>Maung Swan Yi – Tin Moe and His Writings

February 25, 2010

>

ကဗျာဆရာတင်မိုးရဲ့ စကားပြေ

မောင်စွမ်းရည်
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀
ကဗျာဆရာ တင်မိုးကွယ်လွန်တာ ၃ နှစ်ပြည့်ခဲ့ပါပြီ။ သူဟာ ကဗျာချည်းရေးလေ့ရှိပြီး စကားပြော အရေးနည်းပါတယ်။ ဒါပေမယ့် စကားပြေရေးပေးဖို့ တောင်ရင်လည်း စကားပြေရေးပေးပါတယ်။ အမှန်ကတော့ စကားပြေကိုတောင် ကဗျာဆန်ဆန် ရေးတတ်ပါတယ်။ တချို့စာနယ်ဇင်းတွေမှာ စာညွှန့်ခေါ်တဲ့ စာတမျက်နှာ၊ မျက်နှာဝက်လောက် ဆောင်းပါးတိုလေးတွေ ရေးလေ့ရှိပါတယ်။ ကျနော်တို့တတွေ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတခုခု ရေးပေးပေမယ့် စာညွှန့်ဆိုတာမျိုးတော့ သူ့လို ရေးလေ့မရှိပါ။
တခါက ကျနော့်ဆီမှာ သုံးလေးမျိုးရှိတဲ့ ပေးရှင့်စထေရောင်း ရဲ့ စာအုပ်ကလေးတွေကို ရွေးပြီး သူ ယူဖတ်တော့ သဘောကျဖူးတယ်။ ကွိုက်ယက်ကော်နာ ( Quiet Corner) ဆိုတာကို သူ သိပ်ကြိုက်တယ်။ အဲဒီစာအုပ်က တဂိုးရဲ့ စာညွှန့်တွေလို စကားပြေကဗျာ မဟုတ်ဘူး။ နိတိ ဆန်တယ်။ စာရေးဆရာက ဘာသာရေးသမားကိုး။ တင်မိုးက တဂိုးလို ကဗျာလည်း သိပ်မဆန်တဲ့ ပေးရှင့်စထရောင်းရဲ့ စာတိုလေးတွေကို အတုယူပြီး ‘ပိတောက်မှ သရဖီသို့’ ကို ရေးပါတယ်။ အဲဒါမျိုးဆန်ဆန် စာတိုကလေးများကို ဂျပန်ကထုတ်တဲ့ ‘မိုးသောက်ကြယ်’ မှာ ရေးပါတယ်။ လူငယ်များအတွက် နိတိဆန်ဆန်- စာတိုကလေးတွေပါ။ တခါတလေ ကော်လံဝက်တောင် မရှိတတ်ပါဘူး။ ‘သစ်ရွက်ကြွေကလေးပေါ်မှာ ရေးတဲ့မှတ်တမ်း’ ဆိုတဲ့ စာအုပ်တအုပ် ထုတ်ဖူးခဲ့ပါတယ်။ (ဂျပန်ပြည် တိုကျိုမြို့မှာ ဖန်မီးအိမ်ဖောင်ဒေးရှင်း ဆိုတာ ရှိပါတယ်။ သူတို့က တင်မိုးစာအုပ်များ ထုတ်ပါလိမ့်မယ်)
ဆောင်းပါးရှည်များကတော့ ခေတ်ပြိုင်ဂျာနယ်မှာ ရေးခဲ့ပါတယ်။ ဒါတွေလည်း တနေ့တော့ စာအုပ်ဖြစ်လာမှာပါပဲ။ အဖိုးတန်စာတွေဖြစ်ပါတယ်။ ထိုင်းက မြန်မာဘာသာနဲ့ထုတ်တဲ့ ဧရာဝတီမှာတော့ ပုဂ္ဂိုလ်ရေး အမှတ်တရ ဆောင်းပါးတွေ ကို စတင်ရေးသားနေဆဲပါပဲ။ ကျောင်းသားခေါင်းဆောင်တွေထဲက သူနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီး ချစ်ခင် လေးစားသူတွေ အကြောင်းကို ရေးနေတာပါ။ နည်းတော့ နည်းပါသေးတယ်။ ဒါပေမယ့် ခေတ်ပြိုင်မှာပါတဲ့ ဆောင်းပါးတွေနဲ့ စုပေါင်းထုတ်ဖို့ ကောင်းပါတယ်။ သူစာတွေက စာညွှန့်လို့ ခေါ်ရမလောက် တိုတာတွေရှိသလို ဆောင်းပါးခေါ်ရမလောက် ရှည်လျားတာတွေလည်း ရှိပါတယ်။ ရှည်တယ်ဆိုပေမယ့် သိပ်အရှည်ကြီး မဟုတ်ပါဘူး။ ကျနော် ရှည်ရှည်ရေးရင်တောင် တိုတိုရေးစမ်းပါလို့ တိုက်တွန်းတတ်ပါတယ်။ ကဗျာဆိုရင်လည်း သိပ်ရှည်တာ မကြိုက်ပါဘူး။ (သိပ်ရှည်ရင် ဖတ်နေရင်းက အိပ်ပျော်သွားတတ်လေရဲ့)
ဗမာပြည်ထဲမှာတုန်းက ဆောင်းပါးရှည်ရယ်လို့ မှတ်မှတ်ရရ ရေးခဲ့တာ သိပ်မရှိလှဘူး။ ကျနော် မမှတ်သားမိပါဘူး။ ဒါပေမယ့် ၁၉၆၃ လောက်က ၁၉၇၃ လောက်ထိ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတွေ မှာ ၁၀ နှစ်လောက် တနှစ်တစောင် ပုံမှန်တင်သွင်းတဲ့ ကဗျာစာတမ်းတွေလည်း ရှိပါသေးတယ်။ တနှစ်မပျက် တင်သွင်းခဲ့ပါတယ်။ မြန်မာစာ ဂုဏ်ထူးရှင်၊ စာပေကျမ်းဂန် နှံ့စပ်သူတဦးဖြစ်ပေမယ့် သူရေးတာတွေက ကျမ်းဂန်ရနံ့၊ စာဟောင်းရနံ့ သိပ်မပါပါဘူး။ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်ခံစားမှု၊ ကိုယ်ပိုင်အတွေ့အကြုံတွေကိုသာ ရေးလိုသူဖြစ်ပါတယ်။

ကျနော်က ကဗျာ၊ စာညွှန့်၊ ဝတ္ထုတိုတို့ကိုသာ ငယ်စဉ်က ရေးဖူးလေ့ရှိခဲ့ပါတယ်။ တက္ကသိုလ်ရောက်ချိန်ထိ ဆောင်းပါး မရေးဖူးပါဘူး။ ဆောင်းပါးဆိုတာ ဆရာကြီးတွေရေးကြတာလို့ပဲ မှတ်ယူထားခဲ့တယ်။ ဒါပေမယ့် တင်မိုးတိုက်တွန်းလို့ ဆောင်းပါးတပုဒ် စတင်ရေးကြည့်ခဲ့ဖူးပါတယ်။ တနေ့မှာ ကျနော်တို့နှစ်ယောက် မြင်းခြံက စာပေသမားကြီးငယ်တွေ အကြောင်း ပြောကြတယ်။ ကျနော်က မြင်းခြံမှာ ပဉ္စမတန်းက သတ္တမတန်းအောင်သည်အထိ အလယ်တန်းတွေမှာ သုံးနှစ်၊ ၁၀ တန်းမှာ တနှစ်ဆိုတော့ ၄ နှစ်နေခဲ့ဖူးတယ်။ တင်မိုးက သမဝါယမသင်တန်း(သတ္တမတန်း အောင်ပြီး) တက်တုန်းက ခဏတဖြုတ်ပဲနေဖူးတော့ မြင်းခြံစာပေလောကသားတွေကို ကျနော့်လောက်မသိဘူး။ ဒါပေမယ့် သူက စာပေကျမ်းဂန် ထဲမှာ မြင်းခြံစာပေတွေကိုတော့ ကောင်းကောင်းသိထားပါတယ်။ ဒီလိုနဲ့ မြင်းခြံခရိုင်စာပေလှုပ်ရှားမှု အခြေအနေဆိုပြီး ဆောင်းပါးတပုဒ် စရေးဖူးတယ်။ သူသိတာတွေ ဖြည့်ပေးပါတယ်။ အဲဒါ ကျနော်စရေးဖူးတဲ့ ဆောင်းပါးပါပဲ။ လူထုသတင်းစာမှာ ရေးခဲ့တာပါ။

တင်မိုးကတော့ လူထုမှာ ကန်မြဲ နန်းမြင့်နွယ်၊ ကိုရင်ဂျမ်း စတဲ့ ကလောင်နာမည်တွေနဲ့ ကဗျာချည်းရေးခဲ့တာဟာ တက္ကသိုလ်မရောက်ခင်ကတည်းကပါပဲ။ ဒါပေမယ့် ကျနော်နဲ့ ခင်မင်စမှာပဲ ဝတ္ထုလိုလို စာတပုဒ် ရေးဖူးတယ်။ လူထု သတင်းစာမှာပါပဲ။ ‘မမ မြေသြဇာ’ တဲ့။ အစ်မတယောက်က မောင်လေးလူလားမြောက်ဖို့ ပြုစုပျိုးထောင်ပေးတဲ့ အကြောင်းပါ။ သူ့အစ်မအကြောင်းဖြစ်မလား ကျနော် မစူးစမ်းမိပါ။
လူထုသတင်းစာက ကျနော်တို့တတွေ ကဗျာဘက်မှာ အားသန်တာ၊ လူငယ်တွေက ကဗျာရေးလိုစိတ် ထက်သန်ကြတာကို ဂရုစိုက်မိပြီး တနင်္ဂနွေ အချပ်ပိုရယ်လို့ လူထုသတင်းစာမှာ (၁၉၆၆-၆၇) ထည့်ပါတယ်။ တင်မိုးကို ကဗျာအယ်ဒီတာ တာဝန်ပေးတော့ “ကျနော်နဲ့ မောင်စွမ်းရည် အတူလုပ်ပါ့မယ်” လို့ ပြောခဲ့သတဲ့။ ကျနော်က သူနဲ့ ကျနော်တို့အတူလုပ်တဲ့ အလွတ်ပညာသင်ကျောင်း ပြည်သူပိုင်သိမ်းလို့ မန္တလေးကနေ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ကို အထက်တန်းပြဆရာအဖြစ် ပြောင်းရပါတယ်။ ဒါကြောင့် တလ နှစ်လလောက်ထက် ပိုမကူညီနိုင်ခဲ့ပါဘူး။ အဲဒီဆောင်းပါးတွေနဲ့ ကဗျာတွေကိုလည်း စုပေါင်းပြီး စာအုပ်ထုတ်ရပါမယ်။
ကျနော်မကြိုက်ပေမယ့် အကြိမ်ကြိမ်ထပ်ရိုက်ပြီး ထင်ရှားတဲ့ စကားပြေစာအုပ်ကတော့ ကိုရင်ဂျမ်းရဲ့ ‘ပန်းလက်ဆောင်’ အစမ်းစာများ ဖြစ်ပါတယ်။ မြန်မာစာဆရာ ဆရာမများနဲ့ ကျောင်းသားများရဲ့ လက်စွဲစာအုပ်တအုပ်ဖြစ်လာပြီး အကြိမ်ကြိမ် ပြန်ရိုက်နေရတာပါ။ ၁၉၅၈ လောက်က ထုတ်ဝေခဲ့ပြီး ထုတ်ဝေသူတိုင်းလိုချင်တဲ့ စာအုပ်ပါ။ အဲဒီအထဲမှာ ‘ဆောင်းနှောင်းရာသီ’ ဆိုတာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၁၉၅၇ မှာ တင်မိုး ဂုဏ်ထူးရခဲ့တဲ့နှစ်က မြန်မာစာအဖြေလွှာ ထဲမှာ ရေးခဲ့တာပါ။ မြန်မာစာပါမောက္ခ ဦးအေးမောင်က လက်ဖျားခါခဲ့ရတဲ့ စာစီစာကုံးပါ။ ရှေးကဗျာတွေ ပြွတ်သိပ်ကိုးကား ထားတာကိုပဲ မြန်မာစာပါမောက္ခကြီးက အကြိုက်တွေ့ခဲ့ပုံရပါတယ်။
သူ့အရင်တနှစ် ၁၉၅၆ မှာ မုံရွာက မောင်သိန်းနိုင် မြန်မာစာဂုဏ်ထူးရပါတယ်။ ၁၉၅၇ ကျမှ မန္တလေးတက္ကသိုလ်ကို လာတက်တော့ တင်မိုးနဲ့ တွေ့ရပါတယ်။ မြန်မာစာကထိက ဦးမောင်တင်က ဆုံပေးခဲ့တာပါ။ သူတို့ ၂ ယောက်လုံး စာစီစာကုံးစာအုပ်တွေ ထုတ်ကြတော့ သိပ်ရောင်းရပါတယ်။ မြန်မာစာသင်ကြားရေးလောကမှာလည်း အထူးသြဇာ ညောင်းသွားခဲ့ပါတယ်။ သူတို့အရင်က မဟာဝိဇ္ဇာဘွဲ့ရ ဆရာကြီးတွေ၊ ဆရာမကြီးတွေကပဲ စာစီစာကုံးစာအုပ်တွေ ရေးသား ထုတ်ဝေခဲ့ဖူးပါတယ်။ ရိုးလွန်းလို့ သိပ်မတွင်ကျယ်ခဲ့ပါဘူး။ ကျောင်းသားတွေဖြစ်ပေမယ့် သူတို့ရေးတာတွေက မြန်မာစာ ပါမောက္ခကြီးတွေရဲ့ ထောင်ခံမှုရလို့ ဈေးကွက်ဝင်သွားရုံမက မြန်မာစာသင်ကြားရေးလောကမှာလည်း အထူးသြဇာ ညောင်းသွားခဲ့ပါတယ်။ တက္ကသိုလ်မှာ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲတွေလုပ်ရင် မောင်ဘဂျမ်း (တင်မိုး)နဲ့ မောင်သိန်းနိုင်တို့သာ ပါလို့ကတော့ တခြားဘယ်သူမှ မတိုးနိုင်ပါဘူး။ ကျနော်ကတော့ “ခင်ဗျားတို့ နှစ်ယောက် မြန်မာစာပေလောကကို ဖျက်ဆီးခဲ့တာပဲ”လို့ နှုတ်ကလည်း ပြော၊ စာနဲ့လည်း ရေးခဲ့ဖူးပါတယ်။
သူတို့က “မင်း ဘယ်လိုအရေးအသားကြိုက်သလဲ” လို့မေးတော့ ကျနော်က “ဆရာကြီးရွှေဥဒေါင်းတို့ရဲ့ သတင်းစာ ခေါင်းကြီး အရေးအသားလိုဟာမျိုးတွေကိုမှ ငါကကြိုက်တာ” လို့ ဖြေခဲ့ဖူးပါတယ်။
တင်မိုးက သူရဲ့ကျောင်းသုံး စာစီစာကုံးအရေးအသားတွေကို သူကိုယ်တိုင်လည်း သိပ်ပြီးကြိုက်လှတာ မဟုတ်ပါ။ စာပေ ဆောင်းပါးတွေရေးရင် ကျောင်းသုံးစာစီစာကုံး ရေးနည်းက လူရာမဝင်ပါဘူး။ ဒါကြောင့် ခေတ်ပြိုင်၊ ဧရာဝတီ၊ မိုးသောက်ကြယ်တို့မှာ ရေးခဲ့တာတွေကိုရော သူ့ ‘စာတမ်း’တွေရော စုဆောင်းပြီး ပြန်ထုတ်ဝေကြဖို့ ကြံစည်နေပါကြောင်း။
(မောင်စွမ်းရည် – ၂၀၁၀ ဇန်နဝါရီ ၂၆)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်