>Ashin Osada – Halfmoon Bay Summer Buddhist Class for Children

August 14, 2010

>

 ဟတ်ဖ်မွန်းဘေးက ၁၈ ကြိမ်မြောက် နွေရာသီ အခြေခံဗုဒ္ဓဘာသာ သင်တန်း အမှတ်တရများ
အရှင်သြသဓ
သြဂုတ် ၁၄၊ ၂၀၁၀
ဟဖ်မွန်းဘေးမြို့၊ ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်တွင် ကလေးများအတွက် နွေရာသီ အခြေခံဗုဒ္ဓဘာသာသင်တန်းကို သြဂုတ်လတွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်ပေသည်။ ဤသင်တန်းသည် နောက်မျိုးဆက်သစ် ကလေးများအတွက် အလွန်အရေးကြီးလှသဖြင့် ဓမ္မာနန္ဒဆရာတော်ဘုရားကြီး၏ သြဝါဒအတိုင်း ထေရဝါဒဗုဒ္ဓဘာသာအသင်း၏ အရေးကြီးသောလုပ်ငန်းတစ်ရပ်အဖြစ်လည်း ချမှတ်ကာ လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။
          သမိုင်းကြောင်းလေးကို အနည်းငယ် တင်ပြရသည်ရှိသော် ဓမ္မာနန္ဒဆရာတော်ဘုရားကြီး ဦးသီလာနန္ဒသည် မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုရန် တာဝန်ပေးချက်ဖြင့် ၁၉၇၉-ခုနှစ် ရောက်ချိန်မှစ၍ ဗေးဧရိယာ၌ တရားဟောခြင်း၊ တရားပြခြင်း၊ ဓမ္မသင်တန်းများပေးခြင်းဖြင့် သာသနာပြုလုပ်ငန်းများကို အောက်ခြေမှစ၍ လုပ်ဆောင်ခဲ့ပေသည်။
ထိုလုပ်ငန်းများသည် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာစိတ်ဝင်စားကြသော အနောက်တိုင်း၊ အရှေ့တိုင်းသားများအတွက်ကား အကျိုးရှိလှပေသည်။ သို့သော် ဤနိုင်ငံ၌မွေးဖွားကြသည့် ကလေးများအတွက်ကား မလုပ်နိုင်ခဲ့သေးပေ။ လူကြီးများလောက်သာ ရပ်ထားလိုက်လျှင် နောင် သာသနာ့မျိုးဆက် ပြတ်သွားပေမည်။ ထို့ကြောင့် ကလေးများအတွက် လက်ဆင့်ကမ်းသာသနာပြုရန် အခြေခံဗုဒ္ဓဘာသာသင်တန်းလေးတွေ ဖြစ်တဲ့နည်းနဲ့ ဖွင့်ရမည်ဟု တစ်ထစ်ချ ဆုံးဖြတ်ခဲ့ပေသည်။
ကနဦးအစ လမ်းထွင်ရသူများတွင် လူများသာ မဟုတ်၊ ဘုန်းကြီးများမှာလည်း စိတ်ကူးဖြင့်ပင် မစဉ်းစားခဲ့မိသော အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရပေသည်။ မြန်မာပြည်၌ မည်ကဲ့သို့သော အခြေအနေမျိုးနဲ့ နေခဲ့ရသည်ဖြစ်စေ၊ အမေရိကန်ရောက်လျှင် အားလုံးတပြေးညီညီ တစ်ကပြန်စ ကြရပေသည်။ ဘယ်ဟာမှ ပြည့်စုံသည်ဟူ၍ မရှိ၊ ဟိုဟာလည်း လို၊ ဒီဟာလည်း လို၊ ဟိုဟာလည်း လုပ်စရာ၊ ဒီဟာလည်း လုပ်စရာ၊ အခက်ခဲတွေက များ၊ ဒုက္ခတွေက ကြီး၊ လုပ်မည့်သူက တစ်ယောက်ထဲ၊ ဘယ်ဟာမှ နှံ့စပ်နိုင်သည် ဟူ၍ မရှိ။
          ဤနိုင်ငံသို့ရောက်လာခါစ မြန်မာပြည်ဖွားများအနေနဲ့လည်း ဘယ်မှအဆက်အသွယ်လည်း မရှိ။ မိမိတို့လောလောဆယ် ရပ်တည်နိုင်ရေးနှင့်၊ ကလေးများပညာတတ်ဖြစ်ရေးအတွက်သာ ဦးစားပေးစဉ်းစား ခဲ့ကြသည်။ ကလေးတွေဘွဲ့ရပြီး အလုပ်တွေရရင် သူတို့ကိုမီပြီး ချမ်းချမ်းသာသာနေရမည်ဟူသော စိတ်ကူးယဉ် မျှော်လင့်ချက်တွေ တသီတတန်းကြီးနဲ့ နေ့မအား ညမနား၊ Side Job ပါရှာပြီး လုပ်ခဲ့ကြ၏။ သို့သော် ကလေးများဘာသာရေး သွန်သင်ဆုံးမပေးဖို့တော့ မစဉ်းစားခဲ့မိကြပေ။
          သူတို့ကိုယ်တိုင်လည်း ဘာသာရေးအကြောင်း ဂဃနဏ မသိကြ။ သိသူများလည်း စားဝတ်နေရေး လုံးပမ်းနေကြရ၍ သင်ချိန်မရ။ ဤသို့ဖြင့် ထွေးလုံးရစ်ပတ် သံသရာလည်နေရင်း ဤမှာမွေးလာသော ကလေး များသည် အခြားဘာသာယဉ်ကျေးမှုများကြားတွင် တဖြေးဖြေး ကြီးပြင်းလာခဲ့ကြပေတော့သည်။ သူတို့နီးစပ် ရာ ဘာသာများအကြောင်းကိုသာ သိကြပြီး၊ မိမိတို့ဘာသာအကြောင်းကိုကား “ဗုဒ္ဓေါ” တစ်လုံးပင် ယောင်၍ မထွက်တတ်ကြ။ မည်သည့်ဘာသာမဆို ကိုးကွယ်သူများကိုယ်နှိုက်က လက်ဆင့်ကမ်းသယ်ဆောင် သင်ကြားပို့ချ လိုက်နာမှုမရှိကြလျှင် တဖြေးဖြေး ကွယ်ပျောက်တတ်စမြဲပင်။
          ထို့ကြောင့် ဘာသာရေးကိစ္စများ မိမိတို့အိမ်တွင် ပြုလုပ်သောအခါ ကလေးများက ရှောင်ဖယ် ရှောင် ဖယ်နဲ့ လူကြီးနား မကပ်ကြတော့ပေ။ အဲဒီခါကျမှ ဘုန်းကြီးရှေ့အတင်းဆွဲခေါ်ပြီး ရှိခိုးခိုင်း၊ သြကာသဆိုခိုင်း  လုပ်တော့ “I don’t want to do that. I don’t know anything about that. This is your religion, not my religion. You cann’t force me to do that.”  စသဖြင့် ကလေးများက ငိုမဲ့ပြီး အတင်းကန်ကာ ငြင်းဆန်နေ တော့၏။
အဲဒီကျမှ မိဘများ မျက်ရည်ကျရတော့သည်။ ရင်ကျိုးရတော့သည်။ ငါတို့မှားပြီ၊ နောက်ကျသွားပြီ ဆိုသော နောင်တမျိုးဖြင့် မျက်နှာမသာမယာ ဖြစ်ကြရတော့သည်။ ဒီတော့ ဧည့်သည်တွေရှေ့မှာ ပွဲလည်းငြိမ် သွားအောင် ဘုန်းကြီးတွေကဘဲ “ကလေးတွေ နေတတ်သလို နေပါစေကွယ်၊ နောင်သင်ပေးရင် တတ်လာမှာ ပေါ့ဟု ဆိုကာ ဝင်ထိန်းပေးလိုက်ရတော့သည်။ အမှန်အတိုင်းပြောရရင် ဒီကလေးတွေရှေ့ရေး စိတ်ထဲမှာ တော့ တော်တော်ရင်လေးမိသည်။
          မိဘတွေက သားသမီးတွေနောင်ရေးအတွက်ဆိုပြီး မျက်လုံးစုံမှိတ်ကာ တိုင်းပြည်ကိုစွန့်ခွါ၊ ဘဝကို တစ်က ပြန်စ၊ “တို့တတွေ အခုပင်ပမ်းခံထားမှ တို့သားသမီးတွေကျရင် ချမ်းသာမှာဆိုပြီးေ့မြှာ်လင့်တကြီးနဲ့ အလုပ်တွေ ကြိုးကြိုးစားစားလုပ်ခဲ့ကြပေမဲ့ ကလေးတွေက အခုကထဲက မိဘကို ဆန္ဒပြနေပြီ။ ပြောမရတိုင်း “ငါ လုပ်လိုက်ရကွာ လို့ ခြိမ်းချောက်မယ်တော့ မကြံနဲ့၊ မိဘရိုက်ရင် ရဲကိုဘယ်လိုခေါ်ရမယ်ဆိုတာ ကျောင်း က သင်ပေးထားလို့ ကောင်းကောင်း သိနေပြီ။ ဒီတော့ အိမ်ပေါ်မှာ ဘာသာရေးပြဿနာက တဖြေးဖြေး ပိုပို ကြီးထွားလာတော့၏။
ကလေးများက ထမင်းဝိုင်းတောင် အတူမစားတော့ပေ။ လူကြီးတွေ ရှေ့ခန်းရှိရင်၊ သူတို့က နောက်ခန်းဘက် ထွက်သွားကြတော့၏။ တစ်အိမ်ထဲနေပြီး သားသမီးနဲ့မိဘ အနေက ပိုပိုဝေးလာ တော့၏။ သွန်သင်ဆုံးမဖို့ဆိုတာ ဘယ်မှာဖြစ်နိုင်ပါတော့မလဲ။ ဤသို့သောဇာတ်လမ်းများကို ဓမ္မာနန္ဒ ဆရာတော်ဘုရားကြီးက ကောင်းကောင်းကြီး သိထားပေသည်။
          ဤအတိုင်းပင် ဒေါက်တာလင်းဆွေအေးနှင့် ဒေါက်တာဒေါ်ခင်ညိုသက်တို့ ဇနီးမောင်နှံတို့ကလည်း ဤနိုင်ငံ၌ မွေးဖွားလာသော ကလေးများအတွက် ဘာသာရေးကွယ်ပျောက်သွားမည်ကို များစွာစိုးရိမ်မိသည်။ မိဘများလည်း မသင်နိုင်၊ ဘုန်းကြီးကျောင်းလည်း မပို့ကြ။ ငယ်ရွယ်စဉ်ကတယ်လို့ တဖြေးဖြေးသင်ကြားပြသ ပေးမှ ကြီးလျှင်ပြောဆိုဆုံးမလို့ရမည်။ ကိုယ့်စကား နာခံမည်။ သို့မဟုတ်ပါက နီးစပ်ရာဘာသာနောက်သို့ လိုက်သွားပေမည်။ ဟိုမကျ ဒီမကျနဲ့ ယောင်တောင်တောင်လည်း ဖြစ်ကောင်းဖြစ်မည်။
ထို့ကြောင့် ဓမ္မာနန္ဒ ဆရာတော်ဘုရားကြီးကို ကလေးများအတွက် ဘာသာရေးသင်တန်းများ ပြုလုပ်ပေးရန် လျှောက်ထားခဲ့ရာ ဆရာတော်ဘုရားကြီးကလည်း လုပ်ဖို့ဆန္ဒရှိပြီးသားမို့ ချက်ချင်းပင် လက်ခံလိုက်ပေသည်။ ဒေါက်တာလင်းဆွေအေး မိသားစုတို့ကပဲ နွေရာသီအခြေခံ ဗုဒ္ဓဘာသာသင်တန်းအတွက် မ,တည်ငွေများကို စိုက်ထူ လှုဒါန်းခဲ့ကြပေသည်။ စာမေးပွဲကို Aye-Thet Scholarshipဟု နာမည်ပေးခဲ့ကြပေသည်။
          ပထမဆုံး Aye-Thet Scholarship အခြေခံဗုဒ္ဓဘာသာသင်တန်းကို ၁၉၉၁ ခုနှစ်မှာ ကျောင်းသား ၄ ယောက်ဖြင့် စတင်ခဲ့ပေသည်။ နောက်နှစ်များတွင်လည်း ဆယ် ဂဏန်းလောက်နီးပါး ကျောင်းသားများကိုသာ သင်နိုင်ခဲ့သည်။ ဒေးလီးစီးတီးကျောင်း၌ နေရာခက်ခဲမှုကြောင့် ကျောင်းအိပ် မထားနိုင်ခဲ့ပေ။ ဟဖ်မွန်းဘေး ရောက်၍ ကျောင်းဆောင်ကြီးဆောက်ပြီး ၂ဝဝ၆-ခုရောက်မှသာ ညအိပ်ကျောင်းသားရော နေ့ကျောင်းသားပါ လက်ခံ သင်ကြားနိုင်ခဲ့ပေသည်။ ၂ဝဝ၆-တွင် ကျောင်းသား ၅ဝ၊ ၂ဝဝ၇-မှစ၍ ကျောင်းသားပေါင်း ၁-ရာခန့် လာအပ်ကြသော်လည်း နေရာခက်ခဲမှုကြောင့် ၈ဝ-သာ ကန့်သတ်ထားခဲ့ပေသည်။
ယခုနှစ်တွင် ဇူလိုင်လ ၃၁-ရက်မှ သြဂုတ်လ ၇-ရက်နေ့အထိ ကျောင်းသား ၈ဝ၊ လုပ်အားပေးဆရာ ၁၂-ယောက်၊ guest speaker ၆ ယောက်၊ အချိန်ပြည့် မီးဖိုချောင်လုပ်အားပေး ၁၃ ယောက်တို့်ဖြင့် စည်ကား သိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့ပေသည်။ ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် မိဘများကိုယ်တိုင် မဖြစ်မနေတက်ရောက်ကြရ သည်။
လုပ်အားပေးများလည်း မနက်မိုးမလင်းခင်ကစ၍ ညနေစာ စားပြီးချိန်အထိ မနက်စာ၊ နေ့စာ၊ သရေစာ၊ ညနေစာဆိုပြီး လေးခါချက်ပြုတ်ကျွေးမွေးကြရသော်လည်း “သားသမီးလေးတွေ စာသင်နေတာ၊ တရားထိုင်နေတာလေးတွေကိုကြည့်ပြီး မောတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး ဘုရားဟု ဆိုကြ၏။
ကလေးများအချိန်ဇယားကလည်း မသက်သာလှပေ၊ မနက် ၆-နာရီထ၊ ၆-နာခွဲ ဘုရားဝတ်တက်၊ ရ-နာရီ နံနက်စာစား၊ ၇-နာရီခွဲ သန့်ရှင်းရေး၊ ၈-နာရီကနေ ၉-နာရီတစ်တန်း၊ ၉-ခွဲကနေ ၁ဝ-ခွဲ တစ်တန်း၊ ၁၁-နာရီကနေ ၁၁-ခွဲအထိ တရားထိုင်သင်တန်း၊ ၁၂-နာရီမှာ နေ့လည်စာ၊ ၁-နာရီက ၂-နာရီ တစ်တန်း၊ ၂-နာရီခွဲကနေ ၃-ခွဲ တစ်တန်း၊ ၃-ခွဲကနေ ၄-အထိ သရေစာစား၊ ညနေ ၄-နာရီကနေ ၄-ခွဲအထိ ဘုရား ရှိခိုးစာကျက်၊ ၄-ခွဲကနေ ၅-ခွဲ အထိ ယောဂ(သို့မဟုတ်) Craft (သို့မဟုတ်)ကစားချိန် တစ်ခုခု၊ ၆-နာရီ ညနေစာ စား၊ ည ရ-နာရီမှ ၈-နာရီခွဲအထိ ပြင်ပမှလာသော Guest Speaker များထံမှ တရားထိုင်နည်း၊ သို့မဟုတ် ဓမ္မဖြင့် ဘဝကိုနေထိုင်နည်းနှင့် သူတို့၏ဘဝအတွေ့အကြုံ မှတ်သားဖွယ်ရာများကို နားထောင်၊ ပြီးလျှင် ၁ဝ-မိနစ်ခန့် တရားထိုင်ကာ တနေ့တာ အဆုံးသတ်၏။ ည ၁ဝ-တွင်တော့ အားလုံး အိပ်ကြရသည်။
သည်တွင်မကသေးပါ။ ကလေးများ သေသေချာချာ လေ့လာတွေးခေါ်တတ်ရေးအတွက် သူတို့ထင်မြင် ယူဆပုံလေးများလည်း သိအောင် Essay တပုဒ်လည်း ရေးကြရပါသေးသည်။ ကျောင်းက  Grade အတိုင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟု သုံးဆင့်ခွဲခြား၍ စစ်ပါသည်။ ဒီနှစ်အတွက် ခေါင်းစဉ်မှာ “Medita tion”  ဖြစ်၏။ ၄င်းကို ရေးနိုင်ဖို့အတွက် သင်ခန်းစာများ၊ တရားထိုင်သင်တန်းများ၊ Guest Speaker များထံမှ သူတို့ သေသေချာချာ လေ့လာ နားထောင်ကြရပေသည်။ Guest Speaker များကိုလည်း အဖြေရခက်သည့် မေးခွန်းများကိုပင် မေးလာတတ်ကြသည်။ သူတို့ရေးထားသော Essay ကို သောကြာနေ့ ပြန်အပ်ရ၏။ စနေနေ့ နေ့လည် ၁-နာရီတွင် စာမေးပွဲဖြေရ၏။ ၃-နာရီမှ ၄-နာရီခွဲအထိ ပိတ်ပွဲ အခမ်းအနား ကျင်းပ၏။ ထိုအခမ်း အနားတွင် ပထမ၊ ဒုတိယ၊ တတိယ ရသော Essay များကို ကျေငြာပေးကာ အတန်းအလိုက် ပထမဆုရသူ များကတော့ ကိုယ်တိုင် ရှေ့သို့ထွက်ကာ မိမိ Essay ကို ဖတ်ပြရ၏။

ထိုစာဖတ်သောအချိန်တွင် မျက်ရည်များ ဝဲနေသည့်မိခင်တစ်ယောက်ကို စာရေးသူသတိထားလိုက် မိသည်။ ဝမ်းသာလို့ဝဲသော မျက်ရည်ဆိုသည်ကိုတော့ သံသယမရှိပေ။ သူ့သားဖတ်နေသော စာထဲတွင် မိဘကျေးဇူးတရားနှင့် သူတို့က မိဘများအပေါ်ဆိုးခဲ့သည့် အမှားလေးများကို နောင်တရမိသည့်သဘော ရေးသားထားသည်ကို ကြားရ၍ မိခင်မှာ ဝမ်းသာလွန်း၍ ငိုနေရှာ၏။

နောက်ပြီး “သူ့သားဟာ အခု ဒိလောက်ထိ မိဘအပေါ် သိတတ်သွားပါလားဟု ပီတိဖြစ်၍လည်း မျက်ရည်များ ကျလာခြင်း ဖြစ်ပေမည်။
အခြားကျောင်းသား တစ်ယောက်ဖတ်ပြရာတွင် “ဤသင်တန်းကို မိဘများက တိုက်တွန်း၍ လာရ ခြင်းဖြစ်ကြောင်း၊ သူ့အတွက်တော့ အချိန်သာကုန်၍ အကျိုးရှိမည် မထင်ကြောင်း၊ နောက်ပြီး စည်းကမ်းတွေ ကြားထဲမှာနေရ၍ သူ့အတွက် ဘုန်းကြီးကျောင်းဟာ အချုပ်ထောင်သာဖြစ်ကြောင်း၊ တရားထိုင်တယ် ဆိုတာ လည်း ပျင်းစရာအလုပ်၊ လူကြီးတွေအလုပ်ဟုသာ ထင်ကြောင်း၊
ဤသို့သင်တန်းမလာခင် သူ၏ ထင်မြင်မှု များကို ပထမရေးထားပြီးနောက်
“၂-ရက်လောက်ရောက်တဲ့အခါကျမှ သူထင်တာနဲ့ တခြားစီဖြစ်နေကြောင်း၊ လူငယ်တွေ ဒီလိုသင်တန်းမျိုး တက်သင့်ကြောင်း၊ တရားထိုင်တာ လူငယ်တွေအတွက်လည်း လုပ်သင့်တဲ့ အလုပ်တစ်ခုဖြစ်ကြောင်း၊ တနေရာထဲမှာ ဗုဒ္ဓဘာသာအကြောင်းကို စာတွေ့လက်တွေ့ တော်တော်လေးစုံ အောင် လေ့လာခွင့်ရလို့ ဆရာတော်များ၊ ဆရာများ၊ လုပ်အားပေးများကိုလည်း ကျေးဇူးတင်မိကြောင်း
ဖတ်ပြနေ၍ ပရိသတ်နောက်ပိုင်းတွင် ထိုင်နေသည့်ဖခင်လုပ်သူမှာ မျက်နှာကြီးပြုံးပြီး နားထောင်နေရှာ၏။
မိဘတစ်ယောက်ကတော့ တပတ်အတွင်းလေးမှာ ဒီလို ဘာသာရေးစာပေများလေ့လာခြင်း၊ တရား ထိုင်ခြင်း၊ ပြင်ပဆရာများထံမှ ဘဝကိုဓမ္မအမြင်ဖြင့် လေ့လာလိုက်ရခြင်းသည် သူ့ကလေးများအပေါ် ဤမျှ လောက် အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု အစက သူမထင်ကြောင်း၊ သို့သော် ကျောင်းတွင် သူ့သား ရေးသည့် စာစီစာကုံးက အဆင့်မြင့်နေ၍ ဆရာမက “သူ့သား ဘယ်လိုစာအုပ်တွေ ဖတ်ပါသလဲ၊ သိပါရစေ လို့ လာမေးကြောင်း၊ နောက်မှ သည်အတွေးမျိုးကို နွေရာသီဗုဒ္ဓဘာသာသင်တန်းမှ ရခဲ့သည်ဟု သူ့သားထံမှ သိရကြောင်း၊ ထို့ကြောင့် ဤသင်တန်းသည် သူ့ကလေးများမှာ လောကီ၊လောကုတ် နှစ်ဖက်လုံး အတွက် အကျိုးရှိကြောင်း ပြောပြသွား၏။
ဖခင်တစ်ယောက်ကတော့ သူ့သားဟာ ဒီသင်တန်းကို ဘယ်လောက်ကြိုက်သလဲဆိုသည်ကို ဤသို့ ပြောသွားသေး၏။
သူ့သားသည် ကျောင်းတွင် Football အသင်းဝင်ထားသဖြင့် သင်တန်းတတိယနေ့ ညနေ တွင် စာရေးသူကို ခွင့်တောင်း၍ ဖွင့်ပွဲသို့သွားကြ၏။ ဖွင့်ပွဲအပြီးတွင် အနည်းငယ်ကစားပြီး နောက်တစ်နေ့တွင် ဆန်ဖရန်ဆစ္စကိုမှ နာမည်ကြီး Football သမားများနှင့်တွေ့ဆုံမိတ်ဆက်ကာ အော်တိုများ ရေးပေးမည်ဖြစ် သည်။ သို့သော် ညရောက်တော့ အဖေကို သူကျောင်းပြန်လိုကြောင်း ပြော၏။
အဖေလုပ်သူက “မနက်ဖြန်မှာ နာမည်ကြီး Football သမားတွေနဲ့တွေ့မှာလေ၊ ဒီတော့ မင်း Choice ပါဘဲ၊ သူတို့နဲ့ တွေ့မလား၊ သင်တန်းပြန် မလားလို့မေးတော့၊ သူ့သားက မဆိုင်းမတွပင် “I don’t want to miss my classes tomorrow. I perfer to go to mona­stery”  လို့ ပြောသဖြင့် သူ့ကို ည ၉-နာရီရောက်မှ ကျောင်းပြန်ပို့ပေးရပေသည်။ သူ့စိတ်ဓာတ် ကလေးကို စာရေးသူ မချီးကျူးဘဲ မနေနိုင်ပါ။
          အခြားဖခင်တစ်ယောက်ကတော့ သူ့သားဟာ အိမ်မှာ မိခင်နှင့် တဂျစ်ဂျစ် ရန်ဖြစ်ကြောင်း၊ မိခင်က လည်း ကောင်းစေချင်လွန်းသဖြင့် ဆုံးမတော့ သားကလက်မခံဘဲ ပြဿနာတက်ခဲ့ဖူးကြောင်း၊ သူ့သားဟာ အခြားကလေးများနှင့် အဆင်ပြေခဲကြောင်း၊ ဆရာတော်တွေစကား နားထောင်ပါ့မလားဟု စိတ်မချ,တချနဲ့ သင်တန်းပို့ခဲ့ရကြောင်း၊ သူ့သားကလဲ မလွန်ဆန်နိုင်၍သာ လိုက်ခဲ့ရကြောင်း၊ သို့သော် ညနေပိုင်း သူလာ ကြည့်သောအခါ သူ့သားမှာ အိမ်ကပုံစံနှင့် လုံးဝမတူဘဲ ထူးထူးခြားခြား လိမ္မာနေတာ တွေ့ရကြောင်း၊ နောက်ဆုံးပြီးတဲ့နေ့ အဖေကိုတွေ့တော့လည်း ပြေးလာပြီး “အဖေ-နောက်နှစ်လဲ သားလာမယ်နော်ဟု ဆိုလာသဖြင့် သူ့မှာ ရင်ဆို့မတတ် ဝမ်းသာပီတိ ဖြစ်မိကြောင်း ပြောလာပြန်သည်ကလည်း တစ်မျိုးဖြစ်၏။
ဒီနှစ်ထူးခြားသည်မှာ ကျောင်းသားဟောင်း တော်တော်များများက ပြန်လာကြပြီး သူတို့နိုင်သည့် အတန်းများကို ပြန်လည်သင်ကြားပေးခြင်း၊ နားမလည်သော ကလေးများကို ကူညီရှင်းပြပေးခြင်း၊ ကလေး ငယ်များကို ပြန်လည်ထိန်းပေးခြင်း၊ သန့်ရှင်းရေးဝေယျာဝစ္စများ ဝိုင်းဝန်းကူညီပေးခြင်း စသည်များကို သူတို့ အသိနဲ့ စာရင်းပေးကာ လာရောက် ကူညီကြပေသည်။
ကျောင်းသူဟောင်းတစ်ယောက် ဆိုလျှင် စာသင်ပေးဖို့ စာရင်းသွင်းထားပြီးမှ ကျောင်းလေ့လာရေးခရီးစဉ်ဖြင့် ဥရောပသို့ပါသွားရာ ၃-ရက် နောက်ကျမှ ရောက် လာ၏။ မိမိနေထိုင်ရာ Visalia အိမ်သို့ပင် မပြန်တော့ဘဲ လေဆိပ်မှတန်းပြီး ကျောင်းသို့ လာခဲ့ပေ သည်။ စာရေးသူတို့ မြှော်မှန်းသည်မှာလည်း ဤကဲ့သို့ နောက်မျိုးဆက်များကို လက်ဆင့်ကမ်းရေးပင် ဖြစ်သည်။ စာရေးသူလည်း “တို့ပြုစုပျိုးထောင်ခဲ့တဲ့ မျိုးစေ့လေးတွေတော့ အပင်ပေါက်လာပါပကောလားဟု တွေးကာ ဝမ်းသာပီတိ ဖြစ်မိ၏။
          စာရေးသူကိုယ်တိုင်လည်း ပထမနှစ်များတွင် မျောက်ရှုံးအောင်ဆော့တတ်သော ကလေးများသည် နောက်နှစ်များတွင် တဖြေးဖြေးတည်ငြိမ်လာကာ၊ အမှတ်မထင် စာတော်သောကလေးများ၊ စေ့စေ့ပေါက်ပေါက် မေးတတ်သောကလေးများအဖြစ် ပြောင်းလဲလာသည်ကို တွေ့ရပေသည်။ သူတို့အသိနဲ့ သန့်ရှင်းရေးများ လုပ်လာကြသည်။ မိမိကျောင်းသဘောမျိုးထားကာ လုပ်စရာတွေ့လျှင် ဝိုင်းကူညီတတ်လာသည်။ သူတို့ ကိုယ်တိုင် နောက်ဆုံးနေ့ ပြန်ခါနီးတွင် စာရေးသူထံသို့လာ၍ နှုတ်ဆက်ကန်တော့ရင်း “နောက်နှစ်လည်း ပြန်လာတက်အုံးမယ် ဘုန်းဘုန်း၊ သမီးတို့အတွက် နေရာချန်ထားပေးပါ၊ နောက်နှစ်မှာ ပြန်တွေ့ကြပါမယ် ဘုန်းဘုန်းဟု ဆိုသည်ကို ကြားလိုက်ရသဖြင့် စာရေးသူတို့ အားလုံး တပတ်စာ ပင်ပမ်းခဲ့သမျှတွေ ပျောက်ခဲ့ ရပေတော့သည်။
သူတို့လေးတွေ အိမ်ပြန်ခါနီးမို့ ဝမ်းသာသလိုရှိပေမဲ့ သူငယ်ချင်းများနှင့် ခွဲရတော့မည်မို့ ဝမ်းနည်းမှု အရိပ်အယောင်က မျက်နှာပေါ်တွင် ထင်ဟပ်နေပေသည်။ မည်သို့ဆိုစေ စာရေးသူအဖို့ သူတို့လေးတွေ အခုလိုတွေ့ရတော့ စိမ်းစိမ်းစိုစို အသီးအပွင့်များနှင့် ရောင်စုံဖူးပွင့်နေသည့် ဥယျာဉ်စိုက်ခင်းကြီးများ ကြည့်လိုက်ရ သလို ရင်ထဲမှာ အေးမြချိုမြိန်တဲ့ ပီတိအရသာလေးများဖြင့် ကျန်ရစ်ကာ ၂ဝ၁ဝ-ခုနှစ် နွေရာသီ အခြေခံ ဗုဒ္ဓွဘာသာသင်တန်းကို တခါ ပိတ်ခဲ့ရပြန်ပါပြီ။
နောက်နှစ်မှာ ပြန်တွေ့ကြတာပေါ့ ကလေးတို့ ရေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)