>Laiza trip (2)

April 19, 2010

>

တရုတ် နယ်စပ်က KIA ထိန်းချုပ်နယ်မြေ လိုင်ဇာ
လင်းခိုင်
ဧပြီ ၁၉၊ ၂၀၁၀

လိုင်ဇာမြို့လယ် တနေရာ။ (ဓာတ်ပုံများ – လင်းခိုင်)


လိုင်ဇာ မရောက်ခင် လမ်းပေါ်က ရွာတရွာမှ ခရီးတထောက်နားတယ်။ အဲဒီတုန်းက ဆောင်းမကုန်သေး။ ဧည့်ခန်း အလယ် မီးဖိုဘေးမှာ နေရာချပေးတယ်။ ရွာလူကြီးနဲ့ ရွာသူ ရွာသားတွေရဲ့ ဧည့်ဝတ်ကျေမှု၊ သဘောကောင်းမှုက အံ့မခန်း။ သူတို့ သဘောကောင်းတဲ့ အထဲမှာ ဧည့်သည်ကို ပေးအိပ်ဖို့ အစီအစဉ်တော့ ပါပုံမပေါ်။ ဟိုဘက်ညက မက်ထားသော အိပ်မက်မှန်နေပြီလို့ ဖြတ်ခနဲ သိလိုက်၏။ ခေါင်းကို ဆင်နင်းတယ်လို့လေ၊ အိပ်မက်က။

ဧည့်သည်လာရင် စကားနဲ့ ဧည့်ခံလေ့ရှိတာ ဒါ ကချင်ကျေးရွာတို့ ဓလေ့။ လာကြပြီ၊ ၂၀ ထက် မနည်းသော ရွာသူရွာသားများ အသုတ်လိုက် အသုတ်လိုက်။ ရွာကြီးရင် ကြီးသလို၊ လူရည်လည်သူ၊ မလည်သူ၊ စာတတ်သူ၊ စာ မတတ်သူ၊ လူပေါင်းစုံတည်း။ သူတို့ မေးသမျှ ဖြေစမ်း၊ လူမှုရေး အစ စီးပွားရေး အလယ် နိုင်ငံရေး အဆုံး။ ဘာသာရေးလည်း မကျန်ခဲ့။ ကချင်သံ တ၀ဲဝဲနဲ့ လာလိုက်တဲ့ မေးခွန်းတွေ။ စကား မပေါက်သူတွေကလည်း စကားပြန်က တဆင့် မေးသည်ပင်။

တလေးတစား နားထောင်နေတဲ့ အားလုံးရဲ့ မျက်နှာတွေကို ကြည့်ရင်း နည်းနည်းမှ မဖြီးဝံ့။ သတြိ ကီးကြီးနဲ့ ဖြေရ၊ ဆွေးနွေးရနဲ့ ကိုယ့်မှာ ဟောဟဲ လိုက်လာသည်။ ရေနွေးကြမ်းကို တငုံချင်း သောက်ရ၏။ အိမ်သာသွားချင်မှာလည်း ကြောက်တာကိုး။ သောက်ရတာကလည်း အလိုလေး တ ရအောင် အေးလို့မို့ဗျို့။

သူတို့ တော်တော် ပြန်ပြီး ဆွေးနွေးနိုင်တာ မြင်ရတော့ အတိုင်အဖောက် ညီလာပြီး မျက်လုံးတွေပါ ကျယ်လာတော့သည်။ နံနက် ၃ နာရီ ထိုးလောက် ကျတော့ ခရီးသွားဖော်က မနေနိုင်၊ မျက်လုံး ပွတ်ရင်း အိပ်ခန်းထဲက ထွက်လာပြီး ကိုယ့်ခရီး မနီးကြောင်း၊ လိုင်ဇာမှာ ချိန်းထားတာတွေ ရှိသည်မို့ နံနက် စောစော ထွက်ရမည် ဖြစ်ကြောင်း စသဖြင့် နတ်သံ နှောတော့သည်။ ဒီတော့မှပဲ စကား ကောင်းနေသူတွေ ခပ်လေးလေး ထလို့ ပြန်ဖို့ ပြင်ကြ၏။ ကြည့်ဦး၊ ကလေးတွေလည်း ပါသေး။ အိပ်ပျော်နေကြတာမို့ ချီရပိုးရနှင့်။

အိပ်ယာထဲ ရောက်တော့ ၄နာရီ။ တယ်လီဖုန်းဖြင့် နာရီနိုးစက် ပေးလိုက်သည်။ ဂွမ်းကပ် ထူထူ အောက်မှာပင် အေးနေသေးသော ကချင်ဆောင်းကို အံတုရင်း အိပ်လို့မှ ကောင်းကောင်း မပျော်လိုက်မီ တယ်လီဖုန်းက ထူးအိမ်သင် သီချင်းဖြင့် ကိုယ့်ကို နှိုးလေပြီ။

လမ်းမှာ တွေ့ရတဲ့ ခရီးသည်တင် ကားတစီး။ တရုတ်ဆိုင်ကယ်များကို ကယ်ရီလုပ်သည့် လူငယ်လေးများက ခရီးသည်များကြားတွင် အိပ်ပြီး လိုက်ပါသွားသည်။


ကား စထွက်တော့ နေမမြင်ရသေး။ မြူထူလွှမ်းသော လမ်းတလျှောက် လမ်းဘေး ၀ဲယာမှာ အိမ်ကလေးများ ဟိုတချို့ ဒီတချို့ ခပ်ဝါးဝါး မြင်ရသည်။ နောက်တော့ တောင်ကုန်းတွေ များလာ၏။ ကားက အမြင့်ပိုင်းကို တက်နေပြီ။ နေထွက်လာတော့ မြူတွေ ကွဲပြီး ရှုခင်းကို ရှင်းလင်းစွာ မြင်ရပြီ ဖြစ်၏။

ရာဘာစိုက်ခင်းတွေ အများအပြား။ တောင်ကတုံးကို သျှောင်ထုံးဖို့ ခုမှ စိတ်ကူးပေါ်ပုံ ရ၏။ အပင်တွေက ငယ်ငယ် တနှစ်သားမိုင်ကုန် ထင်ရသည်။ ပုဂ္ဂလိက စိုက်ခင်းတွေလေ။ ကုမ္ပဏီ နာမည်တွေကို ဖတ်ရင်း လိုက်လာမိ၏။

နေစမ်းပါဦး၊ ရာဘာ ဆိုတာ ပူအိုက် စွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်တာ မို့လား။ ကချင်ပြည်နယ်က သမပိုင်းဇုံ၊ မိုးလည်း အရမ်း မများ။ ဟုတ်ပါ့မလား ကိုယ့်လူရာ ဆိုတဲ့ စကားကို ပြန်ဖြေသည့် ကားဆရာရဲ့ လေသံကို နားထောင်ဦး။ “ကျောက်ကုမ္ပဏီတွေ ဗျ၊ အစိုးရ စိုက်ခိုင်းတာ စိုက်တာ။ ဒါမှ ကျောက်ကွက်က အဆင်ပြေတာလေ” ကဲ … ဆက်မမေးတတ်တော့၊ သြချရင်းသာ လိုက်လာခဲ့ရတော့သည်။ သူ့အရပ်နဲ့ သူဇာတ် ဟပ်လည်း ဟပ်ပါဘိ။

ကြည့်ရင်း ကြည့်ရင်းက ရေမြေက အသွင် ပြောင်းလာပြန်၏။ ငှက်ပျောခြံတွေ ဖြစ်လာပြန်သည်။ ပင်တိုင်းစေ့ ငှက်ပျောခိုင် ရှိသည်။ ငှက်ပျောခိုင်တိုင်းကိုလည်း ကြီးမားသော ပလတ်စတစ် အိတ်အပြာရောင်များဖြင့် လုံလုံ ခြုံခြုံ ထုပ်ထားသေးသည်။ တရုတ်ပြည်မှ ကုန်သည်တို့က မျိုး ပေးသည်။ ငှက်ပျောပင်ကို ကချင်တွေ ပိုင်သည့် မြေကြီးပေါ်တွင် ကချင်တွေက စိုက်ရသည်။ အသီးသီးတော့ လာယူသွား။ ဘယ်လိုပြောမလဲ။ မြေငှား၊ လုပ်အားငှား။ ကိုယ်ပိုင်တာ မြေပဲရှိသည်ပေါ့။

လိုင်ဇာမရောက်မီ လမ်းတွင် တွေ့ရသည့် ကလေးများ။


လမ်းက နည်းနည်း ပြေပြစ်လာသယောင်။ နောက်တော့ ပြောင်ချောနေသည့် ကတ္တရာလမ်းကြီး ဖြစ်သွားပြီ။ မအံ့သြနှင့် မိတ်ဆွေ။ KIA နယ်စပ် ရောက်ပြီ။ လိုင်ဇာမှ ကြိုဆိုသည့် ဆိုင်းဘုတ် ကားကားကြီး မရောက်မီ သူတို့ကို တွေ့ရပြန်ပြီ။ နည်းတဲ့ စခန်းကြီး မဟုတ်၊ ဒါပေမဲ့ စစ်ဆေး မေးမြန်းခြင်းတော့ မရှိ။ မျက်နှာတွေကတော့ ထန်ပေသည်။ လိုင်ဇာ ၀င်ပေါက်က စောင့်နေသည့် အစိမ်းရောင် ဗျိုင်းတပ်ကြီး။

ဘူးသီး ငါးပေါင်းကြော် စာလုံးများနဲ့ ရေးထားသော ဓာတ်ဆီဆိုင် အကြီးကြီးကို ကျော်လာတော့ မြို့ကွက်ကို စတွေ့ရပြီ။ လိုင်ဇာက သိပ် မကြီးပါ။ အဆောက်အအုံ ကောင်းတာတွေ ထည့်မစဉ်းစားရင် တကယ့် မြို့သေးသေးလေး။

သေနတ်ကို ပြောင်ပြောင် တင်းတင်း ထမ်းလျက် လမ်းလျှောက် သွားနေသော၊ မော်တော်ဆိုင်ကယ် စီးသူ နောက်မှာ ထိုင်နေသော၊ ယူနီဖေါင်းပါသော၊ မပါသော ကချင် လက်နက်ကိုင်များကို နေရာအနှံ့ မြင်ရချေပြီ။ အမြင်ဆန်းသည်ပေါ့။

လိုင်ဇာမြို့တွင်းမှာလည်း သူတို့ ရှိသည်။ သို့သော် ဘဏ်တိုက်တွေ၊ အရောင်းခန်းမကြီးတွေမှာတော့ အစောင့် အရှောက် မရှိ။ လွတ်လပ်စွာ ၀င်ထွက်နိုင်သည်။

လိုင်ဇာမြို့ အုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်ကို ကချင်၊ မြန်မာ ဘာသာများအပြင် ဗူးသီးငါးပေါင်းကြော်နှင့် ဆင်တူသည့် တရုတ် ဘာသာဖြင့်လည်း ရေးထားသည်။ လိုင်ဇာဆိုသည့်မြို့က KIA ထိန်းချုပ်သည့်မြို့ ဖြစ်သောကြောင့် ရန်ကုန်မှ လာသူအတွက် ထူးခြားနေမည် ဖြစ်သည်။


အလုပ်ကိစ္စများ မဆောင်ရွက်မီ နံနက်ခင်းစာကို ခေါက်ဆွဲတခွက် စားရင်း အမြန် ဗိုက်ဖြည့်လိုက်သည်။ ရှမ်းပြည် မူဆယ်နယ်စပ်နှင့် မတူသည်က လိုင်ဇာသည် တရုတ်ပြည်နှင့် ဒီမျှ နီးသော်လည်း အစားသောက်၊ အ၀တ်အစား၊ ယဉ်ကျေးမှု စသည်တို့တွင် တရုတ် သိပ် မလွှမ်းမိုးလှ။ ကိုယ်ပိုင်ဟန် ကချင်ပုံစံ တော်တော် ကျန်နေသေးသည်က ချီးကျူးစရာ။ ကချင်လုံချည်ဝတ် မိန်းကလေးငယ်များ တော်တော် များများ တွေ့နေရပေသေးသည်။ ပြည်မ အတိုင်း လက်ဖက်ရည် ကျဆိမ့်၊ ချိုဆိမ့်တို့ကိုလည်း တထပ်တည်းတူအောင် ဖျော်နိုင်ကြလေသည်။

ကချင်ပြည်နယ်တွင် တရုတ်ဖုန်းကို အားကိုးနေကြရသည်။ မြစ်ကြီးနားဘက်တွင် တရုတ်ဖုန်း တလုံးကို ၃-သိန်းလောက်ရှိသည်။ လက်ကိုင်ဖုန်းပေါ့။ နေရာမရွေး ပြောလို့ရသည်။ ၀ယ်လို့လည်း လွယ်တယ်။ မြစ်ကြီးနားဘက်မှာ၊ လိုင်ဇာဖက်မှာ ဒါတွေအသုံးများသည်။ တရုတ်ဖုန်း သုံးသူ အချင်းချင်းဆက်ကြ ခေါ်ကြသည်။ ဈေးသက်သာသည်။ နိုင်ငံတကာမှာသုံးသလိုပဲ ကတ်ပြားဝယ်ထည့်။ ခေါ်ပေတော့ ကတ်ထဲကငွေ ကုန်သည် အထိ။ ကုန်ပြီလား၊ ထပ်ဝယ်။ တရားမ၀င်ဖုန်းမို့ တိုးတိုးသာပေမဲ့ နေရာတကာတွင် ရနိုင်သည်။ ဈေးလည်း မှန်ပါ့။ အပြိုင်အဆိုင် ရောင်းကြသကိုး။ အာဏာပိုင်တွေလည်း သုံးနေတော့ အဖမ်းအဆီး ရှိတယ်လို့ကို မကြားမိပါ။

သို့သော် ဗမာ လက်ကိုင်ဖုန်း၊ လိုင်းဖုန်း ခေါ် ကြိုးဖုန်း တို့ကို တရုတ်ဖုန်း နှင့် ခေါ်လျှင်တော့ ဈေးကြီးသည်။ Oversea call ဖြစ်သွားတာကိုး။ ဗမာဖုန်းနဲ့ဈေး နှုံးကလဲကွာတယ်လေ။ ဗမာလက်ကိုင်ဖုန်း က သိန်း ၂၀ ပတ်လည်၊ ကြိုးဖုန်းက သိန်း-၅၀ အထက်မှာ ရှိလေရဲ့။ တန်ဖိုးက အဲသလို။ ဘာကို ရောင်းစားနေမှန်းမသိ။

တရုတ်ဖုန်းကို စီးပွားရေးသမား၊ နယ်စပ်နှင့် အဆက်အစပ်ရှိသူ၊ ကားသမား၊ အစိုးရ၀န်ထမ်း အရာရှိ-စစ်ဗိုလ် စသည့် ပုဂ္ဂိုလ်တို့ ကိုင်ကြ သုံးကြသည်ကို တွေ့ရသည်။ ဗန်းမော်ဘက် အထိ လိုင်းမိပြီး သုံး၍ရသည် ဟူ၏။ အဲဒီလောက် connection ကောင်းသည်။ ဗမာဖုန်းတွေက အမြဲလိုလို “လူကြီးမင်း” နှင့် တိုးနေချိန်တွင် တရုတ်ဖုန်းကတော့ အေးဆေးပင်။ ခေါ်ချင်တိုင်းခေါ်။

ဤဂိတ်၏ ဟိုတဘက်တွင် တရုတ်နိုင်ငံကို တွေ့နိုင်သည်။ ဂိတ်တွင် KIA စစ်သားတို့ စောင့်ကြပ်နေသည်။ KIA ကို အပစ်ရပ်ထားသည့် သူပုန်အဖွဲ့ဟု ရေးလျှင် စာဖတ်သူတို့ ရှင်းခနဲ နားလည်မည်ထင်သည်။ အစိုးရကို ယခင်က ပုန်ကန်တော်လှန်ခဲ့သူဟု အဓိပ္ပာယ်ရသည်။ သို့သော် ကချင်လက်နက်ကိုင်အဖွဲ့ဟု ရေးလျှင် စာဖတ်သူတို့ ဒွိဟဖြစ်နိုင်ဖွယ်ရှိသည်။ လက်နက် ဆိုသည်မှာ တိုက်ခိုက်ရန်၊ ခုခံကာကွယ်ရန်၊ ဓားပြတိုက်ရန် စသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် ကိုင်ကြသည် မဟုတ်လား။


အားလုံးပြီးလို့ အပြန်လမ်းမှာ KIA အလံလေး ထူထားသော ကွပ်ကဲရေးရုံးကို ဖြတ်ရတော့ ကားဆရာလေးက ပြုံးရင်း “ကျွန်တော် သတင်း ပို့ပြီးပါပြီ၊ အားလုံး အဆင်ပြေပါတယ်။ ကားနံပါတ်နဲ့ ယာဉ်မောင်း အမည်ကို မြစ်ကြီးနားက မထွက်ခင် ကတည်းက ပေးပြီးသားပါ” ဟု ဆိုသည်။ တော်တော် အလိုက်သိသည့် သူငယ်ပေပဲ။

ဒါပေမဲ့ သူမသိတာ တခု ရှိနေသေးသည်။ သတင်းသမား ညာဉ် အခုထိ မပျောက်သေးသော ကိုယ့်စရိုက်ကိုလေ။ မြင်သမျှ လက်မြန်မြန်နှင့် ဓာတ်ပုံ ရိုက်တတ်တုန်း။ မ၀င်ရ ဆိုသည်များကို ဘယ်သူမှ မတားနိုင်ခင် ဖြတ်ကနဲ ၀င်တတ်တုန်း။ တော်ရုံ မဟုတ်သော ခွကျကျ မေးခွန်းများကို အားမနာဘဲ ရဲရဲ မေးတတ်တုန်း။

ဟော … ကားက တရုတ်ပြည် ၀င်ပေါက် ရှေ့နား ရောက်ပြီ။ “ကားကို လိမ့်ရုံ မောင်းကွာ”။ ယာဉ်မောင်းက အရှိန် လျှော့သည်။ ဖြတ်ခနဲ ဓာတ်ပုံ အရိုက်တွင် ကားဆရာ ဟာခနဲ ဖြစ်သွားသည်။ နောက်တပုံ။ ပြီးတော့ နောက်ထပ် တပုံ။ အပေါက်ဝ ဒီဘက်က KIA အရာရှိ အတင်း ထွက်လာပြီ။ အချိုသာဆုံး ပြုံးပြလိုက်သောအခါ ကြောင်ပြီး ပြန်အပြုံး သူ့ကို တည့်တည့် နောက်တပုံ။

ကားဆရာ မျက်နှာမှာ သွေးမရှိတော့ပါ။ ကားကိုရပ်ဖို့ တားပြီလေ။ ဟုတ်ကဲ့ ရှင်းရပါပြီ။ ကျေးဇူးရှင်က ဗမာစကား ရသည်။ ယူနီဖောင်းနဲ့ ရပ်နေတာ အချိုးကျလွန်းလို့ မနေနိုင်လို့ ရိုက်မိတာပါလို့ ပြောလိုက်သည်။ သူ့ မျက်နှာက ခပ်တင်းတင်း။

အရှက်မရှိ ပြုံးပြုံးလေး ပြောထွက်နေသော ကိုယ့်ကို ဘာလုပ်ရမှန်း သိပုံ မပေါ်တော့။ သူ့ဓာတ်ပုံကိုလည်း ရစ်ပြီး ပြလိုက်သေး။ ကားဆရာကလည်း ဘာတွေမှန်း မသိ၊ ကချင်လို တတွတ်တွတ် ၀င်ပြောနေသည်။

ပျော့ပြောင်း လာသော သူ့မျက်ဝန်းများကို အကဲခတ်မိတော့ အပြုံးနဲ့ နုတ်ဆက်ကြည့်သည်။ သိပ် မရချင်။ ဓာတ်ပုံတွေ ဖျက်ပေးရမည် တဲ့။ သူ့ပုံလေးကို အလွန် နှမြော တသသည့် ပုံစံဖြင့် ဖျက်ပြတော့ စိတ်မကောင်း ဖြစ်သွားပုံရ၏။ စိတ်ပျက်လက်ပျက်နဲ့ ကင်မရာ သိမ်းနေသော ကိုယ့်ကို နောက်တခေါက် ရောက်ရင် တာဝန်ချိန် ပြင်ပမှာ ရိုက်ခွင့် ပြုပါ့မယ် ဟူသော စကားကို ညင်သာစွာ ပြောနေရှာသည်။ သူ့စကား ဆုံးသည်နှင့် ပါးနပ်သော ကားဆရာက လျင်မြန်စွာ မောင်းထွက်သည်။

လိုင်ဇာမှအပြန် လမ်းပေါ်မှာ ကားက အရှိန်နဲ့ ပြေးနေသလို ကိုယ်အတွေးတွေလည်း အပြေးပြေး အလွှားလွှား။

ကဲ … လိုင်ဇာ ဆိုတာ ဒါပါပဲ။ နောက်တခေါက် ထပ် ရောက်ဖြစ်ဦးမယ် ထင်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်