>Maung Lu Yay – Blessing in Burma 7

October 6, 2010

>

မင်္ဂလာနှင့် နိုင်ငံရေး  -၇
မောင်လူရေး
အောက်တိုဘာ ၆၊ ၂၀၁၀
မာတာပိတု ဥပဌာနမင်္ဂလာ ။ မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ ဟူ၏ ။
မိဘကျေးဇူးက တောင်ကြီးလောက်မြင့်မားနေရကား ကောင်းကောင်း=ကျကျနနပေးဆပ်ရမည် ။ ကျေကျေ= သာမန် ဝတ်ကျေတမ်းကျေမဟုတ်၊ တကယ့်ကို ကျေကျေပွန်ပွန်ဆပ်ရမည်ဟူလို ။
ဒီမင်္ဂလာအကြောင်းမပြောခင် အရင်ဆုံး ဘယ်သူကမိဘ၊ ဘယ်သူက သားသမီး ကွဲကွဲပြားပြားသိဖို့လိုသည် ။ မိဘက မိဘ၊ သားသမီးက သားသမီး ဘာမကွဲစရာရှိသနည်း၊ အလုပ်မရှိ ကြောင်ရေချိုး၊ ကြောင်ချေးတွန်း သည့်နေရာ လိုအပ်သည်များမှာကြားလုပ်နေပြန်သည်ဟု မထင်ပါနှင့် ။
ဒီခေတ်ဒီချိန်ခါသည် ညီအစ်ကို မသိတသိအချိန်မဟုတ်မူ၍ သားသမီးမိဘမသိတသိအချိန်ဟု ဆိုရပေမည် ။ မိဘကလည်း ကိုယ်က မိဘမှ ဟုတ်လေလား၊ ဝေဝါး၏ ။ သားသမီးကလည်း ငါက မိဘနေမှာပါဟု မသေမချာဖြစ်ပြန်၏ ။ ကောသလ အိပ်မက် ၁၆ ချက်တောင် သွက်သွက်ခါ ဒန်တန့်တန်သွားနိုင်သည့် မှောင်ရိပ်သန်းခေတ်ကြီးပါပေ ။
မြန်မာ့တပ်မတော်ကြီးကို စတင်ထူထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်တပ်မတော်ခေါင်း ဆောင်များ၊ နောက်လိုက်တပ်မတော်သားများမှသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင်ထိ ပြည်သူကို မိဘဟု ကျကျနနသိရှိကြကာ“ ပြည်သူသာအမိ၊ ပြည်သူသာအဖ“ဟု ဦးထိပ်မှာ ပန်ဆင်ကြလေသည် ။
ဘာ့ကြောင့် ပြည်သူက မိဘဖြစ်နေရသနည်း ။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်က စောင့်ရှောက် ကာကွယ်နေရသည် မဟုတ်တုံလော၊ “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ“မဟုတ်လောဟူမူ။       
ရှင်းဦးအံ့ ။       ။ သားသမီးဟူသည် မိဘက ဆင်းသက်လာရပေသည် ။ ထို့ကြောင့် မိဘသည် မိဘဖြစ်၍ သားသမီးသည် သားသမီးဖြစ်နေရသည် ။ မိဘသည် ၎င်းသားသမီး၏ သားသမီး ဘယ်တော့မှ ပြန်လည် မဖြစ် စကောင်းချေ ။
ပထမ- ပြည်သူသည် “မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ“ဆိုသည့် မိဘဝတ်နှင့်အညီ တပ်မတော်သားအလောင်းအလျာလေးများကို မွေးထုတ်ပြီး ပြည်သူ့ဘဏ္ဍာဖြင့် ဆောက်လုပ်ထားသော မူလ တန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်ကျောင်းများ၌ ပြည်သူက အတတ်ပညာနှင့် လစာပေး၍ ခန့်ထားသောဆရာ၊ ဆရာမများထံ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ“ခံကြစေသည် ။
ဒုတိယ- ပြည်သူသည်“ပေးဝေနှီးရင်း“ဆိုသည့် မိဘဝတ်နှင့်အညီ ပြည်သူ့ဘဏ္ဍာဖြင့်ဆောက်လုပ်ထားသော တပ်မတော်သင်တန်းကျောင်းများ၊ စစ်တက္ကသိုလ်များ၌ ပြည်သူက အတတ်ပညာနှင့်လစာပေး၍ ခန့်ထားသော ဆရာ၊ ဆရာများထံ နေစရိတ်၊ စားစရိတ်၊ ဝတ်စရိတ်ငြိမ်း “သိပ္ပမချန်၊ ဘေးရန်ဆီးကာ“ခွင့်ရစေလေသည် ။
တတိယ- ပြည်သူသည်“ထိမ်းမြားခြင်းလျှင်“ဆိုသည့် မိဘဝတ်နှင့်အညီ ရာထူးနှင့်ပေါင်းဖက်ပေးကာ (ရာထူးနှင့်ပေါင်းဖက်ရခြင်းနှင့် ရွှေသမက် ငွေသမက်အဖမ်းခံရခြင်း တထပ်တည်းကျပါသည်)“သင့်ရာ အပ်ပို့“ခံစေလေသည် ။
ထို့ကြောင့် ရှေးရှေးတပ်မတော်သားများသည် “ပြည်သူသာအမိ၊ ပြည်သူသာအဖ“ဟု ခံယူရုံသာမက “ပြည်သူသာ ဆရာ၊ ပြည်သူသာ အခရာ“ဟုလည်း သဘောပိုက်ကြလေကုန်သည် ။
ထိုသို့ “ပြည်သူသာအမိ၊ ပြည်သူသာအဖ“ “ပြည်သူသာ ဆရာ၊ ပြည်သူသာ အခရာ“ဟု ဦးထိပ်ပန်ဆင် ကာ မိဘတို့လိုအပ်သော အရာတို့ကို ထောက်ပံ့ဖြည့်စွက်ရန် နီးနီးကပ်ကပ်ပြုစုစောင့်ရှောက်ကြသည် ။ မိဘတို့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး နိုင်ငံရေးကိစ္စများ အေးအေးချမ်းချမ်းဆောင်ရွက်နိုင်ရန် အကာအကွယ် ပေးကြသည် ။
အကာအကွယ်ပေးခြင်းသည် အကောင်းဆုံးကျေးဇူးဆပ်ခြင်းဖြစ်သည် ။ တနည်းအားဖြင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍပင်ဖြစ်သည် ။ အကာအကွယ်ရှိမှ သာယာအေးချမ်းမည် ။ သာယာ အေးချမ်းမှ နည်းကောင်းလမ်းမှန်တွေ့သိကျင့်သုံးနိုင်မည် ။
နည်းကောင်းလမ်းမှန်တွေ့သိကျင့်သုံးနိုင်မှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မည် ။ ထို့ကြောင့် အကာအကွယ်ပေးခြင်းသည် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍဟု ဆိုရပေသည် ။
“စောင့်လေမျိုးနွယ်“ဟူသော သားသမီးဝတ်နှင့်အညီ တပ်မတော်၏အစဉ်အလာ၊ တပ်မတော်ဖွဲ့စည်းခဲ့ခြင်း၏ ရည်ရွယ်ချက်ကို ပြည်သူကိုအကာအကွယ်ပေးခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြသည် ။ စောင့်ရှောက်သင့် ကြသည် ။ တပ်မတော့်ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုယ့်ကိုယ်ကို နိုင်ငံရေးလုပ်ဖို့လိုအပ်သေးသည်ဟု ယူဆချိန်တွင် တပ်ကထွက်၍ ပါတီထဲဝင်ကာ ရွေးကောက်ပွဲနှင့် ပြည်သူ့အဆုံးအဖြတ်ခံခဲ့လေသည် ။ ကိုယ်က ပြည်သူကို မဆုံးဖြတ်ခဲ့ပေ ။
စစ်ရေးသတ္တိ၊ စစ်ရေးစွမ်းရည်နှင့် နိုင်ငံရေးသတ္တိ၊ နိုင်ငံရေးစွမ်းရည်ကို တကန့်စီ စစ်ဆေးခံခဲ့သည် ။
စစ်ရေးသတ္တိနှင့် စစ်ရေးစွမ်းရည်ကို စစ်ပွဲဖြင့်ဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးသတ္တိနှင့် နိုင်ငံရေး စွမ်းရည်ကို ရွေးကောက်ပွဲဖြင့်ဆုံးဖြတ်ခဲ့သည် ။ ငါတပ်မတော်ခေါင်းဆောင်ဆိုပြီး နိုင်ငံရေးဗိသုကာနေရာကို ရယူခဲ့သည်မဟုတ်ပေ ။ ယနေ့ရွေးကောက်ပွဲမဝင်ဘဲနှင့် (မည်သူ့ကိုယ်စားလှယ်မှန်းမသိ) ကိုယ်စားလှယ် လုပ်ခြင်း၊ ပြိုင်ဘက်မရှိအောင်လုပ်ပြီး ပြိုင်ပွဲကျင်းပကာ ကိုယ်စားလှယ်ဖြစ်ဖို့ကြိုးစားနေကြခြင်းသည် အနာဂတ် နိုင်ငံတော်အတွက် ကောင်းသောအလားအလာများမဟုတ်ပေ ။ ဤနိုင်ငံရေးကြာကူလီရိုက်မှုကြီးကနေ နိုင်ငံရေးမှောင်ကြီးကျမှုကြီး မကြာခင် ဖြစ်ပေါ်လာပေတော့မည် ။
ယနေ့မြန်မာ့နိုင်ငံရေးအနိဋ္ဌာရုံမှန်သမျှမှာ “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ“ဟူသော စိတ်ဓာတ် ရေးရာ စစ်ဆင်ရေးတစ်ခုမှ မြစ်ဖျားခံလာခြင်းဖြစ်သည် ။
ခဏလေးရပ်ပြီး စဉ်းစားကြည့်ပါ – 
ကိုယ့်မိဘတွေကို ကိုယ့်သားသမီးတွေဘဲဟုယူဆပြီး ဆက်ဆံလိုက်ပါ ။ ဘာတွေဖြစ်ကုန်ကြမည်နည်း ။ အခု အဲသဟာတွေ အကုန်ဖြစ်နေပါတော့သည်ခင်ဗျား ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်