သန်းဝင်းလှိုင် – ပန်းချီ ဆရာဆောင်

December 3, 2013

ပန်းချီ ဆရာဆောင် 
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၃၊ ၂၀၁၃

မြန်မာ့ပန်းချီလောက၏ ရှေ့ဆောင်လမ်းပြ ပန်းချီဆရာကြီးများတွင် ဆရာကောင်း နှင့်မတွေ့ရဘဲ ပန်းချီကျော်တစ်ဦးဘဝသို့ အမျိုးမျိုး ရုန်းကန်တက်လှမ်းလာခဲ့သော ထူးခြားပန်းချီဆရာတစ်ဦးရှိသည်။ သူသည် ပန်းချီလောကတွင် ပန်းချီကားအများဆုံး ရေးဆွဲနိုင်သူလည်း ဖြစ်သည်။ သူရေးဆွဲသမျှ ပန်းချီကားတိုင်းလိုလိုလည်း ရောင်းရသည်ချည်း ဖြစ်သည်။ ပန်းချီကား တစ်ကားကို အမြန်ဆုံး ရေးဆွဲနိုင်သူလည်း ဖြစ်၏။ ထူးထူးခြားခြား ရေဆေးတစ်မျိုးတည်းကိုသာ ရေးဆွဲသူလည်း ဖြစ်၏။ ထိုသူကား ပန်းချီဆရာကြီး ‘ရေမင်းသား ဆရာဆောင်’ ပင် ဖြစ်သည်။
ဆရာဆောင်ကို ၁၈၉၂ခုနှစ်တွင် မန္တလေးမြို့၌ အဖ နန်းတွင်းမင်းသားတစ်ဦးဖြစ်သူ မောင်မောင်ဘ၏သား ပန်းပဲဆရာကြီး ဆရာဆင်နှင့် အမိ ဒေါ်သီတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းခြောက်ယောက် (မောင်အောင်ရ၊ မောင်ဆောင်၊ မောင်ဒေါင်၊ မောင်ပန်သူ၊ မောင်ဖောင်၊ မခင်စောမြိုင်)အနက် ဆရာဆောင်သည် ဒုတိယမြောက်သား ဖြစ်သည်။
ငယ်စဉ်က မန္တလေးစိန့်ပီတာကျောင်းတွင် ပညာဆည်းပူးရင်း ပန်းချီဝါသနာပါခဲ့သည်။ သတ္တမတန်းအောင်သော် ဆရာအတတ်သင် နော်မန်ကျောင်း ဆက်တက်ရာ ဆရာဖြစ် လက်မှတ်ရသည်။ ထို့ကြောင့် မန္တလေး (D.V.A) ကုလားကျောင်းတွင် ဆရာဝင်လုပ်သည်။ ထိုမှ သစ်တောဌာနသို့ လည်းကောင်း၊ ငွေတိုက်သို့ လည်းကောင်း ကူးပြောင်း လုပ်ကိုင်ခဲ့သည်။ 
ဆရာဆောင်သည် ဤသို့ ဘဝမျိုးစုံ ကျင်လည်နေရင်း အပျော်တမ်းပန်းချီ ရေးဆွဲလေ့ကျင့်နေခဲ့သည်။ နောက်မှ ပန်းချီလောကတွင်းသို့ ခြေစုံပစ်ဝင်လာသူ ဖြစ်သည်။ ထို့ကြောင့် ဆရာဆောင်သည် အပျော်တမ်း ပန်းချီဆရာဘဝမှ ကြေးစားပန်းချီဆရာဘဝသို့ ကူးပြောင်းလာသူဟု ဆိုသင့်လေသည်။
ဆရာဆောင်သည် အပျော်တမ်း ပန်းချီဆရာဘဝဖြင့် ကျောင်းဆရာလုပ်လိုက်၊ စာရေးလိုက်နှင့် နေစဉ်က ဝါသနာတူ ပန်းချီဆရာ ကိုစံရွှန်း၊ ကိုသန့်ဆိုသူနှင့် တွဲမိခဲ့လေသည်။ အားလပ်ချိန်များ၌ သူငယ်ချင်းတစ်သိုက်စုပြီး ပန်းချီရေးဆွဲလေ့ ရှိသည်။ မန္တလေးသား ဆရာဆောင်သည် ကျုံး၊ မြို့ရိုးပတ်ပတ်လည် ရှုခင်းပုံများကို ထောင့်အမျိုးမျိုးမှ ကြည့်ဆွဲခဲ့သည်။ ကျုံးတစ်ပတ်လုံး ဆရာဆောင် မရေးဆွဲဘူးသည့် နေရာဟူ၍ မရှိ။ ကြာသော် ကျုံးမြို့ရိုးပြာသာဒ်တို့ကို အလွတ်ဆွဲနိုင်သည်။ ထိုအချိန်က ဆရာဆောင်ရေးဆွဲသော မန္တလေးမြို့ရိုးကားများကို မျက်နှာဖြူအရာရှိများ အထူးနှစ်သက်ကြပြီး ဝယ်ယူအားပေးကြသည်။ ကားတစ်ကားကို အနည်းဆုံး (၁ဝ)ကျပ်ရပြီး အများဆုံး (၁ဝဝ)ကျပ်အထိ ရသည်ဟု ဆိုသည်။ 
ပန်းချီဝါသနာကြီးသော ဆရာဆောင်သည် ငယ်စဉ်က ဆရာကောင်းနှင့် မတွေ့ခဲ့ရဘဲ ကိုယ့်ထူးကိုယ်ချွန်ခဲ့ရသူဖြစ်လေသည်။
ဤသို့ ဆရာကောင်းနှင့် မတွေ့ရဘဲ ဆရာဆောင်ရေဆေးပန်းချီကျော် ဖြစ်လာပုံမှာ စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်ကောင်းသည်။
တစ်နေ့တွင် သူငယ်ချင်း ကိုစံရွှန်း၊ ကိုသန့်တို့နှင့် ပန်းချီအောက်ဒိုးထွက်ရေးရင်း၊ ပန်းချီအကြောင်း စပ်မိစပ်ရာတို့ကိုပြောရင်း ကိုစံရွှန်းက ဆရာဆောင်၏ လက်ရာများသည် သူဖတ်ဖူးသော သြစတြေးလီးယန်း ပန်းချီဆရာ ‘ဂျေဂျေဟီးလ်ဒါ’ (J.J.Hilder) ၏ စာအုပ်ထဲမှ လက်ရာများနှင့်တူသည်။ ဂျေဂျေဟီးလ်ဒါ စာအုပ်ကို ဝယ်ဖတ်လျှင် ကောင်းမည်ဟု အကြံပေးကြသည်။ ကိုစံရွှန်း၏ အကြံပေးချက်အရ ဆရာဆောင်သည် ဂျေဂျေဟီးလ်ဒါ၏ စာအုပ်ကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ‘စမတ်အင်မူကာဒင်’ စာအုပ်ဆိုင်မှ မှာယူ၏။
ဟီးလ်ဒါ၏ စာအုပ်ကို ရသောအခါ ကိုစံရွှန်းပြောသကဲ့သို့ သူနှစ်သက်သော ရေးနည်းများဖြစ်နေ၍ ဝမ်းသာသွားသည်။ ထိုအချိန်မှစ၍ ဆရာဆောင်သည် ဟီးလ်ဒါ၏လက်ရာများ ကူးဆွဲတော့သည်။ စာအုပ်ထဲမှ ရောင်စုံရေးဆေးပန်းချီကားပေါင်း (၃၅)ပုံကို အကြိမ်နှစ်ဆယ်စီ ကူးဆွဲပြီးသောအခါ ဆရာဆောင်သည်လည်း ရေဆေးပန်းချီကျော် ဖြစ်လာတော့သည်။ ထို့ကြောင့် သြစတြေးယန်း ပန်းချီဆရာ ဟီးလ်ဒါသည် ဆရာဆောင်၏ မြင်ဆရာဟု ဆိုရပေမည်။
ဤသို့ ဆရာဆောင်၏ ကြိုးပမ်းမှုကြောင့် နောက်ပိုင်းတွင် ဆရာဆောင်၏ အောင်မြင်မှုသည် မျက်နှာဖြူများအား ပန်းချီကားရောင်းချရရုံ မဟုတ်တော့ဘဲ ထိုစဉ်က နှစ်စဉ် ရန်ကုန်ဂျူဗလီဟောရုံကြီး၌ ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ပန်းချီနှင့် လက်မှုပညာပြပွဲများတွင် ပါဝင်ယှဉ်ပြိုင် ပြသနိုင်သည်အထိ တိုးတက်အောင်မြင်လာသည်။ ၁၉၂၁ခုတွင် ကျင်းပသော ရေဆေးပြိုင်ပွဲတွင် ဆရာဆောင်သည် ပထမဆုရပြီး ရွှေတံဆိပ် ချီးမြှင့်ခြင်းခံရသည်။
ဤသို့ နိုင်ငံလုံးဆိုင်ရာ ပန်းချီနှင့် လက်မှုပညာပြပွဲ ပြိုင်ပွဲများတွင် ပါဝင်ပြသပြီး ရွှေတံဆိပ်ရသည့် အချိန်ကစ၍ ဆရာဆောင်သည် နာမည်ထွက်လာသည်။ ရန်ကုန်ပန်းချီလောကနှင့်လည်း အဆက်အသွယ်ရှိလာသည်။ ရန်ကုန်မြို့ မြန်မာပြည် ပန်းချီအသင်းမှ ပန်းချီဆရာများဖြစ်ကြသော ဦးဘဥာဏ်၊ ဦးဘဇော်၊ ဦးသာထွန်း၊ ဦးစံဝင်း၊ ဦးဘဂျမ်း၊ ဦးသက်ဝင်း၊ ဦးစိမ်းမောင်၊ ဦးဟိန်စွန်း၊ ဦးအုန်းလွင်တို့နှင့် လက်ပွန်းတတီး ရင်းရင်းနှီးနှီး ဖြစ်စေရန် အကြောင်းတစ်ခုကလည်း ဖန်တီးလာသည်။
တစ်နေ့တွင် ဆရာဆောင်သည် အဖော်တစ်ဦးနှင့် မော်တော်ဆိုင်ကယ်စီးရင်း ဆိုင်ကယ်မှောက်ရာမှ ဘယ်လက်ကျိုးသွားသည်။ မန္တလေးတွင် ကုမရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ကုသရသည်။ (၆)လကြာမျှ ကုသရပြီး ပျောက်ကင်းသော်လည်း နဂိုအတိုင်း ပြန်မကောင်းတော့ဘဲ လက်ကွေးသွားခဲ့သည်။
ဆရာဆောင် ဆေးရုံကဆင်းချိန်တွင် စိန့်ပေါလ်ကျောင်း (ယခု အထက(၆) ဗိုလ်တထောင်)တွင် ပန်းချီဆရာနည်းပြဆရာ ဦးဘဇော်မှာ နိုင်ငံခြားပန်းချီ ပညာတော်သင်သွားနေချိန် ဖြစ်သည်။ စိန့်ပေါလ်ကျောင်းတွင် ပန်းချီဆရာရာထူး လစ်လပ်လျက်ရှိသည်။ ထို့ကြောင့် ဆေးရုံမှဆင်းဆင်းချင်း ကျောင်းအုပ်ကြီး Brother John နှင့် တွေ့ပြီး ဦးဘဇော်၏နေရာတွင် ဝင်ရောက် လုပ်ကိုင်လိုကြောင်း ပြောပြရာ ကျောင်းအုပ်ကြီးက ဆရာဆောင်၏ လက်ရာကို နှစ်သက်သဖြင့် ချက်ချင်း ခန့်လိုက်လေသည်။ စိန့်ပေါလ်ကျောင်း၏ ပန်းချီနည်းပြအလုပ်ကို စတင် လုပ်ကိုင်သည်မှာ ၁၉၂၅ခုနှစ် ကုန်ဆုံးခါနီး ဖြစ်သည်။ ဆရာဆောင်သည် မိမိလုပ်ကိုင်ရာ စိန့်ပေါလ်ကျောင်းနှင့်နီးရန် ရေကျော်ရပ် (၄၅)လမ်းထိပ် ရွှေအိုးကြီးဘေးတိုက်အနီးသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
စိန့်ပေါလ်ကျောင်းတွင် စတင် လုပ်ကိုင်သည့် အချိန်မှစ၍ ဆရာဆောင်လည်း မြန်မာပြည်ပန်းချီ အသင်းဝင်တစ်ယောက် ဖြစ်ခဲ့သည်။ ကျောင်းပန်းချီ နည်းပြအလုပ်ကို တစ်ဖက်ကလုပ်ရင်း ပန်းချီကားများရေးဆွဲရာ ရေးဆွဲသမျှ အားလုံးလိုလိုပင် ရောင်းရသည်။ မြန်မာပြည်ပန်းချီအသင်းမှ ကြီးမှူးကျင်းပသည့် စကော့ဈေး (ယခု ဗိုလ်ချုပ်ဈေး) အပေါ်ထပ် ပန်းချီပြပွဲများတွင်လည်း ပါဝင်ပြသနိုင်ခဲ့သည်။ အားလပ်သည့် တနင်္ဂနွေနေ့များတွင် မြန်မာပြည်ပန်းချီအသင်းတည်ရာ ဆေးရုံကြီးရှေ့ရှိ ဟိုက်စကူးကျောင်း (ယခု အထက (၁) လသာ)၌ စုရုံးမိကြပြီး ပန်းချီလေ့ကျင့်ရေးဆွဲကြသည်။ မြန်မာပြည် ပန်းချီအသင်း၏ ပထမဆုံး စံပြမယ်မှာ ‘မြမြ’ ဖြစ်သည်။ ‘မြမြ’ ဆိုသူမှာ နောင်ရုပ်ရှင်မင်းသမီးကြီး (ဒေါ်)မေမေဝင်း ဖြစ်လာသူ ဖြစ်သည်။ မြမြသည် မြန်မာပြည်ပန်းချီအသင်းတွင် စံပြမယ်လုပ်နေရာမှ အဆက်အသွယ်ရပြီး အေဝမ်းရုပ်ရှင်တွင် မင်းသမီးဖြစ်လာသည်ဟု ဆိုသည်။
မြန်မာပြည်ပန်းချီအသင်းတွင် ဆရာဆောင်နှင့် ပန်းချီရေးဖော်ရေးဖက်များမှာ ဦးဘဥာဏ်၊ ဦးဘဇော်၊ ဦးသာထွန်း၊ ဦးစံဝင်း၊ ဦးအုန်းလွင်၊ ဆရာမြ၊ ဦးငွေကိုင်၊ ဦးသိန်း (စာရေးဆရာ ဇဝန)၊ ဦးဘဂျမ်းတို့ ဖြစ်သည်။ ဤဆရာတစ်စုထဲတွင် ဦးဘဥာဏ်မှာ ဆီဆေးအရာတွင် ပြိုင်စံရှားသကဲ့သို့ ဆရာဆောင်မှာ ရေဆေးအရာတွင် ထူးချွန်သူဖြစ်လေသည်။ ထို့ကြောင့် ပန်းချီမိတ်ဆွေတစ်စုက ဆရာဆောင်ကို “ရေမင်းသား”ဟု ချစ်စနိုးခေါ်ကြရာမှ “ရေမင်းသားဆရာဆောင်” ဟု တွင်ခဲ့ခြင်း ဖြစ်သည်။ ဆရာဆောင် ရေးဆွဲခဲ့သော မန္တလေး ကျုံးရေဆေးကားတွင် ကျုံးနှင့်ရေ၊ ရေနှင့်ကြာ ပဏာတင့်လှပါဘိ။ ထို့ကြောင့်လည်း ရေဆေးရေးရာတွင် သူတစ်မူအောင် ထူးချွန်၍ ရေမင်းသားဟု တညီတညွတ်တည်း ခေါ်ခဲ့ကြဟန်တူသည်။
ဆရာဆောင်၏ ပန်းချီရေးနည်းမှာ ဂျေဂျေဟီးလ်ဒါ၏ ရေးနည်းအတိုင်း အစိုးရနည်းဖြစ်သည်။ ဝဒ်မင်ခေါ် ရေဆေးစက္ကူပေါ်တွင် ပထမ ကောက်ကြောင်း ကောက်ပြီး (၅)မိနစ်ခန့် ရေစိမ်ထားလိုက်သည်။ ရေစိမ်ပြီးသားစက္ကူကို ဘုတ်ပြားပေါ်တွင်ကပ်ပြီး ပိုလျှံရေကို လက်ဝါးစောင်းဖြင့် သပ်ချရသည်။ ထို့နောက်မှ ဆေး စတင်သွင်းယူသည်။ ရှေးဦးစွာ အဖြူရောင်ကို အောက်ခံသုတ်လိမ်းသည်။ ကျန်အစိတ်အပိုင်းကိုမူ လိုသောအရောင်များ သူ့နေရာနှင့်သူ သွင်းယူသည်။ ဆေးများများ ရေကျဲကျဲသုံးပြီး အရောင်မှိုင်းမှိုင်းအသုံးပြုလေ့ ရှိသည်။ ရေအချိန်အဆ၊ ဆေးအချိန်အဆကောင်းသူများသာ ဤအရာတွင် ကျွမ်းကျင်နိုင်ပါသည်။ အလင်းဖောက်ချင်လျှင် အဖြူမသုံး စုတ်ခြောက်ဖြင့် လိုအပ်သည့်နေရာများကို ပြန်နုတ်ယူလေ့ရှိသည်။ ဆရာဆောင်သည် ရေအချိန်အဆ၊ ဆေးအချိန်အဆကောင်းပြီး အကိုင်အတွယ်သန့်သဖြင့် သူ့ရှုခင်းလက်ရာများမှာ အရောင်လွင်သည်။ ကြည်နူးစဖွယ် ဖြစ်သည်။ ထို့ကြောင့် ရေဆေးပန်းချီလောက၌ အထားအသို (Composition) အရာတွင် ပန်းချီဦးဘသက်က အကောင်းဆုံးဖြစ်ပြီး အရောင်အတွဲအဖက်အရာ၌ ဆရာဆောင်သည် အတော်ဆုံးဟု ပြောစမှတ်ပြုကြရသည်။
ဆရာဆောင် စိန့်ပေါလ်ကျောင်းတွင် နည်းပြလုပ်နေစဉ် ၁၉၅၂ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ဂျူဗလီဟောတွင် ပန်းချီအနုပညာသင်ကျောင်း ဖွင့်သည်။ ယဉ်ကျေးမှုဌာနဝန်ကြီး ဦးဝင်း၊ အတွင်းဝန် ဦးဖိုးလတ်လက်ထက်တွင် ဖြစ်၏။ ဆရာဆောင်သည် အဆိုပါ ပန်းချီကျောင်းအုပ်ရာထူးကို စိတ်မဝင်စားခဲ့သော်လည်း မိတ်ဆွေများက အတင်းတိုက်တွန်းသဖြင့် ဝင်လျှောက်လေသည်။ ကျောင်းအုပ်ရာထူးနှင့် နည်းပြဆရာရာထူးများကို ရာထူးတန်းအဖွဲ့မှ ခေါ်ယူစစ်ဆေးသည်။ ရွေးချယ်သည့်နေ့တွင် ပန်းချီကောင်စီဥက္ကဋ္ဌ ဗိုလ်လက်ျာ၊ ဦးဘဂျမ်းနှင့် ဦးစံဝင်းတို့ကို ရာထူးဝန်အဖွဲ့က ဖိတ်ခေါ်သည်။ ရာထူးဝန်အဖွဲ့က ဆရာဆောင်ကို မေးခွန်းများ မေးသောအခါ ဆရာဆောင်သည် ကြွားဝါတတ်သူ မဟုတ်သည့်အတိုင်း မိမိတတ်သည်ထက် လျှော့၍ဖြေသည်။ ဆရာဆောင် ဖြေကြားသည့် စကားများတွင် သူတစ်ထူး အထင်ကြီးနိုင်လောက်သည့်စကား တစ်ခွန်းမျှမပါ။ ထို့ကြောင့် ရာထူးဝန်အဖွဲ့မှ ဆရာဆောင်အား အထင်မကြီးကြ။ ကျောင်းအုပ်ခန့်ရန်ပင် မရည်ရွယ်ချေ။ သို့သော် ဆရာဆောင်၏ ပညာအရည်အသွေးကို အတွင်းသိဖြစ်နေသော ဗိုလ်လက်ျာ၊ ဦးဘဂျမ်း၊ ဦးစံဝင်းတို့က အတိုက်အခံလုပ်ပြီး ထောက်ခံကြသဖြင့် ဆရာဆောင်ကို ကျောင်းအုပ်အဖြစ် ရွေးချယ်ကြရသည်။
သို့သော် ဆရာဆောင်သည် ကျောင်းအုပ်ခန့်စာရသည့်နေ့မှာပင် ရုတ်တရက် ကွယ်လွန်သွားလေသည်။ ပန်းချီလောကတစ်ခုလုံး ဝမ်းနည်းကြရသည်။ ရုတ်တရက် ဝေဒနာဖိစီးလာသည်ကတစ်ကြောင်း၊ လျှောက်လွှာတင်စဉ်က ကျောင်းအုပ်ကြီးမှတစ်ဆင့် မတင်၍တစ်ကြောင်းတို့ကြောင့် ကျောင်းအုပ်ခန့်စာကိုပင် ဆရာဆောင် မြင်မသွားရရှာပေ။ ဆရာဆောင်ကွယ်လွန်သွားခဲ့သဖြင့် ဦးခင်မောင်ကို ကျောင်းအုပ်ကြီးအဖြစ် ဆက်လက်ခန့်အပ်သည်။ ထိုစဉ်က နည်းပြဆရာများမှာ ဦးမြတ်ကျော်၊ ဦးသိန်းဟန်နှင့် ဦးအန်တင်အေးတို့ ဖြစ်ကြပြီး ပန်းပုနည်းပြဆရာများအဖြစ် ဦးဟန်တင်နှင့် ဦးစံဖေတို့ကို ခန့်အပ်သည်။ ပန်းချီပန်းပုကျောင်းမှာ (၃)နှစ် သင်တန်းဖြစ်ပြီး ကျောင်းအုပ်ကြီး ဦးခင်မောင်ဖေ လက်ထက်တွင် ကျောင်းဆင်းလက်ရာပြပွဲတစ်ပွဲကို ကျင်းပကြောင်း သိရှိရပေသည်။
ဆရာဆောင်သည် အရက်ကြိုက်သူဖြစ်သည်။ ရေသောက်သလို သောက်သည်။ ထိုအရက်ကပင် ဆရာဆောင်ကို သေမင်းနိုင်ငံသို့ အပါခေါ်သွားခြဲ့ခင်းဖြစ်သည်။ အရက်သောက်လွန်သော ရောဂါဖြင့်ပင် မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ရသည်။
ဆရာသည် ဆေးထိုးခံရမှာလည်း အလွန်ကြောက်တတ်သူ ဖြစ်သည်။ ဆေးရုံကိုလည်း ကြောက်သည်။ ထို့ကြောင့် အခြေအနေဆိုးသဖြင့် ဆေးရုံတင်ရန် မိတ်ဆွေများက ပွေ့ချီချသောအခါ အိမ်အတွင်းတံခါးရွက်ကို အတင်းဆွဲထားသေးသည်ဟု ဆိုသည်။ ဆရာဆောင်သည် ဘူတာကြီးအနီး အထက်ပန်းဆိုးတန်းလမ်းမရှိ ကူးစက်ရောဂါကုဆေးရုံ (ယခု မြန်မာ့ဂုဏ်ရည်အိမ်ရာ)တွင်ပင် ကွယ်လွန်ခဲ့သည်။
ဆရာဆောင်တွင် သားသမီးများ မကျန်ရစ်ခဲ့ပေ။ ဆရာဆောင်သည် (၁၉၂၁)ခုနှစ်က ပွဲကုန်းဇာတိသူဖြစ်သော ဒေါ်သန့်နှင့် အိမ်ထောင်ကျသည်။ သားတစ်ယောက်ရသော်လည်း အဖတ်မတင်ဘဲ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့သည်။ ထို့နောက် ဒုတိယဇနီး ဒေါ်အမာ (စက်ချုပ်သည်)နှင့် အကြောင်းပါခဲ့သော်လည်း သားသမီး မထွန်းကားခဲ့ချေ။ ဆရာဆောင်သည် ဒုတိယဇနီးဖြစ်သူ ဒေါ်အမာလက်ထက်တွင်ပင် ကွယ်လွန်ခြင်းဖြစ်သည်။
ဆရာဆောင်သည် အရက်ကို ကြိုက်နှစ်သက်၍ သောက်သော်လည်း အလွန်ရိုးသားဖြောင့်မတ်သူဖြစ်သည်။ အရက်သောက်ပြီးလျှင် မည်သူ့ကိုမျှ ဒုက္ခမပေးဘဲ ပျော်ပျော်နေတတ်သူ ဖြစ်သည်။ တစ်ခါတစ်ရံ ငွေကြေးပြတ်၍ ဇနီးဒေါ်အမာက နားပူနားဆာ ငွေမရှိကြောင်း ပြောသည့်အခါမျိုးတွင်ပင် စိတ်ပျက်စိတ်ညစ်သည်ဟူ၍မရှိဘဲ ရှိသည့်ပစ္စည်း ပေါင်နှံပေးလေသည်။
ဆရာဆောင်သည်ပညာကိုဝှက်မထားတတ်ပေ။ဆရာစားမချန်တတ်။စိတ်ကောင်းစေတနာ ရှိ၍ ပညာကို တကယ်လိုချင်သူများကို အချိန်မရွေး ပညာအမွေပေးတတ်သည်။ ဆရာဆောင်သည် လူရည်သန့်၍ အကောင်းလည်းကြိုက်သည်။ အဝတ်အစား သန့်သန့်ပြန့်ပြန့်ဝတ်သော်လည်း ခေတ်မဆန်ဘဲ ရိုးရိုးကုပ်ကုပ် နေတတ်သည်။ ပန်းချီပညာအပြင် ဂီတကိုလည်း အတော်အတန် တီးမိခေါက်မိသည်။ ပန်းချီကားရေးပြီးလျှင် ပျင်းလျှင် စောင်းတီး၍ သီချင်းဆိုလေ့ရှိသည်။ ဆရာဆောင်သည် စောင်းပညာကို ဒေဝဣန္နာ၏တပည့် ဦးမောင်မောင်ကြီးထံတွင် စည်းစနစ်ကျနစွာ သင်ယူခဲ့ဖူးသည်ဟု ဆိုသည်။
ဆရာဆောင်သည်အရက်ကိုနှစ်သက်သလို စီးကရက်ကိုလည်း အလွန်ကြိုက်သူဖြစ်သည်။ ဘယ်သောအခါတွေ့တွေ့ ဆရာဆောင်ပါးစပ်၌ စီးကရက် အမြဲခဲထားသည်ကို တွေ့မြင်ရသည်။ ပန်းချီဆွဲနေတုန်း ပါးစောင်တွင် ခဲထားသည့် စီးကရက်ပြာများ ပန်းချီကားပေါ်သို့ ကြွေကျလျှင်ပင် ဖယ်မပစ်ဘဲ စုတ်တံနှင့် ရောမွေရေးဆွဲထည့်တတ်သည်ဟု ဆိုသည်။ ဆရာဆောင်သည် ပန်းချီကားရေးလျှင် အလွန်မြန်၍ တစ်ထိုင်တည်းအပြီး ရေးဆွဲတတ်သူဖြစ်သည်။ ပန်းချီကားဆွဲ မြန်သော်လည်းဆရာဆောင်ရေးဆွဲသည့်ပန်းချီကားတိုင်းသည်ထူးခြားသော အနုပညာအရည် အသွေး ပြည့်နေလေသည်။
ဆရာဆောင်၏ မြင်ဆရာမှာ ဂျေဂျေဟီးလ်ဒါဖြစ်ပြီး သင်ဆရာမှာ ဦးဘဇော်ဖြစ်သည်။ ရန်ကုန်ရောက်ပြီး နောက်ပိုင်းတွင် ဦးဘဇော်အား ဆရာတစ်ဆူအဖြစ် ကိုးကွယ်ဆည်းကပ်ပြီး ပန်းချီနည်းနာတို့ကို ယူခဲ့သည်ဟု ဆိုသည်။
ဆရာဆောင်၏ တပည့်များမှာ ဦးသန့်၊ ဦးခင်မောင် (ဘဏ်)၊ ဦးမောင်မောင်မြ၊ ဦးဘဦး၊ ဦးအုန်းလွင်၊ ဦးထွန်းညွန့် (နောင် ပန်းချီပညာဝန်ထောက် ဖြစ်လာသူ)၊ ဦးအေးမောင် (မန်း)၊ ဦးလှမောင် (ဂျီလှမောင်)၊ ဦးလှမောင် (ပန်းချီဆရာကြီး ဦးထွန်းလှ၏သား)၊ ပဲခူးဦးတင်မောင်အေး၊ ဦးအမ်တင်အေး (အငြိမ်းစားပန်းချီကျောင်းအုပ်ကြီး)၊ ဦးဥာဏ်ရှိန်တို့ ဖြစ်ကြသည်။
ဦးအမ်တင်အေးသည် စစ်ကြိုခေတ်ပန်းချီကျောင်း၌ (၂)နှစ်တက်ပြီး ဆရာဆောင်ထံ၌ (၁၉၃၈ မှ ၁၉၄၁)ခုနှစ်အထိ လေ့လာဆည်းပူးခဲ့သူ ဖြစ်သည်။ ဦးအမ်တင်အေးက ဆရာဆောင်နှင့် ပတ်သက်၍ တစ်ခါက –
“ဆရာဆောင်လိုလူမျိုး၊ ဆရာ့လိုလက်ရာမျိုး ထွက်ဖို့မလွယ်ဘူး။ ဆရာဆိုရင် ရေဆေးပါမောက္ခအဆင့်ပဲ။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာ့ရေဆေးပညာရှင်တွေက ဆရာ့ရေဆေးကို ကမ္ဘာ့စံမီလက်ရာလို့ အသိအမှတ်ပြုခဲ့ကြတယ်”ဟု ဆိုသည်။
ယခုအခါ ဆရာဆောင်ကွယ်လွန်ခဲ့သည်မှာ (၄၆)နှစ်ခန့် ရှိပြီဖြစ်သော်လည်း ဆရာဆောင်နာမည်မှာ ယနေ့တိုင် ရှင်သန်လျက်ရှိနေပေသည်။ သို့သော် ဝမ်းနည်းသည်မှာ ဆရာဆောင်ကွယ်လွန်စဉ်က အသက် (၅၄)နှစ်သာရှိသေးပြီး ဆရာ့ရေဆေးလက်ရာမွန် အများအပြားမှာ နိုင်ငံရပ်ခြားသို့ ရောက်ရှိခဲ့ခြင်းပင်ဖြစ်သည်။ ရန်ကုန်အမျိုးသားပြတိုက်နှင့် မိတ်ဆွေပန်းချီဝါသနာရှင် အချို့ထံသာ လက်ရာအနည်းငယ်သာ တွေ့ရှိနိုင်တော့သည်။
မည်သို့ဆိုစေမြန်မာ့ပန်းချီလောက၌“ရေမင်းသား”ဟုကျော်ကြားခဲ့သော ရေဆေးပန်းချီ ဆရာ ဆရာဆောင်၏ အမည်သည် မြန်မာတည် သရွေ့  ဆက်လက် ရှင်သန်နေမည်မှာ မလွဲဧကန်ပင်တည်း။
စာကိုး 
(က) မောင်ကြာညွန့် “ရေမင်သားဆရာဆောင်” ဒို့ကျောင်းသား စာစောင် (၁၉၆၉ခု၊ သြဂုတ်လ) စာ ၃၅- -၄၁။

(ခ) ညိုဝင်းရှင် “ရေမင်းသား ဆရာဆောင်” အလှပညာစာစောင်၊ ၁၉၉၅ အောက်တိုဘာလ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ စာ ၅၅- ၆၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments