>Htain Linn article – 75

September 13, 2010

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၅)

စာရေးဆရာ သတင်းစာဆရာ ဦးတင့်ဆွေ
ထိန်လင်း
စက်တင်ဘာ ၁၃၊ ၂၀၁၀

ခေတ်သစ် မြန်မာ့သမိုင်းစဉ်တလျှောက်ကို ကြည့်ရင် နိုင်ငံရေးနယ်ပယ်မှာ စာပေဝါသနာရှင်တွေ ရှိသလို စာပေပညာရှင်တွေက နိုင်ငံရေးနယ်ပယ်ထဲ ရောက်ရှိကြတာတွေလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းဘဝ ကနေ စာပေနယ်ထဲ ဝင်ရောက်ခဲ့သူတွေရှိသလို ဝန်ထမ်းဖြစ်သွားတဲ့ စာရေးဆရာများလည်း ရှိပါတယ်။ စာရေးဆရာ သတင်းစာဆရာ ဦးတင့်ဆွေ ကတော့ စာရေးဆရာဘဝကနေ ဝန်ထမ်းဖြစ်သွားသူ လို့ ဆိုရမယ် ထင်ပါတယ်။

ဦးတင့်ဆွေ ကို ၁၉ဝ၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရတဲ့ ဦးတင့်ဆွေဟာ ခေတ်သစ် မြန်မာ့စာပေသမိုင်းမှာရော၊ နိုင်ငံရေးနယ်ပယ်မှာပါ မှတ်တမ်းတင်ရမယ့် လုပ်ဆောင်ချက်တွေ ချန်ရစ်ခဲ့ပါတယ်။ ဦးတင့်ဆွေရဲ့ ဖခင်က စာတော်ပြန်ဝန်ထောက် ဦးဖိုးဖြူ ဖြစ်ပြီး မိခင်က ‘ကဝိမျက်မှန် မဂ္ဂဇင်း’တိုက်ပိုင်ရှင် ဒေါ်အေးမေ ဖြစ်ပါတယ်။ မိခင်က ‘စံပယ်ပင်’၊ ‘ရွှေပြည်စိုး’ စတဲ့ဝတ္ထုတွေနဲ့ စာပေနယ်မှာ ထင်ရှားတဲ့ ရာဇဝတ်ဝန်ထောက် ဦးလတ် ရဲ့ ညီမဖြစ်သလို ဖခင်ကလည်း စာပေ အနုသုခုမ ကို မြတ်နိုးတဲ့အပြင် လောကီ လောကုတ် စာပေကျမ်းဂန်များ ပြုစုခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မိဘ နှစ်ဦးစလုံးဘက်က စာပေအနုပညာဆိုင်ရာ ဗီဇမျိုးစေ့ ပါလာသူ ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

ဦးတင့်ဆွေ ငယ်စဉ်က အစိုးရ ဟိုက်စကူးကျောင်းမှာ ပညာသင်ကြားနေတုန်း ပထမ ကျောင်းသားသပိတ် နဲ့ ကြုံပါတယ်။ ဒါကြောင့် သပိတ်ရဲ့ နောက်ဆက်တွဲ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အခါ မြို့မကျောင်းကို ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီကနေ ကောလိပ်ကျောင်းကို တက်ရောက် ပညာသင်ယူရပေမယ့် ပင်နီအင်္ကျီ နဲ့ ချည်လုံချည်ပဲ ဝတ်ဆင်တဲ့ ဝံသာနုကျောင်းသား ဖြစ်တဲ့အတွက် အင်္ဂလိပ်ဆရာကြီးတွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရပါတယ်။ ကောလိပ်ကျောင်းသားဘဝမှာပဲ ဝန်ကြီးဟောင်း ဦးရာရှစ်၊ သံတွဲအမတ် ဦးကျော်ခင်၊ အိုင်စီအက်စ် ဦးအုန်း အစရှိတဲ့ ကျောင်းသားကြီးတွေနဲ့ တိုင်ပင်ပြီး တက္ကသိုလ်သမဂ္ဂကို စတင် တည်ထောင်ခဲ့တဲ့အတွက် ‘တက္ကသိုလ် သမဂ္ဂ အစ၊ ဦးတင့်ဆွေတို့က’ လို့တောင် ဆိုနိုင်တဲ့အကြောင်း မောင်သုတ အမည်ခံ ဗိုလ်မှူးဘသောင်း ပြုစုခဲ့တဲ့ ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ စာအုပ်မှာ ရေးသားထားပါတယ်။

၁၉၂၅ ခုနှစ် မိဖုရားကြီး စုဖုရားလတ် ကွယ်လွန်တဲ့အခါ အဲဒီကိစ္စကို ဝံသာနုအသင်းက ကမကထပြု ဆောင်ရွက်တော့လည်း အမှုဆောင်စာရင်းမှာ ဦးတင့်ဆွေ ပါဝင်ခဲ့ပါတယ်။ ကဝိမျက်မှန် မဂ္ဂဇင်း ထုတ်ဝေခဲ့တဲ့ ၁၉၂၇ ခုနှစ်က စပြီး တာတေ၊ ရွှေဘို-မောင်လတ်တူ ဆိုတဲ့ ကလောင်အမည်နဲ့ ဝတ္ထုတွေ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ မောင်လတ်တူ ဆိုတဲ့ ကလောင်အမည်ကိုတော့ စာရေးဆရာကြီး ဦးလတ်ရဲ့ တူ ဆိုတဲ့သဘော သုံးစွဲခဲ့တာ ဖြစ်သလို ‘မောင်လတ်တူ = မောင်လူတတ်’ ဆိုပြီး စကားလိမ်နဲ့ အဓိပ္ပာယ် ရနိုင်တဲ့အတွက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တခြား ကလောင်အမည်ဖြစ်တဲ့ တာတေ ဆိုတဲ့ နာမည်နဲ့ စုန်း၊ ကဝေ၊ တစ္ဆေ စတဲ့ နာနာဘာဝ ဝတ္ထုတွေ ရေးသားတဲ့အခါ အရမ်းပဲ လူကြိုက်များသွားပြီး ကလောင်ရှင် ဘယ်သူဖြစ်တယ် ဆိုတာ စာဖတ်ပရိသတ်တွေက လိုက်လံ စုံစမ်းရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒီလို စုန်းကဝေ ဝတ္ထုတွေ ရေးတဲ့အခါ ဦးတင့်ဆွေက စိတ်ကူးသက်သက် လုပ်ဇာတ်ဝတ္ထုမျိုးတွေ ရေးတာမဟုတ်ဘဲ ပယောဂကျမ်း၊ အင်း အိုင် ခလဲ့ လက်ဖွဲ့ဆိုင်ရာကျမ်း၊ ထွက်ရပ်ကျမ်း စတဲ့ မြန်မာသမားတော်တွေရဲ့ လက်စွဲစာအုပ်တွေကို စေ့စေ့စပ်စပ် ဖတ်ရှုပြီး မြန်မာ့ဓလေ့ ထုံးတမ်းတွေနဲ့ ညီညွတ်အောင် ရေးသားခဲ့တယ်လို့ သိရပါတယ်။

ဦးတင့်ဆွေဟာ ၁၉၃ဝ ပြည့်နှစ်မှာ ဝိဇ္ဇာတန်း အောင်မြင်ခဲ့ပြီး သူပညာသင်ယူခဲ့တဲ့ မြို့မကျောင်းမှာ အထက်တန်းပြဆရာ အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ တချိန်တည်းမှာ ဥပဒေတန်း တက်ရောက်ပြီး ဥပဒေဘွဲ့ကို ရယူခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်မှာ ‘ကျေးလက်တောရွာ ပြုပြင်ရေး’ ပညာတော်သင်အဖြစ် စေလွှတ်ခံခဲ့ရတဲ့အတွက် ဥရောပနိုင်ငံများမှာ သွားရောက်ပညာသင်ယူပြီး ကျေးလက်တောရွာ ပြုပြင်ရေး ဒီပလိုမာ ရရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ကျေးရွာပြုပြင်ရေး ဦးတင့်ဆွေ လို့လည်း ခေါ်ဆိုကြပါတယ်။

မန္တလေးမြို့ အစိုးရ နော်မန် ဆရာဖြစ်သင်ကျောင်း ကျောင်းအုပ်ကြီး၊ ဒုတိယကမ္ဘာစစ်အတွင်း ဝါဒနှင့် သတင်း ဖြန့်ချိရေးအရာရှိ၊ မြို့မကျောင်းဆရာ၊ ဘားမင်းသတင်းစာ အယ်ဒီတာချုပ် စသဖြင့် တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ၁၉၅ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရပါတယ်။ ဒီလို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာပဲ သီရိလင်္ကာဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်စေလွှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် သံအမတ်အဖြစ် ၃ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်မှာ သွေးလျှံရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ်။

ဦးတင့်ဆွေ ရဲ့ စာပေများဟာ ဒုတိယကမ္ဘာစစ် မတိုင်ခင်က စာနယ်ဇင်းများမှာ ဖော်ပြခဲ့တာ ဖြစ်တာမို့ စာကြည့်တိုက်များမှာ ရှာဖွေဖတ်ရှုနိုင်သူများသာ လက်လှမ်းမီနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် စာရေးဆရာ သတင်းစာဆရာကြီး လူထုဦးလှ ပြုစုထားတဲ့ ‘သတင်းစာများ ပြောပြတဲ့ စစ်တွင်းဗမာပြည်’ စာအုပ်များအတွင်းက သတင်းစာမှတ်တမ်းတွေမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ အဲဒီလို ရှာဖွေဖတ်ရှုမိရင် ဦးတင့်ဆွေရဲ့ ‘တာတေ’ ဆိုတဲ့ ကလောင်အမည်က စုန်းကဝေ ဝတ္ထုတွေကိုသာ ရေးတာမဟုတ်ဘဲ စာပေနဲ့ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများမှာလည်း သုံးစွဲရေးသားခဲ့တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

တာတေ အမည်နဲ့ ဆောင်းပါးတွေ ပင်တိုင်ရေးခဲ့တာက ‘တိုင်းချစ်’ သတင်းစာမှာပါ။ အမျိုးသား ပညာဝန် ဦးဖိုးကျား ကွယ်လွန်တဲ့အခါ ‘နောင်ကြီးကျား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးဖိုးကျားတို့ ဇနီးမောင်နှံအကြောင်း ရေးသားခဲ့ပြီး ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် သတင်းစာမှာလည်း ‘သွားလေသူ ဦးစိန်တင် (သိပ္ပံမောင်ဝ)’ ဆိုတဲ့ ဆောင်းပါးကို ရေးသားခဲ့ပြီး ၁၉၂၂ ခုနှစ်လောက်က သူတက်ရောက်ခဲ့တဲ့ ရန်ကုန် သရက်တောကျောင်းတိုက်က အမျိုးသားကျောင်းမှာ သိပ္ပံမောင်ဝ က ဆရာဖြစ်တဲ့အကြောင်း၊ သိပ္ပံမောင်ဝရဲ့ စာပေရေးသားမှု အတတ်ပညာအကြောင်းတွေကို ရေးသားခဲ့ပါတယ်။

၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် တိုင်းချစ်သတင်းစာမှာတော့ ‘ဗိုလ်တေဇ ဘွဲ့ခံ သခင်အောင်စန်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဦးတင့်ဆွေရဲ့ ဆောင်းပါးကို တွေ့ရပြီး သခင်အောင်ဆန်းအဖြစ်နဲ့ တွေ့ဆုံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တချို့ကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ သခင်အောင်ဆန်း ကို သခင်အောင်စန်း လို့ ဆလိမ် နေရာမှာ စလုံးကို သုံးနှုန်းထားတာ တွေ့ရပြီး စစ်မဖြစ်ခင်နဲ့ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်းကို အဲဒီလိုပဲ ခေါ်ကြတယ်လို့ လူထုဦးလှက ဆောင်းပါးအဆုံးမှာ မှတ်ချက်ရေးထားပါတယ်။

အဲဒီဆောင်းပါးထဲမှာ ဆောင်းပါးရှင် တာတေ အမည်ခံ ဦးတင့်ဆွေက သူဟာ တကသ ကို တည်ထောင်ခဲ့သူ လေးငါးဦးအနက်မှာ ပါဝင်နေသူတစ်ဦး ဖြစ်တာကြောင့် ကျောင်းက ထွက်ပြီးတဲ့နောက်မှာလည်း တကသ အစည်းအဝေးတွေကို သွားရောက် နားထောင်တဲ့အကြောင်း၊ စကားအခြေအတင် ပြောပွဲတစ်ခုမှာ သခင်အောင်ဆန်းရဲ့ ဟောပြောခြင်းကို ပထမဆုံး စတင်မြင်ဖူးခဲ့ကြောင်း၊ သခင်အောင်ဆန်းဟာ တိုင်းရေးပြည်ရေးဘက်မှာ အမြဲ စိတ်အားထက်သန်နေတဲ့ ဝံသာနုအစစ်ကြီး ဖြစ်တဲ့အကြောင်း၊ အပြောနဲ့ အလုပ်ညီသူ ဖြစ်တဲ့အကြောင်း၊ စာပေ ဗဟုသုတ အမြဲ ဆည်းပူးသူဖြစ်ကြောင်း၊ စကားပြောရင်လည်း တိုင်းရေးပြည်ရာနဲ့ပတ်သက်ပြီး လေးနက်တဲ့ ကိစ္စရပ်တွေကို ထည့်သွင်းပြောဆို ဆွေးနွေးတတ်ကြောင်း စသဖြင့် သခင်အောင်ဆန်းနဲ့ တရင်းတနှီး နေထိုင်ခဲ့စဉ်က အကြောင်းတွေကို ပြန်လည်ဖော်ပြရင်း ဗိုလ်တေဇ အမည်နဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးရဲ့ မဟာသေနာပတိ စစ်သူကြီးအဖြစ် တာဝန်တွေထမ်းဆောင်နေတဲ့ သခင်အောင်ဆန်း ကျန်းမာပြီး တိုင်းပြည်အကျိုး ထမ်းဆောင်နိုင်စေဖို့ ဆုတောင်းထားပါတယ်။

ဒီဆောင်းပါးကို ဖတ်ရတဲ့အချိန်မှာ ဆောင်းပါးထဲက သခင်အောင်ဆန်း၊ ဆောင်းပါးရေးသူ ဦးတင့်ဆွေ နဲ့ ဒီဆောင်းပါးကို ပြန်လည် ဖော်ထုတ် စုစည်းထားတဲ့ လူထုဦးလှ တို့ အားလုံး မရှိတော့ပါဘူး။ ဒါပေမယ့် စာပေနဲ့ မှတ်တမ်းတင်ခဲ့အတွက် ကျနော်တို့ ဖတ်ရှုခွင့် ရနေတာဖြစ်ပါတယ်။ ဒီကနေ့ သက်ရှိထင်ရှား ရှိနေသူတွေက မိမိတို့ရဲ့ ခေတ်ပြိုင်ပုံရိပ်တွေကို မှတ်တမ်းတင် ရေးသားခဲ့မယ်ဆိုရင်လည်း နောင်မျိုးဆက်တွေအဖို့ တကယ်ပဲ အကျိုးရှိစေမှာ ဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၉၊ ၂၊ ၂ဝ၁ဝ)

(နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ၂၀၁၀၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်