Ko Ko Gyi –

June 16, 2013

ခူနာ
ကိုကိုကြီး၊ ဇွန် ၁၇၊ ၂၀၁၃

“အဖေများနေ့” အတွက် အမှတ်တရ , “ကိုကိုကြီး” ရဲ့ “ခူနာ”
(၁)
“ဖခင်ဘုရင်ကြီးမှာ မကြားလိုပါ xxx မကြား xx လိုပါ xxx
သားလှလေးရဲ့လက်မှာ ခူနာပေါက်တဲ့အခါ xxx
ဘုရင်ဗိမ္မိသာရ ချစ်လှတဲ့ဘုရင်ကြီးခမျာ xxx
အို xx အေး xx အို xxx တေးဆိုညည်းကာ
သားငယ်ရဲ့ဝေဒနာကိုသာ xxx ပျောက်ပါစေတော့ xxx
အာခံတွင်းထဲမှာ xxx သွင်းကာငုံထားရာ xx
အနာပြည်မှည့် လေသောအခါ xxx အာခံတွင်းထဲမှာ xxx
အာခံတွင်းထဲမှာ xxx ဖောက်ပြန်လေတော့တာ xxx
ဖခင်မှာမြိုခါချရှာ”
အသံကဝေမလို့တောင် ကျော်ကြားတဲ့ အဆိုပါရမီရှင်ရဲ့ ဗိမ္မိသာရ ရုပ်ရှင် ဇာတ်ဝင်သီချင်းက ဟိုတစ်စ ဒီတစ်စနဲ့ သောတအာရုံကတစ်ဆင့် နှလုံးသားအိမ်ထဲအထိ ပဲ့တင်ထပ်လို့။
မိခင်မေတ္တာဘွဲ့တွေရေးကြ၊ ဆိုကြ၊ ဖွဲ့နွဲ့လိုက်ကြတာတွေတစ်ပုံတစ်ပင်ထဲမှာရှားရှားပါးပါး ဂန္တ၀င်မြောက်ဖခင်မေတ္တာဘွဲ့ပါ။
 ဇာတ်ဆောင်တွေက အထင်ကရ၊ ဖခင်က မြတ်စွာဘုရားရဲ့ ဒကာရင်း ဥပါသိကာ ဗိမ္မိသာရမင်းကြီး။ သားဖြစ်သူက ပဉ္စနန္တယ ကံကြီးကျူးလွန်ပြီးမှ မြတ်စွာဘုရားအဆုံးအမ ခံယူ၊ နောက် ပထမ သံဃာယနာတင် ပုဂ္ဂိုလ်ဖြစ်လာတဲ့ အဇာတသတ်မင်း။
မယ်တော်ဝေဒဟီ မိဖုရားခေါင်ကြီးနဲ့ အရှင်လတ်လတ် မြေမြိုခံခဲ့ရတဲံ ဒေ၀ဒတ်တို့ ဇာတ်ပို့တွေ။ ဒီလောက် အားကောင်းတဲ့ ဇာတ်ဆောင်၊ ဇာတ်ပို့တွေနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ဇာတ်တော်ကြီးပါပဲ။
မှတ်သားစရာ၊ သင်ခန်းစာယူစရာ၊ ကြေကွဲစရာ၊ ၀မ်းနည်းတုန်လှုပ်စရာတွေ အဲဒီ…. အဲဒီ အရာတွေကြား ကျွန်တော့်ရင်ထဲအထိ တစစ်စစ် ကိုက်ခဲ ခံစာစေခဲ့တဲ့ ဇာတ်ကောင်ကတော့ “ခူနာ”။
xxxxx
အင်္ဂလိပ် လက်နှိပ်စက် လက်ကွက်ပုံစံကို စက္ကူကတ်ထူပေါ်ကူးဆွဲ၊ လက်နှစ်ဖက်ကို ပုံသေ လက်ကွက်ပေါ် အသာတင်ရင်း ပါးစပ်ကလည်း အသံထွက် လက်ကလည်း အချက်ကျကျ ရိုက်လို့။
‘ASDFGF;LKJHJ’
လက်ညှိုးလေးနှစ်ချောင်းက နည်းနည်းပိုဂရုစိုက်ရတယ်။ ကျန်တဲ့ လက်ချောင်းတွေက တစ်လုံးစီပဲ ရိုက်ရတာ။ လက်ညှိုး က နှစ်လုံး။ အပေါ်နှစ်တန်းကို တက်ရိုက်တော့လည်း နှစ်လုံး၊ အောက်ဆင်းရိုက်တော့လည်း နှစ်လုံး ဒီလက်ညှိုးက စာလုံးရေ နှစ်ဆ ရိုက်ရတယ်။ ရိုက်တာပျော့ရင် စာလုံးက မှိန်ချင်သေး။ မိတ္တူသုံးလေးစောင် ကာဘွန်ခံပြီး ထပ်ရိုက်ရလို့ကတော့ နည်းနည်းဖိရိုက်မှ ကျွန်တော်ကတော့ စာရေးဆရာ အသစ်ရတဲ့ ကလေးလို အတွေ့အကြုံသစ်၊ သင်ခန်းစာ အသစ်ထဲ အာရုံမြှုတ်လို့။
‘ASDFGF;LKJHJ’
‘ASDFGF;LKJHJ’
“ဟေ့ကောင်…. အဲဒါဘာလုပ်နေတာလဲ” နောက်နားက မာမာထန်ထန်မေးလိုက်တဲ့ ဖေဖေ့ အသံကြောင့် ဆတ်ခနဲ လန့်သွားပြီး။
” သား… သား…. လက်နှိပ်စက်သင်နေတာဖေဖေ”
” ဘာကွ၊ မင်းက လက်နှိပ်စက်စာရေးလုပ်ချင်လို့လား…. ဟင်။ မင်းတို့ကို ပညာတွေသင်ပေးနေတာ ဒီအလုပ်မျိုးလုပ်စားရမှာစိုးလို့ကွ နားလည်လား။ မင်းက xxxxx”
ခါတိုင်းရုံးကပြန်နေကျ အချိန်မဟုတ်၊ အစောကြီးပြန်လာပြီး ပေါက်ကွဲနေတဲ့ ဖေဖေ့ကို …..
“ကျောင်းကလည်း ပိတ်ထားတဲ့ အချိန်မို့ပါ ဖေဖေရာ”
ပြန်ပြောတာမကြိုက်မှန်း၊ ဖေဖေ ဒေါသကြီးမှန်းသိတဲ့ ကြားက နည်းနည်းလေးတော့ ပြန်ပြောလိုက်ရမှ ရိုက်ခါမှ ရိုက်ရော၊ အဲဒီ အကျင့်ကမပျောက်။
“ဟေ့ကောင်… အားနေရင် မင်းအမေဆိုင်မှာ ၀ိုင်းကူ၊ နောက်လာမယ့် အတန်းအတွက် စာ ကြိုကြည့်၊ လုပ်စရာတွေ အများကြီး”
” ဟာ၊ ဒီသားအဖ ဘာတွေဖြစ်ကြပြန်ပြီလဲ။ ခင်ဗျား ရုံးကပြန်လာတာလည်းစောလှချည်လား။ အိမ်ရှေ့ကဖြတ်သွားတာ တွေ့လိုက်လို့ လိုက်လာတာ။ ဘာတွေဒေါပွနေလဲ”
တော်ပါသေးရဲ့၊ ဖေဖေနဲ့ တစ်မြို့တည်းသား ရန်ကုန် တက်လာတော့လည်း အတူတူ။ ညီအစ်ကိုလလို ချစ်ကြတာ။ မိသားစုချင်းကလည်း နှစ်အိမ့်တစ်အိမ်။ အိမ်နီးချင်း လည်း ဖြစ်နေတဲ့ ဖေဖေ့ သူငယ်ချင်း။ အဲဒီဦးဦး ရောက်လာတာနဲ့ အသာလေး လစ်ထွက်လာခဲ့ရတာ။
ကျွန်တော့် လွတ်မြောက်နယ်မြေကတော့ မေမေရှိရာ။ မေမေ့ဆိုင်ကို ဦးတည်လျှောက်လာရင်း လည်း စဉ်းစားနေမိတယ်။ ကျောင်းအားရက် ကြက်ခြေနီသင်တန်း၊ အခြေခံစစ်ရေးပြု လက်နက်မဲ့ သိုင်းသင်တန်း၊ အခြေခံစစ်ရေးပြု လက်နက်မဲ့ သိုင်းသင်တန်းတွေတက်ခဲ့တာပဲ။ ဖေဖေက အားတောင်ပေးသေး။ အတတ်ပညာဆိုတာ ဘာပညာ ဖြစ်ဖြစ် တတ်ကောင်းတယ်ဆို အခုမှ ဘယ်လိုဖြစ်ရပြန်တာတုန်း၊
အင်း … လူကြီးတွေဟာ။

xxxxxxxxxx

” သား ဘာဖြစ်လာလဲ။ မျက်နှာကလည်း စူပုပ်လို့။ ဖေဖေနဲ့တွေ့ခဲ့လား”
ကျွန်တော့်ကို စူပုပ်နေတာပဲပြောတဲ့ မေမေကလည့်း မျက်နှာမကောင်း။
“တွေ့တယ်၊ ဖေဖေ အိမ်ထဲဝင်လာတာတောင် မသိလိုက်ဘူး။ သားက လက်နှိပ်စက သင်ထားတာ ပြန်ကျင့်နေတုန်း ဆူလိုက်တာမေမေရာ။ အသားလွတ်ကြီး အဲဒီတုန်းက ဦးဦးရောက်လာလို့ လစ်ထွက်လာတာ”
မေမေက သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်လိုက်ပြီး ……
” သားဖေဖေ ဒီနေ့ အလုပ်က ထွက်စာတင်လာခဲ့တာသားရဲ့။ မန်နေဂျာက ခင်ဗျား အပြင် အလုပ်ကောင်းနေရင် ဘာလို့ ရုံးအလုပ်လုပ်နေလဲပြောလို့ ဒေါသထွက်ပြီး တစ်ခါတည်းထွက်တယ်ဆိုပြီး စာတင်ခဲ့တာ။ တော်တော်လည်းပြောပစ်ခဲ့တယ်” တဲ့။ သူ့အလုပ်တာဝန်တစ်ခါမှ မပျက်ကွက်ခဲ့တဲ့ အကြောင်း၊ လက်နှိပ်စက် စာရေးလစာက မိသားစု မလောက်မင၊ အမျိုးသမီးဆိုင်ထွက်ကူရလို့ တစ်ခါတလေ စောပြန်တာရှိတဲ့အကြောင်း၊ လက်နှိပ်စက်စာရေးက နှစ်ယောက်ရှိလို့ နားလည်မှုနဲ့ လုပ်နေကြတာ။ ဒီရုံးက မိသားစုလိုဖြစ်နေတဲ့အကြောင်း၊ ကိုယ့်လက်အောက်ငယ်သားတွေ စားဝတ်နေရေး မကူညီတဲ့ အပြင် နားလည်မှုမရှိတာကြောင့် ထွက်တယ်ဆိုပြီး ရေးတင်ခဲ့တာတဲ့။ ဒီမန်နေဂျာရောက်လာပြီးမှ အဆင်မပြေတာကတော့ ကြာပါပြီ။ လုပ်ဖော်ကိုင်ဖက်တွေကတော့ ကောင်းကြရှာပါတယ်။ ဌာနခွဲစာရေးကြီးကဆို ထွက်စာ သူ့ကိုပေးထား၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့ ဆိုပြီး ပြောရှာပါသေးတယ်။
“အဲဒါ သားက နည်းနည်းသတိထား။ ဖေဖေ့ကို စိတ်ထဲကလည်း မပြစ်မှားနဲ့။ ဖေဖေက သားတို့ကို သိပ်ချစ်တာ၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ။ သူ့စိတ်ထဲ သားနှစ်ယောက်ကို စိတ်ကူးတွေယဉ်နေတာ။ ဖြစ်စေချင်လိုက်တာတွေ မပြောပါနဲ့တော့ သားရယ်။ ဒီရက်ထဲ သားဖေဖေ စိတ်ကလည်းထွေနေမှာ။ သူဒေါသဖြစ်နေတဲ့အချိန် ပြန်မပြောနဲ့နော်။ သားကလိမ္မာပါတယ်။”
လူပျိုပေါက်အရွယ်သားကို ကလေးလေးတစ်ယောက်လို ဖက်ထားရင်းပြောပြနေတဲ့ မေမေ့အသံက ရှိုက်သံတစ်ဝက်ပဲ။
ကျွန်တော့်ရင်ထဲမှာလည်း ဆို့ဆို့နင့်နင့်။
“ဖေဖေ သားတွေကို ချစ်တော့ချစ်မှာပါ။ ဒါပေမယ့် အခုမေမေ့လို အေးအေးဆေးဆေး ရှင်းပြလည်းရတာပဲဟာ။ လောလောလတ်လတ် အဆူခံထားရလို့ မကျေနပ်တာကတစ်ပိုင်း၊ ဖေဖေ့ အကြောင်းကြားလိုက်ရတော့ စိတ်ထိခိုက်သွားတာက တစ်ပိုင်းနဲ့ အတွေးတစ်ခုက ခေါင်းထဲရောက်လာသေးတယ်။
မေမေက သိပ်ပြီးနူးညံ့တာ၊ အမြဲတမ်းပြုံးလို့။ ၀မ်းနည်းလို့ စိတ်ထိခိုက်ရင်တောင် ကြိတ်ငိုတာ။ ခွန်းကြီးခွန်းငယ် ပြန်ပြောတာကို မတွေ့ဖူးဘူး။ သားနှစ်ယောက်ကိုလည်း အရမ်းချစ်၊ အရမ်းစိတ်ရှည်တာ။ ဖေဖေသာ အဲဒီလို စိတ်ရှည်နူးညံ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့။
ဖေဖေက ဇလွန်သား၊ ခုနှစ်နှစ်သား မှာ မအေဆုံးတယ်။ ဖအေက တကယ့် လူရိုးလူအေး။ ဆွေမျိုးတွေ ၀ိုင်းစီစဉ်လို့ ခယ်မဖြစ်သူနဲ့ လက်ဆက်လိုက်တော့ ဖေဖေက အဒေါ်မိထွေးလက်ပေါ်ကြီးရတယ်။ ဖအေစက်ဆရာက ဆန်စက်တည်ဖို့၊ ပြင်ဖို့ လာခေါ်ရင် ညအိပ်ညနေ ထွက်ထွက်သွားရတော့ အိမ်ကပ်ရတယ်မရှိဘူး။
ဖေဖေကျောင်းနေတဲ့ အရွယ်မှာ စစ်ကြီးကဖြစ်တော့ စာသင်တာကမမှန်၊ ရန်ကုန်ကို ဇွတ်ရွတ်တက်လာတော့ ကားစပယ်ယာ လုပ်လိုလုပ်၊ ဧရာဝတီသင်္ဘောလိုက်လိုလိုက်။ အဲဒီကြားထဲက အလွတ်ပညာသင်ကျောင်းတက်။ ခုနှစ်တန်းဖြေ၊ နောက်အတန်းခုန်ပြီးတော့ ကိုးတန်း။ ဟိုတုန်းကအခေါ်ဟိုက်စကူး ဖိုင်နယ် ၀င်ဖြေပြီးအောင်။ သိန်းတစ်ရာ လက်နှိပ်စက်သင်တန်းတက်။ တကယ့်ကိုယ့်ဒူးကိုယ်ချွန်ခဲ့ရတာ။ မဟုတ်မခံ မျိုးချစ်စိတ်ကလည်းရှိတော့ အာရှလူငယ်အဖွဲ့ဝင်၊ လွတ်လပ်ရေးကြိုးပမ်းတဲ့ကာလ သူနိုင်သလောက်တော့ ၀င်လုပ်ခဲ့သေးတာပဲ။ ပါလီမန်ခေတ်၊ ဒီဘက်စုမိဆောင်းမိရှိသမျှလေးနဲ့ အစုရှယ်ယာ အတော်များများဝင်ထားတဲ့ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ အထွေထွေစာရေးကြီးဘ၀။ မကြာပါဘူး။
ပြည်သူပိုင်တွေသိမ်းလိုက်တော့ သားဦးကျွန်တော်က လသားအရွယ်လေး။ ဖေဖေတစ်ယောက် မျက်ကလူးဆန်ပျာ အလုပ်လိုက်ရှာရာကနေ သစ်လုပ်ငန်းဌာနမှာ လက်နှိပ်စက်စာရေးဖြစ်တော့တာပါပဲ။
အရာရှိက အမျိုးမျိုး၊ လက်ရေးကအဖုံဖုံ။ ကြည့်လေ ကပျစ်ကညစ်ရေးထားတာတွေလည်းပါရဲ့။ ရေးပြီးသားတွေပြန်ဖျက် ၊ အောက်ခြေကမြားပြ၊ ဘေးကိုဆွဲထုတ်၊ စာကြားထဲ ဒေါက်ထောက် အောက်ခြေကထပ်ဖြည့်နှင့်စုံလို့။ အဲဒါ တစ်ခါက နှစ်ခါ ပြန်မေးရင် ဆူလိုက်ဟောက်လိုက်လုပ်သေးဆိုပဲ။ ဒါတောင် ဖေဖေက ရုံးစာပုံစံတွေဆို အလွတ်ရပြီးသား။ လုပ်ငန်းကျွမ်းကျင်သူမို့ ကိုယ့်ဘာကိုယ်ပဲ ပြင်စရာရှိပြင်၊ ဖြည့်စရာရှိ ဖြည့်ရိုက်ပြီး လက်မှတ်ထိုးရုံသွားပေးရတာတဲ့။
ဒါကတစ်ခါတလေ ဖေဖေ စိတ်လိုလက်ရပြောပြဖူးတဲ့ လက်နှိပ်စက်စာရေးဘ၀။
အခုတော့အေးရော၊ ထွက်ပစ်လိုက်ပြီလေ။ အင်း…. အခုမှခက်တော့တာ။ ဖေဖေ့ကြည့်ရတာ နေမထိ၊ ထိုင်မထိ။ အလုပ်လေးရှိနေတုန်းကတော့ ဣနြေ္ဒရတာတော့ အမှန်။ အခုတော့ သားအကြီးက စကောစကအရွယ်၊ သားအငယ်က ကလေးသာသာ။ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ အလုပ်မရှိ၊ ၀င်ငွေမရှိ။ ဒါတောင် ဖေဖေ့လုပ်ဖော်ကိုင်ဖက်တွေက ဆေးပင်စင်ရအောင် ၀ိုင်းလုပ်ပေးကြတာ။ အသက်အာမခံစုငွေ၊ လုပ်သက်ခံစားခွင့် ဆုငွေလေးရတာရယ်ကြောင့် တော်သေးတာပေါ့။ မေမေ့ဆိုင်လေးကိုလည်း ထပ်ပြီးတိုးချဲ့ရင်းနှီးလိုက်တယ်။
သိပ်တော့မကြာလိုက်ပါဘူး။ ဖေဖေ့မိတ်ဆွေ စာရေးကြီးတစ်ယောက်က ဖေဖေကုမ္ပဏီ အတွေ့အကြုံရှိမှန်း သိလို့ နိုင်ငံခြားသစ်ကုမ္ပဏီ တစ်ခုအတွက် လာကမ်းလှမ်းတာနဲ့ လုပ်ဖြစ်သွားတယ်။ သက်ဆိုင်ရာဌာန အသီးသီးဝင်ရ၊ ထွက်ရ၊ လုပ်ရတာဆိုပေမယ့် လက်နှိပ်စက်ကတော့ဖေဖေ့အတွက် ၀ဋ်နာ ကံနာပဲ ထင်ပါရဲ့။

xxxxxxxxx

“သားကလေ နားဖာကလော်ရင် အမြဲတမ်းချောင်းဆိုးတယ်။ ဖအေနဲ့တစ်ပုံစံတည်း”
မကြီးမငယ်နဲ့ ကျွန်တော့်ကို ပေါင်ပေါ် ခေါင်းတင်ခိုင်းပြီး နားဖာကလော်ပေးရင်း ခင်ပွန်းဖြစ်သူအကြောင်း လွမ်းလွမ်းဆွေးဆွေး ပြောနေတဲ့ မေမေ့မျက်နှာကို မော့ ကြည့်နေမိတယ်။
ဟုတ်တယ် ငယ်ငယ်လေးကတည်းက ကျွန်တော်က ဖေဖေနဲ့ တစ်ထေရာတည်း။ တကယ်က ရုပ်တင်မဟုတ်ဘူး။ တချို့အမူအကျင့်တွေပါတူတယ်လို့ ပြောရမယ်။ ဇွတ်တရွတ်လုပ်တာ၊ မဟုတ်ရင် မခံချင်တာ၊ တစ်ခါ တစ်ခါ စိတ်တိုတတ်တာက အခုကြီးလာမှ နည်းနည်း ထိန်းသွားတာ။ အဲသလိုတူလို့လားတော့ မသိပါဘူး။ ဖေဖေနဲ့က သိပ်မတည့် ချင်။ အထွန့်ကလည်း ပြန်ပြန်တက်လိုက်သေး။
” ဟေ့ကောင်၊ ၀ါးခြမ်းမြင်ပေမယ့် ဖအေက ၀ါးလုံးဆိုရင် လုံးလိုက်။ ငါကအဖေ မင်းကသား” တဲ့။ ဘယ်ကျေနပ်မလဲ။ ဒါက ၀ါးခြမ်းပဲဥစ္စာ။
“အိုးထိန်းသည်က အိုးကိုတဖတ်ဖတ် ရိုက်နေတာ အိုးကို ကောင်းသထက်ကောင်းအောင်၊ လှသထက်လှအောင်ကွ၊ နားလည်လား။ ရိုက်ချင်လို့ ရိုက်နေတာမဟုတ်ဘူး”
တင်ပါးမှာ အရှိုးရာ အထပ်ထပ်၊ တဖျဉ်းဖျဉ်း စပ်နေတဲ့ ကျွန်တော်က ‘ အိုးမှ မဟုတ်တာ ‘ လို့ အဲဒီတုန်းက ပြန်မပြောရဲပေမယ့် လည်ချောင်းထဲမတော့ ကလိကလိ။
သားတွေကို ကွယ်ရာမှာ ချီးကျူးပေမယ့် ” သားသမီးချစ်ရင် ကွယ်ရာမှာချစ်၊ ရှေ့မှာမချစ်နဲ့တဲ့။ တစ်ည ကျွန်တော်တို့ ည်ီအကိုအိပ်နေတုန်းအိပ်ပျော်ပြီအထင်နဲ့ ခြင်ထောင်ကိုအသာမပြီး ခိုးနမ်းခဲ့တုန်းက နှုတ်ခမ်မွေးတိုစစက အခုထိ ရှတတလေ။
ဆံပင်ရှည်မထားရ၊ ဂျင်းဘောင်းဘီမ၀တ်ရ၊ ဂီတာမတီးရ၊ ၀တ္ထုမဖတ်ရ၊ ဆေးလိပ်မသောက်ရ မလုပ်ရပေါင်းများစွာ များစွာ။ ဘယ်လိုနေ၊ ဘယ်လိုစား၊ ဘယ်လိုပြော၊ ဘယ်လိုပေါင်းများစွာ။
အဲဒီတော့ ဘာကိစ္စ ဖြစ်ဖြစ် မေမေ့အပူကပ်၊ အဆူခံရရင် မေမေက ကာဆီးကာဆီး။ ဖေဖေက သားတွေ အရွယ်ရောက်လာတော့ ညီအစ်ကိုတွေလို ဆက်ဆံလာတယ်ဆိုတာတောင် ငယ်ငယ်က ရွံ့တွန့်တွန့်စိတ်က စွဲနေဆဲ။
မေမေက ကျွန်တော့်နဖူးကိုသပ်ပေးနေရင်း……
“သားဖေဖေကလေ သိပ်သနားဖို့ကောင်းတာ။ အပြင်ပန်းကြည့်ရင် တကယ့် လူကြမ်း၊ စိတ်ကြမ်း၊ ဘ၀ကလည်းကြမ်းခဲ့တာကိုး။ သားတွေကို သူ့ထက်သာရမယ်။ တော်ရမယ် ဆိုပြီး သိပ်ဖြစ်စေချင်တာ။ သားကပြောဖူးတယ်ဆို ငယ်ငယ်က အရမ်းရိုက်ခဲ့တာတွေ တွေးမိရင် တစ်ခါတလေ စိတ်နာတယ်လို့။ အဲဒါ မေမေ့ကိုပြန်ပြောပြပြီး တော်တော်စိတ်ထိခိုက်သွားတာ။ သားဖေဖေကလေ ဘယ်လောက်ပင်ပန်းပင်ပန်း သားတွေရှေ့ ဘယ်တော့မှ မညည်းဘူး။ ရုံးမှာ အလုပ်တွေများတဲ့အခါ၊ တစ်ရုံးလုံး လစာစာရင်းတွေ ရိုက်တဲ့ အခါတွေများဆို လက်တောင်ကိုက်တယ်တဲ့။ သားဖေဖေရဲ့ ညာလက်ညှိုးလေးသတိထားမိလား။ ငယ်ငယ်က ခူနာပေါက်ပြီး လက်ညှိုးထိပ်လေး တစ်ခြမ်းစားထားတာ။ အဲဒီ လက်ညှိုးလေးက ရိုက်ပါများရင် တစစ်စစ်နဲ့…….”

ငူငူကြီးထိုင်၊ တွေတွေကြီးငေးရင်း အခန်းရှေ့ ကျွန်တော့် ဖန်သားပြင်ထက်စိုက်ကြည့်နေမိ။ မျဉ်းကောက်၊ မျဉ်းကွေးမရှိ။ မျဉ်းဖြောင့်တွေ အတိပြီးတဲ့ ကျွန်တော့်ရဲ့ ဖန်သားပြင်ပေါ်။
လေးတိလေးတွဲ ဖြတ်ဝင်လာတဲ့ တိမ်စိုက်တိမ်လိပ်တစ်အုပ်။
အမျှင်တန်းပြီး ပြတ်တောင်းပြတ်တောင်း။ ကျန်ခဲ့တဲ့ တိမ်စတိမ်နတချို့။
တရွေ့ရွေ့…တရွေ့ရွေ့…. မျက်စိတစ်ဆုံးပါပဲ။

xxxxxxxxxx

ရာဇဂြိုဟ်ပြည်အစွန် အဇ္ဈကုဋ်တောင်ခြေ၊ တောင်စောင်းတစ်ခုက ဥမင်လိုဏ်။ အဲဒါ ဗိမ္မိသာရမင်းကြီးရဲ့ အချုပ်ခန်း။ အကျဉ်းထောင်။
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာ့ငါးဆယ်ခန့် ဗိမ္မိသာရမင်းကြီး တစ်ယောက် ခူနာပေါက်ခဲ့တဲ့ သူ့သားလက်ကလေး ပြန်တွေးမိပါ့မလား မသေချာ။ ညာလှမ်းတယ်နဲ့ စင်္ကြံလျှောက်နေမှာပေါ့။
ကျွန်တော့်မှာတော့ ခူနာပေါက်ခဲ့လို့ တစ်ခြမ်းစားထားတဲ့ ဖေဖေ့ရဲ့ ညာဘက် လက်ညှိုးထိပ်ကလေးက မျက်ဝန်းထဲကမထွက်။ အဲဒီ လက်ညှိုးလေး ခူနာကြောင့် တစ်ခြမ်းစားထားတဲ့ လက်ညှိုးလေး။ ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက် နဲ့ လက်နှိပ်စက်ပေါ်မှာ တက်လိုက်၊ ဆင်းလိုက်၊ ပြေးလိုက်၊ လွှားလိုက်။
သားနှစ်ယောက် လူလားမြောက်အောင် ရှာဖွေကျွေးခဲ့တဲ့ လက်ညှိုးလေး။ သွန်သင်ဆုံးမ လမ်းညွှန်ပြခဲ့တဲ့ လက်ညှိုးလေး။ သြော် အဲဒီလက်ညှိုးလေး ကျွန်တော်တို့ ဘ၀ထဲက ကွယ်လွန်သွားခဲ့တာ ဘာလိုလိုနဲ့ ဆယ့်စုနှစ် နှစ်ခုရှိပြီ။
ဘုရင်ဗိမ္မိသာရရဲ့ ဖခင်မေတ္တာကို ဖျတ်ကနဲ ပြခဲ့တာက သားဖြစ်သူရဲ့ လက်မှာပေါက်တဲ့ ‘ ခူနာ’ ။
နားထဲမှာ လက်နှိပ်စက်သံက တဖြောက်ဖြောက်။ အာရုံထဲမှာ ပုံရိပ်လွှာတွေက တစ်ချပ်ပြီးတစ်ချပ် ထင်ဟပ်လို့။

(ဒီကနေ ကူးတယ် – https://www.facebook.com/photo.php?fbid=666196006740199&set=a.546978841995250.144005.531873223505812&type=1 )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သောင်းပြောင်းထွေလာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်