>censored on the NLD

June 7, 2010

>

ဟောပြောပွဲတခုတွင် NLD အမည် ဆင်ဆာဖြတ်ခံရ
မိုးမခအထောက်တော် အမှတ် ဝဝ၈
ဇွန် ၇၊ ၂ဝ၁ဝ စနေနေ့က ရန်ကုန်တွင် မောင်ဝံသ ဟောပြောနေပုံ နှင့် သူ၏ ပရိသတ်

စနေနေ့က ရန်ကုန်တွင် ပြုလုပ်သည့် စာနယ်ဇင်းဆရာ မောင်ဝံသ၏ ဟောပြောပွဲတခုတွင် NLD အဖွဲ့တွင် တာဝန်ယူခဲ့ဖူးသည်ဟူသော အချက်ကို သူ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားစဉ် ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

ထို ကိုယ်ရေးအကျဉ်းကို ဆရာမောင်ဝံသ ကိုယ်တိုင် ရေးပေးခဲ့သည်ဟု ဆိုသော်လည်း ဟောပြောပွဲ စီစဉ်သူက NLD နှင့် ဆက်စပ်မှုများအကြောင်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

NLD နှင့် မောင်ဝံသ ဆက်စပ်မှုများ အကြောင်းကို မကြားရသဖြင့် စိတ်ပျက်မိကြောင်း ဟောပြောပွဲသို့ ရောက်ခဲ့သည်ဟု ယူဆရသူတဦးက ပြောသည်။

“ဟောပြောပွဲ မစခင် ဟောပြောသူရဲ့ ကိုယ်ရေး ရာဇဝင် ဖတ်ပြတဲ့အခါ NLD မှာ ဆောင်ရွက်ခဲ့တဲ့  နိုင်ငံရေး ဖြတ်သန်းမှုကို မကြားရတာ စိတ်မချမ်းမြေ့ဖွယ် ကောင်းပါတယ်” ဟု အင်တာနက် အီးမေးလ်မှ တဆင့် ဖြန့်ချိသော သူ၏ စာတွင် ရေးထားသည်။

NLD အမည်ကို မတွေ့ရသဖြင့်လည်း ပြစ်တင် ဝေဖန်ထားသည်။

ကာယကံရှင် ဆရာမောင်ဝံသကလည်း ထိုဝေဖန်ချက်များကို ပြန်လည် တုံ့ပြန်ထားရာ ထို တုံ့ပြန်ချက်ကလည်း အီးမေးလ်အသုံးပြုသူ မြန်မာပြည်သားတချို့ကြားထဲတွင် ပျံ့နှံ့နေသည်။

အီးမေလ်းများမှတဆင့် ပျံ့နေသော စာ ၂ စောင်

မောင်ဝံသကို ဝေဖန်သည့်စာ

ဖိုးဇော် ….
မင်းက UMFCCI ကို သွားချင်၊ ငါက ငါးလုပ်ငန်း အဖွဲ့ ချုပ်ကို သွားချင်နဲ့ ညှိမရတဲ့အဆုံး ကိုယ့်လမ်း ကိုယ်သွားခဲ့တယ်။ ဂျူး ရဲ့  သဘာဝ ပတ်ဝန်းကျင် ဘာသာရပ်ကလည်း စိတ်ဝင်စားဖို့ ကောင်းမှာပါ။ ငါကတော့ မောင်ဝံသ ဆီ ရောက်သွားတယ်။

၁၉၈၅ ခုနှစ်လောက်ကတည်းက အတွေးအမြင် စာစောင်ကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ပြီး မောင်ဝံသ ကို သတိပြုမိပါတယ်။ ဒီမိုကရေစီအုံကြွမှုကြီးအပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD အမတ် မောင်ဝံသ၊ နောက် ထောင်ထဲရောက်သွားတဲ့ မောင်ဝံသလို့သိခဲ့ရပါတယ်။

အပြင်ပြန်ရောက်ပြီး NLD နဲ့ မောင်ဝံသ ဝေးခဲ့ပုံရပါတယ်။ စာရေးဆရာ၊ မီဒီယာသမား အဖြစ် နောက်ပိုင်း ပြန်ပေါ်လာတာ တွေ့ရတယ်။

သူကတော့ နေရာမှန် ပြန်ရောက်တယ် ပြောပါတယ်။ ၁ဝ နှစ်တာ ကာလအတွင်း လူအများရှေ့ စင်မြင့်ထက် ပထမဆုံး ပြန်တက်တဲ့ ပွဲလို့ဆိုပါတယ်။ ပရိသတ် ၁၇ဝ ကျော်လောက် လာကြတာ တွေ့ရတယ်။

နိုင်ငံရေးဘက် အလေးကဲပြီး ပြောသွားတာတွေ့ရသလို မေးကြတာတွေ အများစုဟာလည်း နိုင်ငံရေးနဲ့ နွယ်ယှက်တဲ့ မေးခွန်းတွေပါ။ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး မီဒီယာ လွတ်လပ်ခွင့် … စတဲ့ အမေးတွေကို ထိန်းထိန်း သိမ်းသိမ်း ဖြေသွားပါတယ်။

ဟောပြောပွဲ မစခင် ဟောပြောသူရဲ့ ကိုယ်ရေးရာဇဝင် ဖတ်ပြတဲ့အခါ NLD မှာ ဆောင်ရွက်ခဲ့တဲ့  နိုင်ငံရေး ဖြတ်သန်းမှုကို မကြားရတာ စိတ်မချမ်းမြေ့ ဖွယ်ကောင်းပါတယ်။

တရားဝင် ပါတီ အဖြစ် မရှိတော့တဲ့ NLD ကို မေ့ထားရမယ့်အချိန်မှာမှ စိုးရိမ်စိတ် တထိတ်ထိတ် ဖြစ်နေကြတာ ငါတော့ နားမလည်နိုင်ဘူး။

ဖိုးဇော်ရေ ….
မိုးကြိုးပစ် ထန်းလက်နဲ့ကာလို့ မရလောက်အောင် အဘက်ဘက်က အောက်တန်းနောက်တန်း ကျနေတဲ့ ငါတို့နိုင်ငံ၊ ငါတို့လူမျိုးကို ပြန်လည် ဆယ်ယူ တွန်းတင်ဖို့ရာ ငါတို့မှာ တာဝန်ရှိပါတယ်။ ငါတို့ပဲ လုပ်ရမယ်။ လုပ်ချင်လွန်းလို့ လုပ်တာဘဲ ဖြစ်ရမယ်။

ရိုးသားတဲ့ မျိုးချစ်စိတ်ကို ဆုတ်ကိုင်ပြီး အမျိုးသား ဦးမော့ရေးအတွက် လုပ်ကြ ကိုင်ကြတဲ့ အခါ ခေါက်ရိုးကျိုး အကျင့်ဟောင်းနဲ့ အရိုးစွဲ အကြောက်ဟောင်းတွေကိုမှ ခါ မထုတ်နိုင်ရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမှာဘဲ။
မြန်မာပြည် ကွန်မြူနစ်ပါတီ မရှိတော့ဘူး။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ မရှိတော့ဘူး။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မရှိတော့ဘူး။
ဒါ …ပကတိ အရှိတရားဘဲ။
နိုင်ငံ တည်ဆောက်ရေးနဲ့ အသွင်ပြောင်းရေးအတွက် နေရာ ပေါင်းစုံ၊ ထောင့် အမျိုးမျိုးကနေ အသိရှိရှိ ပါဝင် ဆောင်ရွက်ကြမယ့် ပုဂ္ဂိုလ်များရဲ့ ကိုယ်ရေး ရာဇဝင်တွေမှာ ကွက်လပ်တွေ ချန်မထားသင့်ပါဘူး။ အထူးသဖြင့် အဲဒီ ပါတီ ၃ ခုမှာ ဝင်ရောက်လှုပ်ရှားခဲ့သူတွေ ပို သတိပြုသင့်ပါတယ်။ ကွက်လပ်တွေပါတဲ့ ကိုယ့် ကိုယ်ရေး မှတ်တမ်းကို ကိုယ် ကိုယ်တိုင်ဖတ်ပြီး ကျေနပ်နေမှတော့ တိုင်းပြည် အတွက် ဘာမှလုပ် မနေပါနဲ့တော့။ မုန့် ဟင်းခါးသာ ရောင်းစားကြပါတော့ …..။

မောင်ဝံသ၏ တုံ့ပြန်စာ


ဟောပြောပွဲမှာ တုန်းက မေးခွန်းမေးသူ တစ်ယောက်က အလားတူ မေးပါတယ် ကျွန်တော် ရေးပေးတဲ့ ကိုယ်ရေးရာဇဝင်မှာ အကုန် အစုံ ပါပါတယ်။ သတင်းစာ သပိတ်ကို ခေါင်းဆောင်ခဲ့လို့ အလုပ်ပြုတ်ခဲ့တာရော၊ NLD တာဝန်တွေရော၊ ထောင်ကျတာတွေရော၊ အမတ်ရွေးခံရတာရော စာပေဘက် ပြန်ရောက်တာရော အားလုံးရေးပေးပါတယ်။

အဲဒီမှာ ရုံးအဖွဲ့မှူး ဦးခင်မောင်သန်းက ထပြီး ဝန်ခံသွားပါတယ်။ သူ့သဘောနဲ့သူ ဖြတ်တောက်ပစ်တာပါလို့ သူပြောသွားပါတယ်။ ကျွန်တော် ကွက်လပ်ချန်တာ မဟုတ်ပါ။

NLD မှာ (၁) ပဲခူးတိုင်း စည်းရုံးရေးမှူး၊ (၂) ဗဟိုကော်မတီဝင်၊ (၃) ဗဟို အလုပ်အမှုဆောင် (၄) တတ်သိ ပညာရှင် ဗဟိုအဖွဲ့ဝင် အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အဲသလို လုပ်ခွင့် ရခဲ့တာကို ဘဝတစ်သက်တာ ဂုဏ်ယူစရာ အဖြစ်တောင် အောက်မေ့ပါတယ်။ ထိမ်ချန်လိုစိတ် လုံးဝ မရှိပါ။

ကျွန်တော် တတိယအကြိမ် ထောင်မှာ ၅နှစ်ကျော် နေခဲ့ရပြီး ၂ဝဝ၁ ဇွန်လ ၁၃ရက်မှာ လွတ်တယ်။ ဇူလိုင် ၉ ညမှာ ဒေါ်စု (အိမ်အကျယ်ချုပ်နဲ့ ရှိနေဆဲ)က ဒေါက်တာ တင်မျိုးဝင်းကို ကျွန်တော့်အိမ် လွှတ်ပြီး NLD မှာ ပြန်လည် တာဝန် ထမ်းဆောင်ဖို့ပြောတယ်။ ဦးလွင်နဲ့ သွားတွေ့ သတင်းပို့ဖို့ မှာပါတယ်။ နောက် ၂ရက် အကြာမှာ ကျွန်တော် ဦးလွင်ဆီကို သွားတွေ့တယ်။

ဦးလွင်နဲ့ အဆင် ပြေပါတယ်။ ဒါပေမယ့် ကျွန်တော် အာရုံသိနဲ့ သိလိုက်တယ်။ အရင်လို ကျွန်တော် ဆက်လုပ်ဖို့ မဖြစ်တော့ဘူး ဆိုတာပဲ။ ရုံးက ပြန်လာပြီး ဒေါ်စုဆီကို ပုဂိုလ်ရေး စာတစ်စောင် ရေးတယ်။ ကျွန်တော့်ကို ခွင့်ရက်ရှည်လို့ပဲ သဘောထားပါလို့ ရေးလိုက်တယ်။ ဦးလွင်က တဆင့်ပဲ အဲဒီစာ ပို့လိုက်တယ်။

စာတွေပဲ ဖိရေးပြီး ပါတီ နိုင်ငံရေးက နားနေခဲ့တယ်။ ဦးဝင်းတင် လွတ်လာတော့လဲ ကျွန်တော် အကျိုး အကြောင်း ရှင်းပြပြီး ဒီအတိုင်း ဆက်နေခဲ့တယ်။ ပါတီမှာ တာဝန်ယူ မလုပ်ပေမယ့် ကျွန်တော် စာတွေ ရေးနေတာဟာ နိုင်ငံရေးတာဝန်တစ်ခု mission တစ်ခုကို ထမ်းဆောင်နေတာပဲလို့ ကျွန်တော် ယုံကြည်တယ်။ ပါတီရုံးမှာ သွားထိုင်ပြီး တာဝန် ယူနေတာထက် မလျော့ဘူးလို့ ပြောဝံ့တယ်။

ကျွန်တော်ဟာ နိုင်ငံရေး ခံယူချက်မှာရော၊ ကိုယ်ကျင့် သီလပိုင်းမှာရော၊ နိုင်ငံရေး သီလပိုင်းမှာရော
ဘယ်တော့မှ ဖောက်လွဲဖောက်ပြန် မဖြစ်စေရဘူး ဆိုတာကို ခင်ဗျားတို့ကို တိုင်တည်ပြီး ပြောချင်ပါတယ်။ ကျွန်တော့် ရပ်တည်ချက်ကို ယုံကြည်နိုင်ကြပါတယ်။

မှန်တာပြောသစ္စာ
မောင်ဝံသ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)