>Htain Linn Article – 74

September 7, 2010

>နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၄)

နှစ် ၁၁ဝ ပြည့် ဆရာဇေယျ
ထိန်လင်း
စက်တင်ဘာ ၆၊ ၂၀၁၀


အခုနှစ်မှာ စာပေနဲ့ အနုပညာ နယ်ပယ်အတွင်း ရာပြည့်ပုဂ္ဂိုလ်များရဲ့ မွေးနေ့တွေ ကြုံရတဲ့အတွက် သူတို့ရဲ့ ရာပြည့်ပွဲတွေ ကျင်းပရင်း ဂုဏ်ပြုကြပါတယ်။ မြန်မာမှု မြန်မာစာပေ ထိန်းသိမ်းဖို့ အားပေးသူ၊ မျိုးချစ်စိတ် မပျောက်ပျက်အောင် တိုက်တွန်းသူ စာရေးဆရာကြီး ဇေယျ ရဲ့ နှစ် ၁၁ဝ ပြည့်မွေးနေ့လည်း ဒီနှစ်ထဲမှာ ကျရောက်မှာ ဖြစ်ပါတယ်။

ဆရာဇေယျကို သာယာဝတီခရိုင် ဇီးကုန်းမြို့မှာ ၁၉ဝဝ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့က မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာဇေယျရဲ့ မိဘများက ကျက်သရေဆောင် ရွှေစလွယ်ရ သစ်တောဝန်ထောက်ကြီး ဦးခလယ် နဲ့ ဒေါ်ရွှေကြိုး တို့ဖြစ်ပြီး ဖွားမြင်စအချိန်မှာ ဇီးကုန်းမြို့ကို ကိုဖိုးကွန်း၊ မထွေးလေး ဇာတ်အဖွဲ့ လာရောက် ကပြတဲ့အချိန်နဲ့ ကြုံတဲ့အတွက် ဖိုးကွန်း လို့ အမည်ပေးခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်မှာ ခရစ်ယာန်ဘာသာဝင် ဖြစ်တဲ့ ဖခင်က ‘မောင်ယောရှု’လို့ အမည်ပေးရာက ‘မောင်ယော’ ဆိုပြီး ဖြစ်လာပါတယ်။ မိခင်ပေးတဲ့အမည်က ‘အောင်မြင့်’ ဖြစ်ပါတယ်။

ဇေယျ ဆိုတဲ့ ကလောင်အမည်ယူပုံကလည်း ထူးထူးခြားခြားပါ။ စာအုပ်အပေါ် လက်ထောက်လို့ ကျရာစာလုံးကို ယူမယ်လို့ အဓိဋ္ဌာာန်ပြီး အဘိဓာန်စာအုပ်ကို မကြည့်ဘဲ လှန်ပါတယ်။ အဲဒီအခါ ပေါ်လာတဲ့ Victory ဆိုတဲ့စာလုံးကို မြန်မာမှုပြုပြီး ‘ဇေယျ’လို့ သုံးစွဲခဲ့တာဖြစ်ပါတယ်။ တခြားကလောင်အမည်တွေကတော့ မင်းလကျာ်၊ သီလဝင်၊ ဒိုးကလေး တို့ ဖြစ်ပါတယ်။

ဆရာကြီးဇေယျဟာ စာဖတ်အား၊ လေ့လာအား ကောင်းတဲ့အပြင် သူသိရှိထားတဲ့ ဗဟုသုတတွေကို စာပေကတဆင့် ပြန်လည်ဝေငှရင်း မြန်မာတွေကို အသိအမြင်ကြွယ်ဝအောင် ကြိုးပမ်းခဲ့ပါတယ်။ တဖက်မှာလည်း အမျိုးသားရေးစိတ်ဓာတ် နိုးကြားစေတဲ့ စာပေများကို ရေးသားခဲ့ပါတယ်။ ဆရာဇေယျရဲ့ ပထမဆုံး ဝတ္ထုက ‘ဗိုလ်ရန်အောင်’ ဖြစ်ပြီး ဒုတိယဝတ္ထုက ‘မြတ်လေးရွှေဓားဗိုလ်’ ဖြစ်ပါတယ်။ မြတ်လေးရွှေဓားဗိုလ် ဝတ္ထုတွေကို ၁၉၂ဝ နောက်ပိုင်းလောက်က စတင် ရေးသားခဲ့ပြီး အဲဒီအချိန်က ပထမကျောင်းသားသပိတ် ပေါ်ပေါက်တဲ့အချိန်အခါ ဖြစ်ပါတယ်။ အင်္ဂလိပ်သူရဲကောင်းတစ်ယောက်ရဲ့ ရဲရဲတောက်စွန့်စားခန်းတွေ ပါဝင်တဲ့ ပြင်သစ်တော်လှန်ရေးနောက်ခံ အင်္ဂလိပ်ဝတ္ထုတစ်ပုဒ်ကို ဖတ်မိရာက မြတ်လေးရွှေဓားဗိုလ်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

ဆရာဇေယျရဲ့ စာပေဖြတ်သန်းမှုကို ဖော်ပြရရင် ဒဂုန်မဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သလို ၁၉၂၅ ခုနှစ်မှာ တစ်ပတ်တစ်ကြိမ် ထုတ်ဝေတဲ့ ဇေယျသတင်းစာ ကိုလည်း ဦးစီးထုတ်ဝေခဲ့ပါတယ်။ ဒဂုန်မဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ပညာဆည်းပူးရင်း ဆရာကြီးရဲ့သမီး ဒေါ်မြရီ နဲ့ ဖူးစာဆုံခဲ့တာဖြစ်ပါတယ်။ လန်ဒန်အတ်မဂ္ဂဇင်း၊ ဗြိတိသျှဘားမား မဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်း၊ ဓူဝံဂျာနယ်၊ အစိုးရထုတ် သူကြီးဂေဇက် တို့မှာလည်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ စစ်ပြီးခေတ်မှာတော့ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ တာဝန်က အနားယူပြီး နောက်မှာလည်း ယဉ်ကျေးမှုနဲ့ စာပေဆိုင်ရာအဖွဲ့အစည်းများမှာ ပါဝင်အမှုထမ်းခဲ့ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

ဆရာဇေယျ ရေးသားခဲ့တဲ့ ဆောင်းပါးများဟာ အကြောင်းအရာ စုံလင်သလို အရေအတွက်လည်း များတဲ့အတွက် ဒီဆောင်းပါးများအကြောင်း တစ်ကြိမ်တည်း တထိုင်တည်း ပြောပြလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဆရာ့ဆောင်းပါးများအတွင်းက တချို့ကို ရွေးထုတ်ဖော်ပြလိုပါတယ်။ ဆရာဇေယျရဲ့ ‘မြန်မာ့မျက်ပွင့် (ရွာဓလေ့၊ လူဓလေ့)’ စာအုပ်ဟာ ၁၉၆၁ ခုနှစ် စာပေဗိမာန် စာပဒေသာဆု ရရှိခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ကျေးရွာဓလေ့၊ လူဓလေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ပါဝင်ပြီး ကျေးလက်ရဲ့ လူနေမှုကို မြတ်နိုးစရာ တင်ပြထားတာဖြစ်ပါတယ်။

ဒီစာအုပ်နဲ့ပတ်သက်ပြီး ဆရာတိုက်စိုးက “ဇေယျသည် ကျေးရွာသဘာဝကို ခုံမင်သည်။ လူ့အတ္ထုပ္ပတ္တိကို စိတ်ဝင်စားသည်။ ထိုစိတ်နှစ်ခုသည် သူစီရင်သည့် ‘မြန်မာ့မျက်ပွင့်’စာအုပ်တွင် ပေါ်လွင်ပြီး ဖြစ်ပေသည်” လို့ ရေးသားခဲ့သလို “ဇေယျသည် လူမျိုးရင်း၊ လူမျိုးခြားမရွေး ရိုသေထိုက်သူကို ရိုသေတတ်သည်။ ပြည်တွင်းပြည်ပမရွေး နှစ်သက်အပ်သည်ကို နှစ်သက်တတ်သည်” လို့ ဆရာဇေယျ အပေါ် သုံးသပ်ထားပါတယ်။
ဝံသာနုစိတ်နဲ့ ပတ်သက်လို့ ဆရာဇေယျက ‘ပင်နီချောနှင့် ယောထဘီ’ ဆောင်းပါးမှာ ပထမ ကျောင်းသားသပိတ် မြင်ကွင်းတွေ၊ အဲဒီခေတ် သတင်းစာလောကအကြောင်းတွေကို ဖော်ပြရင်း ဝံသာနုစိတ်ဓာတ်နဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း ယောလုံချည်နဲ့ ပင်နီအင်္ကျီ ဝတ်ဆင်ခဲ့ကြပုံတွေကို ရေးသားခဲ့ပါတယ်။ ဆောင်းပါးအဆုံးမှာတော့ ဆရာဇေယျက အခုလို လှုံ့ဆော်ရေးသားခဲ့ပါတယ်။

“ထိုခေတ်က ပင်နီအင်္ကျီနှင့် ယောထဘီ ဝတ်ဆင်ကြသည်မှာ ယခုခေတ်မှ ပြန်၍ ကြည့်လျှင် ရိုးလှသည်၊ ရှေးကျသည်ဟု ထင်ရကောင်း ထင်ရပေလိမ့်မည်။ သို့သော် ထိုခေတ်က သူ့အခြေ သူ့စိတ်ဓာတ်နှင့်အညီ အသားညိုညို အသားဖြူဖြူ ဆံမြိတ်ရှည်ကလေး ချ၍ ယောထဘီနှင့် ပင်နီအင်္ကျီများကို ဝတ်ဆင်ထားသော အမျိုးသမီးများမှာ အထူးယဉ်၍ အထူးပင် ကျက်သရေ ရှိလှပေသည်။ ထိုခေတ်မှာ ယခုမှပြန်၍ ရေတွက်သော် နှစ်ပေါင်း ၄ဝ ခန့် ရှိပေသည်။ တပြည်လုံး သိမီလိုက်သူအများပင် ရှိသေး၏။ ကျနော်တို့ မီလိုက်သူတိုင်း ယောထဘီနှင့် ပင်နီအင်္ကျီကလေးများ ယဉ်ကျေးပုံ ကျက်သရေရှိပုံများကို မြင်ယောင်လျက် ရှိပေ၏။

ယခုမူကား ထိုခေတ်က အိပ်မက်အနေမျှပင် မျှော်မှန်းရည်သန်ခဲ့သော လွတ်လပ်ရေးကြီးကို ရရှိကြပေပြီ။ တကမ္ဘာလုံး မီးဟုန်းဟုန်းတောက်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ခြင်းကြောင့် ကြီးလှစွာသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး စိတ်ကူးအယူအဆများလည်း အကြီးအကျယ် ပြောင်းလဲခဲ့ပေပြီ။ ယခုအခါ နိုင်လွန်အင်္ကျီ လက်တိုနှင့် ပသျှူးပါတိတ်လုံချည်များကို ဝတ်ဆင်နေကြ၏။ တရုတ်ခြေသေးမသဖွယ် ခုံမြင့်ဖိနပ်များကို စီးနင်းကြ၏။ ခေတ်အလျောက် ကိုယ့်အမြင်နှင့်ကိုယ် ပြောင်းလဲပုံများကို ကျနော်တို့ တွန်းလှန်ခြင်းငှာမူကား မတတ်နိုင်။ သို့သော် ခေတ်နောက်ပြန်ဆွဲ၍ နှစ်ပေါင်း ၄ဝ လောက်ကကဲ့သို့ ယောထဘီနှင့် ပင်နီကို ပြန်၍ မဝတ်နိုင်ကြသော်လည်း ယောထဘီနှင့် ပင်နီစိတ်ဓာတ် ပျောက်မသွားအောင်မူကား ယခုကဲ့သို့ တောင်လေ မြောက်လေ အရှေ့လေ အနောက်လေ ပြင်းထန်စွာ တိုက်ခတ်တိုးဝှေ့ခြင်းကို ခံနေကြရသောခေတ်၌ အထူးပင် လိုနေပေကြောင်း”

‘ဒေါင်းပဝါ လည်မှာစည်းပါလို့’ ဆောင်းပါးမှာလည်း ဆရာ့ရဲ့ တိုက်တွန်းချက်ကို အခုလို တွေ့ရပါတယ်။
“ခေတ်ပြောင်းသလောက် အသုံးအနှုန်း ပြောင်းရမည်။ အမျိုးသားစိတ်၊ ဝံသာနုတရား၊ ဒေါင်းအလံ ဆိုသော အသုံးအနှုန်းများ ခေတ်အလိုက် ပြောင်းသွားသည်မှာ အရေးမကြီး။ သို့သော် ကျွန်ုပ်တို့အား လွတ်လပ်ရေးအရောက် ပို့ဆောင်ခဲ့၍ ရရှိပြီးသော လွတ်လပ်ရေးကို တိမ်းပါးချွတ်ချော်မရှိ လုံလုံခြုံခြုံ ထိန်းသိမ်းလျက် ရှေ့သို့ချီတက်ရာ၌ ကျွန်ုပ်တို့အတွက် တစ်ခုတည်းသော လက်နက်ဖြစ်သည့် အမျိုးသားစိတ် (ဝါ) တန်ဆောင်မုန်း စိတ်ဓာတ်ကိုမူကား မည်သူ မည်သို့ အသံကောင်းဟစ်စေကာမူ မလစ်သောသတိဖြင့် စွဲမြဲဆုပ်ကိုင် ထားအပ်ပေကြောင်း”
ဆရာဇေယျဟာ ကမ္ဘာပေါ်က ထင်ရှားသူတွေအကြောင်း စုစည်းထားတဲ့ အတ္ထုပ္ပတ္တိအဘိဓာန် စာအုပ်တွေကို ဖတ်ရှုရင်း မြန်မာပြည်မှာ အဲဒီလိုစာအုပ်မျိုး ပေါ်ပေါက်စေချင်သူလည်း ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တဲ့ တနေ့တော့ ဒီလိုစာအုပ်မျိုးတွေ ပြုစုထုတ်ဝေနိုင်မယ်လို့ ယူဆမိပါတယ်။

ဆရာဇေယျရဲ့ ဆောင်းပါးများကို ဆရာ့ရဲ့ ရာပြည့်အထိမ်းအမှတ်အဖြစ် ၂ဝဝဝ ပြည့်နှစ်အတွင်း စုစည်းထုတ်ဝေခဲ့ပေမယ့် မူရင်း ဖော်ပြခဲ့တဲ့ စာအုပ်စာတမ်းတွေရဲ့ အညွှန်းတွေ၊ ရေးသားခဲ့တဲ့ အချိန်ကာလတွေကို ပြည့်ပြည့်စုံစုံ မတွေ့ရပါဘူး။ အခုလို ဆရာ့ရဲ့ အသက် ၁၁ဝ ပြည့် မွေးနေ့ကာလမှာ တခြား ဆောင်းပါးတွေ၊ ဝတ္ထုတွေ စုစည်းထုတ်ဝေနိုင်မယ် ဆိုရင်ဖြင့် ဆရာ့ကို ဂုဏ်ပြုရာရောက်သလို မြန်မာစာပေအတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၂၊ ၂၊ ၂ဝ၁ဝ)

(နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ၂၀၁၀၊ ဖေဖော်ဝါရီ ၉ ရက်နေ့ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်