ထောင်ထဲမှာချထားတာ မငိုဘူး” ဆိုတာနဲ့တင် အရမ်းကိုသဘောကျနေပါပြီ။

            အဲဒိနေ့ကစပြီး အိပ်ရာမ၀င်ခင်ပုံပြင်တွေပြောပြတာကို နားထောင်ပြီးမှ အိပ်တဲ့သားအတွက် (စိတ်ထဲရှိတဲ့ ပုံပြင်တွေကို ရှာကြံ ပြီး ခက်ခဲစွာပြောပြနေရတဲ့) ကျမ လွယ်ကူတဲ့ဇာတ်လမ်းတွေ ရရှိသွားပြီး သူရဲကောင်းတွေအကြောင်း ပြောပြတော့တာပါပဲ။

ညတိုင်း မေမေ ကျောင်းသားခေါင်းဆောင်တွေအကြောင်းပြောပြီးရင် ဘုရားစာပြောပြပြီးရင်၊ အိပ်မယ်။ သူက မအိပ်ခင်မှာ အမေကို သူဖြစ်ချင်တာတွေဖြစ်ဖို့ အမြဲတန်းစီပြီး ပြောပါတယ်။ သူဘာလုပ်မယ၊် မေမေက ဘာလုပ်။ ပုံပြင်ကလည်းသူ သူကြိုက်တဲ့ပုံပြင်တွေ ထပ်ခါထပ်ခါပြောရလို့ ကျွန်မမောရတဲ့ ပုံပြင်တွေပြီးရင် ကျွန်မအကြိုက် ဘုရားရှိခိုးတဲ့စာတွေကိုရှင်းပြရတာတွေကို သူကပုံပြင်လို့မှတ်ယူပြီး တန်းပြောတယ်။

      ညစဉ်အိပ်ရာမ၀င်ခင်မှာ သူရဲကောင်းတွေအကြောင်းပြောပြပြီးရင် သူ့ကိုနာမည်တွေပြန်မေး၊ ဘာဖြစ်လို့ ကျောင်းသားခေါင်းဆောင်ဖြစ်တာလဲ မေးလိုက်ရင် ”သတ္တိရှိလို့”ဆိုပြီး မျက်နှာမှာ လက်သီးဆုပ်သလေး ထောင်ပြရင်း၊ အံကြိတ်ပြောတဲ့သားရဲ့ပုံကိုမြင်တိုင်း ကျမ ကျေနပ်ပီတိဖြစ်ရပါတယ်။

ဒီလိုနဲ့ လေဆိပ်မှာ သွားမ ကြိုခင်မှာ၊ ပန်းစည်းကမ်းမယ့်သားကို ပန်းစည်းနိုင် မနိုင် ကျင့်ရပါသေးတယ်။ ဒီအချိန်တိုကလေးအတွင်းမှာ ”ကြယ်စင်တန်းကြီးတွေ ဖြတ်သန်းသွားချိန်တဒင်္ဂ” မှာ ကျမတို့မိသားစု သူရဲကောင်းတွေကို ကြိုဆိုရင်း”တဒင်္ဂလေး” ရှောရှောရှူရှူဖြတ်သန်းနိုင်ခဲ့တယ်။

            ဒီလိုနဲ့ ဇွန် ၁ ရက်နေ့ရောက်ပြီး ခန်းမထဲမှာဝင်ထိုင်ပြီး ပွဲစတော့ ကိုထွန်းမြတ်ဦး (ကိုပန်းသီး) ရဲ့မိတ်ဆက်အဖွင့်စကားတွေကို နားထောင်ပြီး ကိုတိုးလွင်(NLD) Bay Areaမှ ကိုယ်စား လှယ်အနေနဲ့ မိတ်ဆက်စကားပြောတော့ “မေမေ … ဦးတိုးလွင်ကလည်း ကျောင်းသားခေါင်းဆောင်လား …” တဲ့။ မင်းကိုနိုင်ရဲ့ “စာရွက်လက်တ၀ါးစာ တွေ့ရင် ကျောကုန်းမှာ အရေခွံ လက်တ၀ါးစာ စုတ်တယ်” ပြောတော့၊ “အဲဒါဘာပြော တာလဲ” ဆိုတော့ … “ထောင်ထဲမှာ စာဖတ်ခွင့်မပေးဘူး။ စာအုပ်မပေးဘူး။ စာရွက်ကလေးတစ်ရွက်တွေ့ရင် ကျောကုန်းကိုချတာ အရေပြားတွေစုတ်ကုန်တာ …” လို့ရှင်းပြတော့၊ “မေမေ သွေးတွေထွက်လား”တဲ့။ သူ့ရဲ့ရုတ်တရက်ထွက်လာတဲ့ မေးခွန်းတွေက ရှေ့တန်းကထိုင်နေတဲ့သူတွေနဲ့ ဘေးမှာထိုင်နေသူတွေပါ လှည့်ကြည့်ပြီး လှည့်ကြည့်ရင်း ပြုံးရပါတယ်။

မေးခွန်းတွေမေးလိုက်၊ နားထောင်လိုက်၊ သူသောက်ချင်တဲ့ အအေးတိုက်ဖို့ ပြောလိုက်နဲ့၊ နောက်ဆုံးတော့ ကိုကိုကြီိးမိန့်ခွန်းတစ်ဝက်လောက်မှာ ကျွန်မလက်ကို မှီရင်း အိပ်ပျော်သွားပါတော့တယ်။ သူ့ရဲ့အိပ်မက်ထဲမှာ သူရဲကောင်းတွေနဲ့တွေ့နေမှာ မလွဲပါဘူး။ သားရဲ့အိပ်ရာဝင်ပုံပြင်တွေကလည်း သူရဲကောင်းပုံပြင်တွေ ဖြစ်နေတာကိုး။

            ဘယ်လို ကြိုတင်တွေးခဲ့မလဲ။ ဒီနေရာကလေးမှာ (699 Serramgnte DalRey) ကိုယ်ရဲ့ရင်ထဲက ဆန္ဒတွေ မတရားမှုကိုအားပေးတဲ့ သမိုင်းလိမ်တဲ့သူတွေကို ရှံ့ချတဲ့ပွဲမှာ ကျွှန်မတို့ တကူးတက လာရောက် ဆန္ဒထုတ်ခွင့် ရခဲ့ဘူးမယ်လို့ … ကျမတို့ ဘယ်လို ကြိုတင် တွေးခဲ့မှာလဲ။ ပြီးတော့ သမတကြီးပြောတဲ့ (၃၀၀၀ကျပ်) မရပါဘူး။ (နိုင်ငံခြားမှာဆန္ဒပြရင် အဖွဲ့အစည်းတွေကထောက်ပံ့ပေးကြတယ်) ဆိုတာမျိုး  ကျွန်မတို့နဲ့အတူ ဘယ်သူမှ မရခဲ့ကြပါဘူး။

ဒီနေရာလေးမှာပဲ (699 Serramgnte DalRey) သမိုင်းတွင် တော်လှန်ခေါင်းဆောင်၊ သူရဲကောင်းတွေကို နွေးထွေးစွာ ကြိုဆိုခွင့် ရခဲ့တယ်။ ဒီနေရာကလေးနဲ့ ငါးမိနစ်လောက်လျှောက်တဲ့ အကွာအဝေးမှာ ကျွန်မနေထိုင်ခွင့်ရနေတယ်။ ဒီနေရာကလေးကို တစ်ပတ်ကို ၅ရက် တစ်နေ့ကို နှစ်ခေါက်၊ သားကို ကျောင်းပို့၊ ကျောင်းကြိုလုပ်ခွင့်ရတယ်။ ဒီခံစားချက်ကလေးဟာ ကျမရဲ့ဘ၀မှာ အမှတ်တရ ရှိနေမှာဖြစ်သလို၊ သားရဲ့အိပ်ရာဝင်ပုံပြင်တွေဖြစ်ခဲ့တဲ့ သူရဲကောင်းတွေဟာ သူ့ရဲ့ဘ၀တစ်လျှောက်မှာလည်း ဒီစာနဲ့အတူ၊ မှတ်တမ်းဓါတ်ပုံတွေဟာ အထောက်အကူ အမှတ်တရမှတ်တမ်းတွေအဖြစ်၊ အထောက်အကူ တစ်ခုအနေနဲ့၊ သားရဲ့ဘ၀ဖြတ်သန်းမှုမှာ သူရဲကောင်းတွေကိုအားကျရင်း၊ အမှန်တရားကိုချစ်တဲ့ သားတစ်ယောက်အဖြစ် ရှင်သန်ကြီးထွားလိမ့်မယ်လို့ မိခင်တစ်ယောက်ရဲ့မျှော်လင့်ချက်နဲ့ …

မိုးမိုး (ပုသိမ်)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(၈၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Memories

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်