MoeMaKa Questions for U Win Tin – NLD beyond 2010 Election

July 20, 2010

>

ဦးဝင်းတင်နဲ့ မေးခွန်းများ
၂၀၁၀ ရွေးကောက်ပွဲဥပဒေအပြင်က အင်န်အယ်ဒီပါတီ
မိုးမခ
ဇူလိုင် ၂၀၊ ၂၀၁၀
            ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်တဲ့ အင်န်အယ်ဒီပါတီဟာ မတ်လ ၂၉ နောက်ပိုင်းမှာ မိမိရပ်တည်ချက်ဖြင့် မိမိ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နိုင်သေးရဲ့လား ဆိုတဲ့ မေးခွန်း …
ကျနော်တို့ကတော့ ပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြန်လည် ထိတွေ့တာ၊ တွေ့ဆုံဆွေးနွေးတာ၊ ခရီးတွေ ထွက်တာ၊ အဲသည်လိုမျိုး လည်ပတ်မှုတွေ ပိုပြီး လုပ်နေရတယ်။ အဲတာတွေနဲ့ အလုပ်တွေ များနေတယ်လို့ ပြောရင် ရတယ်။ အထူးသဖြင့်ကတော့ အရင်တုံးကထက် ပိုပြီးတော့ ပါတီက ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေဟာ နယ်တွေ၊ ဒေသတွေကို ပိုပြီး ခရီးတွေ သွားဖြစ်လာတယ် လို့ ဆိုရမယ်။ 
၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ဆက်လက်မပြုလုပ်တဲ့ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရရဲ့ လက်ရှိဥပဒေများအရ နိုင်ငံရေးပါတီတရပ်လို့ မသတ်မှတ်နိုင်တော့တဲ့အတွက် ဒီဖက်ကာလတွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ တားမြစ်ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရပြီလား …
အခုအချိန်မှာတော့ဖြင့် သူတို့က ဘယ်လိုလုပ်လာမလဲဆိုတာကို မတွေ့ရသေးပေါ့ဗျာ။ သူတို့ဘောင်ထဲက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက အသံဗလံလေးတွေ ထွက်လာနေတော့ နှစ်ဖက် ရန်ဖြစ်နေရမှာ စိုးလို့လား ဘာလားတော့ မသိဘူးပေါ့။ အကန့်အသတ်တွေ လုပ်လာတာမျိုးတော့ မတွေ့ရဘူး။ စောင့်တော့ကြည့်နေတာတွေတော့ ရှိတာပေါ့။
လူထုနဲ့ ထိတွေ့မှုဟာ ယခင်ကထက် ပိုမိုပြီး ရှိလာတယ်လို့ ပြောချင် ပြောလို့ရတယ်။
 လူထုနဲ့ ထိတွေ့မှုတွေ ပိုပြီး ရှိလာတယ် ဆိုတာက ဘာတွေများပါလဲ။
နေရာ ဒေသနဲ့ အောက်ခြေက ပါတီဝင်တွေ၊ လူတွေနဲ့ ပိုပြီး ထိတွေ့မှုတွေ လုပ်လာနိုင်တယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်လာနိုင်တယ်။ လူကြီးတွေကလည်း ခရီးတွေ ထွက်ပြီးတော့ လူငယ်တွေ၊ အခြေခံအဖွဲ့တွေနဲ့ တွေ့ကြ ဆုံကြတာမျိုး လုပ်လာတယ်။ တလောက ကရင်ပြည်နယ် သွားတယ်၊ မော်လမြိုင် သွားတယ်။ ရခိုင်သွားဖို့လည်း လုပ်နေတယ်။ ကချင်တို့ ချင်းတို့လည်း သွားပြီးပြီ၊ မန္တလေးတို့၊ စစ်ကိုင်းတို့အပါအ၀င်ပေါ့ကွာ။ ရှမ်းပြည်လည်း တောင်ပိုင်း မြောက်ပိုင်းလည်း သွားတယ်။ မကြာခင် တနလာင်္ရီဘက်ကို သွားကြမယ်။
အဓိကရှင်းလင်းရတဲ့ မေးခွန်းတွေ ဆွေးနွေးချက်တွေက ဘာလဲ။
များများစားစား ရှည်ရှည်ဝေးဝေးတွေ ပြောနေရတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးအင်အားစု တခုအနေနဲ့ အင်န်အယ်ဒီဟာ ဆက်လက်တည်ရှိနေတယ်။ သေသွားတာ မဟုတ်ဘူး။ ယခင်ကတည်းက ပါတီဟာ နိုင်ငံရေးပါတီတခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မှတ်ပုံတင်ထားခဲ့တာဖြစ်တယ်။ အဲသည်လိုမျိုး ပါတီဟာ ဆက်လက်ရပ်တည်နေတယ်။ အခု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေတွေက မတရားတဲ့အတွက် လက်မခံနိုင်လို့ အဲသည်မှာ ထပ်မံမှတ်ပုံမတင်တာ ဖြစ်တယ်။ အခုလည်းပဲ တရားဥပဒေဘောင်ထဲကနေပြီးတော့ မတရားတဲ့ ဥပဒေတွေ၊ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေအကျိုးဆောင်အဖွဲ့တွေက တရားစွဲဆိုတဲ့ အလုပ်တွေ ဆောင်ရွက်နေတယ်။ ဒါက တခု။
နောက်ပြီးတော့ – ပါတီကို ပြန်လည် ဖွဲ့စည်းတာတွေ ဘာတွေ လုပ်ဖို့က အရေးမကြီးဘူး။ အခုအချိန်မှာ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြန်လည် စုစည်းမိကြဖို့၊ ပြန်လည် တွေ့ဆုံမိကြဖို့၊ အရင်တုံးက မလုပ်နိုင်ခဲ့တာတွေကို အခုချိန်မှာ ပြန်လည် လုပ်ကိုင်နေကြရတာ ဖြစ်တယ် ဆိုတာကို ပြောပြရတာ ဖြစ်တယ်။ Party Consolidation ပေါ့ကွာ။ ဒါက တခု ရှင်းပြရတာဖြစ်တယ်။
နောက်ပြီးတော့ ပါတီဝင်တွေ၊ မိတ်ဆွေတွေဘက်က သူတို့ ဒေသတွေမှာ ရှိနေ ကြုံနေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေကို ပြောပြ ရှင်းလင်းပြကြတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေ ဖြစ်ပါတယ်။
          ပြည်သူလူထုက အင်န်အယ်ဒီရဲ့ ယခုလက်ရှိ ရပ်တည်ချက်ကို ဘယ်လို့ တုန့်ပြန်ကြသလဲ။
          ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို သူတို့က သဘောကျတယ်ပေါ့ကွာ။ ထောက်ခံတယ်။ ခုဆိုရင် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ တစည အပါအ၀င် အခုရွေးကောက်ပွဲကို ၀င်ပါမယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ ဒါဟာ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့သဘောဆိုတာကို ပြောလာကြတာ မျိုးပေါ့။
          ဒါပေမယ့် ပါတီမှာ အခုလက်ရှိအခြေအနေမှာကော အခက်အခဲတွေ မရှိဘူးလား။
          ဒါပေမယ့် – အခက်အခဲတွေကတော့ ရှိနေတာပေါ့။ အခုလိုမျိုး ဆုံးဖြတ်ချက်ကြီးတခု၊ ရပ်တည်ချက်ကြီးတခုကို ထုတ်ဖော်ပြသလိုက်ရတယ် ဆိုတာက အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဖိအားတွေ အများကြီးကြားထဲကနေ ဆောင်ရွက်လိုက်ရတာဖြစ်တယ်။ အခုလို အပြောင်းအလဲကြီးတခုကို ရွေးချယ် ဖြတ်သန်းလိုက်ရတော့ အဖွဲ့အစည်းတခုအနေနဲ့၊ ပါတီတခုအနေနဲ့ ယိုင်သွားလိုက်ရင် ပြိုသွားတတ်တယ်။ ဒါတွေကို ကျော်ဖြတ်ရတယ်။ အသေးအမွှား အခက်အခဲလေးတွေလည်း အများကြီးပေါ့ကွာ။ ဒီလိုပါပဲ။
          အသေးအမွှားအခက်အခဲလေး တခုလောက်ပဲ ပြောပြပါဦး။
          ပါတီတခု အဖွဲ့အစည်းတခုအနေနဲ့ ဆက်လက် ရပ်တည်နေရတယ် ဆိုတော့ အနည်းဆုံး ပါတီကို ၀င်ထွက်သွားလာနေသူတွေကို ဧည့်ခံရတာတွေ၊ ဧည့်သည်တွေကို ကျွေးမွေးရတာတွေ ရှိနေရတာပေါ့ကွာ။ အနည်းဆုံးတော့ အဖွဲ့အစည်းတရပ်မှာ ၀င်ထွက်သွားလာနေသူတွေအတွက် ဧည့်ဝတ်ကျေပွန်ရတယ်။ အနည်းဆုံးတော့ နေ့ခင်းထမင်းစားချိန်ဆိုရင် ချဉ်ပေါင်ဟင်းလေးနဲ့ ငပိကြော်လေးနဲ့တော့ ကျွေးမွေးဧည့်ခံနိုင်အောင်တော့ လုပ်ရတာပေါ့။
          ခရီးစာရိတ်တို့ ဘာတို့ ဆိုရင်လည်း အားလုံးက မျှဝေပြီး ခံကြရတာတွေ လုပ်ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အပင်ပန်းခံပြီးတော့ ဘတ်စကားတွေ ဘာတွေ အပင်ပန်းခံ စီးပြီးတော့ သွားကြပေါ့ကွာ။ အဲသလိုမျိုးလေးတွေ လို့ ပြောရမှာပေါ့။
          အဲသည်တော့ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တချို့ပါတီတွေက လူတွေက ကားတွေ ဘာတွေနဲ့ သွားလာနေချိန်မှာ ငါတို့တွေကတော့ ခြေကျင်သွားနေကြရတာမျိုး အခက်အခဲလေးတွေ ရှိတာပေါ့ကွာ။ ဒီလောက်ပါပဲ။         
          အခုလိုမျိုး ဆရာတို့က ခိုင်ခိုင် ရပ်တည်နိုင်ပြီ လို့ ဆိုတယ်။ အဲသည်အတိုင်း ဆရာတို့ ဆက်လက် ရပ်တည်သွားနိုင်ပါ့မလား။ ဆက်လက် တောင့်ခံနိုင်မယ်လို့ ပြောနိုင်သလား။
          ခုချိန်မှာ လူထုက အင်န်အယ်ဒီ ရပ်တည်ချက်ကို ထောက်ခံတယ်။ အင်န်အယ်ဒီပါတီဝင်တွေ၊ မိတ်ဆွေတွေကလည်း စိတ်ဓာတ် တက်ကြွလျက် ရှိတယ်။ ဒီဟာကို ကျနော်တို့က ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ပဲ။ အနီးကပ်ဆုံး အချိန်ဇယားတခုကို ပြောရမယ် ဆိုရင် – အနည်းဆုံး ရှေ့ ၆ လ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် အချိန်တို့၊ သူတို့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန် တို့က ၆ လလောက် ကြာမယ်။ ပြီးနောက် အဲသည်ရဲ့ နောက် ၆ လ လောက် ရှိတယ်။ ၁ နှစ်လောက် ရှိတယ်။ အနည်းဆုံး အဲသည်အချိန်မှာ ဆက်လက်ပြီး Sustain လုပ်သွားရမှာ ဖြစ်တယ်။
          ခုချိန်မှာ နယ်တွေသွားတဲ့အခါ မြို့နယ်တွေမှာ ဘယ်ပါတီဝင်မှ၊ ဘယ်စည်းကော်မီတီမှ ပျက်တယ်လို့ မရှိဘူး။ ၁၄ ၊ ၅ ယောက်လုပ်နေတဲ့နယ်မြေတွေမှာတောင်မှ ၁ ယောက် ၁ လေလောက် ထွက်သွားတာပဲ ရှိတယ်။ ပြောရရင် ဦးခင်မောင်ဆွေတို့ပြောနေတဲ့ မြို့နယ် ၅၀ တို့ ဘာတို့ ဆိုတာတွေက ဘယ် အင်န်အယ်ဒီပါတီတွေမှ ပါတာမဟုတ်ဘူး။ သူတို့ဖာသာ သူတို့ရှာတဲ့ အပြင်လူတွေနဲ့ ပြောတာ ဖြစ်တယ်။ ဒါကြောင့် အခုလိုအခြေအနေမှာတောင်မှ လူထုက အင်န်အယ်ဒီကို နားလည်တယ်၊ ထောက်ခံတယ်။ ဒါကို ဆက်လက် ရှိနေတယ် ဆိုတာ ထင်ရှားတယ်။
          ဒါဆိုရင် အယင်တုံးက စစ်အစိုးရ ကန့်သတ်ထားတဲ့ ပါတီနိုင်ငံရေး စည်းကမ်းတွေ ဥပဒေတွေအတွင်းက၊ အောက်ကနေပြီး အင်န်အယ်ဒီဟာ သူ့ကိုယ်သူ Sustain  (ထိန်းသိမ်းရေး၊ ရှင်သန်ရေးတွေ) လုပ်ခဲ့ပြီးပြီ၊ အခုကျတော့ – စစ်အစိုးရရဲ့ အလိုကျ ပါတီအဖြစ်ကနေ လွတ်မြောက်ပြီးတော့ ဘယ်လိုမျိုး ရှင်သန်ရေး၊ ထိန်းသိမ်းရေးတွေ လုပ်နေတဲ့ ပါတီ ဖြစ်တယ်လို့ ပြောနိုင်သလဲ။
          ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိမ်းသိန်းခဲ့ပြီးနောက်မှာ ပါတီဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးနဲ့ ရပ်တည်ခဲ့ရတယ်လို့ ပြောနိုင်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အခုလိုမျိုး ရပ်တည်လိုက်တယ်။ ဒါဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးကနေ “ပြည်သူအလိုကျ ဒီမိုကရေစီလမ်းကျ” ပါတီရှင်သန်ရေးလို့ ပြောချင်ပါတယ်။ ပါတီဟာ မသေဘူး၊ ပါတီ မသေအောင်လုပ်နိုင်တယ်။ ဆက်ပြီးတော့ လုပ်နေရမယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေ၊ စည်းမျဉ်းတွေကနေ ရုန်းထွက်ပြီး ရပ်တည်လိုက်တဲ့ ပါတီဟာ ပိုပြီးတော့ ရှင်သန်နိုင်ရမယ်၊ ထိန်းသိမ်းနိုင်ရမယ် ဖြစ်တယ်။
          အဲသည်လို ရပ်တည်လိုက်နိုင်တဲ့ အင်န်အယ်ဒီပါတီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ကြံစည် ကြိုးစားနေကြတဲ့ အကြပ်အတည်းတွေ့နေတဲ့ နိုင်ငံရေးပါတီတွေကို အကူအညီပေးရမယ်။ ရှေ့က ဦးဆောင်မှုပေးရမယ်လို့ သဘောထားမျိုးနဲ့ မီဒီယာအင်တာဗျုးမှာ ဆရာ့ကို မေးကြတယ်။ အဲဒါကကော ဆရာတို့အလုပ်ပဲလား။
          တကယ်တမ်းကတော့ အခုလိုမျိုး ပါတီကို ပြည်သူလူထု အလိုကျ၊ ဒီမိုကရေစီလမ်းကျ ရပ်တည်ပြီး မသေအောင် ကြိုးစားထိန်းသိမ်းနေရတဲ့အချိန်မှာ မီဒီယာအင်တာဗျူးမှာ မေးလာတာက အခုလိုမျိုး အခြေအနေမှာ အင်န်အယ်ဒီကို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ၀ိုင်းရံကြမယ်ဆိုရင် ဘယ်လိုလဲ ဆိုတာမျိုး – ပြောချင်တာကတော့ သေမှတော့ လွမ်းသူ့ပန်းခွေပို့ပြီးတော့ ၀ိုင်းရံတာမျိုး မလုပ်နဲ့၊ အခုအချိန်မျိုးပါတီသက်ရှင်နေတုံးမှာ သပြေပန်းနဲ့ ၀ိုင်းရံဖို့ အကောင်းဆုံးပဲ လို့ ပြောချင်တယ်။
          နောက်တခုကတော့ – ကျနော်တို့ ပြောနေတဲ့၊ ကျနော်တို့ ပြတဲ့ လမ်းက အရင်ကတည်းက ပြောခဲ့ပြီးသား၊ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ပဲ ဖြစ်တယ်။ ဒါကို ဦးဆောင်မှုပေးပြီး အဖြေရှာပေးနိုင်တာက ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ ဒီအတွက် အဲသည် ရပ်တည်ချက်အတိုင်း ပါတီကို ထိမ်းသိန်း ရှင်သန်နိုင်အောင် ဆောင်ရွက်နေတယ်။
          အဲသည်လို ပါတီကို ရှင်သန်အောင် ပြုလုပ်နေတဲ့ ကာလမှာ နိုင်ငံရေးကို အခြေခံတဲ့ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ လုပ်နေတယ်။ နာဂစ်ဒေသ ကူညီထောက်ပံ့ရေးတွေ၊ ပဲခူးနဲ့ အခြားနယ်တွေ ရေရရှိရေးတွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို အားပေးကူညီမှုတွေ လုပ်နေတယ်။ နယ်အသီးသီးမှာ ဥပဒေအထောက်အကူအဖွဲ့တွေ ရှိတယ်။ ရှေ့နေမရှိရင်တောင်မှ အင်န်အယ်ဒီက လူတွေက ၀ိုင်းပြီး ကူညီပေးမယ်။ ရှေ့နေတွေနဲ့ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးပေးမယ်။ ဒါတွေ လုပ်ကိုင်နေရတယ်။ အိပ်ခ်ျအိုင်ဗီလူနာတွေ မိသားစုတွေကို ပြုစု စောင့်ရှောက်တာတွေ လုပ်နေတယ်။ လူထုနဲ့ ထိတွေ့မှုတွေ လုပ်နေတယ်။ ဒါတွေက သူတို့ရဲ့ ဥပဒေ စည်းမျဉ်းတွေအရ ပါတီမရှိဘူး ဆိုရင်တောင်မှ အဲသည်အလုပ်တွေဟာ ဆက်ရှိနေအောင်၊ ဆက်ပြီး ရှင်သန်ပြီး လုပ်ကိုင်နေနိုင်အောင် လုပ်နေရတာ ဖြစ်တယ်။
          နိုင်ငံတကာကကော အခုအချိန်မှာ အင်န်အယ်ဒီရဲ့ ရပ်တည်ချက်ကို ဆက်လက် အသိအမှတ်ပြုပြီး တွေ့ဆုံဆက်ဆံနေတာမျိုးတွေ တွေ့နေရတယ်။ ဒါက ဆရာတို့ရပ်တည်ချက်ဟာ မှန်ကန်တယ် ဆိုတာကို သက်သေပြချက်တခု ဖြစ်တယ် လို့ ပြောနိုင်သလား။
          အဲသလို ပြောချင်လည်း ပြောလို့ရပါတယ်။ အရင်ကတည်းက တွေ့ဆုံဆက်ဆံနေကြ နိုင်ငံတကာက သံတမန်တွေ၊ အဖွဲ့အစည်းတွေကလည်း ပုံမှန် ဆက်လက်ပြီး တွေ့ဆုံကြတာမျိုးတွေ ရှိတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေကို မေးမြန်း စုံစမ်းတယ်။ ဒါက ကျနော်တို့ဟာ သာမန်လူမှုရေးအဖွဲ့အစည်းတရပ်အဖြစ် ပြောင်းလဲပြီး ရပ်တည်လိုက်ပြီလို့ အများက ယူဆလိုက်တယ်သာ ဆိုလို့ရှိရင် အခုလိုမျိုး ဆက်ဆံရေးတွေလည်း ရှိနေမှာ မဟုတ်ဘူးဆိုတာ ထောက်ပြချင်တယ်။ နိုင်ငံရေးအဖွဲ့အစည်းတရပ်အဖြစ် ဆက်လက်ရှင်သန်နေဖို့ ထင်ရှားတယ်လို့ ပြောချင်ပါတယ်။
          အဲသည်နေရာမှာ တခုဖြည့်ပြီး ပြောချင်တာက – စစ်အစိုးရက သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲကို ချမှတ်တယ်။ နိုင်ငံရေးပါတီတွေ ထောင်တယ်။ ပါတီထောင်ကြဖို့ကိုလည်း ဖိတ်ခေါ်တယ်။ အဲသည်နေရာမှာ အဲသည်လမ်းကြောင်းက မှန်ကန်တယ်၊ ထိရောက်တယ်၊ ပြည်သူလူထု အလိုကျဖြစ်တယ်၊ ဒီမိုကရေစီနည်းလမ်းကျတယ်သာ ဆိုရင် နိုင်ငံတကာက ချမှတ်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ၊ တားဆီးကန့်သတ်မှုတွေဟာ အခု ၃ လ၊ ၄ လ အတွင်းမှ လျော့ကျသွားရမယ်။ ဒါပမယ့် အခုအချိန်မှာ အမေ၇ိကန်ရဲ့ အရေးယူပိတ်ဆို့မှုဆိုတာတောင် သက်တမ်းတိုးလိုက်ပြီ ဖြစ်တယ်။ ဒါက လက်ရှိ နိုင်ငံရေးအခြေအနေအရ ဖြစ်ပေါ်လာရတာ ဖြစ်တယ်။ စစ်အစိုးရ စွပ်စွဲလေ့ရှိသလို အင်န်အယ်ဒီက သွေးထိုးလှုံ့ဆော်တောင်းဆိုလို့ ဖြစ်ရတယ် ဆိုတာမျိုး အခုအချိန်မှာ စစ်အစိုးရ ပြန်လှန် ချေပလို့ မရတော့ဘူးလို့ ပြောလို့ရမယ် ထင်တယ်။
          မှန်ပါတယ်။ ကျနော်တို့ဖက်က တောက်လျောက် ရပ်တည်ပြီး လုပ်ကိုင်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးဆောင်မှုပေးတယ် ဆိုတာက မတရားတဲ့ ဥပဒေတွေ၊ စည်းကမ်းနည်းလမ်းတွေကို တာဝန်အရ ဆန့်ကျင်ရမယ်၊ မလိုက်နာဘဲ နေရမယ် ဆိုတဲ့ အခြေခံအချက် တခုဖြစ်တယ်။ အခု ၂၀၀၈ အခြေခံဥပဒေဟာ တရားမျှတမှုမရှိဘူး၊ အဲဒါကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေဆိုတာကို လက်မခံနိုင်ဘူး၊ မလိုက်နာနိုင်ဘူး။ ဒါကို ကျနော်တို့က ဆန့်ကျင်တယ် မလိုက်နာနိုင်ဘူးလို့ ထုတ်ဖော်တယ်၊ ရပ်တည်တယ်။ ဒါပါပဲ။ နိုင်ငံတကာက အရေးယူတာ၊ တောင်းဆိုတာတွေကလည်း နအဖစစ်အစိုးရရဲ့ လုပ်ရပ်တွေကို သူတို့နည်း သူတို့သဘောထားအရ လက်မခံနိုင်လို့ ထွက်ပေါ်လာတယ်ဆိုတာ ထင်ရှားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်။ ကျနော်တို့ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့်မို့လို့ အရေးယူပိတ်ဆို့မှုတွေ ဖြစ်ပေါ်ရတယ်လို့ လက်ညိုးထိုးစရာ မရှိပါဘူး။
          အဲသည်လိုမျိုး အခြေခံပြီး ဆက်ပြီးပြောမယ် ဆိုရင် – ၂၀၀၈ အခြေခံဥပဒေလည်း ရှိပြီ၊ ၂၀၁၀ ရွေးကောက်ပွဲလည်း ဥပဒေပြဋ္ဌာန်ထားပြီးပြီ၊ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေလည်း ရှိနေပြီ။ အဲသည် သူတို့ရဲ့ သတ်မှတ်ချက်တွေ၊ ဘောင်တွေအတွင်းမှာ အင်န်အယ်ဒီလည်း မရှိဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်လည်း မပါလာတော့ဘူး၊ ယခင်က နိုင်ငံရေး အငြင်းပွားမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေကိုလည်း အခု ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းက ချန်ထားရစ်ခဲ့ပြီ ဆိုရင် – ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချပြီး ဖမ်းထားစရာ လိုတော့လို့လဲ။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရတော့မှာပေါ့လို့ စစ်အစိုးရကို ကျနော်တို့ဖက်က ထောက်ပြလို့ ရနိုင်မလား။
          ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အချိန်မှာ လွတ်မြောက်ရမှာ ဖြစ်တယ်။ (၂၀၁၀ နိုဝင်ဘာလတွင် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးသည်ဟု သတင်းများတွင် ရေးထားသည် – မိုးမခ) ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တယ် ဆိုတာဟာ ကျနော် မီဒီယာတွေမှာ ပြောဖူးပါတယ်။ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ လွတ်မြောက်လာတယ်ဆိုတာက ပန်းပွင့် တပွင့်လောက် ပွင့်တယ် ဆိုတာမျိုးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်ဆိုတာက တလောကလုံးမှာ ရှိတဲ့ ပန်းတွေ၊ သစ်ပင်တွေ အားလုံးဟာ မိုးရွာချလိုက်လို့ အားလုံး စိမ်းလန်းစိုပြေ နိုးထလာတာမျိုး ဖြစ်လိမ့်မယ်။ ပြည်သူလူထုဖက်က စိတ်အားတက်ကြွမှုတွေ၊ နိုင်ငံရေးနိုးကြားမှုတွေဟာ ဘာနဲ့ နှိုင်းယှဉ်လို့မရအောင် ပွင့်လန်းလာတဲ့ အချိန်ဖြစ်မယ်။ အဲသည်ကနေပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် လမ်းကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောချင်တယ်။
          တိုင်းပြည်အတွက် အဖြေရှာနိုင်မယ်ဆိုတာက အင်န်အယ်ဒီလက်ရှိ ကိုင်စွဲထားတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးပဲ လား ဆရာ။ တပ်မတော်အတွင်းမှာရှိတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ လက်နက်ကိုင်ပြီး အကြမ်းဖက် ဖြေရှင်းရေးတွေထက်၊ မတရားတဲ့ တဖက်သတ် ဥပဒေ အာဏာတွေ သုံးစွဲပြီး ဖိနှိပ် ဖြေရှင်းရေးတွေထက် အားလုံးအတူတကွ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရေး သာလျင် အသင့်မြတ်ဆုံးဖြစ်တယ်ဆိုတာကို ဆရာတို့က ဆက်လက်ပြီး ကိုင်စွဲသွားမှာလား။
          တချို့က ကျနော့်ကို ပြောကြပါတယ်။ တောက်လျောက်အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေကို ကြည့်လိုက်မယ်ဆိုရင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာကို မျှော်လင့်ချက်ထားစရာ မကောင်းတော့ဘူး။ ဒါကို အယုံအကြည်မရှိတော့ဘူးလို့ ပြောကြတယ်။ ဒါက အခြေအနေတွေကို ကြည့်ပြီး ထင်ဟတ်ပြီး ပြောကြတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က မူအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာလျင် လမ်းဖြစ်တယ် လို့ ရပ်တည်ထားပြီး ဖြစ်တယ်။ ဒါကို ကျနော်တို့ကို စွန့်လွှတ်တယ်လို့ ပြောလို့မရဘူး။
          အဲသည်တောင်းဆိုချက်ကိုမှ မတောင်းတော့ဘူးဆိုရင် နိုင်ငံရေးအင်အားစုတရပ်အနေနဲ့ ဘာကို သွားတောင်းတော့မှာလဲ။ တွေ့ဆုံဆွေးနွေးကြရေးကို နိုင်ငံတကာကလည်း တောင်းဆိုတယ်။ ကုလသမဂ္ဂမှာလည်း တောင်းဆိုနေကြတာပဲ။ တွေ့ဆုံဆွေးနွေးရေး ကို ဆောင်ရွက်ကြမှာသာလျင် ခုနင်က ကိစ္စတွေဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲအရေးကိစ္စတွေကို အားလုံးက သာတူညီမျှ တရားမျှတစွာ အဖြေရှာနိုင်ကြမှာ ဖြစ်တယ်။
တွေ့ဆုံဆွေးနွေးရေးသာ လမ်းပွင့်မယ်သာ ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊ တိုင်းရင်းသားအရေး၊ ရွေးကောက်ပွဲကိစ္စတွေအပြင် အင်န်အယ်ဒီရပ်တည်မှုတွေကို အစစ အရာရာ ဖြေရှင်းနိုင်မယ်ဆိုတာ လို့ ကျနော်တို့က ပြောနေတာ ဖြစ်တယ်။
အဲသည်မှာ ကရင်ပြည်နယ်ဖက် ခရီးထွက်ရင်းနဲ့ ဆရာတော်ကြီးတပါးနဲ့ ဆွေးနွေးခဲ့တော့ ဆရာတော်ကြီးက ဦးဝင်းတင်တို့ပြောတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာက သာမန်လူတွေ နားမလည်နိုင်ဘူးဆိုရင် ဘုန်းကြီးတို့သုံးတဲ့ ဓမ္မနည်းနဲ့ ဖြေရှင်းကြမယ်လို့ ပြောရင် မကောင်းဘူးလား လို့ ဆွေးနွေးပါတယ်။ အဲသည်တော့ ကျနော်က ပြန်လျှောက်တာက ဟုတ်ပါတယ်ဘုရား၊ ဘယ်အသုံးအနှုံးကို သုံးသုံးပါ။ မြန်မာပြည်မှာက တပည့်တော်ဆိုရင်လည်း နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းကျခံရတယ်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိနေတယ်။ ပစ်တာ ခတ်တာတွေ ရှိနေတယ်။ ဒါဟာ တိုင်းပြည်မှာ အဓမ္မနည်းနဲ့ အုပ်ချုပ်နေလို့ ဖြစ်ရတာ ဖြစ်တယ်။ အဲဒါရဲ့ ဆန့်ကျင်ဖက် ဓမ္မနည်းနဲ့ ချိုချိုသာသာ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး အဖြေရှာကြတာ အကောင်းဆုံးဖြစ်တယ်လို့ အရှင်ဘုရားတို့ကလည်း တိုက်တွန်းပေးကြပါလို့၊ ဟောပြောဆုံးမကြပါလို့ ကျနော်တို့ဖက်က ပြန်ပြီး ဆွေးနွေးခဲ့ပါတယ်။
နောက်ပြီးတော့ ဒီနည်းလမ်းကို ရွေးချယ်တယ်ဆိုတာ ငြိမ်းချမ်းတဲ့နည်း၊ အဖြေတွေ့မယ့်နည်းလို့ ပြောရတာက ဒီဖက်က ဆွေးနွေးမယ့်သူတွေက ထိုက်တန်တဲ့ လူတွေ၊ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေလို့ ပြောရတာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူပုဂ္ဂိုလ်သက်သက်မဟုတ်ဘူး။ ပြည်သူတွေက ထောက်ခံတယ်၊ တိုင်းရင်းသားတွေက လက်ခံတယ်၊ နိုင်ငံတကာက အသိအမှတ်ပြုထားပြီးသား ခေါင်းဆောင်တဦး ဖြစ်တယ်။ ဒါ့အပြင် ကျနော်တို့ဆီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းဆိုတာ မူတွေ၊ ရပ်တည်ချက်တွေနဲ့ တလျောက်လုံး ရှင်သန်နေတာ ဖြစ်တယ်။ ပြင်ဆင်ထားတာတွေ ရှိနေတယ်။
တပ်မတော်ဖက်ကလည်း လုံးလုံးကြီး သည်လမ်းကြောင်းကို ဆန့်ကျင်နေတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ထားပြီးသား ဖြစ်တယ်။ လမ်းဖောက်ထားတာပဲ။ သူ့ကို ဆက်သွယ်ရေးဝန်ကြီးလို့ အမည်ပေးထားတာထက် ယူနီတီဝန်ကြီးလို့သာ ဆိုလိုက်ရင် တိုင်းရင်းသားတွေ အားလုံးနဲ့ အင်န်အယ်ဒီနဲ့ တိုင်းပြည်တခုလုံးနဲ့ ဆိုင်တဲ့သဘောတောင် ဖြစ်သွားနိုင်သေးတယ်။ တခါးကို ဖောက်ထားပေမယ့် သော့ခတ်ပြီး ပိတ်ထားတာကတော့ တပိုင်းပေါ့။ ဒါပေမယ့် တပ်မတော်က လက်နက်အားကိုးတဲ့နည်းတွေနဲ့ မဖြစ်ဘူးဆိုတာ သူတို့ သိပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဒီဖက်က တရုတ်တို့ အာဆီယံတို့ကိုယ်တိုင်ကလည်း ပြောဆိုနေရပြီ ဖြစ်တယ် လို့ ပြောချင်တယ်။
နောက်ဆုံးတနေ့မှာ တပ်မတော် အခြေခံအင်အားစုတွေသာမက တပ်မတော်ခေါင်းဆောင် အင်အားစု အများစုက တိုင်းပြည်အကျိုးစီးပွားအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို ယုံကြည်လာကြမယ်၊ ဆောင်ရွက်လာကြမယ်ဆိုတာကို ကျနော်တို့က လမ်းဖွင့်ထားတဲ့သဘောနဲ့ ဆက်လက် တောင်းဆို ကိုင်စွဲနေရမှာပဲ ဖြစ်တယ် လို့ ပြောချင်ပါတယ်။
(မိုးမခက ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ အီးဘွတ်လေးတော့ ထုတ်ဖြစ်အောင် စီစဉ်နေပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဟံသာဝတီ ဦးဝင်းတင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်