fbpx

Tu Maung Nyo – Chaning Burmese Constitution

June 18, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

တူမောင်ညို။ နိုဝင်ဘာ ၁၃၊၂၀၁၁
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုနိဒါန်း၊ အခန်း (၁၅) ခန်း၊ ပုဒ်မပေါင်း (၄၅၇) ခု၊ ဇယား (၅) ခုတို့ဖြင့် ဖွဲ့စည်းထားပါတယ်။ အဲဒီ အခန်း (၁၅) ခန်းအနက်၊ “အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း”ဆိုတဲ့အခန်းကို လေ့လာကြည့်ကြပါစို့။ 
အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ကို ပုဒ်မ(၄၃၃)၊ (၄၃၄)၊ (၄၃၅)၊ (၄၃၆) ဆိုပြီး ပုဒ်မ(၄) ခုနဲ့ ဖွဲ့စည်းထား ပါတယ်။

ပုဒ်မ (၄၃၃)၊ (၄၃၄)၊ (၄၃၅) တို့ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုလျှင် ဘယ်လို နည်းလမ်းတွေနဲ့ပြင်ဆင်ရမယ်ဆိုတာကိုဖေါ်ပြထားတာဖြစ်ပါတယ်။

အချုပ်အားဖြင့်ကတော့ ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းရမယ်။ ဥပဒေမူကြမ်းအဖြစ်တင်သွင်းရမယ်၊ အခြားအဆိုများ မပါရှိစေရ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းကတင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကလက်ခံဆွေးနေရမယ်လို့ဖေါ်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုတာ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ၂ ရပ်ကိုစုပေါင်းထားတာပါ။ ပြည်သူ့လွှတ်တော် မှာ လွှတ်တော်ကိုယ်စားလှယ်(၄၃၅) ဦး၊ အမျိုးသားလွှတ်တော်မှာ (၂၂၄) ဦးရှိပါတယ်။ ဒီတော့ ပြည်ထောင်စု လွှတ်တော်မှာစုစုပေါင်း ကိုယ်စားလှယ်( ၆၅၉) ဦးဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏၂၀ ရာခိုင်နှုန်းလို့ဆိုထားလေတော့ (၁၃၁ ဒသမ ၈) ဦးရရှိမှာ သာလျှင် ပြည်ထောင်စုလွှတ်တော်ကလက်ခံဆွေးနွေးရမယ် ဆိုတဲ့အဆင့်ကိုဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်ထဲမှာကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်သားအမတ်တွေ စုစု ပေါင်းရင်(၅၅၄) ဦး ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေအတွက်စုစုပေါင်း(၆၅၉) ဦးထဲ အဲဒီအရေအတွက် (၅၅၄) ဦးကို နှုတ်လိုက်ရင် (၁၀၅) ဦးကျန်ပါတယ်။ အဲဒီ (၁၀၅) ဦးဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဆိုတဲ့သတ်မှတ်ချက် ကိုပြည့်မီခြင်း မရှိတာကို တွေ့နိုင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ထဲမှာကြံဖွံပါတီကိုယ်စားလှယ်တွေနဲ့စစ်သားအမတ်တွေမပါတဲ့ အခြား ပါတီငယ်များရဲ့စုစုပေါင်းက(၁၀၅)ဦးသာ ဖြစ်ပါတယ်။ ဒီအထဲမှာ (တစည) လိုပါတီတွေ၊ (စဒက) ကဲ့သို့ ကြံဖွံ့ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ပါတီငယ်တွေကိုပါထည့်ပြီး ပေါင်းထားတာပါ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏၂၀ ရာခိုင်နှုန်း ရဖို့မလွယ်ဘူးဆိုတာ လက်တွေ့ကိန်းဂဏန်းတွေက ရိုးရိုးရှင်းရှင်းသက်သေထူနေပါတယ်။ဒါကပထမဆင့်သာဖြစ်ပါတယ်။

အရေးကြီးတာက ပုဒ်မ (၄၃၆) ဖြစ်ပါတယ်။ပုဒ်မ(၄၃၆) ကို ပုဒ်မခွဲ (က) နဲ့ (ခ) ဆိုပြီးခွဲခြားထားပါတယ်။ တကယ်တော့ ပုဒ်မ(၄၃၆)(က) နဲ့ (ခ) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ၂ ပိုင်းခွဲထားတဲ့သဘောဖြစ်ပါတယ်။ ပုဒ်မ (၄၃၆) (က) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ရဲ့ အဓိကအပိုင်းဖြစ်ပြီး၊ ပုဒ်မ (၄၃၆) (ခ) ကတော့ သာမညအပိုင်းလို့ ခွဲပြောရင်ရပါတယ်။ပုဒ်မ (၄၃၆)(က) ကို အဓိကအပိုင်းလို့ ခွဲပြောရတာက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲကသော့ချက်ကျတဲ့ အခန်းတွေနဲ့ အချက်အချာကျတဲ့ ပုဒ်မတွေကို ရွေးထုတ်ဖေါ်ပြထားလို့ဖြစ်ပါတယ်။

ပုဒ်မ(၄၃၆) ပုဒ်မခွဲ(က) ကိုဦးစွာကြည့်ကြပါစို့။ ပုဒ်မခွဲ(က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) မှာ ပါဝင်တဲ့ အခန်း (၁၅) ခန်းအနက်၊ အခန်း (၈) ခန်းမှာရှိတဲ့ပုဒ်မပေါင်း (၉၅) ခုကို သီးသန့်ရွေးချယ်ဖေါ်ပြထားတယ်။
ပုဒ်မခွဲ(က)မှာ သီးသန်းရွေးချယ်ဖေါ်ပြထားတဲ့အခန်း (၈) ခု ဆိုတာ ဘယ်လိုအခန်းတွေလဲ။ ပါဝင်တဲ့ပုဒ်မတွေကဘာတွေလဲ။ အောက်ပါဇယားကိုကြည့်ပါ။


အခန်းအမည်


ပါဝင်သည့်ပုဒ်မများ


စုစုပေါင်း


အခန်း (၁) နိုင်ငံတော်အခြေခံမူများ


(ပုဒ်မ ၁ မှ ၄၈ ထိ ပုဒ်မ အားလုံး)


၄၈


အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ


(ပုဒ်မ ၄၉ မှ ၅၆ ထိ ပုဒ်မ အားလုံး)



အခန်း (၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ


(ပုဒ်မ ၅၉ နှင့် ၆၀)



အခန်း(၄) ဥပဒေပြုရေး


(ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁)



အခန်း(၅) အုပ်ချုပ်ရေး


(ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆)



အခန်း(၆) တရားစီရင်ရေး


(ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀)



အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ


(ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ပုဒ်မ အားလုံး)


၂၃


အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း


(ပုဒ်မ ၄၃၆)





၉၅


အဆိုပါ အခန်းများနဲ့ ပါရှိသော ပုဒ်မများကိုဘယ်လိုပြင်ဆင်ရမည်ဆိုတာကိုအခုလို ရေးသားဖေါ်ပြထားပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက်၊ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရမည်” လို့ဆိုထားပါတယ်။

သာဓကအားဖြင့် – အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်း
ပုဒ်မ (၆) (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော် ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”
ပုဒ်မ(၁၄) “ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ်ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေ အတိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်”
ပုဒ်မ (၂၀) (ခ) “တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်”
ပုဒ်မ (၂၀) (င) “ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲ ရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိသည်”
ပုဒ်မ (၂၀) (စ) “တပ်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”

သာဓကအားဖြင့် – အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်း

ပုဒ်မ(၄၉) “နိုင်ငံတော်ကိုအောက်ပါ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေများဖြင့်ပိုင်းခြား သတ်မှတ်သည်” ဆိုတဲ့ ပုဒ်မကို တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင်ရှိရေး(၈ပြည်နယ်မူ) ကို အစဉ်တစိုက်တောင်းဆိုနေခဲ့ကြတဲ့ တိုင်းရင်းသားများ အနေဖြင့် အဆိုပါပုဒ်မ(၄၉)ကို မည်သို့ပြင်ဆင်ကြမလဲ။

သာဓကအားဖြင့် – အခန်း(၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ အခန်း
ပုဒ်မ(၅၉) (စ) “မိမိကိုယ်တိုင်သော်လည်းကောင်း၊မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည်နိုင်ငံခြားအစိုးရ၏လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်ရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”
( ဤ ပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်ဟုဖေါ်ပြဆိုလိုခြင်းမရှိသော်ငြားလည်း ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိအခြေအနေအရ ကန့်သတ်ထားသလိုဖြစ်နေပါတယ်)
ပုဒ်မ(၆၀) (က) နဲ့(ခ) သည် သမ္မတကို လွှတ်တော် ၂ ရပ်မှရွေးချယ်တင်မြှောက်ရုံမကပဲ။ တပ်မတော်ကပါ လွှတ်တော်ကဲ့သို့သမ္မတတစ်ဦးရွေးချယ်နိုင်ခွင့်ပေးအပ်ထားခြင်းဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၄) ဥပဒေပြုရေးအခန်း
(ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁) တို့သည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်အဆင့်ဆင့်ဖွဲ့စည်းမှုများကို ထိန်းချုပ်ထားသည့်ပုဒ်မများဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၅) အုပ်ချုပ်ရေး
(ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊၂၇၆) တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း စတဲိ့စ္စများကို ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ
(ပုဒ်မ ၄၁၀ မှ ၄၃၂ ထိပုဒ်မ အားလုံး) ဖြစ်ပါတယ်။

ဒီအခန်းမှာဖေါ်ပြထားတဲ့ပုဒ်မအားလုံးရဲ့ခြုံငုံအဓိပ္ပါယ်ကတော့နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထံဝကွက်အပ်ထားတယ်ဆိုတဲ့ အချက်ကို ဥပဒေသဘောဖြစ်အောင်ရေးထားခြင်းသာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အချိန်မရွေး၊ တရားဝင်အာဏာသိမ်းခွင့် ထာဝစဉ်ရရှိ ထားခြင်း သို့မဟုတ် ပေးအပ်ထားခြင်းဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ချက်

ဒါကြောင့်အထက်မှာ သာဓကအသီးသီး ထုတ်ပြခဲ့တဲ့ အချက်အလက်တွေကိုပြုပြင်ဖို့ဆိုလျှင်ပထမဆင့်အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းရရှိဖို့လိုအပ်ပါတယ်။၂၀ ရာခိုင်နှုန်းရရှိဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို လက်ရှိ ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြခဲ့ပါတယ်။

လွှတ်တော်ထဲဝင်ပြီး ပြုပြင်ယူမယ်ဆိုတာ ဘယ်လောက်ခက်ခဲမယ်ဆိုတာမြင်နိုင်ပါတယ်။ ပုဒ်မ(၄၃၆) မှာဖေါ်ပြထားတဲ့ ပုဒ်မ တွေဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ပုဒ်မတွေတနည်းအားဖြင့် စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေး ထားတဲ့အချက်တွေလည်းဖြစ်နေပါတယ်။

 ဒီအချက်တွေဟာစစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွား တွေနဲ့လိမ်ယှက်ဆက်နွယ်နေတာမို့လွှတ်တော်ထဲ ဝင်ပြီးပြင်ဆင်နိုင်ဖို့ဆိုတာဟာ လက်တွေ့မကျတဲ့စိတ်ကူးယဉ်မှုသာလျှင်ဖြစ်ပါလိမ့်မယ်။

ပထမဆင့်အနေနဲ့ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းရရှိပါစေ။ တကယ်တန်း ပြင်ဆင်နိုင်ခွင့်ဆိုတာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်း ကျော်ရရှိရမှာဖြစ်ပြီး၊ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဆန္ဒဖြင့်သာ ပြင်ဆင်နိုင်ပါလိမ့်မယ်။

ရှင်းအောင်ပြောရလျှင် ပုဒ်မ ၄၃၆ (က) မှာ ရွေးထုတ်ဖေါ်ပြထားတဲ့အခန်း (၈) ခန်း နဲ့ ပုဒ်မ (၉၅) ခုဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ရဲ့ အဓိကကျတဲ့ အခန်းတွေနဲ့သော့ချက်ကျတဲ့ပုဒ်မတွေဖြစ်ပါတယ်။ဒါ့အပြင် ယနေ့ဦးသိန်းစိန်အစိုးရ အတွက် အလျှော့ ပေးလိုက်လျောနိုင်တဲ့ အချက်တွေ မဟုတ်ပါဘူး။မဆုတ်တမ်း ခံစစ်စခန်းတွေဖြစ်ပါတယ်။ ဒါကြောင့်လည်းပြင်ဆင်ဖို့ တမင်ခက်ခဲအောင် အခုလိုတိတိကျကျရေးသား ထည့်သွင်းပြဌာန်းထားခြင်းဖြစ်ပါတယ်။ ပုဒ်မ(၄၃၆) (ခ) ကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး၊မဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဆန္ဒငြ့်သာ ပြင်ဆင်ရမယ်ဆိုတဲ့အချက်မပါတာပဲ ကွာခြားပါတယ်။ နှိုင်းယှဉ်ချက်အရ ပြောရရင် ပုဒ်မ(၄၃၆ (က) လောက် မတင်းကြပ်တဲ့အချက်တွေလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။

ဒါ့အပြင်မပယ်ပျက်သေးသမျှ အတည်ဖြစ်စေရမယ်ဆိုတဲ့ အခြားသော တည်ဆဲဥပဒေ (၄၀၀)ကျော်လည်း ရှိနေပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာရှိတဲ့ ဥပဒေကျွမ်းကျင်သူတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲမှာ ဘယ်လိုအချက် အလက်တွေဟာဖြင့် ဒီမိုကရေစီနည်းလမ်းမကျဘူး၊ဘယ်လိုအပေါ်စီးယူထားတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး၊ ပိုပြီးသိရှိနားလည်နိုင်မယ် ဆိုတာ ကျနော်သံသယမရှိပါဘူး။ ထွင်းဖောက် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။
ဧရာဝတီမြစ်ထဲရေရှိမယ်ဆိုတာပြေးကြည့်စရာမလိုတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ 
အခြေခံဥပဒေဘောင်ထဲဝင်မယ့်ကိစ္စဟာ ဥပဒေရှုဒေါင့်ထက်၊ နိုင်ငံရေးရှုဒေါင့်ကိုပိုပြီးအလေးပေးရပါလိမ့်မယ်။ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(၂၀၀၈) အပါအ၀င် တိုင်းပြည်ရဲ့ အဓိကကျတဲ့နိုင်ငံရေးပြဿနာအားလုံး ကိုနိုင်ငံရေးအရတန်းတူရည်တူ တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးသိန်းစိန်အစိုးရတွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။
ပြည်သူလူထုတစ်ရပ်ပါဝင်ခဲ့တဲ့ ၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီးက(မဆလ)တစ်ပါတီကိုရော၊ တစ်ပါတီအာဏာရှင်စနစ်ကို ခုတ်မောင်းလည်ပတ်စေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄) ကိုပါ တိုက်ဖျက်ခဲ့တာ တကယ့်သမိုင်းဖြစ်ရပ်မှန်တစ်ခုပါ။


မှတ်ချက်။

ဤဆောင်းပါးကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ရေးသားခဲ့ပြီး၊ မိုးမခ တွင်ဖေါ်ပြခဲ့ပြီးဖြစ်ပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြားဖြတ်ရွေးကောက်ပွဲ မဝင်မီအချိန်ကဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး။ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမတ်နေရာ စုစုပေါင်း (၄၃) ဦးရွေးချယ်ခံခဲ့ရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွတ်တော်အလိုက် ရွေးချယ်ခံရမှုများ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                                 (၃၇) ဦး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်                              (၄)   ဦး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်                         (၂) ဦး
စုစုပေါင်း                                                              (၄၃) ဦး
 ယခုအခြေအနေအရ ထပ်မံဖေါ်ပြသင့်သည်ဟု ယူဆပါသဖြင့် ပေးပို့လိုက်ရခြင်းဖြစ်ပါတယ်။
တူမောင်ညို
၁၇ ဇွန် ၂၀၁၃

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Op-Ed, Tu Maung Nyo

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)