>Ashin Zawana

June 21, 2010

>

သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက်
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇွန် ၂၁၊ ၂၀၁၀
အဖြစ်အပျက်တွေကို အားလုံးတစုတည်း ပြောဖို့မစွမ်းပေမယ့် တခုစီကိုတော့ မှတ်မိသမျှ ပြောပြချင်မိတာကတော့ အမှန်ပါ။ လူရှင်တို့မြှုပ်နှံရာ သင်္ချိုင်းအဖြစ် ဝိဂြိုဟ်ပြုကြပေမယ့် ဒီသင်္ချိုင်းထဲမှာ အားမာန်တွေနဲ့ ရပ်တည်ခဲ့ပုံ။ တုံး အ သွားအောင် သူတို့ ရက်ရက်စက်စက် ပြုလုပ်ခဲ့ပေမယ့် ချွန်မြအောင်မိမိတို့ အားထုတ်ခဲ့တာတွေက စစ်အာဏာရှင်တို့ကို မင်းတို့ထင်ထားသလို ငါတို့တွေ ဖြစ်မသွားဘူးလို့ တုံ့ပြန်ပြလိုက်တာတွေပါ။

တကယ်ကတော့ လူသားမဆန်စွာဆိုတဲ့ စကားလုံးထက် ပိုပြောင်မြောက်တဲ့ စကားလုံးကို ဆရာကြီး ဦးဝင်းတင် သုံးပြသွားပါတယ်။ လူမဆန်စွာ၊ တိရစ္ဆာန်မဆန်စွာ၊ တိရစ္ဆာန်ထက် ဆိုးယုတ်စွာလို့ ဆရာကြီး သုံးပြသွားပါတယ်။ တကယ်က ရက်ပေါင်း ၅၈၀၀ ကျော် နေထိုင်ခဲ့သူတယောက်မှာ ပြောစရာတွေက ရာနဲ့ထောင်နဲ့မက ရှိနေရမှာပါ။ အချိန်ကာလရဲ့ဝါးမြို့မှု သောကတို့ရဲ့ နင်းချေခံရမှုတွေက အဖြစ်အပျက် တော်တော်များများကို မေ့ပျောက်စေခဲ့ပါတယ်။ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ပြတိုက်ဆိုတာကို သဘောတူပါတယ်။

ဒီလိုပြောလိုက်လို့ မိမိကိုယ်ကို ဂုဏ်တင်သလိုဖြစ်ခဲ့ရင် ကြွားဝါသူတယောက် ဖြစ်သွားမှာပါ။ တကယ်က စာရေးသူဟာ သတ္တိကြောင်သူတဦးပါ။ သူရဲကောင်းဆိုတဲ့စကားလုံးနဲ့ လားလားမျှ ထိုက်တန်သူ မဟုတ်ပါဘူး။ ဒီလိုမထိုက်တန်တဲ့ စကားလုံးကို ဘာလို့များသုံးလိုက်သလဲလို့မေးခဲ့ရင် ကိုယ်က သူရဲကောင်း မဟုတ်ပေမယ့် ကိုယ့်ရှေ့က ရင်ဆိုင်ပြသွားသူတွေကြောင့် အခွင့်အရေးတွေ မဆုံးရှုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ငါတို့တွေ ဒီလိုနေထိုင်မှဖြစ်မယ်ဆိုတဲ့အသိက ကြောက်ကြောက်နဲ့ လူတချို့ကို သူရဲကောင်းဖြစ်စေခဲ့ပါတယ်။ ကိုယ်အလှည့်ရောက်တဲ့အခါမှာ ကြောက်စိတ်တွေ မွှန်ထူနေပေမယ့် ဒရွတ်တိုက်လိုက်ပါပြီး အကြောက်ဆုံး သူရဲကောင်းတွေ ဖြစ်စေခဲ့ရပါတယ်။ ခု ဒီစာစုလေးကိုရေးဖို့ စိတ်ကူးတဲ့အခါ တချို့ကိစ္စတွေဟာ တဖြည်းဖြည်းပေါ်လာပါတယ်။

========

ထောင်ထဲမှာကတော့ နံရံမှာ နားတွေရှိတယ်လို့ ပြောကြပါတယ်။ ဒီစကားက သူ့နေရာနှင့်သူတော့ ဟုတ်မှန်ပါလိမ့်မယ်။ ဒီထက်မက ဆိုချင်လို့ပါ။ နံရံမှာ နားတွေတင်မက နံရံမှာ ဇာတ်လမ်းတွေပါ ရှိနေတယ်။ မျက်မြင်တွေ့လိုက်ရတဲ့အခါမှာ ဒီဇာတ်လမ်းတွေထဲက တောက်ခေါက်သံ၊ အံကြိတ်အံတွေကိုပါ ကြားလိုက်ရလို့ပါပဲ။ ရှေးရှေးကပြောကြတဲ့ ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတခုက ပေါ်လာပါတယ်။ ဘုရင်ကြီး ဖွဲစားတဲ့ ဇာတ်လမ်းပါ။ ဘုရင်ကြီးက သူ ဖွဲ ခိုးစားတာကို သိထားမြင်ထားတဲ့သူတဦးကို ခြိမ်းခြောက်ပြီး ဘယ်သူမှ မပြောဖို့ တားမြစ်တဲ့ဇာတ်လမ်းပါ။ အောင့်ထားရတာကြာတော့ မနေနိုင်တော့ဘဲ သစ်ခေါင်းထဲ ခေါင်းထည့်ပြီး ဘုရင်ကြီး ဖွဲတွေစားတယ်လို့ ရင်ဖွင့်ပါလေရော။ ရင်ဖွင့်သူက အောင့်ထားရတာတွေ အံထုတ်လိုက်ရလို့ ပေါ့သွားမှာပါ။

ဘုရင်ကြီးအတွက် စည်တော်ထုလုပ်ဖို့ ဒီအခေါင်းရှိတဲ့ သစ်သားကိုရွေးပြီး ထုလုပ်တဲ့အခါ စည်တော်သံမထွက်ဘဲ ဘုရင်ကြီး ဖွဲတွေစားတယ်လို့ အသံကြီးထွက်လာတော့မှ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့အကြောင်း ဘုရင်ကြီး လက်ခံသွားတဲ့အကြောင်းကိုပါ။

ဒီနေ့ခေတ်ကြီးမှာ စစ်အာဏာရှင်တွေဟာ လူမဆန်စွာ၊ တိရစ္ဆာန်မဆန်စွာ၊ တိရစ္ဆာန်ထက်ဆိုးစွာ ရက်စက် ယုတ်မာခဲ့ကြပါတယ်။ ဒီယုတ်မာမှုတွေကို ဘယ်သူကိုမှ မသိစေချင်ကြပါဘူး။ သူတို့ ဆိုးဝါးပက်စက်ခဲ့မှုကို လူမသိဖို့ ဖုံးကွယ်မှုအမျိုးမျိုးနဲ့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မတရားမှုကြီးဟာ တခုပြီးတခု ဗူးပေါ်သလို ပေါ်လာခဲ့ပါတယ်။ မတရားမှုတခုပေါ်လာတိုင်း စစ်အာဏာရှင်တွေကို ချည်နှောင်ဖို့ ကြိုးတချောင်း ပေါ်ထွက်လာသလိုပါပဲ။

နံရံပေါ်မှာ ဇာတ်လမ်းတွေ ရှိပါတယ်။ လူမသိ သူမသိပေမယ့် တကယ်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွေမှာ ကြည်နူးစရာ မပါ ပါဘူး။ ဒီလိုဇာတ်လမ်းမျိုးတွေ အာဏာရှင်တွေရဲ့ သက်တမ်းတလျှောက် အမြောက်အများ ဖြစ်တည်ခဲ့တာပါ။ ရေပတ်လည် ဝိုင်းနေတဲ့နေရာမှာ သွားထားခဲ့။ ဒါပေမယ့် ကျွန်းတိုက်ပွဲဆိုတာဟာ တက်ကြွသူတွေ နိုင်ငံရေးသမားတွေရဲ့ စံပြုစရာ နမူနာယူစရာ သင်ကြားစရာအဖြစ် ပေါ်ထွက်ခဲ့တာပါပဲ။

တံခါးတွေ လုံအောင်ပိတ်ခဲ့။ ဒါပေမယ့် “ဘာလဲဟဲ့ လူ့ငရဲ” ဆိုတာ ထွက်လာတာပါပဲ။ လူမသိစေချင်တဲ့ နအဖ စစ်အာဏာရှင်တွေအတွက် ဖော်ထုတ်ပေးမည့်သူတွေက ဒုနဲ့ဒေးပါ။သူတို့ရဲ့ လျှို့ဝှက်စီမံကိန်းကြီးတွေဟာ တခုပြီးတခု ရှေ့ကဖုံးလို့ နောက်ကပေါ်တွေချည်းပါပဲ။ ခုလည်း ဘယ်သူမှမသိစေချင်လို့ သော့အထပ်ထပ် ခတ်ထားတဲ့ထဲက ဇာတ်လမ်းတွေဟာ တခုပြီးတခု ထွက်ပေါ်လာပါပြီ။ ဒီလို သော့ခလောက်တွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကိုသာ တစုတစည်းထဲ စုလို့ရခဲ့ရင် မဆုံးနိုင်တဲ့ အံကြိတ်သံ တောက်ခေါက်သံတွေကို ကြားကြရမှာပါ။

========

စစ်ကြောရေးဆိုတာ တကယ်က ငရဲခန်းပါ။ ဒီငရဲခန်းထဲရောက်ခဲ့ရက်တွေထဲက မှတ်မိသမျှလေးတွေ ရှိနေပါတယ်။ ရေးမှာက ကိုယ့်အကြောင်း မဟုတ်ပါဘူး။ ကိုယ်ကြုံတွေ့ခဲ့သမျှတွေထဲက ဇာတ်လမ်းတွေကို ရေးမှာပါ။

စစ်ကြောရေးခန်းမှာ အထောင်းအထုခံပြီးတော့ အချုပ်ခန်းထဲ ပြန်ပို့ပါတယ်။ အိပ်မပျော် နေမထိ ထိုင်မသာဖြစ်နေတော့ ထလမ်းလျှောက်ပါတယ်။ ရေနံချေးဝနေတဲ့ သစ်သားတန်းတွေပေါ်က စာတန်းတွေက လူကို ဆွဲဆောင်ပါတယ်။ ရေးတဲ့သူက သူ့ခံစားချက်တွေကို ရေးထားတာပါ။ ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ဖော်ဖို့ ဆိုတာ လူတိုင်းလုပ်ချင်တဲ့ကိစ္စပါ။ ဒါဟာ လူသားတွေရဲ့မွေးရာပါအခွင့်အရေးလို့ တကမ္ဘာလုံးက သဘောတူ လက်ခံထားတာပါ။ ဒီအခွင့်အရေးကို ပိတ်ပင်သူတွေကတော့ လူကို လူလိုမနေစေချင်သူတွေ ဖြစ်ပါနေတာပါ။ ဘယ်လိုပဲ ပိတ်ထားပိတ်ထား လူကတော့ ရတဲ့နေရာကနေ လူဟာ သူရဲ့ခံစားချက်ကို ဖွင့်ထုတ်မှာပါပဲ။

ခုလည်း ငရဲခန်းထဲက ခဏအနားရလာတဲ့သူတွေဟာ ဒီနံရံထက်မှာ နှီးစဖျာစလေးတွေနဲ့ သူတို့ရဲ့ဝေဒနာတွေကို အံထုတ်ထားကြပါတယ်။ ဒီတော့မှ ကိုယ့်ရှေ့ကရောက်နှင့်နေကြသူတွေရဲ့ ဖြတ်သန်းသွားခဲ့မှုတွေကို သဘောပေါက်လိုက်ရတယ်။ အံထုတ်စရာရှိ အံထုတ်လို့ရတဲ့နေရာဟာ ရှိပြီသားဆိုတာကိုပါ တွေ့မြင်လိုက်ရ တယ်။ တချို့ကတော့ နာမည်နဲ့ရောက်တဲ့ ရက်လောက်ပဲ ရေးထိုးထားကြတာပါ။ တချို့ကတော့ ရင်ထဲက ပွင့်လာတဲ့ စကားတွေဖြစ်နေတာ တွေ့ရတယ်။ “မြန်မာအချင်းချင်း ဘာလို့ ဒီလောက် ရက်စက်ရတာလဲ”လို့ ရေးထားတဲ့ စာတန်းမျိုးကြတော့ စာလုံးလေး ဆယ့်လေးလုံးလောက်ပေမယ့် ဖတ်ရသူရင်ထဲက အသည်းတွေကို အပ်နဲ့ လာအထိုးခံရသလိုကို ဖြစ်သွားစေတယ်။

ယနေ့ကာလမှာ မြန်မာပြည်ရဲ့အခြေအနေကို ဒီစာတန်းတွေ ကနေ တူးဖော်ကြည့်ရင်တောင် တွေ့ရမှာပါ။ ရာထူးအာဏာအတွက် ဒီလိုအခန်းတွေထဲမှာ မြန်မာလူမျိုးတယောက်က မြန်မာလူမျိုးတယောက်ကို နှိပ်စက်ခဲ့တယ်။ သတ်ဖြတ်ခဲ့ပါတယ်။ သတ်တဲ့သူတွေကတော့ သူတို့ရဲ့ ရာထူးအာဏာ တည်မြဲရေးအတွက် သတ်ကြတာပါ။ အသတ်ခံရသူတွေကကော အသတ်ခံရသူတွေကတော့ ကိုယ်ကျိုးစီးပွားဆိုတာ လုံးဝကို မပါပါဘူး။ ငါ ဒီလိုပေးဆပ်လိုက်ရလို့ ဒုက္ခရောက်နေသူတွေ ဒုက္ခတွင်းထဲက ဆွဲထုတ်ပေးတဲ့ကိစ္စကို လုပ်နေတာလို့ကို ယုံကြည်ထားကြတာပါ။

တချို့က အိမ်အလွမ်းစိတ်တွေကို ဖွင့်ထုတ်ထားကြတယ်။ တချို့ကတော့ မကြာခင်အချိန်ပိုင်းလေးကမှ ထုထောင်းလွတ်လို့ ခံလာရတဲ့ဝေဒနာက ကိုယ်ပေါ်ကနေ နံရံပေါ်ရွှေ့ထားကြတယ်။ “ဟေ့ မင်းတို့ကို တသက် မကြေဘူးကွ” အံကြိတ်သံတွေကိုပါ ကြားလိုက်ရသလိုပါပဲ၊ ဒီစာတန်းကို ရေးထိုးသွားတဲ့ ရဲဘော်ဟာ သူ့ရဲ့ နာကျင်မှုတွေကို နောက်တယောက်ကိုကြားအောင် အော်လိုက်နိုင်ပါတယ်။ အတိတ်ဆိတ်ဆုံး စကားလုံးတွေက အကျယ်လောင်းဆုံးသော မြည်ဟိန်းသံကို ပေးလိုက်ပါတယ်။ ခုဒီ ရဲဘော်ရဲ့ တောက်ခေါက်သံကို နောက်တယောက်ပြီး နောက်တယောက် ကြားအောင် ခု လုပ်လိုက်နိုင်နေပါပြီ။

ဆရာကြီး ဦးဝင်းတင်ရဲ့စာအုပ်ဖတ်ပြီးတော့ ရလာတဲ့ အသိတခုရှိတယ်။ ထောင်ဝင်စာခန်းထဲ ချောင်ကြို ချောင်ကြားကတွေ့တဲ့ စာရွက်စလေးကရတဲ့ အမြင်တခုကို ဆရာကြီးက လက်တွေ့ အသုံးချပြသွားတယ်။ ကိုယ့်ခံစားချက်ကို စာရွက်တပေါ်မှာရေး နောက် တနေရာမှာချထားခဲ့၊ ကိုယ်လို ဘဝတူတယောက်ယောက်က တွေ့လို့ ဖတ်မိသွားရင် ကိုယ့်ရဲ့ရည်ရွယ်ချက် အောင်မြင်တယ်။

ဒီအသိအမြင်သာ စောစော ထောင်မကျခင်က သိရှိခဲ့ရင် ဒီနံရံမှာ စာတန်းတွေ အများကြီး ရေးခဲ့မိမှာပဲ။ ဒါပေမယ့် ရှေ့ကလူတွေလို စာတန်းလေးတချို့ကိုတော့ ရေးထားခဲ့နိုင်ပါတယ်။ ကဗျာလေးတချို့နဲ့ ဒဏ်ရာတွေကို ဖြေပါတယ်။ သူတို့က သူတို့သမိုင်းကို ကြိမ်လုံးကိုင် ကျင်စက်ကိုင်ပြီး ရေးထိုးနေကြသလို ကိုယ်တွေကလည်း ကိုယ့်သမိုင်းက ကျောနဲ့ရင်းပြီး ရေးနေကြတာပါပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ထောင်နဲ့ရင်းပြီး လုပ်ကြရတာပါ။ စစ်ကြောရေးခန်းနဲ့ရင်းပြီး လုပ်ကြရတာပါ။

ခုခေတ်ကြီးမှာ နိုင်ငံရေးလုပ်မည့်သူများ ကြိုတင်သိထားသင့်တဲ့အရာတွေ ကြိုသိထားမယ်ဆိုရင် ဖြုန်းခနဲ ရင်ဆိုင်တိုးတဲ့အခါမှာ အဆင်သင့်ဖြစ်နေမှာပါ။ ခုနကပြောသလို စစ်ကြောရေးခန်းနံရံတွေက ရေနံချေးဝနေတဲ့ သစ်သားတွေပေါ်ရဲ့အပေါ်မှာသာ နာရီပိုင်းအတွင်းက ကိုယ့်ကိုယ်တိုင်ကြုံတွေ့တာတွေကို ရေးထိုးထားမယ်ဆို နောက်တယောက်အတွက် ရှောင်ရ ရှားရမှာကို လက်ဆင့်ကမ်းပြီးသား ဖြစ်သွားမှာပါ။

သူတို့တွေက ငရဲခန်းလုပ်ထားပေမယ့် ငါတို့တွေက ဒီအခန်းကျဉ်းလေးကို စာသင်ခန်းကြီးလုပ်လိုက်တယ်ဟေ့ လို့ အံတုပြီးသား ဖြစ်သွားမှာပါ။ သူတို့ရဲ့ညှဉ်းပန်းနှိပ်စက်ခန်းဟာ ငါတို့တွေအတွက် သင်တန်းခန်းမကြီးဆိုတာ ရဲဘော်တိုင်းက သိထားရပါမယ်။ ဘယ်လိုပဲ ရက်စက်ရက်စက် ဒီနှိပ်စက်မှုတွေကို ခံနိုင်တဲ့နည်းလမ်းကို ငါတို့ရှေ့က ရဲဘော်တွေက ပြောပြသွားခဲ့တယ်ဆိုတာ သိထားရပါမယ်။

အမှတ်တမဲ့ပဲဖြစ်ဖြစ်၊ အမှတ်တရပဲဖြစ်ဖြစ် ရေးထိုးခဲ့တာတွေထဲက ပြန်လည်ဖော်ထုတ်မိတဲ့ အချက်ကလေး တချက်ဟာ စစ်အာဏာရှင်တွေကို သမာသမတ်ကျတဲ့ တရားစီရင်ရေးရှေ့မှောက်မှာ ချည်နှောင်မည့် ကြိုးတချောင်း ဖြစ်နေတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ အာဏာရှင်ဟာ သူ့ရဲ့ယုတ်မာတဲ့ လက်နက်ကို အစွမ်းကုန်အသုံးချလို့ သူတို့တည်မြဲရေးကို ဘယ်လိုပဲ လုပ်ဆောင်လုပ်ဆောင် လုပ်ဆောင်ချက်တိုင်းဟာ ကိုယ့်သေတွင်း ကိုယ်တူးနေမှန်း စစ်ပြိတ္တာတွေကို သိစေရပါမယ်။

စစ်ကြောရေခန်းကရရှိတာက ဒဏ်ရာတွေ၊ ဝေဒနာတွေပါ။ ဒါတွေကို သောကအဖြစ်သာ ထားရှိမယ်ဆိုလျှင် အလဟဿဖြစ်သွားမှာပါ။ ဖြတ်ကျော်ဦးမည့် မြန်မာပြည်ရဲ့ သူရဲကောင်းတွေဆီကို သောကကို အံကြိတ်ခံနည်း။ စစ်ကြောရေးကို လှည့်ပတ်နည်းတွေကို လက်ဆင့်ကမ်း တယောက်တည်းကြိတ်မခံဘဲ ဖြန့်ဝေ၊ နံရံပေါ်မှာပဲ အခွင့်အရေးရသူက နံရံပေါ်၊ စာရွက်ပေါ်မှာ အခွင့်အရေးရသူက စာရွက်ပေါ်၊ အင်တာနက်ပေါ် အခွင့်အရေးရသူက အင်တာနက်ပေါ် သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ချပြ။ ဒီယုတ်မာမှုကို ကျော်ဖြတ်နည်းတွေ ရှာဖွေပြရင် ကြုံတွေ့ရတဲ့ သောကတွေဟာ အလဟဿမဖြစ်တော့ပါဘူး။ သောကတွေကို တန်ဖိုးရှိရှိ အသုံးချလိုက်တာပါ။ ဒါဟာသောကကို နင်းချေလိုက်တာပါ။ ခရီးအတွက် ပြင်ဆင်လိုက်တာပါ။

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments