Than Win Hlaing – Articles

June 23, 2013

ကယန်း (ပဒေါင်) လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်
သန်းဝင်းလှိုင်
ဇွန် ၂၃၊ ၂၀၁၃

 


၂၀၁၃ခုနှစ် မတ်လ ၂၈ရက်မှ ၃ဝ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ဆာယာဝတ်မြို့၌ ကျင်းပပြုလုပ် ခဲ့သည့် အာဆီယံ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ “ကယန်းအလှ” ဇာတ်ကားဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ဇာတ်ကားပေါင်းများစွာထဲမှ Special Juror’s Award ဆုရရှိခဲ့သည်။ အဆိုပါဇာတ်ကားမှာ ကယန်းလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့စရိုက် ဘဝဖြတ်သန်းမှုပုံရိပ်နှင့် လူကုန်ကူးမှု၏သားကောင်ဖြစ်ကြရသည့် ကယန်းအမျိုးသမီး လေးများ၏ အကြောင်းကို အခြေခံ၍ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။
ယင်းဇာတ်ကားကို ဒါရိုက်တာအောင်ကိုလတ်က ထုတ်လုပ်သူနှင့် ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဇာတ်ညွှန်းဖန်တီးသူနှင့် တွဲဖက်ထုတ် လုပ်သူအဖြစ် အမေရိကန်နိုင်ငံသား Mr. Heclon Carosso တို့ကလည်းကောင်း ဆောင်ရွက်ခဲ့ပြီး နွယ်နီဝင်း၊ နှင်းပိုင်နှင့် ရို့စ်မေရီတို့က အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားကြသည်။
ဇာတ်ကားကို ၂၀၀၈ခုနှစ် ဇန်နဝါရီလမှစ၍ ဧပြီလအထိ ကယားပြည်နယ်သို့ သွားရောက်၍ ကယန်း (ပဒေါင်) လူမျိုးစုတို့၏ဘဝကို ကွင်း ဆင်းလေ့လာကာ ပုံဖော်ရိုက်ကူးထားသည်။
အဆိုပါဇာတ်ကားကို ရိုက်ကူးခဲ့သော ဒါရိုက်တာအောင်ကိုလတ်က “ကယန်းအလှဇာတ်ကားဟာ နောက်ဆုံးအဆင့် ဇကာတင် ၆ကားထဲမှ ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံးဓါတ်ပုံဆုနှင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက် ဇကာတင် စာရင်းထဲ အရွေးခံထားခဲ့ရာက နောက်ဆုံးအဆင့်မှာ ပြုတ်ကျသွားခဲ့ တာကြောင့် ဆုမရတော့ဘူးလို့ ထင်မှတ်ထားရာက ဒိုင်လူကြီးတွေ အကြိုက်ဆုံး ဇာတ်ကားဆုကို အမှတ်မထင် ရရှိခဲ့တာကြောင့် အတိုင်းမသိ ပျော်ရွှင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်” ဟူ၍ ပြန်လည်ပြောပြသည်။ တွဲဖက် ဒါရိုက်တာ Mr. Heclon Carosso ကလည်း “ကယန်းအလှ ဇာတ်ကားအတွက် ၂၀၀၆ ခုနှစ်ကတည်းက ပြင်ဆင်ခဲ့ပြီး အင်တာနက်မှာ လိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေခဲ့ပါတယ် ဆိုပေမဲ့ တကယ်တမ်းကြတော့ အချက်အလက်တွေက ထင်သလောက်ရှာလို့မရခဲ့ပါဘူး။ ဒါကြောင့် ၂ဝဝ၇ ခုနှစ်မှာ ကယန်းဒေသကို ကိုယ်တိုင်သွားပြီး ကယန်းလူမျိုးစုတွေနဲ့ တွေ့ဆုံအင်တာဗျူးလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကယန်းအမျိုး သမီးလေးတွေရဲ့ ဘဝဓလေ့ကို အသေးစိတ်လေ့လာခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်ကြမှပဲ အပြီးသတ် ဇာတ်ညွှန်းရေးသားနိုင်ပြီး ရိုက်ကူးနိုင်ပါ တော့တယ်” ဟူ၍ ပြောပြခဲ့သည်။
● ကယန်းတို့ ဒေသ
ကယန်းလူမျိုးတို့သည် ရွှေလည်တိုင်ဖော့ဖယောင်း ပျော့ပျော့ပြောင်းတွင် ကြေးဝါကွင်းများ အဆင့်ဆင့် ဝတ်ပြီး လက်နှစ်ဖက်၊ ခြေနှစ်ဖက်တွင်လည်း အလားတူ ကြေးကွင်းများ ဆင်ယင်တက်သူများ ဖြစ်ကြသည်။ မြန်မာတို့က ယင်းတို့ကို ပဒေါင်ဟု ခေါ်ကြသော်လည်း ရှမ်းတို့ကမူ၎င်းတို့ကို “ယန်ခေါ်တောင်း” ဟူခေါ်ကြ သည်။ အဓိပ္ပါယ်မှာ ရှမ်းဘာသာဖြင့် “ကြေးကွင်းစွပ်ကရင်” ဟု အနက်ရသည်။ ကယန်းခေါ် ပဒေါင်တို့သည် သူတို့ကို သူတို့ “ကယန်း” ဟုသာ ခေါ်ဝေါ်ကြသည်။ ကယန်းတို့သည် ကယားလူမျိုးစု အုပ်စု၌ ပါဝင်၍ ကဲ့ခို၊ ယင်းဘော်၊ မျိုးနွယ်စုများတွင် ပါဝင်ကြသည်။ ကယန်းတို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည် နယ်တို့တွင်အနှံ့အပြားနေထိုင်ကြသည်။ အထူးသဖြင့် ကယားပြည်နယ် အနောက်ပိုင်း လွိုင်ကော်မြို့နယ်နှင့် ဒီလာဆိုးမြို့နယ်၊ ရှမ်းပြည်နယ် မိုးဗြဲနယ်တို့တွင် အများဆုံးနေထိုင်ကြသည်။
● ယဉ်ကျေးမှုဓလေ့စရိုက်
ပဒေါင်ခေါ် ကယန်းတို့သည် အခြားလူမျိုးတို့နှင့် ရောနှောနေထိုင်လေ့မရှိကြပေ။ သူတို့မျိုးနွယ်စုခြင်း သာ အုပ်စုဖွဲ့ပြီး ရွာတည်၍ နေထိုင်လေ့ရှိကြသည်။ အေးချမ်းစွာနေလိုစိတ်ရှိသည့် အလျောက် ရန်သူများ အလွယ်တကူ မဝင်ရောက် မနှောက်ယှက်နိုင်သည့် တောင်ပေါ်ဒေသများကို ရွေးချယ်နေထိုင်လေ့ရှိကြသည်။ အခြားသူများနှင့်လည်း လက်ထပ်သွေးနှောခြင်း မပြုကြချေ။ ရိုးသား၍ စိတ် ထားဖြောင့်သော တိုင်းရင်းသားများ ဖြစ်ကြသည်။ ကယန်းအမျိုးသမီးတို့ ကြေးခွေဆင်ယဉ်မှု ပေါ်ပေါက်လာပုံနှင့် ပတ်သတ်၍ ကယန်းတို့၏ ယုံကြည်ယူချက်မှာ နှစ်မျိုးရှိလေသည်။ ပထမ ယူဆချက်မှာ –
ကယန်းလူမျိုးတို့သည် နဂါးအနွယ်ဖြစ်သည်ဟု ယူဆကြသည်။ ကယားလူမျိုးတို့က မိမိတို့သည် ကိန္နရာမျိုးမှ ဆင်းသက်လာသည်ဟု ယုံကြည်ယူဆပြီး ကိန္နရာငှက်၏ ခြေထောက်အသွင်တူရန် သစ်စေးသုတ် ကြိုးခွေကို ဒူးတွင်ပတ်ထားသည့် နည်းတူ ကယန်းတို့သည်လည်း နဂါးနွယ်ဖြစ်သည်ဟု ယုံကြည်ကြသဖြင့် လည်ပင်းနှင့်ခြေတို့တွင် နဂါးရစ်သဖွယ်ကြေးခွေများ စွပ်ကြသည်ဟု ဆိုလေသည်။ ဤယူဆချက် မှာ အချို့သော ကယန်းတို့၏ ယူဆချက်ပင်ဖြစ်လေသည်။
ဒုတိယယူဆချက်မှာ ကယန်းတို့အများဆုံးယုံကြည်ပြီး ပြောဆိုလေ့ရှိသည့် ရှေးဟောင်းပုံပြင်ကလေးဖြစ်လေသည်။ ထိုပုံပြင်တွင်လာ သည် ကား-
ကယန်းတို့သည် အခြားလူမျိုးများနည်းတူ မြန်မာပြည်တိုင်းသို့ မြောက်ဘက်မှ ဝင်ရောက်လာ ကြသည်။ ရေကြည်ရာ မြက်နုရာ အရပ်ဒေသကို ရှာဖွေရင်း ဧရာဝတီမြစ်ကြောင်းအတိုင်း တောင်ဘက်သို့ ဆင်းလာကြရာမှ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ရောက်ရှိလာကြလေ သည်။ မြစ်ဝကျွန်းပေါ်ရှိမြို့တစ်မြို့တွင် ကယန်းတို့သည် ရွှေစေတီတစ်ဆူကို တွေ့ရှိကြသည်။ ယင်းရွှေစေတီသည် အစကနဦးတွင် မှိုကဲ့သို့ မြေမှ ထူးခြားစွာပေါ်လာခြင်းဖြစ်သည်။ ကယန်းတို့သည် ထိုထွက်လာသောမှိုကို တောင်းဖြင့်အုပ်ထားကြ၏။ နောက်တစ်နေ့တွင် ထိုမှိုသည်ကြီးလာသဖြင့် ယခင်ထက် အရွယ်အစားကြီးသောတောင်းဖြင့်အုပ်ထားရပြန် သည်။ နောက်နေ့တွင်လည်း ပို၍ပို၍ကြီးမားလာသဖြင့် ပိုကြီးမားသော တောင်းဖြင့် အုပ်ထားကြရ ပြန်လေသည်။ ဤသို့ဖြင့် တစ်နေ့တစ်ခြား ကြီးမားမြင့်တက်လာရာ နောက်ဆုံးတွင် ရွှေစေတီဖြစ်လာသည်။ ထိုအခါ ကယန်းတို့သည် မိမိတို့သာ ပိုင်ဆိုင်သူဖြစ်ကြောင်း သိသာစေရန် ရွှေစေတီ၏ ပတ်လည်၌ ဝါးထိပ်တွင် သစ်ရွက်ထုပ်များ ပြုလုပ်၍ စိုက်ထားလေသည်။
ယင်းရွှေစေတီကို ရှမ်းလူမျိုးများက ကလေးရှိသောအခါ စေတီ၏ ပတ်လည်တွင် တုတ်များစိုက်၍ အမှတ်အသား ပြုလုပ်ခဲ့ကြပြန်သည်။ ဗမာများ တွေ့ရှိကြပြန်သောအခါ စေတီ၏ အနီး၌ ကျောက်တိုင်စိုက်ထူ ခဲ့ခြင်းဖြင့် ပိုင်ရှင်အမှတ်အသား ဖြစ်ခဲ့ကြပြန်သည်။
တနေ့တွင် ကယန်းတို့သည် အောင်ပွဲအခမ်းအနားကျင်းပပြုလုပ်၍ ဗမာနှင့်ရှမ်းတို့ကို ဖိတ်ကြားကာ ထမင်းကျွေးကြသည်။ အောင်ပွဲအခမ်း အနားတွင် ကယန်းများ ပျော်ရွှင်ကြသဖြင့် သီဆိုကခုန်ကြသည်။ ထိုအခါ ဗမာနှင့်ရှမ်းတို့က “အဘယ်ကြောင့်အောင်ပွဲခံရသနည်း” ဟု မေးမြန်းရာ ရွှေစေတီကိုတွေ့ရှိရသဖြင့် ဝမ်းသာ၍ အောင်ပွဲခံကြောင်း ယင်းရွှေစေတီကို နတ်ပေး၍သာရကြောင်း ကယန်းတို့က ပြောပြသည်။ ထိုအခါ ရှမ်းများက မိမိတို့သာ ယင်းရွှေစေတီကို ဦးစွာတွေ့ရှိသဖြင့် တုတ်များ အမှတ်အသားပြု၍ စိုက်ထူထားခဲ့ကြောင်း ပြောပြသည်။ ဗမာများကလည်း မိမိတို့သာ ဦးစွာပထမ တွေ့ရှိသူများဖြစ်၍ စေတီအနီးတွင် ကျောက်တိုင်စိုက်ထူထားကြောင်းပြော ဆိုခဲ့ပြန်သည်။ ကယန်းတို့ကလည်း မိမိသည်သာ ဤရွှေစေတီကို ဦးစွာပထမတွေ့ရှိကြောင်း စေတီနေရာသို့သွားကြည်လျှင်မိမိတို့စိုက်ခဲ့သည့် သစ်ရွက် ထုပ်များကိုတွေ့ရှိရမည်ဖြစ်ကြောင်း    ပြောဆိုလေသည်၊၊   ဤသို့ဖြင့် အငြင်းပွားရာမှ နောက်ဆုံးတွင် ရွှေစေတီကို သွားရောက်ကြည်ရှုရန် သဘောတူခဲ့ကြသည်။
ထိုနောက် နောက်တစ်နေ့တွင် ကယန်း၊ရှမ်းနှင့်ဗမာတို့သည် သွားရောက်ကြည်ရှုသောအခါ ဗမာတို့စိုက်ထူခဲ့သော ကျောက်တိုင်ကိုသာတွေ့ရသည်။ ထိုအခါကယန်းတို့က မိမိတိုအမှန်ပင်စိုက်ခဲ့သော သစ်ရွက်များသည် မီးလောင်၍ပျုက်ဆီးကုန်ပြီးသာဖြစ်ရမည်။ သို့သော်ဦးစွာပထမရွှေစေတီကို တွေသူမှာ မိမိတို့သာဖြစ်ကြောင်းပြောဆိုလေသည်။ ရှမ်းတို့ကလည်းမိမိတို့သည် အမှန်ပင်တုက်များစိုက်ထူခဲ့ကြောင်း ထိုတုက်များကို မီးလောင်၍သာဖြစ်ရမည်ဟုဆိုပြန်သည်။
ဤသို့ဖြင့် နောက်ဆုံးတွင်ရွှေစေတီတွင် အဓိဋ္ဌာန်ပြုကြရန် သဘောတူညီကြပြီး“ဤရွှေစေတီကို ပထမ ဦးစွာတွေ့သူဘတ်သို့သာ စေတီဦးညွတ်ပါစေသား”ဟူ၍ အဓိဠာန်ပြုလိုက်ရာ ရွှေစေတီကိုဦးစွာတွေ့ရှိသူ အစစ်အမှန်ဖြစ်သည့် ကယန်းဘက်သို့ ညွှတ်လေသည်။ ထိုအခါ ရှမ်းနှင့်ဗမာတို့သည် ခိုက်ရန်ဖြစ်ပွားပြီး ရွှေစေတီလည်း ပျက်စီးသွားခဲ့ရလေသည်။ ထိုအခါ ကယန်းတို့သည် ရွှေများခွာပြီး မိမိတို့အချင်းချင်း ဝေယူကာ မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ခွာကာ မြောက်ဘက်သို့ ဆန်တက်သွားကြသည်။ ဤသို့ဖြင့် တောတောင်ထူထပ် ပေါများသည့် ယခု၎င်းနေထိုင်ရာ ဒေသဖြစ်သည့် ကယားပြည်နယ်တွင် နေထိုင်ကြလေသည်။ ကယန်းအမျိုးသားတို့သည် ရွှေစေတီမှရရှိလာသော ရွှေများကို အမဲလိုက်ရာသို့လည်းကောင်း၊ သစ်ဝါးခုတ်ရာ သို့လည်းကောင်း ယူဆောင်သွားပါက ပျောက်ရှသွားမည် စိုးရိမ်သဖြင့် မိမိတို့၏ မိန်းမများထံ  အပ်နှံခဲ့ကြသည်။ ထိုအခါ ကယန်းအမျိုးသမီးတို့သည် တောင်ယာသို့လည်းကောင်း၊ ရေခပ်ရာသို့လည်းကောင်း မိမိတို့ လုပ်ငန်းခွင်သို့ ယူဆောင်ရလွယ်ကူစေရန် ရွှေအခွေများ ပြုလုပ်၍ လည်ပင်းနှင့် ခြေတို့တွင် စွပ်ထားကြလေသည်။ အလိုရှိသည့်အခါ ဖြတ်ယူ သုံးစွဲကြလေသည်။ ကာလရှည်သောအခါ ယင်းရွှေခွေများသည် ကယန်းတို့၏ ဓလေ့ထုံးစံအရ ဝတ်ဆင်ရသော လည်ဝတ်တန်ဆာ၊ ခြေဝတ်တန်ဆာ များ ဖြစ်၍လာလေသည်။ ရွှေငွေများမှလည်း တဖြေးဖြေး ကြေးခွေများ ငွေခွေများ ဖြစ်လာလေသည်။
အထက်ပါပုံပြင်သည် ကယားအမျိုးသမီးတို့၏ ကြေးခွေဆင်ယင်မှု မူလအစဟူ၍ အတိအကျ မယူနိုင် သော်လည်း အဆိုပါပုံပြင်သည် ကြေးခွေဆင်ယင်မှုနှင့် ဆပ်စပ်နေသည်မှာ ထင်ရှားလှပေသည်။
● ကြေးခွေစွပ်ဓလေ့
ရှေးအခါက ကယန်းအမျိုးသမီးများသာမက အမျိုးသားများပါ လည်ပင်းတွင် ကြေးခွေ နှစ်ဆင့်သုံးဆင့် ဝတ်ဆင်ခဲ့ကြသည်။ ယခုအခါတွင် အမျိုးသမီးများသာ ဝတ်ဆင်ကြတော့သည်။ ကယားအမျိုးသမီးကလေးများ ကို ငယ်စဉ်ကပင် သူတို့၏ မိဘများက လည်ပင်းတွင် ကြေးခွေစွပ်ပေးလေ့ရှိသည်။ ကယန်းအမျိုးသမီးကလေး (၇)နှစ်အရွယ်တွင် ကြေးခွေ တစ်ခွေ နှစ်ခွေမျှသာ စွပ်ပေးကြ၏။ အသက်(၁၂)နှစ် အရွယ်သို့ရောက်လျှင် ကြေးခွေအဟောင်းကို ဖြုတ်၍ လေးခွေ ငါးခွေစွပ်ပေးကြပြန်သည်။ အသက်(၁၆)နှစ် (၁၇)နှစ် အပျိုဖျန်းအရွယ် သို့ရောက်သောအခါ အဟောင်းကြေးခွေများကို ဖြုတ်ပြီး အနည်းဆုံး ကြေးခွေ (၉)ခွေမှ အခွေ (၂၀)မျှ ၀တ်ဆင်ကြသည်။ထိုကြေးခွေများကိုလည်းနောက်ထပ်မလဲတော့ဘဲ တစ်သက်လုံး ဝတ်ဆင်သွားကြလေသည်။
လည်ဝတ်ကြေးခွေများသည် အခေါင်းပွများသာ ဖြစ်သောကြောင့် ထင်သလောက် မလေးပါ။ ကြေးခွေများကို မဝတ်ဆင်မှီ လည်ပင်းတွင် အခံအဖြစ် အဝတ်ပတ်ပြီးမျှသာ ဝတ်ဆင်ကြသည်။ ကြေးခွေများ သည် လည်ပင်းအပေါ်ပိုင်းတွင် ကျယ်ပြီး အလည်လောက်တွင် ကျဉ်း၍ လည်ပင်းအရင်းပိုင်းရောက်သောအခါ ကျဉ်းသွားပြန်သည်။ ပုံသဏ္ဍာန်အားဖြင့် ပြရလျှင် သစ်သားလက်ထောင်းဆုံ သဏ္ဍာန်နှင့် တူလေသည်။ ကြေးခွေများသည် အလုံးဖြစ်ပြီး အခွေတိုင်းတွင်အဟကလေးများရှိသည်။ ကြေးခွေများဖြုတ်ချင်သည့်အခါတွင် ၎င်းအဟကလေးများကို ကျယ်အောင် ဟပြီးမှ ဖြုတ်ရလေသည်။ ယင်းကြေးခွေများကို ကယန်း ပန်းထိမ် ဆရာ များသည် သွန်းလုပ်တက်သည်။ သူတို့သာ ဖြုတ်တတ်၊ ဝတ်ဆင်တတ်သည်။ ဖြုတ်ရာတွင်လည်း စနစ်မကျ ပါက ဝတ်ဆင်ထားသူကို အန္တရာယ်ဖြစ်စေနိုင်လေသည်။
ကယန်းအမျိုးသမီးတို့သည် လည်ပင်း၌သာ ကြေးခွေများကို ဝတ်ဆင်ကြသည်မဟုတ်။ ဒူးအောက်၊ ခြေသလုံးနှင့် ခြေမျက်စေ့ အပေါ်ပိုင်းတို့တွင်လည်း ဝတ်ဆင်ကြသည်။
● လူမှုရေးဘဝ 
ကယန်းခေါ် ပဒေါင်မိသားစုတွင် ဖခင်သည် အိမ်ထောင်ဦးစီးဖြစ်သည်။ သို့သော် အိမ်ထောင်မှုတွင် မိခင်နှင့်တကွ မိန်းမများကလည်း သူ့နေရာနှင့်သူ နေရာပေးခြင်းခံရသည်။ အရိုက်အရာ ဆက်ခံမှုနှင့် အမွေ ဆက်ခံမှုတွင် သားယောင်္ကျားလေး သို့မဟုတ် လင်ယောင်္ကျားဘက်မှ ယောင်္ကျားဆွေမျိုးများကသာ ဆက်ခံခွင့်ရှိသည်။ သမီးမိန်းကလေးကို သူစိမ်းပိုင်ဟု ယူဆကြသည်။ အိမ်ထောင်ကျလျှင် ရောင်နောက် ဆံထုံး ပါရသဖြင့် သူတပါးဆွေမျိုးအိမ်သို့ လိုက်ပါ နေထိုင်ရသောကြောင့် ဖခင်မျိုးရိုးကို ဆက်ခံမည့်သူ မဟုတ်သော ကြောင့် အရိုက်အရာနှင့် အမွေ မခံထိုက်ဟု ယူဆကြသည်။
အမွေခွဲရာတွင်လည်း အကြီးဆုံးသားများကအများဆုံး ရသင့်သည်ဟု အစဉ်အလာရှိသော်လည်း ဖခင်၏ အလိုကျသာ အမွေ ခွဲပေးနိုင်သည်။ သားလတ်များမှာ အမွေမရပဲ ဖြစ်သဖြင့် “သားလတ်သည် အိုးကွဲများသာ ရသည်” ဟူ၍ ပဒေါင်စကားပုံပင်ရှိသည်။ သားလတ်သည် အမွေရ သားကြီး၊ သားထွေးများ၏ လက်ဝေခံများ ဖြစ်ကြသည်။ မုဆိုးမသည် ယောင်္ကျား၏ အမွေကို မရရှိချေ။ ယောင်္ကျားဘက်မှ ညီ၊ တူ ၊ ဦးလေး တစ်ဦးဦးကသာ ရရှိသည်။ သို့သော် မုဆိုးမ ဘ၀တွင် ရှိစဉ်ကာလပတ်လုံး မုဆိုးမ မိသားစုကို ယောင်္ကျား၏ ဆွေမျိုးများက ကူညီစောင့်ရှောက် ကျွေးမွေးထားရသည်။ မုဆိုးမနှင့် တစ်လင်ကွာတို့သည် နောက်ထပ် အိမ်ထောင်ပြုခွင့်ရှိသည်။ ယခင်ယောင်္ကျားနှင့်ရသော သားများကို ဆွေမျိုးများနှင့် ထားရစ်ခဲ့ ရသည်။ သမီးများကိုသာ ခေါ်ယူသွားပိုင်ခွင့်ရှိသည်။
ကယန်းတို့သည် လက်ထပ်မင်္ဂလာပြုလုပ်ရာတွင်လည်း ကုန်ကျစရိတ်ကို ယောင်္ကျားလေးဘက်မှပို၍ အကုန်အကျခံရသည်။ အကျွေးအမွေးကို ပထမဆုံး မိန်းကလေးအိမ်တွင် ကျင်းပပြုလုပ်သည်။ နေ့လည်စာကို မိန်းကလေး ဆွေမျိုးများကို သာ ကျွေးမွေးကြသည်။ ယောင်္ကျားလေးအိမ်တွင်လည်း ယောင်္ကျားလေး၏ ဆွေမျိုးများကို ဖိတ်၍ ကျွေးမွေးကြသည်။ ညနေပိုင်းတွင် သတို့သမီးကို သတို့သားအိမ်သို့ အိုးစည်ဗုံမောင်း များတီး၍ လိုက်လံပို့ဆောင်ပေးကြသည်။ ထိုအခါ သတို့သားအိမ်မှ ဧည့်သည်များကို ဧည့်ခံရပြန်သည်။ လက်ထပ်ပွဲတွင် မိန်းကလေးနှင့် ယောင်္ကျားလေးဘက်မှ သက်သေနှစ်ယောက်စီမှ ကတိသစ္စာဆိုကြရသည်။ မိန်းကလေးက သစ္စာဖောက်ဖျက်လျှင် မင်္ဂလာပွဲ ကုန်ကျစရိတ်များကို ပြန်လျော်ပေးရသည်။
● ရိုးရာယုံကြည်မှု
ကယန်းတို့သည် နတ်ကို လွန်စွာယုံကြည်ကိုးစားကြသည်။ မည်သည့်အမှုကိစ္စတွင်မဆို နတ်ပူဇော် ပသပွဲများ ကျင်းပပြုလုပ်ပေးကြသည်။ မိုးဦးကျတွင် ပထမဆုံးအကြိမ် အမဲလိုက်သည့်အခါ၌လည်းကောင်း၊ စပါးပျိုးကျဲသည့်အခါ၌လည်းကောင်း ကယန်းတို့သည် ရိုးရာနတ်ကို ပူဇော်ပသလေ့ရှိသည်။ ပူဇော်ရာ၌ မည်သည့်အကောင်နှင့် ပူဇော်ရမည်ကိုလည်း နတ်ထိန်းကို ခေါ်ပြီး ကြက်ရိုးထိုး၍လည်းကောင်း၊ နှီးချိုး၍ လည်ကောင်း မေးမြန်းကြသည်။ ဟောကိန်းပေါ်မူတည်၍ ဝက် သို့မဟုတ် ကြက်ဖြင့် ပူဇော်၍ အသားများကို ယောင်္ကျားများသာ စားသောက်ရသည်။ ထိုအသားကို စားခြင်းအားဖြင့် အရာအားလုံး သန့်ရှင်းစင်ကြယ်သွား သည်ဟု ယုံကြည်ကြလေသည်။ အိမ်ဆောက်ရန်၊ မြေနေရာ ရွေးချယ်ရာ၌လည်း နတ်မေးသည့် ဓလေ့ရှိသည်။
ကယန်းတို့သည် မကျန်းမမာဖြစ်လျှင်လည်း နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် နတ်ဆရာ ညွှန်ကြား သည့်အတိုင်း တောစောင့်နတ်၊ တောင်စောင့်နတ်များကို အသားစိမ်း၊ ကွမ်း၊ ခေါင်ရည်တို့ဖြင့် ပူဇော်၍ ကျန်းမာ စေရန် ဆုတောင်းကြသည်။ ပူဇော်ပွဲကို အိမ်တွင်း၌ ဖြစ်စေ အိမ်အပြင်၌ဖြစ်စေ ပြုလုပ်လေ့ရှိသည်။
ကယန်းတို့သည် နောင်တမလွန်ဘဝ ရှိသည်ဟုလည်း ယုံကြည်ကြသည်။ ရှေးအခါက သေဆုံးသူ အတွက်နောင်တမလွန် ဘ၀တွင် သုံးစွဲရန် ၎င်းအသက်ရှင်စဉ်က အသုံးပြုခဲ့သော အိုးများ၊ ဓါးမများ၊ ပေါက်ပြား များကိုပါ အခေါင်းထဲသို့ ထည့်ပေးလေ့ရှိကြသည်။ အချို့က သေသူ၏ ပါးစပ်ထဲသို့ ငွေအကြွေစေ့ ထည့်ပေး လေ့ရှိသည်။ သေသူနတ်ပြည်သွားလျှင် ဝင်ကြေးတောင်းသောအခါ ပေးရန်ဖြစ်သည်။ သို့မှသာ နတ်ပွဲသဘင် သို့ ရောက်နိုင်မည်ဟု ယူဆကြသည်။ သေဆုံးသူသည် ပိတ်လိုက်ဖွင့်လိုက် ရှိနေသော် တံတားကို ဖြတ်ကျော် ရသည်ဟုလည်း ယုံကြည်ကြသည်။ အကုသိုလ် များသူသည် ထိုတံတားကို မကျော်နိုင်ပဲ တံတားအောက်သို့ ကျရောက်သွားလိမ့်မည်။ကောင်းမှုကုသိုလ် ပြုခဲ့သူဆိုလျှင်တံတားကို ကျော်ပြီး နတ်ပြည်သို့ရောက်လိမ့်မည်ဟု ယုံကြည်ကြသည်။ နတ်ပြည်သို့သွားရာ လမ်းတစ်လျှောက်လုံးသည် သဲကန္တာရဖြစ်ပြီး ဆူးများရှိသောလမ်း ကို ငွေဖိနပ်ဖြင့်သာ လျှောက်နိုင်သည်။ ထို့ကြောင့် ငွေဖိနပ်ပြုလုပ်၍ စီးနိုင်စေရန် ငွေဒင်္ဂါးများကိုလည်း သေသူ မြှုပ်နှံရာတွင် ထည့်ပေးလေ့ရှိသည်။ ကြက်ငယ်တစ်ကောင်ကို သတ်ပြီး အခေါင်းထဲသို့ ထည့်ပေးခြင်းမှာ ကြက် က သေသူကို လမ်းမှ ဆူးများ ရှင်းလင်းပေးရန်နှင့် အမှောင်ထဲတွင် လမ်းပြရန် ဖြစ်လေသည်။
ကယန်းတို့သည် အတိတ်နမိတ်ကိုလည်း ကောက်လေ့ရှိသည်။ လမ်းခရီးသွားရာတွင် မြွေတွေ့ပါက အဆိုပါမြွေသည် ညာဘက်မှ ဘယ်ဘက်သို့ဖြတ်ကူးလျှင် လာဘ်ကောင်းသည်ဟု ယူဆကြသည်။ ဘယ်ဘက် မှ ညာဘက်သို့ဖြတ်ကူးလျှင်မကောင်းဟု ယူဆကြသည်။ ချေ(ဂျီ)ကောင်သည် ဘယ်ဘက်မှ ညာဘက်သို့ ဖြတ်ပြေးသွားလျှင် လုံးဝ လာဘ်မကောင်းသဖြင့် ခရီးသွားသူသည် လုံးဝ ဆက်မသွားပဲ အိမ်ပြန်လာရသည်။
နာရေးကိစ္စများတွင်လည်း လိုက်နာရမည့် ဓလေ့ထုံးစံများရှိသည်။ ရွာတွင် အသုဘရှိပါက မသာကိစ္စပြီး သည်အထိ တောင်ယာလုပ်ခြင်း၊ အမဲလိုက်ခြင်း၊ တောခုတ်ခြင်း လုံးဝ မပြုလုပ်ရချေ။ မသာကိစ္စကို ဝိုင်းဝန်း ကူညီစေရန် ဖြစ်ဟန်ရှိသည်ဟု ဆိုကြသည်။ အိမ်တိုင်းမှ ငွေ သို့မဟုတ် ကောက်ပဲသီးနှံ၊ ခေါင်ရည် တို့ကို အသုဘအိမ်သို့ပေးလှူရသည်။ အသုဘအိမ်တွင် မသာထမင်းကို ကျွေးရာ၌လည်း ကျွဲနွားတို့ကို သတ်၍ နတ်ပူဇော်ပြီးမှ ဧည့်ပရိတ်သတ်ကို ကျွေးမွေးရသည်။ ညအချိန်တွင် လူငယ်များက ဝါးညှပ်အကကို ကပြီးလျှင် သေသူအား ဆုတောင်းသီချင်းများ သီဆိုလေ့ရှိကြသည်။ နောက်တစ်နေ့တွင် ရွာပြင်သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်ကြသည်။
● စိုက်ပျိုးရေး
စိုက်ပျိုးရေး သည်သာလျှင် ကယန်းတို့၏ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်သည်။ တောင်ယာ စပါး လူးဆပ်၊ နှမ်းပြောင်း၊ ပဲ၊ ဂျုံ အမျိုးမျိုး တို့ကို တောင်ယာများတွင်လည်းကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ဗူး၊သခွား၊ ဖရုံ၊ ခရမ်းချဉ်၊ ငရုတ်၊ ကန်စွန်းဥ၊ ပိန်းဥ၊ ဂျင်း တို့ကို ခြံများတွင်လည်းကောင်း၊ လိမ္မော်၊ သံပုရာ၊ နာနတ်၊ ကော်ဖီ၊ ငှက်ပျော၊ သနပ်ဖက်တို့ကို ဥယျာဉ်များတွင်လည်းကောင်း၊ လူ၏ လုပ်အားကို အသုံးပြု၍ စိုက်ပျိုးကြသည်။ ကယန်းတို့သည် အလုပ်လုပ်ရာတွင် ဇွဲကောင်း၍ သန်မာ ထွားကျိုင်းသူများ ဖြစ်သည်နှင့်အညီ တောင်ယာလုပ်ငန်း ကျွမ်းကျင်လိမ္မာကြသည်။
ထို့ကြောင့်“ရွှေရိုး”ကလောင်အမည်ခံ အင်္ဂလိပ်စာရေးဆရာကြီး ဆာဂျော့စကော့(Sir George Scott) က –
“သူတို့ဟာ ဇွဲနပဲနဲ့ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုကြသူများဖြစ်တယ်။ သူတို့ဟာ အမြင့်ပေ(၃ဝဝဝ) နှင့် (၄ဝဝဝ)ကြားရှိ တောင်ပေါ်ဒေသတွင် နေထိုင်၍ လှေခါးထစ်များ ပြုလုပ်ကာ လယ်ယာစိုက်ပျိုးရေး ပြုလုပ် ကြတယ်။ ပဒေါင်ခေါ် ကယန်းဒေသက လမ်းတွေဟာ တစ်ဖြောင့်တည်းရှိတာမို့ အခြား တောင်ပေါ်ခရီးသွား တိုင်းရင်းသားများက ပဒေါင်တို့ ဖောက်လုပ်ထားသော လမ်းများကို နှစ်သက်သဘောကြ၍ ချီးကျူးကြတယ်။ ပဒေါင်တို့ဟာ လေ့ကျင့်ထားတဲ့ ခွေးတွေနဲ့လဲ အမဲလိုက်တတ်ကြတယ်။ အလွန်ဖော်ရွှေသော တိုင်းရင်းသား များ ဖြစ်ကြတယ်” ဟူ၍ ရေးသားမှတ်တမ်းတင်ထားခဲ့လေသည်။ ကယန်းတို့သည် ကျွဲနွားဆိတ်ဝက်များ မွေးမြူ ကြသော်လည်း နို့အသား သားရေထုတ်ယူရေးနဲ့ နတ်ပူဇော်ပွဲများ အတွက်သာ အဓိက သုံးကြသည်။ ဝက်နှင့် ကြက်များကို အိမ်တိုင်းတွင် မွေးမြူထားကြသည်။
တောင်ယာအလုပ်သာမက ကယန်းအမျိုးသမီးတို့သည် ငါးရက်တစ်ပတ်ဈေးများသို့ သွားရောက်၍ တောင်ယာထွက် သီးနှံများကို ရောင်းချကြသည်။ အပြန်တွင် အိမ်အတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ၀ယ်ယူကြသည်။
● တံခွန်တိုင်ပွဲတော်
တံခွန်တိုင်ပွဲတော်ကို ကယန်းအမျိုးသားတို့သည် နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသည်။ ပွဲတော်ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့နေထိုင်ရာ ဒေသဝန်းကျင် စည်ပင်သာယာရေး၊ လုပ်ငန်းဆောင်တာ အဝဝ အောင်မြင်ဖြစ်မြောက်ရေး၊ မိုးလေဝသမှန်ကန်ရေး၊ ရောဂါဘယ ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းရှင်းပ ပျောက်ရေး၊ ရိုးရာယဉ်ကျေးမှု ဆက်လက်ထိန်းသိမ်းရေး စသည်တို့ကြောင့်ဖြစ်သည်။
တံခွန်တိုင်အတွက် သစ်ရွေးရာတွင်လည်း ဖြောင့်မတ်သော သစ်ကိုရွေးပြီး ခုတ်ရသည်။ သစ်ကို မခုတ် မှီ နတ်ပူဇော်ရသေးသည်။ ထို့နောက် ကယားတို့ကဲ့သို့ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် နောက် တစ်နေ့တွင် တံခွန်တိုင်ကို စိုက်ထူကြရသည်။ တံခွန်တိုင်ကို နံနက်ပိုင်းတွင် ထူ၍ မွန်းတည့်ချိန်မှ စပြီး ဝိုင်းဖွဲ့ ကကြသည်။ တံခွန်တိုင်အသေးစားကို တစ်ရက်သာ ကျင်းပကြသော်လည်း၊ တံခွန်တိုင်ပွဲတော်ကြီးကို သုံးရက်တိုင်တိုင် ကျင်းပကြသည်။ ပွဲတော်သို့ အနီးအနားရှိ ရွာများကိုပါ ဖိတ်၍ ထမင်း ခေါင်ရည်တို့ဖြင့် ဧည့်ခံ ကျွေးမွေးကာ ပျော်ရွှင်စွာ စားသောက်ကြသည်။ တံခွန်တိုင်ပတ်လည်တွင် အဖွဲ့လိုက် ဗုံမောင်းတီး၍ ရိုးရာ အကများ ကကြသည်။
အခြား ရိုးရာပွဲတစ်ခုမှာ ဖုတ်ပွဲခေါ် သားသမီး ထွန်းကားပွဲရှိသည်။ သားသမီး ငါးယောက် ခြောက်ယောက်ရသောအခါ စုပေါင်း၍ ပြုလုပ်သော ပွဲဖြစ်သည်။ ထိုပွဲတွင် နတ်ပူဇော်၍ ကလေးများအတွက် ကျန်းမာ အသက်ရှည်ရန် လူကြီးများက ဆုတောင်းပေးကြသည်။ ကယန်းတို့သည် အိမ်သစ်တက်ပွဲများကို လည်း ပြုလုပ်ကြသည်။
ထို့အပြင် ၎င်းလတွင် ငှက်ကြီးပွဲ သို့မဟုတ် ဟင်္သာပွဲကိုလည်း ကျင်းပကြသည်။ သစ်သားတစ်တုံး တွင် ငှက်ရုပ်တင်ပြီးလျှင် တိုင်ထူကာ အတီးအမှုတ်တို့ဖြင့် သီဆို ကခုန်ကြသည်။ ခရစ်ယာန်ဘာသာဝင် ကယန်းတို့သည် နှစ်စဉ် ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ခရစ္စမတ် ပွဲတော်ကိုလည်း ကျင်းပကြသည်။ ပွဲတော်ကို လေးငါးနှစ်တစ်ကြိမ် အကြီးအကျယ် ကျင်းပကြသည်။ ပွဲတော်ရက်အတွင်း ဘုရားရှစ်ခိုးကျောင်းတွင် ရွာလုံးကျွတ် စုဝေးပြီး ထမင်းနှင့် ခေါင်ရည်များ စားသောက်ကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ အခြား ရိုးရာ ပွဲတစ်ခုမှာ လူပျိုဂေဟာတွင် ကျင်းပသော ပွဲဖြစ်သည်။ တစ်နှစ်တစ်ခါ အလုပ်သိမ်းချိန်ဖြစ်သော တပေါင်းလ သို့မဟုတ် တန်ခူးလများကို ကျင်းပကြသည်။ ရိုးရိုးအချိန်တွင် လူပျိုဂေဟာသို့ လာရောက်ခွင့်မရှိသော်လည်း ပွဲတော်ရက်အတွင်းတွင် လာရောက်နိုင်ပေသည်။ ထိုပွဲ၌ မိန်းမပျိုလေးများနှင့် ယောင်္ကျားပျိုလေးတို့ တွေ့ဆုံ၍ ချစ်တင်းနှီးနှောခွင့် ရကြလေသည်။
မည်သို့ဆိုစေ ….. ကယန်းတို့သည် ရိုးသားဖြူစင်၍ ဖော်ရွှေရက်ရော ကြသည်။ ဧည့်သည်များကို လည်း ကျွေးမွေးပြုစုလိုသော စေတနာ အပြည့်အ၀ရှိပြီး မိမိတို့အပေါ် စိတ်ဝင်စားမှုရှိ၍ မိမိတို့အကြောင်း လေ့လာသူများကိုလည်း လေးစားချစ်ခင်ပြီး အတက်နိုင်ဆုံး အကူအညီပေးကြသူများဖြစ်သည်။ ယခုအခါ ကယန်းလူမျိုးတို့သည် ခေတ်မှီပညာရေးတွင် ပညာသင်ကြားနေ၍ တက္ကသိုလ်ဘွဲ့ရ ကယန်းလူငယ်များပင် ပေါ်ထွန်းနေရာ အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် အားတက်ဖွယ်ရာပင် ဖြစ်နေပါ တော့သည်။
စားကိုး
၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံများ (ကယား) ပကြိမ် ၁၉၆၇။
၂) ဒေါက်တာခင်မောင်ညွှန့်“ပဒေါင်” ငွေတာရီ မဂ္ဂဇင်း မှတ် ၁၂၁(၁၉၇၀၊ ဇူလိုင်လ) စာ ၈၄-၈၇။
၃) မကြင်ကြင်(မြောင်းမြ) “ကြေးခွေဆင်တန်ဆာ” မြန်စာဂုဏ် မဂ္ဂဇင်း၊ ၁၉၇၀။

၎) Major C.M. Enriquez, Race of Burma, Delhi: Manager of Publication, 1933

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်