>htain linn’s article – 78

October 4, 2010

>နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၈)

ကာတွန်းဦးဘဂျမ်း သို့မဟုတ် ပြည်သူဘက်က ရပ်တည်သူ
ထိန်လင်း
အောက်တိုဘာ ၄၊ ၂၀၁၀

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ စာပေဟောပြောပွဲတစ်ခုမှာ ကာတွန်းဆရာ တစ်ယောက်က ကာတွန်းတွေကို စာပေစိစစ်ရေးက ဆင်ဆာဖြတ်တဲ့အကြောင်း ရှင်းပြရင်း ‘ကာတွန်းတွေကြောင့် တော်လှန်ရေး မဖြစ်ပါဘူး’လို့ ကာတွန်းဆရာတွေကို ကြောက်တဲ့ အာဏာပိုင်တွေကို သွယ်ဝိုက် ပြောဆိုခဲ့ပါတယ်။

ဟုတ်ပါတယ်။ ကာတွန်းကြောင့်တော့ တော်လှန်ရေးမဖြစ်ပါဘူး။ ဒါပေမယ့် ကာတွန်းကြောင့် ခေတ်တွေကို သိနိုင်သလို ခေတ်ပုံရိပ်တွေကိုလည်း ကာတွန်းနဲ့သရုပ်ဖော်နိုင်၊ ကာတွန်းနဲ့ လမ်းပြနိုင်ပါတယ်။ ဒါကို အဆိုပါ ဟောပြောသူ ကာတွန်းဆရာကလည်း သိနေပါတယ်။ ကိုလိုနီခေတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ကာတွန်းဆရာကနေ ဒီကနေ့ခေတ် ကာတွန်းဆရာတွေအထိ ရာနဲ့ချီတဲ့ ကာတွန်းဆရာတွေမှာ အများစုက နိုင်ငံရေး၊ လူမှုရေး ဖြစ်ရပ်တွေအပေါ်မှာ သူတို့မြင်တဲ့ ရှုထောင့်ကနေ တင်ပြကြသူတွေ ဖြစ်ပါတယ်။
ကာတွန်းဆရာအများစုက ဘယ်အသင်းအဖွဲ့၊ ဘယ်အုပ်စုကိုမှ ကိုယ်စားမပြုဘဲ သီးခြားရပ်တည်ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေ ပေးရင်ပေးသလို တိုင်းပြည်အရေး၊ နိုင်ငံ့အရေးမှာ အနုပညာနဲ့ ပါဝင်မှုရော ကိုယ်တိုင်ကိုယ်ကျပါ ဝင်ရောက်အကျိုးဆောင်တာတွေ ရှိပါတယ်။ တော်လှန်ရေးမှာ၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာလည်း ဒီလိုကာတွန်းဆရာတွေက လူထုဘက်က၊ အမှန်တရားဘက်က ရပ်တည်ခဲ့ကြတာ မျက်မှောက်ခေတ် အပါအဝင် ခေတ်အဆက်ဆက်ပါပဲ။ ဒီလို ပါဝင်ခဲ့လို့ တချို့ဆိုရင် အနုပညာ ဖန်တီးခွင့် အပိတ်ပင်ခံ၊ အချုပ်အနှောင် ခံရတာတွေတောင် ရှိခဲ့ပါတယ်။ အာဏာပိုင်အဖွဲ့အစည်း အဝန်းအဝိုင်းထဲက ကာတွန်းဆရာတွေက အာဏာရှင်ကို ချီးမွမ်းတဲ့ကာတွန်းတွေ မဆွဲဘဲ၊ သီးခြားရပ်တည်နိုင်သူတွေက ဝါဒဖြန့်ကာတွန်းတွေ ရေးဆွဲတတ်ကြတာကတော့ ခြွင်းချက်လို့ ပြောရမယ် ထင်ပါတယ်။

ပထမ မြန်မာတွေထဲက ၁၈ ဦးအကြောင်းကို ပြုစုခဲ့တဲ့ ဆရာမင်းယုဝေရဲ့ ‘ပထမ မြန်မာများ’ စာအုပ်မှာ ကာတွန်းဆရာ ၂ ယောက် ပါဝင်ပါတယ်။ တစ်ဦးက ပထမ ကာတွန်းဆရာ ဦးဘကလေး (ရွှေတလေး) ဖြစ်ပြီး နောက်တစ်ဦးကတော့ ပထမ ကာတွန်းရုပ်ရှင်ဆရာ ဦးဘဂျမ်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ၃-၄ နှစ်က စပြီး ကွယ်လွန်တဲ့အချိန်ထိ လူကြိုက်အများဆုံး၊ အကျော်ကြားဆုံး ဖြစ်လို့ ကာတွန်းဝိဇ္ဇာလို့ ချီးကျူးခေါ်ဝေါ်ကြတဲ့ ပုဂ္ဂိုလ်ကတော့ ကာတွန်းဆရာကြီး ဦးဘဂျမ်း ဖြစ်ပါတယ်။

ဦးဘဂျမ်းကို ၁၉ဝ၂ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က အဖ ပိုးကုန်သည် ဦးဖောင် နဲ့ အမိ ဒေါ်မြစ်တို့က ညောင်တုန်းမြို့မှာ ဖွားမြင်ခဲ့ပါတယ်။ သားသမီး ၆ ယောက်မှာ ပဉ္စမမြောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက ပုံဆွဲဝါသနာ ပါခဲ့သူဖြစ်ပါတယ်။ ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ ၂ ဘာသာသင်ကျောင်း၊ ရန်ကုန် ကူရှင်ကျောင်းတို့မှာ တက်ရောက်ခဲ့ပြီး ၁ဝ တန်းအောင်တဲ့အခါ ရန်ကုန်တက္ကသိုလ်ကို တက်ရောက် ပညာသင်ယူခဲ့ပါတယ်။ ပုံဆွဲဘာသာကို အပိုဘာသာအဖြစ် ယူပြီး ဆယ်တန်းအောင်ခဲ့တဲ့ ဦးဘဂျမ်းဟာ တက္ကသိုလ် ရောက်တဲ့အခါ ပန်းချီရုပ်ပုံတွေကို ပိုမိုရေးဆွဲခဲ့ရာက ကာတွန်းတွေပါရေးဆွဲပြီး တက္ကသိုလ်မဂ္ဂဇင်းတွေမှာ ထည့်သွင်းခဲ့ပါတယ်။

စာနယ်ဇင်းတွေမှာ ပထမဆုံး ဖော်ပြခံရတဲ့ ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာက ကောလိပ်ကျောင်း ထမင်းစားခန်းထဲက ထမင်းစားပွဲမှာ ကောလိပ်ကျောင်းသားတစ်ယောက် ဘလေဇာကွတ်အင်္ကျီ ချွတ်နေတာကို ဘေးမှာရှိတဲ့ကျောင်းသားက ဘာလုပ်မလို့လဲလို့မေးတော့ “ဟင်းခွက်ထဲက ကြက်သားတုံးကို ဒိုင်ဗင်ထိုး ဆယ်မလို့” လို့ ပြန်ပြောတဲ့ ကာတွန်းဖြစ်ပြီး ၁၉၂၆ ခုနှစ်ထုတ် တက္ကသိုလ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဦးဘဂျမ်းဟာ တက္ကသိုလ်မှာ ဘီအေအောင်တဲ့အထိမနေဘဲ အိုင်အေ အထက်တန်းအထိပဲ တက်ရောက်ပြီး ကျောင်းကထွက်လိုက်ပါတယ်။ အဲဒီနောက် အတွင်းဝန်ရုံးမှာ စာရေးဝင်လုပ်ရင်း တဖက်က ပန်းချီအရေးကျင့်ပါတယ်။ နောက်ပိုင်းမှာ ကဝိမျက်မှန်မဂ္ဂဇင်း၊ ရယ်ရွှင်ဘွယ်အလင်းမဂ္ဂဇင်း၊ ရယ်ရွှင်ဘွယ်ဂျာနယ်၊ ဒဂုန်မဂ္ဂဇင်း၊ ဒီးဒုတ်ဂျာနယ် အစရှိတဲ့ ဂျာနယ် မဂ္ဂဇင်းတွေနဲ့ သူရိယ ဗမာ့ခေတ် အစရှိတဲ့သတင်းစာတွေမှာ ကာတွန်းတွေ ရေးဆွဲခဲ့ပါတယ်။

၁၉၃၄ ခုနှစ်မှာတော့ သီချင်းသရုပ်ဖော် ကာတွန်းရုပ်ရှင် ရိုက်ဖူးခဲ့တဲ့ ကာတွန်းဦးဟိန်စွန်းကို ပဲရော့ရုပ်ရှင် ကုမ္ပဏီက ကာတွန်းရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးဟိန်စွန်းက သတင်းစာတွေမှာ ကာတွန်းဆွဲနေသူ ဖြစ်ပြီး ဦးဘဂျမ်းရဲ့နာမည်ကို လူသိပ်မသိသေးတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် ဦးဟိန်စွန်းက ဦးဘဂျမ်းနဲ့ ရိုက်ဖို့အကြံပေးတဲ့အခါ ဦးဆန်နီက ၂ ယောက်တွဲပြီး ရေးဆွဲဖို့ အကြံပြုပါတယ်။ မြန်မာ့ပထမဆုံး ကာတွန်းရုပ်ရှင်ဟာ အဲဒီက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဦးဘဂျမ်း ရေးဆွဲခဲ့တဲ့ ကာတွန်းရုပ်ရှင် ၂ ကားရှိပြီး ပထမဆုံးရုပ်ရှင်က ပေ ၈ဝဝ ကျော်ရှည်တဲ့ ‘ကြက်တောင်ကွ’ ဖြစ်ပါတယ်။ ဒုတိယရုပ်ရှင်ကတော့ ‘အသူရာ’ဇာတ်ကား ဖြစ်ပြီး ပေ ၁ဝဝဝ ကျော်ရှည်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကတည်းက ပေါ်ထွက်ခဲ့တဲ့ ကာတွန်းရုပ်ရှင် ဆက်လက်ရှင်သန် ဖွံ့ဖြိုးမှုမရှိတာ၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးက ကာတွန်းရုပ်ရှင်တွေကို ပြန်လည် ကြည့်ရှုခွင့် မရကြတာကတော့ တိုင်းပြည်ရဲ့ကံကြမ္မာလို့ပဲ ဆိုရမယ်ထင်ပါတယ်။

ဦးဘဂျမ်းရဲ့ကာတွန်းတွေမှာ အကြောင်းအရာအလိုက် ဇာတ်ကောင်တွေ ဖန်တီးထားပြီး ကိုပြူး၊ မပြုံး၊ ကြွက်ဖြူလေး၊ ဘခွေး စတဲ့ ဇာတ်ကောင်တွေနဲ့ ကလေးတွေကို အများအကျိုးဆောင်ဖို့၊ အားနည်းသူကို ကူညီဖို့၊ အချင်းချင်း ချစ်ခင်ဖို့၊ စိတ်ကောင်းစိတ်မြတ်တွေ မွေးမြူဖို့ လှုံ့ဆော်အားပေးခဲ့သလို ဦးဖျောက်ဆိပ်၊ မောင်မြေဇာ၊ အဘ၊ ဂွက်ထော် စတဲ့ ဇာတ်ကောင်တွေနဲ့လည်း နိုင်ငံရေးပညာ၊ စာပေပညာ၊ လူမှုရေးပညာတို့ကို လမ်းပြပေးခဲ့ပါတယ်။ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်သူတွေ၊ လူထုအပေါ် အမြတ်ထုတ်နေသူတွေကို ကာတွန်းတွေနဲ့ ဗြောင်ကျကျ ဝေဖန်ခဲ့ပါတယ်။ ဦးဘဂျမ်းဟာ ကာတွန်းအပြင် သုည၊ ကာတွန်းဦးဘဂျမ်း ကလောင်အမည်တွေနဲ့ ဝတ္ထုများလည်း ရေးသားခဲ့ပါတယ်။ ဦးဘဂျမ်းဟာ မြန်မာပြည်မှာ ကာတွန်းအများဆုံး ရေးဆွဲသူ ဖြစ်တယ်လို့ မိုးကြိုးဦးအုန်းခင်က ပြောဖူးပါတယ်။ ဦးဘကလေး (ရွှေတလေး) တောင် ဦးဘဂျမ်းလောက် မဆွဲခဲ့ဘူးလို့ ဆိုပါတယ်။

အနုပညာရှင်တစ်ယောက်အနေနဲ့ ဦးဘဂျမ်းရဲ့ အထူးခြားဆုံး ဂုဏ်အင်္ဂါက ငွေမမက်ခြင်းဖြစ်တယ်လို့ ဆရာ မင်းယုဝေက ရေးသားထားပါတယ်။ ဦးဘဂျမ်းဟာ ငွေရဖို့ ကာတွန်းဆွဲတာမဟုတ်ဘဲ တိုင်းပြည်အတွက် ကာတွန်းဆွဲနေတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ရေးဆွဲခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးရပြီးစမှာ အစိုးရပိုင်း အာဏာရပုဂ္ဂိုလ်ကြီးတစ်ဦးက ဦးဘဂျမ်းကို ရာထူးကြီးကြီးတစ်ခု ပေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါကို ဦးဘဂျမ်းက အစိုးရအလုပ် လုပ်ရင် အစိုးရရဲ့ ဟာကွက်ကို ကာတွန်းနဲ့ သတိမပေးနိုင် ဖြစ်လိမ့်မယ်၊ သူ့အနေနဲ့ ပြည်သူလူထုဘက်က အမြဲရပ်တည်ရမယ်ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ ဂျပန်ခေတ်အတွင်း ပြန်ကြားရေးဌာနမှာ ဝင်ရောက်လုပ်ကိုင်တုန်း သံဖြူဇရပ်မှာ ဆောက်လုပ်နေတဲ့ ထိုင်း-မြန်မာ မီးရထားလမ်းအတွက် ချွေးတပ်ထဲဝင်ရင် လခ၊ ရိက္ခာ၊ ဆေးဝါး၊ အဝတ် ကောင်းကောင်းရမယ်လို့ လှုံ့ဆော်တဲ့ လက်ကမ်းကြော်ငြာ ဆွဲပေးခဲ့ပေမယ့် တနေ့မှာ ဘူတာဘက်ရောက်တုန်း ဒုက္ခရောက်နေတဲ့ ချွေးတပ်သားတွေကို တွေ့ရလို့ စိတ်ထိခိုက်ပြီး ပြန်ကြားရေးဌာနမှာ ဆက်မလုပ်တော့ဘဲ ညောင်တုန်းကို ပြန်ခဲ့တဲ့အကြောင်း ကာတွန်းဆရာကြီး ဦးဟိန်စွန်းက ပြောပြပါတယ်။

ရန်ကုန် လမ်းမတော် ၁၃ လမ်း အောက်ဘလောက်ကို ဦးဘဂျမ်းလမ်းလို့ အမည်ပေးထားပြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ ကာတွန်းလက်ရာတွေပါဝင်တဲ့ ကာတွန်းမီးထွန်းပွဲတွေကို နှစ်စဉ်ပြုလုပ်လေ့ ရှိပါတယ်။ ဒီကာတွန်းမီးထွန်းပွဲနဲ့ ပတ်သက်ပြီး ဦးဟိန်စွန်းက ၁၃ လမ်းမှာ မူလ ကတည်းက ရိုးရိုး မီးထွန်းပွဲ ရှိခဲ့ကြောင်း၊ ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ‘ကြက်တောင်ကွ’ ကာတွန်းရုပ်ရှင်ကား စပြတဲ့နှစ်မှာ သတင်းစာတိုက်တွေက ပယ်လိုက်တဲ့ သူနဲ့ ဦးဘဂျမ်းတို့ရဲ့ ကာတွန်းတွေနဲ့ စတင်ပြုလုပ်ခဲ့ကြောင်း၊ သူတို့ ၂ ယောက်တည်းရဲ့လက်ရာ မီးပုံးတွေ ထွန်းခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီနှစ်က စပြီး နောက်ပိုင်းနှစ်တွေမှာပါ ဆက်တိုက်ပြုလုပ်ခဲ့ရာက ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အနာပဆုပ်ရောဂါ၊ အစာမကြေရောဂါ တို့ကြောင့် ဦးဘဂျမ်း ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လမ်းကလေးမှာ အာဏာပိုင်တွေ တားမြစ်ပိတ်ပင်တဲ့ နှစ်တွေကလွဲလို့ နှစ်စဉ် ကာတွန်းမီးထွန်းပွဲ ဆက်လက်ပြုလုပ်ခဲ့ကြပြီး ဦးဘဂျမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးဘဂျမ်းလမ်းလို့ ကာတွန်းပညာရှင်၊ စာပေအနုပညာရှင်တွေက အမည်ပေးထားပါတယ်။

ဦးဘဂျမ်းဟာ မြန်မာပြည်နဲ့ ပြည်သူလူထုအတွက် သူ့ရဲ့ပညာနဲ့ ကျေးဇူးပြုခဲ့သူ ဖြစ်တာကြောင့် ဒီလို ကာတွန်းမီးထွန်းတဲ့ အစဉ်အလာဖြစ်ခဲ့တဲ့ လမ်းကလေးကို ‘ဦးဘဂျမ်းလမ်း’ လို့ အများသူငါ ခေါ်တွင်ကြစေဖို့ တရားဝင် အမည်ပေးသတ်မှတ်နိုင်မယ်ဆိုရင် ကောင်းလေစွ လို့ မျှော်လင့်မိပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။
ထိန်လင်း
(၁၊ ၃၊ ၂ဝ၁ဝ)

(နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)