>Ludu Sein Win stops writing politics

June 25, 2010

>

လူထုစိန်ဝင်းက နိုင်ငံရေး ဆောင်းပါးများ ရေးသားခြင်း ယာယီ ရပ်တန့်
ဒီမိုကရေစီယိမ်းထဲ မပါလို၍ ဟုဆို
ဝင်းမြတ် ၊ ရန်ကုန်
ဇွန် ၂၅၊ ၂ဝ၁ဝ လူထုစိန်ဝင်း (ဓာတ်ပုံ-မိုးမခ)


ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိမလာခင်ကတည်းက ၂ဝဝ၈ အခြေခံ ဥပဒေကို ဘာကြောင့် လက်ခံသင့်ကြောင်း၊ ရွေးကောက်ပွဲသည်သာ တစ်ခုတည်းသော မြန်မာ့ နိုင်ငံရေး ထွက်ပေါက် ဖြစ်တဲ့အကြောင်း စည်းရုံးသူ စည်းရုံး၊ ရေးသူက ရေးခဲ့ကြပါတယ်။ အထူးသဖြင့်တော့ The Voice ဂျာနယ် ပိုင်ရှင် ဒေါက်တာနေဝင်းမောင် နဲ့ သူ့ဂျာနယ်ကနေ ဖော်ပြခဲ့တဲ့ စာရေးဆရာ မောင်စူးစမ်း၊ စာရေးဆရာ ကျော်ဝင်းတို့ပဲ ဖြစ်ပါတယ်။

သူတို့က စစ်အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ဒီအတိုင်း လက်ခံဖို့ အခြား ရွေးစရာမရှိဘဲ တစ်ခုတည်းသော ရွေးစရာ ဖြစ်ကြောင်း အကြိမ်ကြိမ်၊ အကိုးအကား အမျိုးမျိုးနဲ့ ရေးသားခဲ့ကြတာပါ။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ဆောင်ရတဲ့ အနုပညာတရပ် ဖြစ်တယ်လို့တောင် စာရေးဆရာ မောင်စူးစမ်းက ရေးသားခဲ့ပါတယ်။

သူတို့ရဲ့ အမြင်တွေနဲ့ မတူညီတဲ့ အမြင်ကို ဖော်ထုတ်တာ၊ ချေပရေးသားတာမျိုးကိုတော့ စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲကို ထောက်ခံတာကိုပဲ ဖော်ပြခွင့် ပြုခဲ့တာပါ။ ထိုကာလတွေက အထက်ပါ အုပ်စုကို ဆရာ လူထုစိန်ဝင်းက ပြန်လည်ချေပ ရေးသားတဲ့ စာတွေက အများစု ဖော်ပြခွင့် မရခဲ့လို့ စာဖတ်ပရိတ်သတ် အနေနဲ့ တဖက်သတ် အမြင်တွေပဲ ဖတ်ရှုခွင့် ရခဲ့ကြပါတယ်။

မတ်လမှာ စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ကြေညာခဲ့ပြီးနောက်မှာတော့ ပါတီထောင်မယ့်သူတွေလည်း ဂျာနယ် စာမျက်နှာတွေပေါ်မှာ တရားဝင် ပြောဆိုလာကြပါတယ်။ စိစစ်ရေးက ဖြတ်တာဖြတ် ဖြုတ်တာဖြုတ်ပြီးနောက်မှာ ဒီမိုကရေစီရေး၊ ခေါင်းဆောင်ကောင်းကို ရွေးဖို့၊ တိုင်းပြည်အတွက် ကောင်းအောင် လုပ်သွားမယ် ဆိုတာတို့တွေ ဖတ်ရှုလာရပါတယ်။

ရွေးကောက်ပွဲ ဥပဒေ တရားမျှတမှု မရှိတာ၊ အာဏာ လက်ရှိယူထားသူတွေ အာဏာမစွန့်ဘဲ ကြံ့ဖွံပါတီ မှတ်ပုံတင်လျှောက်တော့လည်း ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးသမား အတော်များများက မဝေဘန်ရဲခဲ့ကြပါဘူး။

ဒါကြောင့် တဘက်သတ် ပြောခွင့်သာ ရနေတဲ့ မဂ္ဂဇင်း ဂျာနယ် စာမျက်နှာများပေါ်မှာ လူထုကို နိုင်ငံရေးပညာပေးလို ဆောင်းပါးမျိုးတွေ မရေးတော့ဘူးလို့ ဆရာ လူထုစိန်ဝင်းက ကြေညာလိုက်တာ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ ဆောင်းပါးဟာ ယခုတစ်ပတ်ထုတ် ပေါ်ပြူလာ နယူးစ် ဂျာနယ်မှာ ဖော်ပြထားတဲ့ လူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ပြန်လည် ကူးယူ ဖော်ပြလိုက်တာပါ။



ယိမ်းကတဲ့ထဲ မပါတော့ဘူး
လူထု စိန်ဝင်း ပေါ်ပြူလာ နယူးစ် အတွဲ ၂ အမှတ် ၂၄၊ ဇွန် ၂၄၊ ၂ဝ၁ဝ


ဂျာနယ် မဂ္ဂဇင်းပေါင်းများစွာ အတွက် စာတွေ အဆက်မပြတ်ရေး နေတာနဲ့ ပတ်သက်ပြီး တချို့လူငယ် စာနယ်ဇင်းသမားတွေက မေးခွန်း တစ်ခုကို မကြခဏ မေးတတ်ကြတယ်။ ဂျာနယ်နဲ့ လိုက်တဲ့အကြောင်းအရာကို ရွေးတာလား၊ ရေးချင်တာ ရေးပေးတာလားဆိုတဲ့ မေးခွန်းဖြစ်တယ်။

ပြောချင်လို့ရေးတာ
ကိုယ်ကြိုက်တာ ကိုယ်ရေးပါတယ်လို့ပဲ ခပ်သွက်သွက် ပြန်ဖြေ လိုက်တာချည်းပါပဲ။ စဉ်းစားမနေရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စာရေးတဲ့ အလုပ်ကို လုပ်တဲ့ အကြောင်းရင်းကိုက ကိုယ့်ထင်မြင် ယူဆချက်နဲ့ ကိုယ့်သဘောထားတွေကို ပြောချင်လို့ပဲဖြစ်တယ်။ စာစောင်တွေနဲ့ လိုက်အောင် တမင်ရှာကြံပြီးရေးတာမျိုး မရှိသလို စာစောင်တွေက ရေးခိုင်းတဲ့ `အပ်ထည်´ဆိုတာမျိုးလည်း ဘယ်တုန်းကမှ မရေးခဲ့ဖူးပါဘူး။ တချို့အကြောင်းမသိတဲ့ စာစောင်တွေက သူတို့လုပ်နေကျပုံစံ အတိုင်း နိုင်ငံခြားသတင်းစာနဲ့ စာစောင်တွေထဲက ဒါမှမဟုတ် အင်တာနက်ထဲက သူတို့ကြိုက်တဲ့ စာတွေကို ကော်ပီကူးပြီး လာပေးတတ်တယ်။ သူများကြိုက်တိုင်း ကိုယ်လိုက်မကြိုက်ဘူး၊ ကိုယ်ကြိုက်တာရွေးပြီး ရေးတယ်လို့ ပြောပြီး ပြန်ပေးလိုက်တယ်။ နောက်ဆို အဲဒီလိုလာပေးတာမျိုး မလုပ်တော့ဘူး။

မက်ဆေ့ခ်ျ မပါတာမရှိ
နေ့စဉ် တစ်နေ့ နှစ်ပုဒ်နှုန်း ရေးတဲ့ စာတွေထဲမှာ အဓိက အနေနဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ စာနယ်ဇင်းကျင့်ဝတ် အကြောင်းရယ် လူငယ်နဲ့ အမျိုးသမီး အကြောင်းရယ် တို့ကအများဆုံးဖြစ်တယ်။ လိုအပ်ရင် လိုအပ်သလို နိုင်ငံတကာရေးရာ ဆောင်းပါး တွေနဲ့ နိုင်ငံရေး ဆောင်းပါးတွေ ရေးဖြစ်သလို၊ စာပေရေးရာ ဆောင်းပါးတွေလည်း ရေးဖြစ်ပါတယ်။ ရေးသမျှကတော့ ဆိုင်ရာ ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ့်ထင်မြင် ယူဆချက်၊ ကိုယ့်အာဘော်ကို ပြောချင်တဲ့အတွက် ရေးခဲ့တာချည်းပါပဲ။ စာကောင်းဖြစ် မဖြစ်သာရှိမယ်။ ပြောချင်တဲ့ စကား (မက်ဆေ့ခ်ျ)မပါတဲ့ စာရယ်လို့တော့ တစ်ခုမှ မရှိပါဘူး။

စာစောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာတွေ
စာစောင်တွေက စာမူတောင်းတယ် ဆိုကတည်းက ဘယ်လို ဆောင်းပါးမျိုး ရမယ် ဆိုတာ သိပြီးသားဖြစ်တယ်။ ဒါကြောင့် ကိုယ်ရေးနေကျ ဆောင်းပါးမျိုးတွေ ရေးပေးလိုက်တာပါပဲ။ စာစောင်နဲ့ လိုက်အောင် စဉ်းစားပြီးရေးရတာမျိုး မရှိပါဘူး။ ကိုယ်ရေးလိုက်တဲ့စာက စာစောင်သွားနေတဲ့ လမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာမျိုးတွေလည်း အများကြီးရှိတယ်။ သည်းခြေခိုက် (sensational) ဖြစ်အောင် လှုပ်လှုပ်ခတ်ခတ် လုပ်တတ်တဲ့ စာစောင်မျိုးမှာ သည်းခြေခိုက်လုပ်တာ စာနယ်ဇင်းသမားကောင်းတို့ရဲ့ လုပ်ရပ်မဟုတ်ကြောင်း ရေးတာမျိုးဖြစ်တယ်။

ဖားအော်သံတွေ ကြားရသလို
အသက် ၇ဝ တန်း ရောက်နေပြီ ဖြစ်တော့ ငွေကြေးချမ်းသာဖို့တို့ ၊ နာမည်ကြီးဖို့တို့လည်း မလိုတော့ပါဘူး။ အဲဒီတော့ လူကြိုက်အောင် အထင်ကြီးအောင်၊ ပိုက်ဆံရအောင် မရေးအပ်တော့ဘူး။ မှန်တာပြောပြီး မှန်တာပဲ ရေးသင့်တော့တယ်။ ငါးပွက်ရာ ငါးစာချတာမျိုးလည်း နကိုကတည်းက ဝါသနာမပါဘူး။ နိုင်ငံရေးစကား၊ ဒီမိုကရေစီစကားများကို ဂျာနယ်စာမျက်နှာတွေပေါ်မှာ တရားဝင်တင်ခွင့်ရလာတဲ့ အချိန်မှာ မိုးသံကြားရင် ဖားအော်သံတွေ ဆူညံလာသလို၊ ဒီမိုကရေစီသံတွေ ကျယ်လောင်စွာ ကြားလာရတယ်။ ရွေးကောက်ပွဲ လုပ်မယ်လို့ တရားဝင်ကြေညာ လိုက်တဲ့ အချိန်မှာ နိုင်ငံရေးသမားတွေလည်း ခေါင်းထောင်လာကြတယ်။

ဒီမိုယိမ်းကနေကြ
အဲဒီအခါ ဂျာနယ်တွေအားလုံး ဒီမိုကရေစီယိမ်းကသလို အားလုံး ဒီမိုကရေစီ ဖြစ်ကုန်ကြတာ တွေ့ရတယ်။ တချို့က ဒီမိုကရေစီကို နှစ်နှစ်ကာကာ ယုံကြည်လို့ ဝင်ပါတာ။ တော်တော်များများကတော့ မိုးရွာတုန်းရေဝင်ခံကြတာ။ ဘာယုံကြည်ချက်၊ ခံယူချက်မှ ရှိကြတာမဟုတ်ဘူး။ နိုင်ငံရေး သမားတွေ ခေါင်းထောင်ထလာတယ် ဆိုရာမှာလည်း တိုင်းပြည်အတွက်၊ ဒီမိုကရေစီအတွက် တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူတွေပါသလို ပွဲလန့်တုန်း ဖျာဝင်ခင်းသူတွေလည်း အများကြီးပါကြတယ်။ ခေတ်တစ်ခေတ် ပြောင်းရင် အရောင်တစ်ခါ ပြောင်းလေ့ရှိတဲ့ ပုတ်သင်ညို နိုင်ငံရေးသမားတွေလည်း ပါတယ်။ တစ်သက်လုံး ကိုင်မကြည့်ဘူးတဲ့ နိုင်ငံရေး စာအုပ်တွေကို အခုမှ အမောတကော လိုက်ရှာပြီး နိုင်ငံရေး ဂုရုလုပ်နေသူတွေလည်း မျက်စေ့နောက်လောက်အောင် တွေ့ရတယ်။

စကားထဲက ဇာတိပြ
အဲဒါကြောင့် ဘယ်သူတွေဟာ လေးစားထိုက်သူတွေဖြစ်ပြီး ဘယ်သူတွေကတော့ ပုတ်သင်ညိုတွေနဲ့ စားဖားတွေ ဖြစ်တယ် ဆိုတာတွေကို ကွဲပြားခြားနား သိရှိစေဖို့အတွက် ၂ဝဝ၈ နဲ့ ၂ဝဝ၉ နှစ်နှစ်လုံးလုံး နိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာတွေ အများကြီးရေးဖြစ်ခဲ့တယ်။ လုံးချင်းစာအုပ်တစ်အုပ် အဖြစ်စုပေါင်းထုတ်နိုင်တဲ့ အထိ များခဲ့တယ်။ အခုတော့ ရပ်လိုက်ပြီ။ ဆက်မရေးတော့ဘူး။ ဘယ်သူတွေဟာ ဘာတွေလဲ ဆိုတာကို စာဖတ်ပရိသတ်က ကောင်းကောင်းကြီးသိသွားပြီ လို့ယူဆတာကြောင့် မရေးတော့တာပါ။ `စကားထဲက ဇာတိပြ´ ဆိုတဲ့စကားအတိုင်း သူတို့ပြောတာ ရေးတာတွေများလာတာနဲ့ အမျှ သူတို့ဇာတိရုပ်တွေကို ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့သွားကြပြီလေ။

မြန်မာတွေ သိပ်အကင်းပါးတယ်
မြန်မာစာဖတ် ပရိသတ်က သိပ်အကင်းပါးတယ်။ ပါးစပ်ဟလိုက်တာနဲ့ အူမအထိ ဖောက်ထွင်း မြင်နိုင်တဲ့ လူမျိုးဖြစ်တယ်။ သူတို့ပြောတာတွေ နားထောင် ၊ သူတို့ရေးတာတွေဖတ် လုပ်လိုက်တာနဲ့ သူတို့ဘာကို ရည်ရွယ်ပြီး ဘာကိုမျှော်ကိုးပြီး လုပ်နေကြတယ် ဆိုတာ ကောင်းကောင်းသိကြတယ်။

ယိမ်းသမား အထင်ခံရနိုင်
အဲဒါကြောင့် ဆက်မရေးတော့ဘဲ ရပ်လိုက်တာ။ ဒီမိုကရေစီယိမ်းထဲ ကြာကြာ ဆက်ပါနေရင် ကိုယ်ပါ ယိမ်းသမား ဖြစ်သွားပြီလားလို့ စာဖတ်ပရိသတ်က ထင်သွားနိုင်တယ်လေ။ စာဖတ်ပရိသတ်ဆိုတာ စာရေးသူများအတွက် အသက်ဝိညာဉ်ဖြစ်တယ်။ စာဖတ်ပရိသတ်က စွန့်ပစ်လိုက်ခြင်းဟာ စာရေးသူ အတွက်အသက်ဝိညာဉ် နှုတ်ယူခံလိုက်ရတာနဲ့ အတူတူဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီယိမ်းထဲ ဆက်ပြီးမပါတော့တာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်