>Myin Yi Tet U Thar – Scapegoat Countires

April 9, 2010

>

မြေစာပင်နိုင်ငံများ
မြင်းရည်တက်ဦးသာ
ဧပြီ ၉၊ ၂၀၁၀
 “ဘာကြောင့်သမိုင်းသင်မှာလဲ”လို့ စာရေးဆရာ မောင်သာရမေးတော့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက “မအအောင်” လို့ ဖြေတာကို မှတ်သားဖူးပါတယ်။ ၂ဝ၁ဝ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းနှစ်ပါ လို့ လူတိုင်းက ပြောနေကြတယ်။
ဒီလိုကာလမျိုးမှာ သမိုင်းအချက်အလက် အဖြစ်အပျက်တွေထဲက သင်ခန်းစာရယူနိုင်ပြီး လက်ရှိအခြေအနေမှာ ဘာလုပ်သင့်တယ်ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါမှ ပြည်သူလူထုရဲ့ အနာဂတ်ဘဝဟာ သာယာလှပနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စစ်အေးခေတ် ပုံရိပ်အချို့ကို မိတ်ဆက်ပေးချင်ပါတယ်။
တကယ်လို့များ ‘မျိုးဖြုတ်သုတ်သင်ချေမှုန်းခံရတဲ့ လူမျိုးအခြေပြ နိုင်ငံတကာအညွှန်းကိန်း’ သာရှိမယ်ဆိုရင် လာအိုက မှုန်း(Hmong)လူမျိုးတွေဟာ ရှေ့ဆုံးက တန်းစီဇယားမှာ ဖော်ပြခြင်းခံရမှာပါ။
တရုတ်ပြည်မှာ မူလအခြေချခဲ့ပြီး ယဉ်ကျေးမှုသက်တမ်း နှစ် ၄ဝဝဝ လောက်ရှိခဲ့တဲ့လူမျိုးဖြစ်ပေမယ့် ရာစုနှစ်များစွာ ကြာညောင်းခဲ့တဲ့ စစ်ပွဲတွေ၊ သတ်ဖြတ် ချေမှုန်းမှုတွေကြောင့် မှုန်း(Hmong)တွေဟာ ဝေးကွာလှတဲ့ တောင်တန်းဒေသတွေကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ သူတို့ နယ်မြေတွေကိုသိမ်းယူပြီး သူတို့ကို လက်အောက်ခံတွေအဖြစ် သွတ်သွင်းတဲ့ တရုတ်တို့ရဲ့အဆက်မပြတ် ကျူးကျော်တိုက်ခိုက်မှုတွေကို တွန်းလှန်ရင်းနဲ့ မှုန်း(Hmong)တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေကို ရင်ဆိုင်ခဲ့ရတယ်။
တရုတ်တွေဟာ မှုန်း(Hmong)တွေရဲ့ တိုင်းရင်းသား ဘာသာစာပေတွေ အသုံးပြုတာကို သေဒဏ်ပေးနိုင်တဲ့ အပြစ်လို့ သတ်မှတ်ခဲ့ကြတယ်။ သူတို့ကို အုပ်စုငယ်လေးတွေအဖြစ် ခွဲပစ်လိုက်ပြီး သူတို့ကို တံဆိပ်ခပ်ထားနိုင်ဖို့ သတ်မှတ်ထားတဲ့ အဝတ်အစားကိုပဲ ဝတ်ရမယ်လို့ အဓမ္မပြုလုပ်ခဲ့ကြတယ်။ ၁၈ ရာစုနှစ်မှာ မန်ချူးဘုရင်တပါး က မှုန်း(Hmong)ခုခံစစ်ကို ချေမှုန်းနိုင်ဖို့ မျိုးဖြုတ်သုတ်သင်ရေးစစ်ပွဲကို ဆင်နွှဲခဲ့တယ်။
၁၈ ရာစုမှာ တရုတ်တို့ရဲ့သုတ်သင်ချေမှုန်းမှုက လွတ်မြောက်စေဖို့ရာ ယနေ့ ဗီယက်နမ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံလို့ခေါ်နေတဲ့ ဒေသများရှိရာ တောင်ဘက်ပိုင်းကို ထွက်ခွာလာကြရတယ်။ လွတ်လပ်လိုစိတ် အရှိန်ငြီးငြီးတောက်လောင်နေတဲ့ (Hmong)မှုန်းတွေဟာ ဗဟိုအစိုးရတွေရဲ့ ထိန်းကွပ်မှုအောက်က ကင်းလွတ်ပြီး ကြမ်းတမ်းခက်ထန်တဲ့ တောင်တန်းဒေသတွေပေါ်မှာပဲ အထီးကျန် မှုန်းလူ့အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ကြတာပါ။
၁၈ဝဝ ကျော်ခုနှစ်များရဲ့နှောင်းပိုင်းနှစ်တွေမှာ အင်ဒိုချိုင်းနားကို ပြင်သစ်တွေရောက်လာတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့မှာ ကိုလိုနီစနစ် ထူထောင်လိုက်တယ်။ မှုန်း(Hmong)တွေက နယ်ချဲ့ပြင်သစ်တွေကို ရှေးဦး တော်လှန်သူတွေထဲမှာ ရှေ့ဆုံးကပါခဲ့တာပေါ့။
ကယ်တင်ရှင်အဖြစ် မှော်အတတ်ပညာတွေကို တတ်ကျွမ်းတယ်လို့ မှုန်း(Hmong)လူထုက ယုံကြည် ကိုးစားခံရတဲ့ Pa Chny ဆိုသူက လေး၊ မြား၊ ကျောက်မီးသေနတ်နဲ့ အိမ်လုပ်သေနတ်တွေသုံးပြီး ကျူးကျော်သူတွေကို တော်လှန်ခဲ့တဲ့ သည် ၄ နှစ်ကြာ တော်လှန်စစ်ဟာ ဗီယက်နမ်နဲ့ လာအိုအထိ ပြန့်နှံ့သွားခဲ့ပါတယ်။
၁၉၁၂ ခုနှစ်မှာ ပြင်သစ်တို့က နောက်ဆုံးအောင်ပွဲရလိုက်ပေမယ့် သည်စစ်ပွဲကို စံပြုလောက်တဲ့ ပြောက်ကျားစစ်ပွဲအဖြစ် အသိအမှတ်ပြုရပါတယ်။ နောက်တကြိမ် ဒေသတွင်းမှာ စစ်ပွဲဖြစ်လာတော့ (Hmong)တွေကို ချက်ချင်းစုစည်းပြီး သူတို့ဘက်က ပါဝင်တိုက်ခိုက်ဖို့ စီစဉ်ရတဲ့အထိ ပြင်သစ်တွေက မှုန်း(Hmong)တွေရဲ့ စစ်သွေးစစ်ရည်အပေါ် အထင်ကြီးလေးစားခဲ့ရတာပါ။
ဒုတိယကမ္ဘာစစ်ရဲ့နောက်ပိုင်း ပြင်သစ်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဂျပန်လက်က အင်ဒိုချိုင်းနားကို ပြန်သိမ်းဖို့ စစ်ဆင်ရေးတွေစလာတဲ့အခါမှာ ပြင်သစ်ကွန်မန်ဒိုတပ်ဖွဲ့တွေက လာအိုကုန်းပြင်မြင့်မှာနေနေတဲ့ (Hmong)မှုန်းတွေကို သူတို့ စစ်တပ်ထဲမှာ သွတ်သွင်းပါတော့တယ်။ လမ်းပြတွေ၊ သတင်းပေးသူတွေ၊ စကားပြန်တွေ၊ အထမ်းသမားတွေ၊ ပြောက်ကျား တပ်ဖွဲ့ဝင်တွေအနေနဲ့ စုစည်းခဲ့တာပါ။
နောက်ဆုံးပေါ်လက်နက်တွေ၊ ခေတ်မီနည်းပညာတွေနဲ့အတူ (Hmong)မှုန်းတွေဟာ ကျောက်ခေတ် အခြေအနေကနေ ပိုမိုခက်ထန်ကြမ်းတမ်းတဲ့ ကမ္ဘာလုံးဆိုင်ရာစစ်ပွဲနဲ့ မဟာအင်အားကြီးနိုင်ငံတို့ရဲ့ နိုင်ငံရေး တိုက်ပွဲအဆင့်ထဲကို ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ၂ဝ ရာစုခုနှစ် စစ်ပွဲရဲ့ မဟာဗျူဟာမြောက် အရေးပါဆုံးဒေသတွေထဲက ဒေသတခုမှာနေထိုင်ခဲ့ကြရတာမို့ ဒီကနေ့မှာ အဲဒီအကျိုးဆက်များကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွေမှာ ထူးထူးခြားခြား အောင်မြင်ခဲ့တာကြောင့် ၁၉၄၆ ခုနှစ်ကနေ ၁၉၅၄ ခုနှစ်အထိ ဗီယက်နမ်ကွန်မြူနစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ၇ နှစ်ကြာစစ်ပွဲများမှာ (Hmong)မှုန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရပြန်ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်တွေက လာအိုမြောက်ပိုင်းကို ရယူဖို့ကြိုးစားလာတော့ ပြင်သစ်တွေက (Hmong) မှုန်းပျောက်ကြားစစ်တပ်ရဲ့ အမာခံကြောရိုးကို ဖွဲ့စည်းခဲ့တယ်။
မှုန်း(Hmong)တွေဟာ စစ်သေနင်္ဂဗျူဟာမှာ အထူးကျွမ်းကျင်သူတွေဖြစ်တယ်။ ၁၉၅၄ ခုနှစ် ဒိန်ဗင်ဗူးမြို့မှာ ပြင်သစ်စစ်သား ၁၄,ဝဝဝ ပိတ်မိနေပြီး ဗီယက်နမ်တပ်သား (၅ဝ,ဝဝဝ)က ဝိုင်းထားချိန်မှာ (Hmong)မှုန်းတွေက ပြင်သစ်တွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။
အင်အား ၂,ဝဝဝ ရှိတဲ့ (Hmong)တပ်ဖွဲ့က ရက်ပေါင်း ၂ဝ ကြာ ခရီးပြင်းချီတက်သွားပေမယ့် သူတို့မရောက်ခင် ဒိန်ဗင်ဗူးက ဗီယက်နမ်တွေ လက်ထဲကျသွားတာမို့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ရတယ်။ ချီတက်သွားတဲ့ သူတို့အားလုံးလိုလိုလောက်လည်း ဗီယက်နမ်တွေရဲ့ အကျဉ်းသားဖြစ်ခဲ့ရတယ်။
ဒိန်ဗင်ဗူးကျသွားတာဟာ အင်ဒိုချိုင်းနားမှာ ပြင်သစ်ကိုလိုနီစနစ် အဆုံးသတ်သွားတာဖြစ်တာကြောင့် ပြင်သစ်တွေ ထွက်သွားပေမယ့်လည်း အမေရိကန်တွေက ဝင်လာခဲ့ပါတယ်။ မှုန်း(Hmong)တွေကတော့ သည်စစ်ပွဲထဲကို နောက်တကြိမ် ထိုးသွင်းတာခံရပြန်တာပါပဲ။
ဒါကလည်း သူတို့နေတဲ့နေရာက မဟာဗျူဟာမြောက်ဒေသဖြစ်နေတာရယ်၊ တောင်တန်းဒေသတွေမှာ ပြောက်ကျားစစ်ပွဲကို ကောင်းကောင်းတတ်ကျွမ်းတဲ့ သူတို့ရဲ့ အရည်အသွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေလိုပဲ အမေရိကန်တွေက ဗီယက်နမ်တွေကို ပြန်တိုက်ထုတ်ဖို့ (Hmong)မှုန်းတွေကို အသုံးချပါတော့တယ်။ အလားတူပဲ ဗီယက်နမ် ကျောထောက်နောက်ခံပြုထားတဲ့ ပသက် လာအိုတွေရဲ့ ကွန်မြူနစ်စစ်ရေး ပုန်ကန်မှုတွေကလည်း ကြီးထွားလာပါတယ်။
၁၉၅ဝ ကျော်ခုနှစ်များရဲ့ နှောင်းပိုင်းကာလများမှာတော့ လာအိုဟာ စစ်အေးစစ်ပွဲ၏ အပြင်းအထန်ဆုံး ရှေ့တန်း ဒေသဖြစ်လာတယ်။ အမေရိကန်စစ်ရေးကျွမ်းကျင်သူတွေက ကွန်မြူနစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့တွေကို သင်တန်းတွေပေးတယ်။ စစ်ဆင်ရေးတွေမှာ တိတ်တိတ်ပုန်း ပါဝင်လာတယ်။
ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကလည်း ဗီယက်နမ်တောင်ပိုင်းမှာရှိတဲ့ သူတို့တပ်တွေကို ထောက်ပံ့ကူညီဖို့၊ စစ်ကူတွေစေလွှတ်ဖို့ လမ်းကြောင်းတွေရှာဖွေနေတဲ့ မြောက်ဗီယက်နမ်နဲ့ လာအိုကွန်မြူနစ်တွေကို အကူအညီ ပေးတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၂,၅ဝဝ မိုင်နီးပါးရှည်တဲ့ ဟိုချီမင်းလမ်းကြောင်းဟာ လာအိုမြေပြင်ပေါ်မှာ ရှိတာပါ။ ဒီနယ်မြေတွေကို ပသက် လာအိုတွေက ထိန်းချုပ်ထားတာပါ။
သည်ကွန်မြူနစ်တွေရဲ့နယ်မြေကျယ်ပြန့်လာတာကို ထိန်းချုပ်ဖို့ရာ အမေရိကန်ပြည်ထောင်စုက မှုန်း(Hmong) တောင်ပေါ်သားလူမျိုးတွေ အများစုပါဝင်တဲ့ ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားဖို့ရည်ရွယ်ပြီး CIA က သည်တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
သည်လျှို့ဝှက်ပြောက်ကျားတပ်ဖွဲ့ဟာ ရာပေါင်းအနည်းငယ်မျှ အင်အားရှိရာကနေ စစ်သား ၄ဝ,ဝဝဝ ခန့် ရှိလာပြီး ကိုယ်ပိုင်လေတပ်ပါရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့အဖြစ်ကို ကြီးထွားခဲ့ပါတယ်။ သူတို့ ခေါင်းဆောင်ကတော့ Gen Vang Pao ဖြစ်ပြီး (Hmong)မှုန်းတွေရဲ့ ချစ်ခင်လေးစားမှုကို ရယူထားနိုင်သူ ဖြစ်ပါတယ်။
၁၉၆၂ အထိ လာအိုမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး အင်အားစုတွေကို ထောက်ပံ့တဲ့ အမေရိကန်အကူအညီ အများစုဟာ Vang Pao နဲ့ သူ့ပြောက်ကျားတပ်ဖွဲ့ကို တိုက်ရိုက်ပေးကမ်းခဲ့တာဖြစ်ပါတယ်။ နောက် ၁ဝ နှစ်ကြာတဲ့အထိ Gen Vang Pao ရဲ့စစ်တပ်အတွက် US$ 20 Billion သုံးစွဲခဲ့တာဖြစ်ပြီး CIA ရဲ့သမိုင်းမှာ အကြီးမားဆုံးလုပ်ငန်းတခု ဖြစ်ပါတယ်။
သူတို့ရဲ့ အဓိကတာဝန်ကတော့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့၊ ပစ်ချခံရတဲ့ အမေရိကန် ယာဉ်မှူးတွေကို ကယ်တင်ဖို့နဲ့ မြောက်ဗီယက်နမ်နဲ့ မြောက်ပိုင်းလာအိုမှာရှိတဲ့ ကွန်မြူနစ်တွေကို ရာသီမရွေး ဗုံးကြဲနိုင်ဖို့ လေကြောင်းတပ်စခန်းတွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်လည်း ပသက်လာအိုနဲ့ ဗီယက်နမ်တပ်တွေကိုလည်း တိုက်ပွဲဆင်ရပါသေးတယ်။ အမေရိကန်တွေကို သည်လိုကူညီခဲ့တဲ့အတွက် (Hmong)မှုန်းစစ်သား ၁၇,ဝဝဝ စစ်ပွဲမှာ ကျဆုံးခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ရောဂါဘယနဲ့အငတ်ဘေးဒဏ်ကြောင့် ပြည်သူလူထု ၅ဝ,ဝဝဝ ကျော် သေဆုံးခဲ့ရပါတယ်။ ပိုမိုဝေးကွာလှတဲ့ တောင်ကုန်းမြင့်များဆီ ရွာလုံးကျွတ် ထွက်ပြေးကြရတယ်။ Xieng Khouang နယ်မှာရှိတဲ့ (Hmong)မှုန်း အားလုံးလိုလိုဟာ စစ်ပွဲအတွင်းမှာ တနည်းမဟုတ်တနည်းနဲ့ ဒုက္ခသည်ဘဝ ရောက်ခဲ့ရပါတယ်။ စစ်ကြောင့် မထိခိုက်ဘဲကျန်ခဲ့တဲ့သူဆိုလို့ ဘယ်သူမှမရှိပါဘူး။
၁၉၇ဝ ကျော်ခုနှစ်တွေမှာတော့ အမေရိကန်ကူညီထောက်ပံ့နေမှုဟာ တဖြည်းဖြည်း ကျဆင်းလာပါတော့တယ်။ (Hmong)မှုန်းတွေကို သူတို့အတွက် သူတို့ကာကွယ်ဖို့ပဲ ထားခဲ့ပါတော့တယ်။ ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ ၁၉၇၅ ခုနှစ်လောက်မှာတော့ အကြီးအကျယ် ရှုံးနိမ့်မှုကိုရင်ဆိုင်ရပြီ။ Gen Vang Pao ဟာ သူ့စစ်တပ်ကို ဖျက်သိမ်းလိုက်ရပါ တယ်။ သူ့လူ ၅,ဝဝဝ နဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးရပါတယ်။
သူထွက်မပြေးခင် ရက်ပိုင်းအလိုမှာ ပသက် လာအို သတင်းစာတစောင်က (Hmong) မှုန်းလူမျိုးတွေကို အမြစ်ပြတ်သုတ်သင်ချေမှုန်းမယ်လို့ ကြိမ်းဝါးပါတယ်။ နောက်ဆယ်စုနှစ် ၃ စု ကျော်လာတဲ့အချိန်ထိတောင် လာအိုအစိုးရက သူ့ကတိကဝတ်တွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲပါ။
လာအိုမှာ ၁၉၇၅ ခု ကွန်မြူနစ်တွေ အာဏာရလာပြီးနောက်ပိုင်းမှာတော့ (Hmong)မှုန်းလူမျိုး ထောင်ပေါင်းများစွာကို အကျဉ်းစခန်းအသီးသီးမှာ ဖမ်းဆီးထားပါတယ်။ ထောင်ပေါင်းများစွာကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံကြတယ်။ တချို့ကလည်း တောတောင်ထူထပ်ရာဒေသတွေကို ထွက်ပြေးကြပြီး လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲကြတယ်။
ဆက်လက်ဖော်ပြပါမယ်။
ဓာတ်ပုံ- www.zicasso.com

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments