>U Zawana – U Saw Win – lives on forever

May 19, 2010

>

ကွန်ကရစ်ရွာ သံမဏိတံခါးများကြားမှ မျက်ရည်မှတ်တမ်းများ
(မသေသောဝိဉာဉ်နှင့် ဦးစောဝင်း)
ဦးဇ၀န
မေ ၁၉၊ ၂၀၁၀
(၁)
မျက်ရည်များသာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်မည်ဆိုလျှင် ဦးဇင်းတို့၏ ရှိုက်သံများကား သမိုင်းဆရာတို့အတွက် အမှန်အကန်ဆုံး ထွက်ဆိုပေးမည့် သက်သေတို့ပင်ဖြစ်ပေလိမ့်မည်။ ဦးဇင်းတို့ အိပ်မက်တွေကလည်း ဘယ်တော့မှ မပုပ်မသိုး ထာဝရလတ်ဆတ်နေသည်။ စေတနာတွေက အထပ်ထပ် သန့်စင်ထားသော အနောဓါတ်ရေပမာ ကြည်လင်သန့်ရှင်းနေသည်ဟု သံသယမရှိ ယုံကြည်မိသည်။ ထိုယုံကြည်ချက်ကပင် ဦးဇင်းတို့အိပ်မက်တွေ အတိုင်းအဆမဲ့ ရှင်သန်နိုင်ရမည်ဟု အာမခံနိုင်ခြင်းဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော စေတနာသန့်သန့်ကပင် ဦးဇင်းတို့အိပ်မက်တွေကို ဖြူစင်စေခဲ့ပြီ။ ယုံကြည်ချက်ဖြင့် ရှင်သန်ခိုက် ကျောကုန်းနှင့် ရင်ဘတ်အတွင်းက ဒါဏ်ရာတွေကို အံကြိတ်ခံရင်း စိတ်တမံကို ခိုင်ခိုင်တည်ဆောက်ထားသည့်ကြားမှ ပြည့်လျှံ စီးကျလာသော မျက်ရည်တို့ကား တန့်မနိုင်ဆည်မရ။ တွေတွေကျလျက် အိပ်မက်မြို့ကို မျက်ရည်ဖြင့် ပန္နက်ချ၊ ရှိုက်သံဖြင့် တံတိုင်းခတ်။ ယုံကြည်မှုထုထည်ကား ကြီးမားသထက်ကြီးမားခဲ့လေပြီ။ 
သမိုင်းခရောင်းတောကို အတူဖြတ်ကျော်ခိုက် လက်တွဲပြုတ်ကျန်ရစ်ခဲ့သော ရဲဘော်တို့အတွက် ကျရသော မျက်ရည် အထုပတ္တိတို့ကို ပြန်လည်တူးဆွ ထုဆစ်မိသောအခါ…..
          အိပ်မက်တို့ဖြင့်တည်ဆောက်
          သံဖြစ်ရုပ်ကြွင်းလို ခိုင်တည်
          အနာဂါတ်နေခြည်အောက်မှာ
          ထွန်းတောက်မယ့် ရင်ခုန်သံဟာ
          နံရံတွေကြားမှာ ပေါ်ထွက်ခဲ့ပြီ။
(၂)   
၁၉၉၄ခုနှစ် ဆောင်း၏အေးစက်မှုသည်ပင် ရင်တွင်းမှ သောကအပူကို အရှုံးပေးနေရချိန်ဖြစ်သည်။ မျှော်လင့်ချက် အာသာဆန္ဒ ပြင်းပြမှုနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တပ်မက်မှုကြီးမားစွာ ရှိသော်လည်း၊ မျှတမှုမရှိသော တရားစီရင်ရေး၏ ရိုက်ချက်ပြင်းပြင်းကြောင့် မကျေနပ်မှုနှင့် စိတ်ဖိစီး တင်းကျပ်မှုတွေရှိနေခိုက် အန်ကယ်ကြီးနှင့် စတင်ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ထိုစဉ်က ဦးဇင်း ဇာတိမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အကြောင်း မေးရင်း သူနှင့် ရင်းနှီးမှုကိုပြောပြီး လာရောက်မိတ်ဆက်သည်။ သူကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မို့ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်းရင်းနှီးလို့ မေးတာလို့ပဲ သာမာန်ထင်ခဲ့သည်။
ဒီလိုနှင့် ၁၉၉၄ခုနှစ် ဇွန်လတွင် အန်ကယ်ကြီးကို အင်းစိန်မှာ ချန်ထားခဲ့ပြီး၊ ကျော်မြသန်းပြောသော ငရဲခန်းများရှိရာ ဆရာစံနယ်မြေသို့ ထပ်မံပြောင်းရွှေ့ခဲ့ရသည်။ ၁၉၉၆-၉၇ လောက်တွင်မှ သူတို့လဲ ဆရာစံနယ်မြေသို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရသည်။
အစပထမ ရောက်ခါစတော့ ကွန်ကရစ်ရွာ၏ သံမဏိတံခါးများကခြားထားသည်မို့ သူနှင့် နေရာချင်းကပ်လျက်ပင် ကမ္ဘာခြားဝေးကွာနေကြရသည်။ သူက သီးခြားတိုက်၊ ဦးဇင်းတို့က သီးသန့်တိုက်။ သို့သော် မကြာခင် သူတို့နောက်ပြောင်းလာသူများကို ဦးဇင်းတို့ရှိရာ တိုက်များသို့ ရွှေ့ပေးခဲ့သည်။ သီးခြားတိုက်မှ သီးသန့်တိုက်သို့ ပြောင်းလာခြင်းပင်။
သူတို့ သီးခြားတိုက်မှ ပြောင်းလာသူများကို အခန်းများအတွင်း တယောက်စီ ခွဲထည့်ပေးသည်။ ‘သူ’ ဆိုသည့် အန်ကယ်ကြီး ဦးစောဝင်းသည် ဦးဇင်းအခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ထိုစဉ်က ဦးဇင်းနှင့်အတူ ဒေါက်တာထွန်းသူ၊ ကျောင်းသားလေး စောညီညီတို့ သုံးယောက်နေကြချိန်ဖြစ်သည်။ အန်ကယ်ဦးစောဝင်းရောက်လာတော့ လေးယောက် ဖြစ်သွားသည်။
ထမင်းဝိုင်းဖွဲ့ကြသောအခါ ဦးဇင်း၊ ဒေါက်တာထွန်းသူ၊ စောညီညီတို့အပြင် သံတွဲမှ ကိုဝင်းနိုင်၊ ဒေါက်တာအေးချမ်းနှင့် အန်ကယ်ဦးစောဝင်းပါ လူခြောက်ယောက် စားဝိုင်းဖွဲ့ဖြစ်ကြသည်။ ထိုအချိန်ကစပြီး အန်ကယ်ကြီးနှင့် ဦးဇင်း တယောက်အကြောင်းတယောက်သိ၊ တယောက်သဘော တယောက်နားလည်သည့်အထိ ရင်းနှီးလာခဲ့သည်။
အန်ကယ်ကြီးက လူငယ်ဘ၀ကို လူငယ်ပီပီ ဖြတ်သန်းခဲ့သလို၊ လူကြီးဘ၀ကိုလည်း လူကြီးပီပီ ရင့်ကျက်စွာ ဖြတ်သန်းခဲ့သူဖြစ်သည်။ မိဘဘ၀တွင် ဒုက္ခတို့ကိုရင်ဆိုင်ရင်း သားသမီးများအတွက် သုခ ဖြန့်ဝေပေးခဲ့သူဖြစ်သည်။ မိသားစုဘ၀ကို ဦးဆောင်ဖြတ်သန်းခဲ့ပေမယ့်၊ နိုင်ငံရေးကိစ္စတို့ကို နောက်ကျောခိုင်းထားသူမဟုတ်။ကျောင်းသားဘ၀တွင်လည်း ထင်ရှားသော ကျောင်းသား အဖွဲ့အစည်းတခု၏ ဦးဆောင်သူများထဲက တဦးဖြစ်သည်။
နေ့စဉ် အခန်းကျဉ်းလေးထဲ အတူနေရသူတို့ ထုံးစံအတိုင်း ပုတီးစိပ်တရားထိုင်ရင်း အချိန်တွေ ကုန်ဆုံးစေရသလို၊ တယောက်အကြောင်းတယောက်ပြောရင်း နာရီတွေကုန်ဆုံးစေရသည်။ ဖြတ်သန်းမှုအရ အနှစ်၂၀ ရှိသူက အနှစ်၂၀အကြောင်းကိုပြောလျှင် အနှစ်၅၀ကျော်သူက နှစ်၅၀ အတွေ့အကြုံတွေကို ပြောနိုင်ကြမည်။  အချို့ အသက်ကြီးသော်လည်း ဘ၀အတွေ့အကြုံမစုံ။ အချို့ အသက်ပင် ငယ်ပေမယ့် ဘ၀အတွေ့အကြုံက စုံမှစုံ။
အန်ကယ်ဦးစောဝင်းကတော့ အသက်ရော အတွေ့အကြုံပါ ပြည့်စုံလှသည်။ ကျောင်းသားဘ၀၊ သတင်းစာသမားဘ၀၊ သစ်လောက စတဲ့အတွေ့အကြုံများက သူ့အတွက်ပြောပြစရာ တပုံတပင်။
ကျောင်းသားဘ၀ စစ်တက္ကသိုလ် ပထမပတ် အရွေးခံရပြီး နောင် စစ်တက္ကသိုလ်ကို ကျောခိုင်းခဲ့ပုံကို ပြောပြတော့ “အန်ကယ်သာ တကယ်လို့ စစ်တက္ကသိုလ်ပြီးအောင်တက်ပြီး ဗိုလ်ဖြစ်ခဲ့ရင် ဦးဇင်းတို့ကို ဖမ်းမှာပဲ မဟုတ်လား” လို့ ကျီစယ်မိသည်။ ချက်ချင်းပင်သူက “ ပြည်သူကို ရန်သူလို ဆက်ဆံတဲ့ အလုပ်ဟာ အတော်စက်ဆုပ်စရာကိစ္စပါ ဘုန်းကြီးရာ” ဟု ရင်တွင်းသံကြီးနှင့် ပြန်ပြောသည်။
အန်ကယ်ဦးစောဝင်းဘ၀တွင် ထူးထူးခြားခြားတွေ များစွာရှိသည်။ ရယ်မောစရာတွေကလည်း အပြည့်။ သူလို ဘ၀စုံသော လူအချို့တွင်သာ တွေ့ရတတ်သော အဖြစ်အပျက်မျိုးတွေ။ မန္တလေးမှ ရန်ကုန်သို့အပြန် လေယာဉ်မှားစီးပြီး ဗန်းမော်ရောက်သွားပုံက သူ့အတွက် ငိုအားထက်ရယ်အားသန် အမှတ်တရ လွဲချော်မှုကိစ္စ။ 
လူတယောက်အတွက် သိသာထင်ရှားသော ကိုယ်ပိုင်ထူးခြားမှုတခုရှိတယ်ဆိုလျှင် အန်ကယ်ဦးစောဝင်း၏ ထူးခြားမှုမှာ အချိန်ဘယ်လောက်ကြာကြာ အဖြစ်အပျက် လူနာမည်တို့ကိုအသေးစိတ် မှတ်မိနေခြင်းပင်ဖြစ်သည်။ ဦးဇင်း သူပြောပြတဲ့ စကားတခုကို ကြည့်လျှင် သူ့မှတ်ဥာဏ်ကို အံဩရသည်။
“ဘုန်းကြီးတို့ ဒိုက်ဦးက ကျောင်းဆရာချိုကြီးဆိုတာ အန်ကယ်နဲ့ ကျောင်းနေဖက်လေ။ မိုးတွင်းကြီး မန္တလေးသွားတုန်းက ဒိုက်ဦးမှာ ရထားလမ်းရေကျော်ပြီး ရထားရပ်နေတုန်း လုပ်အားပေး ကျောင်းသားတွေ တက်လာကြတယ်။ ကိုယ့်မိတ်ဆွေကလည်း ဒိုက်ဦးမှာ ချိုကြီးတယောက်ပဲရှိတာ။ တက်လာတဲ့ကျောင်းသားတွေကို ‘ဟေ့ .. မင်းတို့ထဲမှာ ကျောင်းဆရာချိုကြီး သားသမီးတွေ ပါလားဆိုတော့၊ ကလေးမလေးတယောက်က သမီးက ဆရာချိုကြီးသမီးပါ၊ မြသီတာလို့ခေါ်ပါတယ်’ “ လို့ ပြောပြရင်း ရယ်နေသည်။
သူ့အတွေ့အကြုံတွေက ဘယ်လောက်ကြာပြီမသိ။ အချိန်ကာလတိုက်စားမှုတွေက သူ့မှတ်ဥာဏ်ကို မပျက်ဆီးစေခဲ့။ ဒေါက်တာအေးချမ်းကလည်း ဒီအဖိုးကြီးက မှတ်ဥာဏ် တော်တော်ကောင်းတယ်လို့ ဆိုသည်။ ဆရာအေးချမ်းက ဂျပန်မှာ ပါရဂူသင်တန်းတက်ခဲ့သော တိုင်းရင်းသူအမျိုးသမီးတဦး၏ နာရေးကိစ္စကို ပြောပြတော့၊ အန်ကယ် အားကစားသတင်းထောက် လုပ်စဉ်ကမှတ်ထားလို့ ထိုအမျိုးသမီး နာမည်ကို ချက်ချင်းပြောပြနိုင်သည်။
နံရံလေးဘက်အကြားနေစဉ် ကိုယ့်အပျော်ကိုယ်ရှာပြီး အပူသောကတို့ကို ဖြိုချပစ်ကြရသည်။ ဒုက္ခတို့ကို ရယ်မောခြင်းဖြင့် အံတုခဲ့ရသည်။ အန်ကယ်ဦးစောဝင်းကတော့ ဟားတိုက်ရယ်မောနိုင်သူ အဆင့်မှာ အမြဲရှိသည်။ 
တခါက အခန်းကျဉ်းလေးထဲ တံခါးနှင့်အနီးဆုံးနေရသော မိမိက အပေါ့အပါးကိစ္စအတွက် အခန်းထောင့်က မိလ္လာခွက်ရှိရာအသွား၊ တကိုယ်လုံးခေါင်းမြီးခြုံ အိပ်နေသော ဒေါက်တာထွန်းသူကို စနောက်ချင်လာသည်။ သည်တွင် ဆရာထွန်းသူ ခြေထောက်ကို မတော်တဆတိုက်မိသလိုနှင့် တက်နင်းလိုက်သည်။ အိပ်ပျော်ကာစရှိသော ဆရာထွန်းသူက “ဟ ဟ..ဘုန်းကြီး ဘယ်နှယ့်လုပ်တာလဲ” ဟု ထအော်သည်။ ဤတွင် ဦးဇင်းက “ဆောရီး ဆောရီး ဆရာ၊ ဦးဇင်း တောင်းပန်ပါတယ်။ ဆရာ့လည်ပင်းမှတ်လို့နင်းတာပါ၊ ခြေထောက်ဆို မနင်းပါဘူး” လို့ ပျာပျာသလဲ တောင်းပန်လိုက်ရာ အန်ကယ်ဦးစောဝင်းမှာ ရယ်မောမဆုံး။
(၃)
အတူနေစဉ် မမေ့နိုင်စရာများတွင် အချင်းချင်းရယ်မောစရာ ဖန်တီးခဲ့ရသော အဖြစ်အပျက်များ ရှိသလို၊ အာဏာပိုင်တို့၏ ရက်စက်မှုကို အတူမျှဝေခံစားကြရသည်များလည်းရှိသည်။ အန်ကယ်ဦးစောဝင်း ရင်ဆိုင်ရသောအဖြစ်များဆိုလျှင် သူကိုယ်တိုင်သာမက မြင်တွေ့ရသော ဦးဇင်းကိုပါ သေသည့်အထိ ဖျောက်ဖျက်မရသော မှတ်တမ်းများ ဖြစ်နေသည်။
အင်းစိန်သီးသန့်မှာနေစဉ် ထောက်လှမ်းရေး၏ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကို သာမာန် အကျဉ်းသားတို့ထက် ပိုခံစားရသူများတွင် အန်ကယ်ဦးစောဝင်းလည်း တစ်ယောက်အပါအ၀င် ဖြစ်သည်။ အန်ကယ်နှင့်အတူ အကျဉ်းသား လေးငါးယောက်ကို ထောက်လှမ်းရေးက ခေါ်တွေ့သည်။ မကြာခင် ထောင်ကလွှတ်ပေးမယ့်စကားများပြောပြီး၊ အန်ကယ်ဦးစောဝင်းမှလွဲပြီး ကျန်လူတွေကို လွှတ်ပေးလိုက်သည်။ ထိုအဖြစ်ပျက်မျိုးကား တကြိမ်သာမဟုတ်၊ သုံးလေးကြီမ် ကြုံခဲ့ရသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်ကြုံတွေ့ရသလိုမျိုး၊ ထောင်ဗူးတံခါးဝရောက်တော့မလို အရိပ်အယောင်တွေပြပြီး၊ စိတ်ဓါတ်နှိပ်စက်ခံရသော အဖြစ်အပျက်တွေ အန်ကယ်ဦးစောဝင်း အကြီမ်ကြီမ်ခံခဲ့ရသည်။ သူ၏ နောက်ဆုံးရက်များမတိုင်မီ စစ်အာဏာရှင်တို့ ရက်စက်မှုကား ကမ်းကုန်နေပြီဟု ပြောရမည်။
၁၉၉၇ မတ်လဆန်းတွင် ၄၈ ၂၈ အမှုတွဲများ လွတ်ရက်စေ့ကာနီးဖြစ်သည်။ လွတ်ရက်စေ့သူ ကိုရဲဝင်းနှင့် ပြည်မှ ကိုကြည်ဝင်းတို့နှစ်ယောက် အ၀တ်အစားလဲပြီး လွတ်လူလာခေါ်ရန် စောင့်စားနေကြသည်။ အချိန်တန်သော်လည်း လာမခေါ်လို့ အားလုံးစိတ်ပူနေကြသည်။ လွတ်လူ နှစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေကြချိန်တွင် ထောင်မှုးတယောက် ရောက်လာသည်။ နာမည်စာရင်းပါလူများ အထုပ်အပိုးပြင်ထားရန်ပြောသည်။
၄၈၂၈ အမှုတွဲအားလုံး၊ နောက် လွှတ်တော်ကိုယ်စားလှယ်သုံးဦးဖြစ်သော မန္တလေးမှ ဦးတင်အောင်၊ ထီးလင်းအမတ် ဦးစောဝင်း၊ အင်္ဂပူအမတ် ဦးမြ၀င်းနှင့် ဒေါက်တာအေးချမ်းတို့ စာရင်းထဲပါသည်။ သူတို့ကို လွှတ်ပေးဖို့ တကယ် လာခေါ်သည်မဟုတ်၊ အားလုံးကို ခွဲထုတ်ပြီး သီးခြားတိုက်ကို ပို့ထားရန်ဖြစ်သည်။ ဤကား ထောင်ထဲ နှိပ်စက်မှုအမျိုးမျိုးတွေထဲက စိတ်ပိုင်းနှိပ်စက်မှု တခုဖြစ်သည်။ ရင်းနှီးကျွမ်းဝင် နေသားတကျ ရှိပြီးသားအနေအထားများကို ဖျက်ဆီးပစ်ခြင်းပင်။
ထိုအထဲမှ အချို့လည်း သီးခြားတိုက်မှပင် လွတ်သွားကြသည်။ မကြာခင်ပြောင်းရွှေ့သွားသူများ ဦးဇင်းတို့ တိုက်ရှိရာသို့ ပြန်ပို့ပြန်သည်။ အန်ကယ်ဦးစောဝင်းမှလွဲလို့ ကျန်လူအားလုံး ပြန်ရောက်လာသည်။ ဦးစောဝင်းကို သင်းကွဲ အဖော်ကွဲဖြစ်ရန် သီးသန့်အစီအမံဖြင့် အခြားတနေရာတွင် ရွှေ့ထားသည်။ ခိုးဆိုးနှိုက်တွေ ထားသော အဆောင်သို့ အမတ်တယောက်ကို ခွဲပို့လိုက်သည်။
လူအများ ရောနှောထားသောအခါ ရတတ်သော ရောဂါတခုက ဦးစောဝင်းထံ ရောက်လာသည်။ နိုင်ငံရေးသမားတွေနှင့် အတူတူနေရလျှင် အန်ကယ့်ရောဂါကို ဦးဇင်းတို့ ၀ိုင်းဝန်းကြံဆပြီး ကုသနိုင်မည်။ အဖြစ်ဆိုးနှင့် ကြုံစရာမရှိမှာ ကျိန်းသေသည်။ ရောဂါအတော်ကျွမ်းမှ ဆေးရုံရောက်လာသည်။ ဆေးရုံမှာ ဆေးဝါးကမရှိ။ ရဲဘော်များစုပေါင်း ဆေးဝါးများပို့သော်လည်း အထပ်ထပ်ဆီးတားထားသော ကွန်ကရစ်တောကို အချိန်များစွာပေးပြီး ကြံဖန်ဖြတ်သန်းကြရသည်။
ဤသို့နှင့် ကိုယ့်ရဲဘော်တွေနှင့် ခွဲထားခြင်းကြောင့် ခံရသောအဖြစ်ဆိုးက အန်ကယ်ဦးစောဝင်းထံ တည့်တည့်ဝင်တိုးသည်။ ပိုရင်နာစရာကောင်းတာက ပိုက်တန်းလန်းနှင့် အပြင်ဆေးရုံထုတ်သွားသော အန်ကယ်ဦးစောဝင်းခမျာ နာရီပိုင်းအတွင်းမှာပင် အပြင်ဆေးရုံမှ ထောင်ဆေးရုံသို့ ပြန်သွင်းခံရခြင်းပင်။ ၀န်ကြီးဆိုသူတယောက် ဖြတ်သန်းသွားလာမည်မို့ လွှတ်တော်ကိုယ်စားလှယ် တယောက် အပြင်ဆေးရုံမှာ မရှိစေချင်။ ၀န်ကြီးလမ်းကြောင်းရှင်းမှ အန်ကယ့်ကို ပိုက်တန်းလန်းနှင့် အပြင်ပြန်ထုတ်သွားပြန်သည်။
မကြာခင် နှစ်ရက်သုံးရက်အတွင်း လုံခြုံရေးစိတ်မချဟုဆိုကာ အန်ကယ်ဦးစောဝင်း ထောင်ဆေးရုံသို့ ပြန်ရောက်လာပြန်သည်။ ထမ်းစဉ်ပေါ်တွင် ပက်လက်အနေထားဖြင့် အပြင်ဆေးရုံ အတွင်းဆေးရုံ လူးလားတုံ့ခေါက်ခံနေရသည်ကား အတော်ဆိုးရွားသော နှိပ်စက်မှုပင်။
(၄)
၁၉၉၈၏ မိုးရေစက်တို့ကား အညှိုးတကြီးနှင့် သွန်ချနေသော ညတည။ အစွမ်းကုန်အော်ဟစ်နေသော ပုဇဉ်းရင်ကွဲနှင့် ဖားတို့ ဟစ်ကြွေးသံကား လောကကြီးကို မလိုရန်ထောင်နေသလိုပင်။ အိပ်မပျော်သောကြောင့် ည ၁၂နာရီခန့်တွင် ဆေးရုံဘက်သို့ ငေးကြည့်နေမိသည်။
ထိုအခိုက် ၀န်ထမ်းများ လှုပ်လှုပ်ရှားရှားဖြင့် အရေးတကြီး ဆေးရုံပေါ်ပြေးတက်သွားကြသည်။ လှမ်းမြင်နေရသော ဆေးရုံလှေကားကို မျှော်ကြည့်နေခိုက် ၀န်ထမ်းလေးယောက် စောင်နှင့်ပတ်ပြီး တရွတ်တိုက်နီးပါး ဆွဲချသွားသော အလောင်းတလောင်းကို လှမ်းမြင်လိုက်ရသည်။
ထိုင်ရမလို ထရမလိုနှင့် ထိုဆွဲချခံရသူ ဘယ်သူဘယ်ဝါ ဖြစ်သည်ကို သိချင်ဆန္ဒပြင်းနေသည်။ ဘယ်သူလဲ ဆိုတာမေးဖို့ ဖြတ်သန်းဖြတ်လာ ၀န်ထမ်းတစ်ယောက်တလေကို မျှော်နေမိသည်။ ကင်းစစ်လာသော အရာရှိတယောက်က ဦးဇင်းကိုမြင်တော့ “ဟို ဘုန်းကြီး အိပ်ချိန်ဆိုတာ နားမလည်ဘူးလား” ဟု အော်ငေါက်သွားသည်။
သို့သော်လည်း ဂရုမစိုက်အား၊ ဆဲလိုကဆဲ ဆူလိုကဆူ။ ခုန သယ်ချသွားသူ မည်သူမည်ဝါလဲ ဆိုတာကိုပင် အလောတကြီးသိချင်နေမိသည်။ သုံးနာရီ ကင်းချိန်းချိန်ရောက်တော့မှ ၀န်ထမ်းက မိမိ ကြားချင်သောစကားကို သယ်ဆောင်လာသည်။
          “ ဦးဇင်းရဲ့ အန်ကယ်ကြီးဆုံးပြီ”
ထိုအကြောင်းအရာတွေ ခေါင်းထဲပေါ်လာတိုင်း မျက်ရည်တို့က ရစ်ဝဲလာမြဲ။
ဘုရားသားတော်ပေမယ့် ပုထုဇဉ်မို့ ရင်ခုန်သံ မမှန်ချင်တော့။ အန်ကယ်ဦးစောဝင်း မလွတ်ရခြင်း အကြောင်းတွေထဲမှာ သူ့သားသမီးတွေ အားလုံး နိုင်ငံရေးသမားတွေ ဖြစ်နေသောကြောင့်ဟု အန်ကယ်က ပြောပြဖူးသည်။
သားငယ် ကျော်ကျော်မင်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုများ၊ သားလတ် အောင်အောင်မင်းရဲ့ ခိုင်မာသော ယုံကြည်ချက်၊ သားကြီး ဇော်ဇော်မင်းရဲ့ နိုင်ငံရေးအပေါ်ထားရှိသည့် သဘောထား၊ သမီးကြီး ၀င်းဝင်းမင်းရဲ့ တက္ကသိုလိနယ်မြေ ကျောင်းသူတဦးရဲ့ လှုပ်ရှားဟောပြောမှု စတာတွေက အန်ကယ်ကြီး အမြဲပြောနေသော စကားများပင်။ အထူးသဖြင့် ဒုတိယသားအကြောင်း အပြောဆုံး ဖြစ်သည်။
တမိသားစုလုံး နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင်ကြသူများ စာရင်းကို ကောက်ကြည့်လျှင် ဦးစောဝင်း မိသားစုက ထိပ်ဆုံးက ပါဝင်လိမ့်မည်။ သားသုံးယောက်လုံး နိုင်ငံရေးသမားတွေ၊ လှုပ်ရှားမှုတိုင်းရှေ့က ပါဝင်ကြပြီး ထင်ရှားသည့်ခေါင်းဆောင်များ။
နောက်မှ တောင်ငူထောင် ရောက်လာသော သားကြီးကိုဇော်ဇော်မင်းကို အန်ကယ်ကြီးနှင့် အရင်ဆုံခဲ့ရပုံတွေ သူနေထိုင်ခဲ့ပုံတွေ ပြောပြတော့ အံဩနေသည်။ အန်ကယ်ဘ၀ အဖြစ်ပျက် တော်တော်များများကို ကိုဇော်ဇော်မင်းနှင့် ပြောဖြစ်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတခုကို အသက်ပေး ပါဝင်ခဲ့သော ထိုလိုပုဂ္ဂိုလ်များကား လူမသိသူမသိ မကွယ်ပျောက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ တမလွန်သို့ ရောက်သွားသော အန်ကယ်ကြီးအတွက် သူတဖွဖွ ပြောတတ်သော ‘အမြင့်’ ခေါ် ပါရမီဖြည့်ဘက် ဇနီး ဒေါ်ခင်စိုးမြင့်၊ သားသုံးယောက်၊ သမီးနှင့် တတိယမျိုးဆက် မြေး ဒီငြိမ်းလင်းတို့က ခေတ်ကပေးလာသည့် သမိုင်းတာဝန်များကို ဆက်လက် သယ်ဆောင်နေကြပြီ။
တမလွန်ကောင်းမွန်ရာဘ၀ကနေ သူ့သွေး သူ့မျိုးဆက် ကြည့်ရင်း အားရကျေနပ်နေမှာ အမှန်ပင်။ လူသေသော်လည်း ဦးစောဝင်း အလုပ်တွေက မပြီးဆုံးသေး။ မိသားတစုလုံးက ဆက်လက် သယ်ဆောင်နေလို့ အန်ကယ်ဦးစောဝင်း အသက်ဝိဥာဉ်က ရှင်သန်နေဆဲ….။
          လူကတော့ ကွယ်လွန်သွားပြီ
          သူ့အလုပ်တွေအတွက်
မျိုးဆက်သွေးက ရှင်သန်ဆဲ၊
ဒီတော့….
ဒီလူကို သေလူလို့ ဘယ်သူပြောမလဲ။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments