>Htain Linn’s article – 77

September 28, 2010

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၇)

ဦးဖိုးကျား၏ ဘဝနှင့်စာပေ
ထိန်လင်း
စက်တင်ဘာ ၂၈၊ ၂၀၁၀

ပြီးခဲ့တဲ့အပတ်မှာ တင်ပြခဲ့သလိုပဲ မြန်မာစာ မြန်မာမှုကို အလေးမထားတဲ့ ကောလိပ်ပညာရေးစနစ်ကို ဘဝင်မကျ ဖြစ်ရတဲ့ ကိုဖိုးကျားဟာ ယူနီဘာစီတီ အက်ဥပဒေကို သပိတ်မှောက်တဲ့ ပထမကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပါတယ်။ သပိတ်ထဲ ပါဝင်ခဲ့ပုံက ဒီလိုပါ။

ယူနီဗာစီတီ အက်ဥပဒေဆိုတာ ၁ဝ တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မှ တက္ကသိုလ် တက်ခွင့်ရမယ်၊ ကျောင်းအိပ် ကျောင်းစားပဲ တက်ခွင့်ရှိမယ် စသဖြင့် ကန့်သတ်ချက်များစွာ ပါဝင်တဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေကို အားလုံးက ဝိုင်းကန့်ကွက်နေပေမယ့် အာဏာပိုင်တွေက အတင်း အတည်ပြုဖို့ လုပ်တဲ့အတွက် ကျောင်းသားတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်ကောလိပ်က ကျောင်းသားကြီး ၁၁ ယောက်ဟာ ရွှေတိဂုံစေတီတော် ရင်ပြင် စနေထောင့်မှာ ဆွေးနွေးတိုင်ပင်ကြပြီး နောက်နေ့မှာ ဗဟန်း ကြားတောရလမ်းထဲက ဦးအရိယကျောင်းတိုက်မှာ ကျောင်းသားတွေ အစည်းအဝေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ အစည်းအဝေးမှာ ရန်ကုန်ကောလိပ်ကျောင်းသားတွေ သာမက ဂျပ်ဆင်(ယုဒသန်)ကောလိပ်ကျောင်းသားတွေလည်း တက်ရောက်ခဲ့ပြီး အဲဒီထဲမှာ ကိုဖိုးကျားလည်း ပါဝင်ခဲ့ပါတယ်။

တက်ရောက်သူ ၆ဝဝ လောက်ရှိတဲ့ ကျောင်းသားများရဲ့ အစည်းအဝေးမှာ ဆွေးနွေးရင်း အခြေအတင် ဆွေးနွေးစရာ အယူအဆ ၂ ခု ထွက်ပေါ်ခဲ့ပါတယ်။ ပထမ အယူအဆက ‘ကျောင်းကို သပိတ်အရင်မှောက်မယ်၊ ပြီးမှ လိုရာကို တင်ပြမယ်’ဆိုတဲ့ အယူအဆ ဖြစ်ပြီး ရန်ကုန်ကောလိပ်ကျောင်းသား ကိုဘဦးက ဦးဆောင်တင်ပြတာ ဖြစ်ပါတယ်။ ဒုတိယအယူအဆ ကတော့ ‘တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုရမယ်၊ မအောင်မြင်မှ သပိတ်မှောက်ရမယ်’ဆိုတဲ့ အယူအဆဖြစ်ပြီး ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုဖိုးကျားက ဦးဆောင် တင်ပြတာ ဖြစ်ပါတယ်။

ဒီအဆို ၂ ရပ်အပေါ် ဆွေးနွေးရင်း ၂ ဖက်စလုံးက မလျှော့နိုင်တဲ့အထိ အခြေအတင် ဖြစ်လာပါတယ်။ ဒီတော့ သဘာပတိလုပ်တဲ့ ရန်ကုန်ကောလိပ်ကျောင်းသား ကိုလှစိန်က တက်ရောက်လာသူတွေရဲ့ မဲဆန္ဒကို ရယူဖို့ စီစဉ်ပြီး ဆန္ဒမယူခင် ရှုံးတဲ့ဘက်က နိုင်တဲ့ဘက်ကို လိုက်ဖို့ ကတိ တောင်းပါတယ်။ အားလုံး သဘောတူညီလို့ ဆန္ဒမဲ ခွဲတဲ့အခါ ကိုဖိုးကျားတို့ဘက်က ၇ မဲနဲ့ ကပ်ရှုံးပါတယ်။ ဒါပေမယ့် ကတိပြုထားတဲ့အတိုင်း အများနဲ့အတူ သပိတ်မှောက်တဲ့ထဲမှာ ပါဝင်ခဲ့သလို ၂၆ ဦးပါဝင်တဲ့ သပိတ်ကော်မတီထဲမှာလည်း ပါဝင်ဦးဆောင်ခဲ့ပါတယ်။ အမျိုးသားပညာရေးကောင်စီ ဖွဲ့စည်းပြီး တိုင်းရင်းသားကျောင်းတွေ နေရာအနှံ့ ထူထောင်တဲ့အခါ၊ အမျိုးသားပညာရေးစနစ်ရဲ့ လက်တွေ့လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာလည်း ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။ ဒါဟာ အများရဲ့ဆန္ဒလိုက်ဖို့နဲ့ ပေးထားတဲ့ ကတိကို တည်အောင်စောင့်ထိန်းတဲ့ ဦးဖိုးကျားရဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။

ဆရာမောင်ထင်ကတော့ ဦးဖိုးကျားဟာ အမျိုးသားပညာရေးစနစ်ကို အစအဆုံး အကောင်အထည် ဖော်ခဲ့ကြသူတွေထဲမှာ ဉာဏ်စွမ်း ဝီရိယစွမ်း ၂ ပါးစလုံးနဲ့ စိတ်အားထက်ထက်သန်သန် ဆောင်ရွက်ခဲ့သူဖြစ်လို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထူးလေးစားခြင်း ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုဖိုးကျားဟာ အပြောအဟော ကောင်းသူတစ်ယောက် ဖြစ်သလို အနယ်နယ် အရပ်ရပ်ကို လှည့်လည်ပြီး အမျိုးသားပညာရေးစနစ်နဲ့ အမျိုးသားကျောင်းများ အရေးကိစ္စတွေကို ဟောပြောခဲ့ပါတယ်။ အမျိုးသားကျောင်းတွေ အများအပြား ပေါ်လာတဲ့အချိန်မှာတော့ ဦးဖိုးကျားက အမျိုးသား (တိုင်းရင်းသား) ပညာဝန်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒီအတောအတွင်း ‘ပုသိမ်ရာဇဝင်’ နဲ့ ‘ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ’ တို့ကို ပြုစုခဲ့ပြီး ၁၉၂၉ ခုနှစ်မှာ တစ်အုပ်တည်းပေါင်းပြီး ထုတ်ဝေခဲ့ပါတယ်။ ဒီလိုပဲ မြန်မာရာဇဝင် သမိုင်းစာအုပ်တွေကို ကိုးကားပြုစုပြီး ဆောင်းပါး ၁၃၇ ပုဒ် ပါဝင်တဲ့ ‘မြန်မာ့ဂုဏ်ရည်’စာအုပ်၊ ပေါရာဏအဘိဓာန်’၊ ‘ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရား ထေရုပ္ပတ္တိ’ စာအုပ်တွေထုတ်ဝေခဲ့ပြီး ‘မြန်မာ့ဂုဏ်ရည်’ နဲ့ ‘ပေါရာဏအဘိဓာန်’ စာအုပ်တွေက ကျောင်းသုံးစာအုပ်တွေ ဖြစ်သွားပါတယ်။

မြန်မာ့ဂုဏ်ရည်စာအုပ်က စာရေးသူ၊ စာဖတ်သူအပြင် စာအုပ်ထုတ်ဝေသူပါ အဆင်ပြေတဲ့စာအုပ် ဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ရည်စာအုပ် ထုတ်ပေးခဲ့တဲ့ ဦးမောင်ကလေးတို့ ဇနီးမောင်နှံက ၁၉၂၇ ခုနှစ်အတွင်း ရန်ကုန် ကန်တော်လေးက ကာလ်ဘတ်လမ်းမှာ မြေကွက်ကလေး တစ်ခု ဝယ်၊ တိုက်ခံအိမ်ကလေးဆောက်၊ တပတ်ရစ် ပုံနှိပ်စက်ကလေး ဝယ်ပြီး ‘မြန်မာ့ဂုဏ်ရည် ပုံနှိပ်တိုက်’ကို ထူထောင်ပါတယ်။ စာပေလုပ်ငန်းနဲ့ဆက်စပ်ပြီး အိမ်သားတပိုင်း ဖြစ်ခဲ့တဲ့ ကိုဖိုးကျားဟာ နောက်ပိုင်းမှာ ဦးမောင်ကလေး ဒေါ်ဒေါ်သိန်းတို့ရဲ့ သမီးဖြစ်သူ မအေးကြည်နဲ့ အကြောင်းပါပြီး အိမ်သားလုံးလုံး ဖြစ်သွားပါတယ်။ ဦးဖိုးကျားဟာ ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အထိ အမျိုးသားပညာဝန် အဖြစ် အမှုထမ်းခဲ့ပြီး ကမ္ဘာစစ်ဖြစ်လို့ စစ်ဘေးကြောင့် ထန်းတပင်မြို့မှာ တိမ်းရှောင် နေထိုင်ရင်း ၁၉၄၂ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဦးဖိုးကျားရဲ့ ‘မြန်မာ့ဂုဏ်ရည် စာပုံနှိပ်တိုက်’ဟာ ဦးဖိုးကျား ပြုစုရေးသားတဲ့ စာပေတွေကိုသာ မဟုတ်ဘဲ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ စာပေတွေကိုလည်း ပြန်လည် ထုတ်ဝေပါတယ်။ ဒါကြောင့် ဒီပုံနှိပ်တိုက်ကို စာပေလိုက်စားသူ ဟူသရွေ့ မသိသူ မရှိသလောက် ထင်ရှားခဲ့ပါတယ်။ ဒါတွေကြောင့် လွတ်လပ်ရေးရပြီးတဲ့အခါ ဦးဖိုးကျားနေထိုင်ခဲ့တဲ့ ကာလ်ဘတ် လမ်းကို မြန်မာ့ဂုဏ်ရည်လမ်းလို့ အစိုးရက ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ (၁၉၄၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ဂျပန်ခေတ် မြန်မာအစိုးရက စတင် ပြောင်းလဲ ခေါ်ဝေါ်စေခဲ့တာဖြစ်ပါတယ်။)

အသက် ၅၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဦးဖိုးကျားဟာ အရေးကြုံတဲ့အခါ နိုင်ငံ့အရေး ကိစ္စတွေကို ဆောင်ရွက်သလို စာပေဘက်မှာလည်း စံပြုလောက်တဲ့ မှတ်တမ်းတွေ ချန်ရစ်ခဲ့သူလို့ ဆိုရပါမယ်။ ဆရာမင်းသုဝဏ်ကတော့ သူ့ရဲ့ စာအုပ်ဝေဖန်ချက် တစ်ခုမှာ ဦးဖိုးကျားနဲ့ပတ်သက်လို့ အခုလို ရေးသားထားပါတယ်။

“တိုင်းရင်းသားပညာဝန်အဖြစ် နိုင်ငံနှင့်လူမျိုး၏ တာဝန်ကို ထမ်းဆောင်သောအခါ ဦးဖိုးကျားသည် မြန်မာ့ဂုဏ်ရည်စာအုပ်ကို ထုတ်သည်။ ကိုယ်တွေ့ဝတ္ထုများကို စီကုံးသည်။ ၅၅ဝ ကောက်နုတ်ချက်များကို စီစဉ်သည်။ ထိုခေတ်ထိုအခါက လူငယ်များသည် မြန်မာ့ဂုဏ်ရည်ကိုဖတ်၍ ဇာတိသွေးဇာတိမာန် တက်ကြွကြသည်။ ကိုယ်တွေ့ဝတ္ထုများကိုဖတ်၍ တိုင်းပြည်တာဝန် ထမ်းဆောင်လိုစိတ်ကို မွေးမြူကြသည်။ ၅၅ဝ ကောက်နုတ်ချက်များကို ဖတ်၍ ကိုယ်ကျင့်တရားမြင့်မြတ်အောင် အားထုတ်ကြသည်”

အထက်တန်းကျောင်းသားဘဝမှာ ဘဝင်မကျခဲ့တဲ့ သမိုင်းစာအုပ် အမှားတွေအပေါ်မှာ ပြန်လည်ချေပတဲ့ အနေနဲ့ ရေးသားတဲ့ ‘သီပေါမင်း ပါတော်မူ အရေးတော်ပုံ’၊ နတ်ကိုးကွယ်မှုနဲ့ ပတ်သက်လို့ အထောက်အထားတွေ သုံးသပ်ချက်တွေ ပါဝင်တဲ့ ‘၃၇ မင်း’ စတဲ့ စာအုပ်တွေဟာလည်း ဦးဖိုးကျားရဲ့ အဖိုးတန်တဲ့ စာပေအမွေအနှစ်များ ဖြစ်ပါတယ်။ ကိုယ်တွေ့ဝတ္ထုများဟာလည်း အတုယူစရာ၊ ဆင်ခြင်စရာ၊ စဉ်းစားတွေးဆစရာတွေ ဖြစ်ပါတယ်။

သံအမတ်ကြီးဟောင်း ဦးတင့်ဆွေရေးသားတဲ့ ‘နောင်ကြီးကျား’ ဆိုတဲ့ ဆောင်းပါးမှာလည်း ဦးဖိုးကျားနဲ့ တစ်ခါတွေ့ရင် ဗဟုသုတတစ်မျိုး တိုးတဲ့အကြောင်း၊ မြန်မာစာအုပ်တွေ အများဆုံး စုဆောင်းထားတဲ့ ပုဂ္ဂိုလ်အချို့မှာ ဦးဖိုးကျား ပါဝင်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ စကားပြောအကောင်းဆုံး လူငယ်တစ်ဦးလို့ သပိတ်မှောက်ခေတ်မှာ ကျော်ကြားတဲ့အကြောင်း၊ ၉၆ ပါးသော ရောဂါနဲ့ ဦးဖိုးကျား ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းမိသလို နှမြောရကြောင်း၊ မြန်မာပြည် ခေတ်သစ် ထူထောင်တဲ့အခါကျမှ အမျိုးကောင်းသားတစ်ယောက် ပျက်စီးရလေခြင်းလို့ တောက်တခေါက်ခေါက် ဖြစ်မိရကြောင်းတွေ ရေးသားခဲ့ပါတယ်။

တကယ်တော့ ဦးဖိုးကျား တင်မက သူလို တိုင်းပြည်အတွက် အားထားရတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို ဘယ်လိုအကြောင်းနဲ့မှ အချည်းနှီး မဆုံးရှုံးရတဲ့ အခြေအနေတွေ အမြဲတမ်း ဖန်တီးထားနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၂၁၊ ၂၊ ၂ဝ၁ဝ)

(နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ၂၀၁၀၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments