>2008 Regime’s Constitution Question and Future – 4

July 24, 2010
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (၄)
ဘီဘီစီ
ဇူလိုင် ၂၃၊ ၂၀၁၀
အပိုင်း (၄) မှာတော့ ပြည်ထောင်စုစနစ်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေအကြောင်းကို ဆွေးနွေးထားပါတယ်။ ဦးမောင်မောင်သန်း စီစဉ်ပြီးတော့ ဒေါ်သီတာနွယ်က တင်ဆက်ပေးမှာပါခင်ဗျာ။

သောတရှင်များရှင်၊

အခြေခံဥပဒေနဲ့ အနာဂတ်ရေး အစီအစဉ် စတုတ္ထပိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ ပြည်ထောင်စုစနစ်နဲ့ ဒီအခြေခံဥပဒေဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဘယ်လောက် အာမခံမလဲဆိုတဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ အမြင်ကို တင်ပြမှာဖြစ်ပါတယ်။

အခြေခံဥပဒေမူကြမ်း ပုဒ်မ ၈ မှာ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နှင့် ဖွဲ့စည်းတည်ဆောက်သည်လို့ ဖော်ပြထားပါတယ်။ ဒီတော့ ဘယ်လိုပြည်ထောင်စုအမျိုးအစားကို ဆိုလိုပါသလဲ။ ပြည်ထောင်စုစနစ်ဆိုရင် ဘယ်လိုအင်္ဂါရပ်တွေနဲ့ ညီညွတ်ရသလဲဆိုတာ ၁၉၄၇ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ပင်လုံစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် ဗိုလ်ချုပ် အောင်ဆန်းကို ထောက်ခံခဲ့တဲ့ ရှမ်းပြည်လူငယ်ခေါင်းဆောင်၊ ရှမ်းပြည် တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးရွှေအုံးက ပြည်ထောင်စုပေါ်ပေါက်ရတဲ့ အခြေခံ အကြောင်းရင်းကို အခုလို ရှင်းပြပါတယ်။

“သဘောတူရင် ဘာသဘောတူသလဲဆိုရင် ကျနော်တို့ ပေါင်းမယ်၊ ဒါပေမယ့် ပြည်ထောင်စုပုံစံ ပြောင်းမယ်။ Union ပဲ။ Unitary မဟုတ်ဘူး။ Union က ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုရင် နံပါတ် ၁ က နိုင်ငံရေး တန်းတူညီမျှမှုရှိရမယ်။ နံပါတ် ၂ က ပြည်တွင်း လွတ်လပ်ခွင့် ရှိရမယ်။ ၃ က ခွဲထွက်ပိုင်ခွင့် ရှိရမယ်။ ဗိုလ်ချုပ်အောင်ဆန်းက အဲ ပေးမယ်၊ ဒါတွေ ကျနော် အကုန်လုံး သဘောတူတယ်။ ဒါတောင်မှ သူတို့ ချီတုံချတုံဖြစ်နေတာ သိပ်ပြီးတော့ မလုပ်ဘူး။

အဲ့တော့ ကျနော်တို့ ရှမ်းပြည် လူငယ်ခေါင်းဆောင်တွေက ဒီလောက် အခွင့်အရေး၊ ဒီလောက် သဘောတူညီချက် ရဖို့ဆိုတာ မလွယ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်ရှိလို့သာ ဒီလိုဟာမျိုးရတာ။ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကလည်း နောက် ပေါ်ချင်မှပေါ်မှာ၊ အဲ့တော့ ဒီလိုအခါမှာတော့ ပေါင်းသင့်ပြီထင်တယ် ပြောတဲ့အခါ နောက်ဆုံးကျတော့ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်အားကိုးလို့ ပင်လုံစာချုပ်ဖြစ်လာတာ”

ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုရင် တန်းတူရည်တူ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့ လိုအပ်ပါတယ်။ ဒီအခွင့်အရေးတွေကို အခြေခံဥပဒေသစ်မှာ ထည့်သွင်းထားတယ်လို့ အမျိုးသားညီလာခံကို တောက်လျှောက်တက်ခဲ့တဲ့ မင်္ဂလာဒုံ မြို့နယ် အမှတ် ၁ လွှတ်တော်အမတ် ဦးတင်ထွန်းမောင်က ပြောပါတယ်။
“တန်းတူရည်တူ အခွင့်အရေးက အရင်ကတည်းက ပါနေတာပဲလေ၊ ဒါနဲ့ ခုဟာမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ ထပ်ပေးထားတယ်။ နောက်တချက်က လူဦးရေရဲ့ ၀.၁ % ဆို အလိုအလျောက် ကိုယ်စားလှယ်တွေရတဲ့ဟာတွေ ပေးထားတယ်ဗျာ၊ အဲဒါတွေက ဘာပဲပြောပြော အရင်တုန်းက မရခဲ့ဘူးသေးတဲ့ဟာတွေ ဖြစ်နေတယ်လေ။

ဒါကြောင့် တိုင်းရင်းသားအခွင့်အရေးတွေနဲ့ပတ်သက်လို့ကတော့ အခြားတိုင်းရင်းသားတွေကို မထိခိုက်လို့ရှိရင် သူတို့ရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကား ဒါတွေအကုန်လုံး လွတ်လွတ်လပ်လပ် လုပ်နိုင်တယ် ဆိုတဲ့သဘောပါ။ ကျနော်တို့က အကောင်းဘက်က မြင်တဲ့အခါကျတော့ အရင်ကထက်ပိုရလာတယ်လို့ မြင်တယ်လေ”

ဒါပေမယ့် အခုရေးဆွဲထားတဲ့ ပြည်ထောင်စုပုံစံက ဥပဒေရှုဒေါင့်ကကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ (BLC) မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ထောက်ပြပါတယ်။

“ပြည်ထောင်စုစနစ်လို့ ပြောမယ်ဆိုရင် ပထမတချက်က ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်တဲ့ ယူနစ်များကြားထဲမှာ အာဏာတွေကို မျှတစွာ ခွဲဝေထားဖို့လိုတယ်။ ဒီအချက်ကို ကျနော်တို့က မတွေ့ရဘဲ ဒါနဲ့ပြောင်းပြန်ပဲ တပြည်ထောင်စနစ်ပုံစံမျိုးလို့ အတိအကျပြောလို့ရတဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးတဲ့ အုပ်ချုပ်မှုစနစ်ကို ချမှတ် ဆောင်ရွက်ထားတာဖြစ်တယ်။ နောက်တခုက ဖွဲ့စည်းရာမှာပါဝင်တဲ့ ယူနစ်တွေနဲ့ တခုနဲ့တခုကြားထဲမှာလည်း တန်းတူရေး အခြေခံကို ဘာတခုမှ အာမခံချက်ပေးထားနိုင်ခြင်း မရှိဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တိုင်းရင်းသား ဒေသတွေကို ဖွဲ့စည်းမှုအရ ပုံသဏ္ဍာန်အရ ဖွဲ့စည်းပေးထားသော်ငြားလည်းပဲ အဲဒီ တိုင်းရင်းသားဒေသရဲ့ အနှစ်သာရအရ လုပ်ပိုင်ခွင့်အာဏာ ဘာမှမရှိဘူး”

ဦးအောင်ထူးက အနှစ်သာရပိုင်းကို ထောက်ပြသွားပေမယ့် နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဆိုတဲ့ အာဏာ ၃ ရပ်ကို ပြည်ထောင်စုတိုင်းဒေသကြီးများ၊ ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကို ခွဲဝေအပ်နှင်းတယ်လို့ ပုဒ်မ ၁၁ က ဆိုပါတယ်။ ဒီ ခွဲဝေအပ်နှင်းမှုအပေါ် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလို သုံးသပ်ပြပါတယ်။

“အာဏာ ၃ ရပ်ကို ခွဲဝေပေးတယ်ဆိုတာကို Principle တော့ ကျနော်ဖတ်ရပါတယ်။ ဒါပေမယ့် လက်တွေ့ နောက်ဆက်တွဲ ဇယားကို သေချာကြည့်လို့ရှိရင် ခွဲပေးတဲ့အာဏာတွေဟာ မြူနီစပယ်အခွန်၊ ဈေးခွန်၊ ပွဲခွန်ကောက်ဖို့လောက် အဲဒီလောက် အာဏာတွေမှာ ဖြစ်နေပြီးတော့ အဓိကကျတဲ့ တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ သစ်တော၊ ရေမြေတောတောင်၊ သဘာဝ သယံဇာတ စသည်ဖြင့် အဲဒီအရေးတွေ သဘာဝ ပတ်ဝန်းကျင်အရေးတွေနဲ့ပတ်သက်ပြီးတော့ ဘာမှမပါတာကို ပြန်တွေ့ရတယ်ဗျ။ အဲဒီဥပဒေပြုဇယားကို သေသေချာချာဖတ်လို့ရှိရင် ဗဟိုကချုပ်ကိုင်ထားတဲ့ ဇယားပဲဖြစ်နေပြီးတော့ ပြည်နယ်မှာသော်လည်းကောင်း၊ ပြည်နယ်ထက်တဆင့်နိမ့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ တိုင်းတွေမှာ သော်လည်းကောင်း ဥပဒေပြုအာဏာ ပေးထားတယ်လို့ပြောပေမယ့် သူတို့ရတဲ့အာဏာဟာ Municipal အဆင့်၊ Local အဆင့်မှာပဲ ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်ခင်ဗျ”

နောက်တခါ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်မယ်ဆိုရင်တော့ ပုဒ်မ ၄၉ မှာ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနဲ့ ပြည်ထောင်စုနယ်မြေများဆိုပြီး ပိုင်းခြားသတ်မှတ်ထားပါတယ်။ ပုဒ်မ ၅၆ ထဲမှာလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအပြင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေကို အသစ်ပြဋ္ဌာန်းထားတဲ့အတွက် ဒါဟာ တခြားဖွဲ့စည်းပုံနဲ့မတူတဲ့ ထူးခြားချက် လို့ ပြောနိုင်မလား။

“တဖက်က ကြည့်ရင်တော့ နာမည်အရပေါ့လေ၊ ဖွဲ့စည်းပုံထဲမှာ ဒီလို စုဖွဲ့မှုအသစ်တွေ ဖော်ထုတ်ပေးတယ် ဆိုတာကတော့ အခြားဖွဲ့စည်းပုံနဲ့ မတူဘူးပေါ့၊ ထူးခြားချက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီထူးခြားချက်အောက်မှာ အသေးစိတ် ပြန်ကြည့်လို့ရှိရင် ဒီ အသစ်ထည့်ပေးထားတဲ့ဟာက နာမည်ပဲဖြစ်ပြီးတော့ အဲဒီဒေသမှာ တကယ့်လုပ်ပိုင်ခွင့်ကို ပြန်ကြည့်လို့ရှိရင် များများမတွေ့ရဘူးခင်ဗျ။ ဥပမာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဆိုတာက ဝ ကို ပြောတာ။ ကျန်တဲ့ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်နဲ့ နာဂကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ တိုင်းနဲ့ဒေသဆိုပြီးတော့ ထပ်ပြီးတော့ ခွဲလိုက်သေးတယ်။ သို့သော်လည်းပဲ တိုင်းမှာဖြစ်ဖြစ် ဒေသမှာဖြစ်ဖြစ် ဦးစီးအဖွဲ့တွေ ဖွဲ့ရတယ်။ ဦးစီးအဖွဲ့တွေ ဖွဲ့မယ်ဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်တဲ့ တပ်မတော်သား ၄ ဦးက အဲဒီဦးစီးအဖွဲ့မှာ မဖြစ်မနေ ပါရမယ်။ နောက်တချက်က အဲဒီဦးစီးအဖွဲ့ဥက္ကဋ္ဌတွေကို အဲဒီ တိုင်းတို့၊ ဒေသတို့က ကိုယ်ဘာသာရွေးပြီး ကိုယ့်ဘာသာ ခန့်လို့ မရဘူး။ ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒီလူကို ပြည်နယ်လွှတ်တော်ကနေတဆင့် သမ္မတကနေ ခန့်ရမယ်လို့ ပြောထားတယ်။ ဆိုတဲ့အခါကျတော့ သမ္မတနဲ့ ဆန့်ကျင်ကွဲလွဲတဲ့သူ၊ သမ္မတနဲ့မကြိုက်တဲ့သူဆိုရင် အဲဒီ တိုင်း၊ ဒေသတွေက လုံးဝ ခန့်ခွင့်မရှိတော့ဘူး။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ဟာက သက်ဆိုင်ရာ ဗဟိုကချပေးတဲ့ ဥပဒေတွေအောက်မှာ စီမံခန့်ခွဲတဲ့လုပ်ငန်းပဲ ဖြစ်မယ်ဗျ”

ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ဗိုလ်မှူးခွန်ဥက္ကာရဲ့အမြင် ဖြစ်ပါတယ်။

တခါ ၁၉၄၇ ခုနှစ်ကနေ မျက်မှောက်ခေတ်အထိ နိုင်ငံရေးလှုပ်ရှားမှုမှာ တောက်လျှောက်ပါဝင်ခဲ့တဲ့ ဦးရွှေအုံးကလည်း အခုလို နှိုင်းယှဉ်ပြပါတယ်။

“အဲတော့ ၇၄ ခုနှစ်ဟာကျတော့ အချုပ်အခြာအာဏာပိုင်တဲ့ ပြည်နယ် ၇ ခုနဲ့ အချုပ်အခြာအာဏာ လုံးဝမရှိတဲ့ တိုင်း ၇ ခုတို့ တတန်းတည်းထားသော်လည်းပဲ ဒါဟာ ပြည်ထောင်စု ဘယ်လိုမှမဟုတ်တော့ဘူး၊ ကျနော်တို့ခေါ်တော့ တိုင်းနဲ့ပြည်နယ်တွေပဲ ခေါ်တယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကျတော့ အဲဒီ ၇၄ ခုနှစ်က အခြေခံဥပဒေကိုပဲ လိုက်တာပဲ အမှန်ကတော့။ တိုင်းနဲ့ပြည်နယ်မဟုတ်ဘဲနဲ့ တိုင်းကို တိုင်းဒေသကြီးတို့ ဘာတို့ နာမည်လေးပြောင်းလိုက်တာ။ မျက်လှည့်ပြတာပေါ့။ ပြောင်းလိုက်ပြီးတော့လုပ်တာ အမှန်ကတော့ မူအားဖြင့်တော့ တိုင်းနဲ့ပြည်နယ်ပဲ အမှန်ကတော့။ တိုင်းနဲ့ပြည်နယ်လုပ်လာခြင်းအားဖြင့် ဘာဖြစ်လာလဲဆိုတော့ ၇၄ ခုနှစ်အတိုင်း ပြန်ဖြစ်လာတာပဲ။ ပိုပြီးတော့ ထူးလာတာက ဘာလဲဆိုတော့ ၇၄ ခုနှစ်တုန်းက တိုင်းနဲ့ပြည်နယ်ဖြစ်ပေမယ့် တပါတီအာဏာရှင်စနစ်ပဲ။ စစ်အာဏာရှင် မဟုတ်ဘူး။ အခုကျတော့မှ ပါတီစုံလို့ ပြောတယ်။ ပါတီစုံထဲမှာမှ စစ်တပ်က ဟိုက ယူလိုက်၊ ဒီက ယူလိုက် ၂၅ % ယူနဲ့ အမျိုးမျိုးလှည့်ယူလိုက်တော့ နောက်ဆုံးကျတော့ စစ်တပ်က အုပ်ချုပ်မှုပဲ အမှန်ကတော့။ အဲတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ဘာဖြစ်လာမလဲဆိုလို့ရှိရင် ဒီမိုကရေစီနိုင်ငံတော်မဟုတ်ဘဲနဲ့ စစ်တပ်ကအုပ်ချုပ်တဲ့ စစ်နိုင်ငံ ဖြစ်သွားပြီ။ အခြေအနေက တဖြည်းဖြည်းနဲ့ ဆိုးဆိုး ဆိုးဆိုးလာတာ အမှန်ကတော့။ ကျနော်တို့က ၄၇ ခုနှစ်တုန်းကနဲ့စာရင် ၇၄ ခုနှစ် နည်းနည်း ဆိုးတယ်၊ ၇၄ ခုနှစ်နဲ့စာရင် အခု ၂၀၀၈ ခုနှစ်က ပိုပြီးတော့ ဆိုးလာတယ်။ ကျနော်တို့က ပြန်လမ်းမရှိသလို ဖြစ်သွားတယ် အမှန်က”

ဝါရင့်နိုင်ငံရေးသမား ဦးရွှေအုံးက ခေတ်အဆက်ဆက် အခြေခံဥပဒေတွေကို ဝေဖန်သုံးသပ်ပြသွားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဖော်ဆောင်တယ်လို့ပြောလို့ရမယ့် အချက်တွေထဲမှာတော့ လွှတ်တော် ၂ ရပ်အနက် ပြည်သူ့လွှတ်တော်ကို မြို့နယ်နဲ့လူဦးရေကို အခြေခံပြီးဖွဲ့စည်းခဲ့သလို အမျိုးသား လွှတ်တော်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုစီက ကိုယ်စားလှယ်တဦးစီ ပါဝင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီ အတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာရွေးကောက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးကို တင်မြှောက်ခွင့်ပြုထားပါတယ်။ ဒီအပေါ်မှာတော့ တိုင်းရင်းသား လူမျိုးများကောင်စီ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျှံမှုန်းက အမျိုးသားလွှတ်တော်ရဲ့အခန်းကဏ္ဍကို ရှင်းပြထားပါတယ်။

“ပြည်နယ်နယ်နမိတ်ကို ပြင်ဆင်တဲ့နေရာမှာ အမျိုးသားလွှတ်တော်က ဘာအခွင့်အရေးမှမရှိဘဲနဲ့ ပြည်ထောင်စု လွှတ်တော်ကသာ ပြင်ဆင်ပိုင်ခွင့်ရှိတယ်။ ဆိုတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပေါင်းပြီးမှ ဖွဲ့စည်းထားတဲ့လွှတ်တော်ဖြစ်တယ်။ အမျိုးသားလွှတ်တော်မှာရော ပြည်ထောင်စု လွှတ်တော်မှာရော အများစုက ပြောရရင် ဗမာတွေကများနေတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ သူတို့ပြည်နယ် နယ်နမိတ်ကို ကာကွယ်ပိုင်ခွင့်မရှိပါဘူး။ ဥပမာအနေနဲ့ပြောလိုက်လို့ရှိရင် ချင်းပြည်နယ်ကို ၃ ပိုင်း ပိုင်းမယ်၊ တပိုင်းကို မကွေးတိုင်းထဲမှာထည့်မယ်၊ တပိုင်းကို စစ်ကိုင်းတိုင်းထဲမှာ ထည့်ပြီးတော့ ကျန်တဲ့အပိုင်းသေးသေးလေးကို ချင်းပြည်နယ် အဖြစ် ချန်ထားမယ်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတရပ်တင်သွင်းလို့ရှိရင် ချင်းပြည်နယ် စကားပြောပြီးတော့ အမျိုးသားလွှတ်တော်မှာထိုင်နေတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေက ချင်းပြည်နယ်ရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မဲက အင်မတန်မှ နည်းပါးသွားပြီဖြစ်တယ်။ ကျနော်ပြောချင်တာက အမျိုးသားလွှတ်တော်ကနေပြီးတော့ ပြည်နယ်အခွင့်အရေးကို ကာကွယ်နိုင်တဲ့ အခွင့်အရေးဆိုတာ လုံးဝ မရှိဘူးဆိုတာ သွားတွေ့ရပါတယ်”

ဒါကတော့ အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အချိုးကျ ပါဝင်ခွင့်ရပေမယ့် လက်တွေ့ရင်ဆိုင် နိုင်တဲ့ အခက်အခဲကို ဒေါက်တာ ဆလိုင်းလျှံမှုန်းက ထောက်ပြသွားတာပါ။

ဒီတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို လက်တွေ့မှာ ဘာမှမဖော်ဆောင်တော့တဲ့ သဘောလား။ ပုဒ်မ ၃၆၅ အရတော့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဓလေ့ထုံးတမ်းတွေကို လွတ်လပ်စွာ ပြုစုပျိုးထောင်ခွင့်ပြုထားပါတယ်။ ဒီအခွင့်အရေးအပေါ် ဦးအောင်ထူးက အခုလို သုံးသပ်ပြပါတယ်။

“စုပေါင်းအခွင့်အရေးနဲ့ပတ်သက်လာရင် ရှားရှားပါးပါး ဒီတခုပဲ ကျနော်တွေ့ရတယ်။ ဒီတခုက အဓိက စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းတွေနဲ့ ဆိုင်တယ်။ အဲတော့ အဲဒါတွေကို ပေးထားသယောင်ရှိတယ်။ သို့သော် ပုဒ်မ ၃၆၅ ကို အသေအချာ လေ့လာကြည့်ပါ။ ဒုတိယစာကြောင်းမှာ တွေ့ရလိမ့်မယ်၊ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည် တဲ့။ တိုင်းရင်းသားတွေက စုပေါင်းပြီးတော့ သူတို့ရဲ့ စာပေ တိုးတက်အောင်လုပ်တာ၊ ယဉ်ကျေးမှုတိုးတက်အောင် လုပ်တာ၊ အနုပညာတွေကို တိုးတက်အောင်လုပ်တာတွေ အားလုံးက အာဏာပိုင်တွေရဲ့မျက်စေ့ထဲမှာ ကြည့်လို့ မရတော့ဘူး။ သူတို့အာဏာတည်မြဲမှုကို ထိပါးတော့မယ်ယူဆရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိနှိပ်ခံရဖို့သာရှိတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်လို့ ကျနော်တို့ ထောက်ပြချင်တယ်”

နောက်တခါ ၂၀၀၈ အခြေခံဥပဒေထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လွှတ်တော် ၁၄ ရပ် ဖွဲ့စည်းခွင့်ပြုထားသလို ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ခန့်အပ်ထားမယ်ဆိုတဲ့ကိစ္စဟာ အရင်ဥပဒေတွေနဲ့ စာရင် ထူးခြားမှုရှိတဲ့သဘော တွေ့ရပါတယ်။ သထုံမြို့နယ် အမှတ် ၁ လွှတ်တော်အမတ် ခွန်မြင့်ထွန်းက အမျိုးသားညီလာခံကို ၃ နှစ်လောက် တက်ခဲ့ပြီး သူ့ရဲ့အမြင်ကို အခုလို ရှင်းပြပါတယ်။

“နအဖက အမည်ခံပြည်ထောင်စု နာမည်တပ်ထားတဲ့ အမည်ခံပြည်ထောင်စုကိုပဲ လုပ်ချင်တယ်။ တိုင်းရင်းသားတွေက တကယ့်ကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ဝတဲ့ ပြည်ထောင်စုစစ်စစ်ကို လိုချင်ပါတယ်။ ဒါ အဓိက ကွာဟချက် ဖြစ်ပါတယ်။ အဲတော့ ဒီနေ့ဖွဲ့စည်းပုံက ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းမှာ မဟုတ်ဘူး။ ဥပမာပြောရရင် ပြည်နယ် ဝန်ကြီးချုပ်ကိုခန့်အပ်တဲ့ကိစ္စမှာ တိုင်းရင်းသားအင်အားစုတွေ အပါအဝင် ကျနော်တို့ဒီမိုကရေစီအင်အားစုတွေက ပြည်နယ် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကပဲ ရွေးရမယ်၊ နအဖက သမ္မတကနေပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးမယ်။ အဲဒါ အဓိက ကွာဟချက်ပဲ။ နအဖက အပေါ်ကနေပြီးတော့ ရွေးမယ်။ ကျနော်တို့က အောက်ကနေပြီးတော့ တင်မြှောက်မယ်။ အဲဒါ အဓိက ကွာဟချက်ဖြစ်ပါတယ်။ အဲတော့ ဒီမှာထဲကိုက နအဖရဲ့ဖွဲ့စည်းပုံက တပြည်ထောင်စနစ်၊ ဗဟိုကနေ ချုပ်ကိုင်ထားတဲ့စနစ်ဆိုတာ ရှင်းပါတယ်”

သောတရှင်များရှင်၊ အခြေခံဥပဒေမှာပါဝင်တဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အချိန်ရသလောက် စုစည်းတင်ပြခဲ့တာဖြစ်ပါတယ်။

တကယ်တော့ အခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အလွန်အရေးပါသလို အခြေခံမူထဲမှာလည်း ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာကို အတိအလင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်တွေအကြား အာဏာခွဲဝေမှုကို မဖြေရှင်းနိုင်လို့ တိုင်းပြည်ဟာ အနှစ် ၆၀ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် အခု ဒီအခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်ရင်ကော ပြည်တွင်းငြိမ်းချမ်းရေးရနိုင်မလား။ ဒေါက်တာ ဆလိုင်းလျှံမှုန်းက အခုလိုသုံးသပ်ပြပါတယ်။

“သူတို့က တဖက်သတ်ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းသွားမယ်ဆိုလို့ရှိရင် နအဖ စစ်အစိုးရ သဘောထား အဲဒီမှာ ကျနော်တို့မြင်နိုင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေး ပြဿနာကို စစ်ရေးနဲ့ဆက်ပြီးတော့ ဖြေရှင်းမယ်ထင်တယ်ဆိုတာ ကျနော်တို့ သွားတွေ့နေတာဖြစ်ပါတယ်။ စစ်အစိုးရက ရေးဆွဲပြဋ္ဌာန်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်ပြုသွားမယ်ဆိုလို့ရှိရင် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်က အင်မတန်မှ ရင်လေးစရာကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ပြည်တွင်းစစ်ကို ငြိမ်းချမ်းဖို့ ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေကို အခွင့်အရေးပေးဖို့ ဆန္ဒမရှိဘူး။ အဲဒီအတွက်ကြောင့် သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသာ အတည်ပြုမယ်ဆိုလို့ရှိရင် ဒါဟာ တိုင်းပြည်အနာဂတ်မှာ ငြိမ်းချမ်းတဲ့ အလားအလာ လုံးဝမမြင်ဘူးဆိုတာ အင်မတန် ဝမ်းနည်းဖွယ်တွေ့ရပါတယ်”

သေတရှင်များရှင်၊ လက်ရှိပြောနေကြတဲ့ အခြေခံဥပဒေဟာ ၁၉၄၇၊ ၇၄ ဥပဒေတွေနဲ့စာရင် တိုင်းရင်းသား အခွင့်အရေးတွေကို ပေးထားတယ်လို့ ဖော်ပြထားပေမယ့် ဗဟိုချုပ်ကိုင်မှုများတဲ့အတွက် စစ်မှန်တဲ့ပြည်ထောင်စု လို့ မခေါ်နိုင်ကြောင်း အမြင်အမျိုးမျိုးကို တင်ပြလိုက်ရပါတယ်။ လာမယ့်အစီအစဉ်ကျရင်တော့ အခု ဒီဥပဒေကြမ်းဟာ တချို့ယူဆသလို တဖြည်းဖြည်းပြောင်းလဲနိုင်မယ့် အလားအလာ ဘယ်လောက်ရှိသလဲဆိုတာ နားဆင်ရမှာဖြစ်ပါတယ်ရှင်။

ဆက်လက်ဖော်ပြပါမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်