>Kyaw Kyaw – Driving 2 thousand miles in 6 days

February 17, 2010

>

မိုင် ၂ ထောင် အမှတ်တရ

ကျော်ကျော်
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၀
အမေရိကန် ကယ်လီဖိုးနီးယားမှာ ဆယ်နှစ်နီးပါး ပေနေခဲ့တာ တက်ဆက်(Texas) ကို ရောက်ဖြစ်မယ်လို့ အရင်ကမတွေးမိ သွားဖို့လည်း အကြောင်းမရှိခဲ့ပါဘူး။ အခုတော့ ကံတရားကပို့လိုက်တယ်ပဲ ဆိုရတော့မယ် တက်ဆက်ကိုရောက်ခဲ့ရုံမက အပြီးပါပြောင်းခဲ့ပြီပေါ့။ 
ကယ်လီဖိုးနီးယားကနေ တက်ဆက်အထိ မိုင်နှစ်ထောင်နီးပါးခရီးကို မိန်းမဖြစ်သူ အ၀င်းက ကားတစ်စီး ကျနော်က ထရပ်ကားတစ်စီးနဲ့ ငါးညအိပ်ခြောက်ရက်ကြာ ပြည်နယ်လေးခုကို ဖြတ်ပြီး ခရီးနှင်ခဲ့တာ ပြန်တွေးကြည့်တော့ စိတ်လှုပ်ရှားစရာ အမှတ်တရလည်းဖြစ်သွားပါရဲ့။
အစကတော့ အ၀င်းအတွက် ကျနော်စိတ်ပူမိတယ်။ အရင်က မိုင်တရာခရီးလောက်တောင် မောင်းဖူးတာမဟုတ်၊ ကလေးငယ် ၂ ယောက်လည်းပါတယ်၊ နောက်ပြီး အမှန်ဝန်ခံရရင် အားနွဲ့တဲ့မိန်းမသားဆိုတဲ့ ရှေးအစွဲကြောင့်လည်း ပါမယ်ထင်တယ်။ လော့စ်အိမ်ဂျလီစ်မြို့အထိ မိုင်လေးရာကျော်မောင်းပြီးတဲ့နောက် အ၀င်းက အိုကေပြနေတော့ ကျနော်စိတ်ချသွားတယ်။ တကယ်လည်း တက်ဆက်အထိ အ၀င်းက အခက်အခဲမရှိ မောင်းနှင်ခဲ့ပါတယ်။
ဒီခရီးစဉ်ကို မောင်းဖူးသူတချို့ကတော့ နှစ်ညသုံးညအိပ်နဲ့ ရောက်ကြပါတယ်။ ကျနော်တို့ကတော့ မိသားစုအားလုံး ကလေးနှစ်ယောက်နဲ့ဆိုတော့ နားနားနေနေပဲမောင်းပါတယ်။ မနက်ဆို ၁၀ နာရီလောက်မှ စထွက်တယ်၊ လမ်းတလျှောက်မှာလည်း အနည်းဆုံး ၃ ခါလောက်နား၊ ညဆို ၇ နာရီလောက်ဆို ဆက်မမောင်းတော့ဘူး။
တကယ်တော့ မိုးတွေရွာ ချမ်းကချမ်း ဆီးနှင်းတွေကျတဲ့ ဇန်န၀ါရီလမှာ အပြောင်းအရွှေ့လုပ်တာ သိပ်တော့မဟန်လှ။ ဒါပေမဲ့လည်း နေပူမိုးရွာနှင်းကျမရှောင် စာပို့သမားလုပ်ဖူးတဲ့ အတွေ့အကြုံအရ လုပ်စရာရှိတာတော့ လုပ်ရတာပါပဲ။
ခရီးစထွက်မဲ့မနက်က မိုးဖွဲဖွဲလေးရွာနေတယ်။ ပစ္စည်းအထုတ်အပိုးတွေတင် လိုတာလေးတွေ ပြန်ပြေးဝယ်ရနဲ့ နေ့ခင်း ၁၁ နာရီမှ စထွက်ဖြစ်တယ်။ အဝေးပြေးလမ်းမ ၅ တလျှောက်လုံး မိုးရွာနေတာပဲ၊ လော့စ်အိမ်ဂျလီစ်ကို ရောက်ခါနီးမှ မိုးတိတ်တော့တယ်။ ည ၈ နာရီလောက်မှ အယ်အေ(L.A) ကိုဝင်၊ မိုတယ်၆ (Motel 6) မှ တည်းလိုက်တယ်။ အယ်အေမှာ ထရပ်ကားမောင်းတဲ့မိတ်ဆွေ ကိုစိန်နဲ့တွေ့ပြီး သူကဟိုင်းဝေးစတားဆိုတော့ ကျနော့်ရဲ့ခရီးစဉ်မှာ မှတ်စရာရှောင်စရာတွေကို လက်ချာအပြည့်ပေးခဲ့တယ်။ တကယ်လည်း လက်တွေ့အသုံးတည့်ခဲ့ပါတယ်။
နောက်တရက် အယ်အေကနေ နေ့လည်တစ်ချက်လောက်မှ ပြန်ထွက်ဖြစ်တယ်။ အယ်အေမြို့ပြင်ရောက်သွားပြီး အဝေးပြေးလမ်းမ ၁၀ (Interstate 10 or I 10) ပေါ်ရောက်သွားရင်တော့ ကားလည်းရှင်းသွား မောင်းလို့လည်းပိုကောင်းသွားပါတယ်။ I 10 လမ်းမကြီးက ကယ်လီဖိုးနီးယားတောင်ပိုင်း ဆန်တာမော်နီကာ(Santa Monica) ကနေစပြီး ဂျက်ဆင်ဖီး(Jacksonville) ဖလော်ရီဒါအထိ ပြည်နယ်ပေါင်း ရှစ်ခုဖြတ်သွားပြီး မိုင်ပေါင်း ၂၄၆၀ ရှည်လျားပါတယ်။ တောင်ဆင်းတောင်တက်နည်းပြီး အများအားဖြင့် တဖက်တချက် နှစ်လမ်းသွားဖြစ်ပြီး ဖြောင့်တန်းနေပါတယ်။
ကိုစိန်လက်ချာပေးထားတာ မှန်ပါ့။ အာရီဇိုးနား(Arizona) ကို ၀င်တာနဲ့ ထရပ်ကားကြီး မောင်းသမားတွေက အမောင်းကြမ်းတာ သတိထားမိတယ်။ အဲဒီမှာ မိုင်နှုံးကလည်း ၇၅ အထိသတ်မှတ်ပေးထားတော့ ဂိတ်ဆုံးမောင်းကြတော့တယ်။ ကျနော့်ရဲ့ ၁၆ပေ ထရပ်ကားလေးတောင် သူတို့ကို လိုက်မမီဘူး၊ လီဗာနင်းတာမှ ကြမ်းပြင်တောင်ထိနေပြီ။ ကားကြီးသမားတွေကို ဆလံပေးလိုက်ရတာပဲ။ ကားကြီးတွေလမ်းပေါ်မှာ အရှေ့ကပိတ်ပြီး ယှဉ်မောင်းနေတာလည်း တွေ့ရတတ်တယ်။ ဘာမှမတတ်နိုင်ဘူး၊ နောက်ကပဲ အသာမှိန်းပြီးမောင်းနေရတယ်။ လစဉ်ရက်ဆက် နေ့ရောညရော ကားပဲမောင်းနေရတော့ သူတို့ခမျာလည်း ပျင်းရှာလေမပေါ့၊ စိတ်ချမ်းသာသလို မောင်းပါစေလေဆိုတဲ့စိတ်နဲ့ နေလိုက်ရတယ်။
ဒုတိယရက်မှာတော့ အာရီဇိုးနားပြည်နယ် ဖီးနစ်(Phoenix) မြို့အထိမောင်းပြီး အဲဒီမှာပဲ နားလိုက်တယ်။ ထုံးစံအတိုင်း မိုတယ်၆ မှာပေါ့။ Motel 6 ဆိုလို့ ကြုံတုန်းပြောပြရမယ်။ အဲဒီမိုတယ်က ဈေးချိုတယ်၊ သန့်တယ်၊ အင်တာနက်အခမဲ့ သုံးခွင့်ပေးတယ်။ Motel 6 ကို အဝေးပြေးလမ်းမပေါ်က မြို့တိုင်းလိုလိုမှာတွေ့နိုင်တယ်။ အောင်မြင်တဲ့ဟိုတယ်ချိန်းလို့ဆိုရမယ်။ ပထမဦးဆုံးမိုတယ်က ၁၉၆၀ ခုနှစ် ကယ်လီဖိုးနီးယား ဆန်တာဘားဘရာ(Santa Barbara) မှာ ဖွင့်ခဲ့တာ အဲဒီတုန်းက အခန်းတစ်ခန်းကို ခြောက်ဒေါ်လာနဲ့ စခဲ့လို့ Motel 6 ဆိုတဲ့နာမည်ကိုသုံးတာလို့ သိရတယ်။ အခုဆိုရင် မိုတယ် ၆ ဟာ မိုတယ်ပေါင်း ၁၀၀၀ ရှိနေပါပြီ။
I 10 ပေါ်ကကြည့်ရင်တော့ အာရီဇိုးနားပြည်နယ်မှာလည်း ဘာမှသိပ်မရှိဘူး၊ တလမ်းလုံး မြေပြန့်ကန္တာရနဲ့ အဝေးကမြင်နေရတဲ့ တောင်တန်းတွေလည်း အပင်မရှိ နီညိုညိုဝါကျင်ကျင် အရောင်နဲ့ပဲ တွေ့ရတယ်။
ခရီးတလျှောက်လုံး ကလေးတွေအတွက် အစားအသောက်တော့ ပူစရာမလိုဘူး၊ ဓာတ်ဆီဆိုင်တွေ မိုတယ်တွေရှိတဲ့ နေရာတိုင်းလိုလိုမှာ အ၀ါရောင်စာလုံးနဲ့ M လို့ရေးထားတဲ့ ဆိုင်းဘုတ်ကိုတွေ့တိုင်း မက်ဒေါနယ် မက်ဒေါနယ်လို့ ကလေးတွေက အော်ပြီးပူဆာပါတော့တယ်။ ဒီခရီးကတော့ ကလေးနှစ်ယောက်ရဲ့ လွတ်လပ်ရေးပဲ၊ အိမ်မှာဆို ကြာကြာမှတခါ မက်ဒေါနယ်ဆိုင်ကို ရောက်ဖြစ်တယ်လေ။ အခုတော့ ရွေးစရာမရှိ၊ တွေ့တဲ့မက်ဒေါနယ်ဆိုင်မှာ ကြက်သားကြော်၊ အာလူးကြော်နဲ့ ဆိုဒါ တွယ်တော့တာပဲ။ ကျနော်တို့နှစ်ယောက်ကတော့ ဘာဂါနဲ့အာလူးကြော်ကို တော်တော်အီသွားပြီ။ ဒါကြောင့် မိုတယ်ရောက်ရင် ညဖက်ဆို ပါလာတဲ့ အမြန်ရခေါက်ဆွဲထုတ် (instant noodle) ကတော့ ကျနော်တို့အတွက် အရသာရှိပါ့။
တတိယညမှာတော့ နယူးမက်ဆီကိုပြည်နယ်(New Mexico) ထဲက Deming မြို့ငယ်လေးမှာ အိပ်စက်ခဲ့ပါတယ်။ စတုတ္ထရက်မနက် ကိုးနာရီခွဲလောက်မှာ ပြန်ထွက်ခဲ့ပြီး တနာရီကျော်ကျော်မှာ El Paso မြို့ကိုဖြတ်ပြီး တက်ဆက်ပြည်နယ်ထဲ စတင်ဝင်ခဲ့ပါတော့တယ်။ I10 ဟာ တက်ဆက်ထဲမှာ မိုင် ၉၀၀ နီးပါး ရှည်လျားပါတယ်။ လမ်းကလည်း ပိုဖြောင့်ပိုရှင်းဖြစ်လာပါတယ်။
နောက်ကြည့်မှန်ကနေကြည့်လိုက်ရင် အနောက်မှာ ကားတစ်စီးမှမတွေ့ရ၊ အရှေ့မှာလည်း တစ်စီးမှမတွေ့ရ၊ တခါတရံမှ ကားတစ်စီးနှစ်စီးလောက် တွေ့ရတတ်တယ်။
အစကတော့ San Antonio အရောက်မောင်းဖို့ ပြင်ခဲ့တာ အဲဒီနေ့ တနေကုန်မိုးရွာတာ မိုးသည်းပြီး လေလည်းတိုက်တယ်။ မိုးချုပ်အထိ မိုးဆက်ရွာနေတာ San Antonio အထိမရောက်နိုင်ဘဲ Ozona လို့ခေါ်တဲ့ မြို့သေးလေးမှာပဲ ရပ်နားလိုက်တော့တယ်။ အဲဒီမှာ မိုတယ်၆ မတွေ့ဘူး၊ Best Western Inn မှာတည်းလိုက်ရတယ်၊ ဈေးပိုများတယ်၊ ပိုတော့ကောင်းပါတယ်။
နောက်တရက်မနက်ထတော့ ကားပေါ်မှာ နှင်းတွေကျထားတာ တွေ့ရတယ် (ပထမဆုံးအကြိမ် အဲလောက်ထူတာတွေ့ဖူးတယ်)။ ကားစက်နိုး လေပူအမြင့်ဆုံးဖွင့်ပြီး ရေခဲတွေကို ခြစ်ချရတာ နာရီဝက်လောက်ကြာသွားတယ်။ ဒါတောင် ကားမောင်းနေရင်း ကားအဖုံးပေါ် ကျန်နေတဲ့ရေခဲတွေ တဖြည်းဖြည်းအရည်ပျော်ပြီး တခါတခါ ရေခဲအချပ်လိုက် လွင့်ထွက်သွားတာတွေ့ရတယ်။ Ozona နဲ့ San Antonio က မိုင် ၂၀၀ ကျော်ပဲ ဝေးတော့တယ်။ မိတ်ဆွေတယောက်က San Antonio မြို့လေးကလှတယ်၊ တရက်လောက်နားပြီး လည်ကြည့်အုံးလို့ အကြံပေးတော့ အဲဒီမှာ တည ထပ်နားလိုက်ပါတယ်။
လမ်းတလျှောက်လုံး မိုတယ်တိုင်းမှာ ကောင်းကောင်းအိပ်ခဲ့ရတာ ဆန်အန်တိုနီယိုရောက်တဲ့ညမှ အိပ်ကောင်းခြင်းမအိပ်ခဲ့ရဘူး။ ကားမှာပါတဲ့ ဂြိုလ်တုလမ်းပြစက် (GPS) ကနေပြတဲ့ Motel 6 တခုကိုရွေးပြီး ရောက်ခဲ့တယ်။ ပိုက်ဆံချေအခန်းယူပြီးမှ ပန်းဝန်းကျင်လေ့လာလိုက်တာ သိပ်မကြိုက်ချင်ဘူး။ ဒါပေမဲ့လည်း မထူးပါဘူးဆိုပြီး အိပ်လိုက်တာ ကားများပစ္စည်းများ ရှိသေးရဲ့လားလို့ ဥစ္စာခြောက်ပြီး ညထထပြီးချောင်းကြည့်နေရတာ အိပ်ရေးပျက်သွားတဲ့ အဲဒီညပေါ့။ အော် . . . ဒါလည်းပဲ ဒုက္ခ ဒုက္ခ။
ခြောက်ရက်မြောက်နေ့မှာ မနက်စာစားပြီး (မိုတယ်ဘေးကပ်လျက်မှာလည်း M ရှိနေတယ်) ခရီးစဉ်အဆုံးဖြစ်တဲ့ ဟူစတန်မြို့(Houston) ကလည်း ၄ နာရီကြာလောက်ပဲ မောင်းရတော့တယ်ဆိုတော့ အေးဆေးစွာပဲ ဆက်မောင်းလာခဲ့ပါတယ်။ လမ်းဘေးဆိုင်းဘုတ်ကြီးမှာ ပီးဆာ (pizza) အ၀စား ၄.၉၉ ဒေါ်လာ ကြော်ငြာထားတာတွေ့တာနဲ့ အဲဒီဆိုင်မှာ နေ့လည်စာ ၀င်စားပါတယ်။ ဆိုင်နာမည်တော့မမှတ်မိတော့ဘူး၊ သန့်တယ်၊ စားကောင်းတယ်၊ ပီးဆာမျိုးစုံ၊ အရွက်စုံ၊ ဆိုဒါပါတယ်။ ဒီလိုနဲ့ပဲ အဲဒီနေ့ နေ့လည် ၃ ချက်ခွဲလောက်မှာ အမေရိကန်မှာ အကြီးဆုံးဖြစ်တဲ့ တက်ဆက်ပြည်နယ်ထဲက စတုတ္ထအကြီးဆုံးမြို့ ဟူစတန်မြို့(Houston) နေရာသစ်လေးကို ချောမောစွာ ရောက်ရှိခဲ့ပါတယ်။
ဒီခရီးအတွေ့အကြုံအရ အသုံးအကျဆုံးအရာတွေကို ပြောပြရရင် ဂြိုလ်တုလမ်းပြစက်(GPS)၊ စကားပြောစက်(Walkie Talkie)၊ လက်ပ်တော့ (Laptop) နဲ့ ဒေါ်လာ ပါပဲ။ မြေပုံစာအုပ်တအုပ်လည်း အရံအဖြစ်ဆောင်ထားသင့်ပါတယ်။ ဈေးချိုချိုတည်းဖို့ဆိုရင် Motel 6 ကို စမ်းကြည့်ပေါ့ဗျာ။ ဒါကတော့ ကျနော်တို့မိသားစုအတွက် အမှတ်တရဖြစ်သွားတဲ့ မိုင်၂၀၀၀ ခရီးစဉ်လေးတစ်ခုပေါ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်