>Mar Mar Aye – 336

July 4, 2010

>“ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ် (၃၃၆)

အမှတ်တရ မြို့မ
မာမာအေး
ဇူလိုင် ၃၊ ၂ဝ၁ဝ– – – မြို့မရဲ့ ကိုယ်ပိုင်သီချင်း မဟုတ်တဲ့ သီချင်းတွေကိုလည်း ကြားလိုက်ရလို့ ကိုယ့်သီချင်းမှတီးမယ် ဆိုတဲ့ဟာလေး ပျောက်သွားပြီပဲ ဆိုပြီး ၀မ်းသာမိပါတယ် – – –


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် –
မာအေး ချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး နားဆင်ရတဲ့ အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ရှေ့တပတ်က သီချင်းစာသား လွဲမှားသွားရင် စာရေးဆရာရဲ့ ရည်ရွယ်ရင်း ပျောက်သွားတတ်လို့ အဓိပ္ပာယ်လည်း လိုရာ မရောက်တတ်လို့ ‘မိန်ရာသီ’မှာ စာလွဲနေတာလေး ထောက်ပြခဲ့ရပါတယ်။ မာအေးကတော့ ဒီအတွက် မူရင်းလူဆိုတာကို နားထောင်ပြီး စာသား မထုတ်မိလို့ လွဲရတယ်လို့ သင်ခန်းစာ ယူပြီးပါပြီ။ မူရင်း မရှာနိုင်တဲ့ သီချင်းတွေလည်း ရှိနေတာ ဆိုတော့ ချွင်းချက် ထားရမှာပေါ့လေ။ အေးလွင်အောင်လည်း စာ ဘယ်လိုထုတ်တယ် မသိဘူး။ မာအေးဆိုတဲ့ မြို့မအခွေက မူကို ယူပြီး စာကူးတာဆိုလည်း လွဲနိုင်တာပဲ။

အေးလွင်အောင်နဲ့ ရီရီသန့်တို့ ဆိုကြတဲ့ ‘ဖြူစင်စိတ်ရင်း’ ခေါင်းစဉ်ပါ ဂန္ထ၀င် မန္တလေး သီချင်းများ CD ခွေက သီချင်း ၁၀ ပုဒ်ဟာ မြို့မအသင်းက သီချင်းတွေမို့ မြို့မကပဲ စီစဉ်ပေးမယ် ထင်ပါတယ်ရှင်။ အသံသွင်းတာလည်း မန္တလေးမှာပါပဲ။ ထူးထူးဆန်းဆန်း ဘယ်အဖွဲ့က တီးမှုတ်တာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ အတီးပိုဒ်ကို နားထောင်ကြည့်ရင်တော့ မြို့မအဖွဲ့ ဆိုတာ သိနိုင်ပါတယ်။ မာအေးက မြို့မနဲ့ ပေါင်းလာတာ ကြာပေါ့ပဲ။ မြို့မအဖွဲ့ကြီးကို ဂီတစာဆို ကိုဘိုခင် ဦးစီးဦးဆောင်နေချိန် မာအေး နာမည်ကြီးကာစ ကတည်းက လို့ ပြောကြပါစို့။ ရင်းနှီးစရာတွေကလည်း တပုံတပင်ပါ။

ကြည့်လေ – ဒီအသင်းကြီးနဲ့ ရုပ်ရှင်ကိစ္စမှာ စပြီး တွေ့တယ်။ ‘ရွေးပါရစေတခါ’ ဆိုတဲ့ ကိုဘိုခင်ရဲ့ သီချင်းနဲ့ မြို့မအဖွဲ့သားတွေနဲ့အတူ ရုပ်ရှင်ထဲမှာ ရိုက်ပေးတယ်။ ရန်ကုန်ကို တခါ ပြန်ဆင်းလာပြီး မြန်မာ့အသံမှာ အသံလွှင့်ဖို့ စီစဉ်တော့ ‘နှစ်ယောက်ထဲ’ နဲ့ ‘ရွှေမင်းဂံ’ ကူဆိုပေးတာပေါ့။ ဒီသီချင်းဟောင်းတွေ ပရိသတ်နားထဲ ပြန်ရောက်ပြီး နှစ်နှစ်သက်သက် ဖြစ်လာတော့ မာအေးရဲ့ ဓာတ်ပြား ကုမ္ပဏီနဲ့ သူတို့ကို ဆက်သွယ်ပေးပြီး ဓာတ်ပြား သွင်းစေခဲ့ပါတယ်။ ‘မိုးကိုမျှောင်သည်’ တို့ ‘သူ့စကား’ တို့ဟာ မြို့မနဲ့ အသံလွှင့်ခဲ့တဲ့ သီချင်းတွေပေါ့။ မာအေး မီတဲ့ ကက်ဆက်ခေတ်အထိ ပွဲတွေလည်း မရေနိုင်ပါဘူး။

မှတ်မှတ်ရရ သမိုင်းဝင်လို့ ပြောရမလား မသိတဲ့ ဖျော်ဖြေမှု ၂ ကြိမ်ကိုတော့ ပြောထားရဦးမယ်ရှင့်။ ပထမ တခုကတော့ ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ‘ဘွဲ့နှင်းသဘင်ခန်းမကြီး’ထဲမှာ မြို့မနဲ့ သီဆို ဖျော်ဖြေခဲ့တာပါ။ ဘွဲ့နှင်းသဘင် ကျင်းပတဲ့ ဒီကျောင်းအဆောင်ကြီးမှာ ဘွဲ့ချီးမြှောက်တဲ့ အချိန်ကျမှ မြန်မာ့မင်္ဂလာဆိုင်းဝိုင်းကြီးက စည်တော်ယွမ်းပေးတာ တခုပဲ ဂီတနဲ့ ပတ်သက်တာမို့ မြို့မဟာ ထူးခြားတဲ့ အခွင့်အရေး ရခဲ့တာလို့ ပြောရမှာပေါ့ရှင်။

နောက်တကြိမ်ကတော့ ရန်ကုန်-မုတ္တမ္မ မီးရထားလမ်းပေါ်မှာ တည်ရှိနေတဲ့ ‘စစ်တောင်းတံတား’ ဖွင့်ပွဲမှာ မြို့မအသင်းနဲ့ ဖွင့်တာပါပဲ။ အဲဒီပွဲတွေ ဘယ်နှစ်တွေတုန်းက ကျင်းပခဲ့တာလဲ ဆိုတာတော့ မမှတ်မိတော့ဘူးရှင်။ မြို့မအသင်းကြီးက မှတ်တမ်းမှတ်ရာတွေ ထားရင်တော့ တိကျနိုင်တာပေါ့နော်။ နှစ်ပေါင်း ၈၀ ကျော် ထိန်းသိမ်းလာခဲ့တာ ခုထိ မပျက်မစီး ထီးထီးမတ်မတ် မားမားရပ်နိုင်စွမ်းတဲ့ ဂီတအဖွဲ့ကြီးမို့ လေးစားစွာ အားပေး ချစ်ခင်သည်နှင့်အမျှ အတူတကွ တွဲဆို တွဲတီး တွဲထုတ် ကိုယ်တတ်နိုင်တာ အကုန်လုပ် နဲ့ မာအေးဟာ မြို့မရဲ့မြေ ပါလေသလား – တွေးစရာပါပဲ ရှင်တို့ရယ်။

xxx မြို့မ အဟုတ်ပဲ ကျော်သကို၊ သဘောကောင်း အတီး မကောင်းချင်နေ မန္တလေးချစ်သဲညှာဆွေအသင်းပေ – လူတိုင်း ရင်းခဲ့သလေ မြည်ချင်တာတွေမြည် ကြည်ဖြူခင်မင်သူတွေ တီးစေ မှုတ်စေ ဖွဲ့နွဲ့စေ xxx ဖျော်ဖြေ ယဉ်မူနုစေဖို့ အမြုတေ ရွှေနားဝင်ညုစေဖို့ တွေးကာလေ – ကာလေ၊ စိုးတာတွေ တာတွေ၊ သဘော်တော် တွေ့မလားလေ၊ မဟန်ကာမှနေ၊ အို – ကိုယ်တို့ မြို့မ သံညှင်းတမြမြ ပါခဲ့ကြထင် ဘ၀အစဉ် မယ်တို့မြေ xxx [မယ်တို့မြေမှ]


ချစ်ဆွေတို့ ကြားလိုက်ရတဲ့ ဒီသီချင်းလေးထဲကလိုပဲပေါ့။ သက်တော်ရှည် ဂီတဘိုးတော် အဖွဲ့ကြီးဟဲ့ ဆိုပြီး မြည်ချင်တာတွေမြည် ကြည်နူးနေတာပါ။ ဒါပေမယ့် သူလည်း အသက် ၈၀ ကျော်ပြီလေ။ ထိန်းသိမ်းတဲ့ ဘက်မှာ နေဖို့ ရပ်တည်ပေးဖို့ လိုပြီ လို့ မာအေးစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတိုင်း ပြောချင်တာနဲ့ စာသားလွဲတဲ့ ကိစ္စကို ကြိုပြီးတော့ ပြောလာခဲ့ပါတယ်။ မာအေး တွက်ခဲ့တာလည်း ၁၀ နှစ် ကျော်ပြီ ဆိုတော့ မြို့မနဲ့လည်း အဆက်ပြတ်တာပေါ့။ ဒီဘက်ကို ရောက်တဲ့ မြို့မအခွေကလည်း အရှားသား ရှင့်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ မြို့မ လိုက်(ဖ)ရှိုး ဆိုလား အခွေတွေ့လို့ ၀က်ဖွင့်ကြည့်မိလို့ ပြောချင်မိတာ ဖလ်သားပေါ်က မြို့မအသင်းသားတွေထဲမှာ မာအေးသိတဲ့ လူဟောင်းတွေ မပါသလောက်ပဲ။ လူငယ်တွေ လူသစ်တွေ မရင်းနှီးတဲ့သူတွေ ဆိုတော့ ကိုယ်ပြောတာမှ ကြိုက်ပါ့မလားပေါ့နော်။ အင်း – နောက်တော့လည်း မပြောဖြစ်ရင် သိရဲ့သားနဲ့မပြောဘူး ဆိုတာက လာဦးမှာမို့ ပြောမယ် ဆုံးဖြတ်ပြီးမှ အခု ပြောတာပါ။

အဲဒီ ကာရာအိုကေ VCD မှာ အဆိုတော်အဟောင်းအသစ်တွေ တွေ့ရသလို မြို့မရဲ့ ကိုယ်ပိုင်သီချင်း မဟုတ်တဲ့ သီချင်းတွေကိုလည်း ကြားလိုက်ရလို့ ကိုယ့်သီချင်းမှတီးမယ် ဆိုတဲ့ဟာလေး ပျောက်သွားပြီပဲ ဆိုပြီး ၀မ်းသာမိပါတယ်။ ‘ပန်းအိဖြူ’ ဆိုတဲ့ တေးသံရှင်မလေးက မမရှင်ရဲ့ ‘ကျောင်းပိတ်ရက်’ သီချင်းကို ဆိုသွားတာလည်း ကောင်းပါတယ်။ သံပြိုင်အပိုဒ်က စာလွဲနေတာ တနေရာ ပါနေတာမို့ အဲဒါကို အရင် ပြောချင်တယ်။

(ရှမ်းမလေးတွေ အချောတွေ ပေါတယ်၊ အေးချမ်းလှတဲ့ ဌာနီဝယ်)၂ xxx ပါးကလးတွေ နီမြန်းလို့ရယ် ချစ်စရာ ကောင်းလှပေတယ်၊ ကြိုက်စရာကောင်းလှပေတယ် ပျိုပျိုသွားဦးမယ် ကိုကိုရယ် – အတူလိုက်ကွယ် xxx [ကျောင်းပိတ်ရက် သံပြိုင်ပိုဒ် – ပန်းအိဖြူ]


ကဲ – BBC ပရိသတ်တို့ – ချက်ဆို နားခွက်က မီးတောက်တဲ့သူတွေပဲ။ ဒါလောက် ခေါက်ရိုးကျိုးနေတဲ့ဟာ လူတကာက ‘ရှမ်းလေးတွေ ချောတယ်၊ ပေါတယ်’ လို့ပဲ ဆိုပါတယ် – သိတယ် မဟုတ်လား။ ဒီ သမီးလေးက ‘ရှမ်းမလေးတွေ အချောတွေ ပေါတယ်’ တဲ့။ စာမှားဆိုစရာလား။ မာအေး သိထားတဲ့ ကောလာဟလ တခုကြောင့်လား။ နောက်နေ့ ဆက်ပြောကြည့်ရအောင်နော်။

(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်