>Yin Nyine Nway/mandalaygazette.com – Interview with final students

October 11, 2010

>

နောက်ဆုံးနှစ်ကျောင်းသားတဦးကို အင်တာဗျူးခြင်း
Yin Nyine Nway/mandalaygazette.com
အောက်တိုဘာ ၁၀၊ ၂၀၁၀
မေး- စာမေးပွဲ ဖြေရတော့မယ်နော်။ ဘာတွေ ပြင်ဆင်နေပြီလဲ။
ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခ သွင်းနေပါတယ်။ နောက်တခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။ ဒါမှလည်း စာမေးပွဲ ပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။
မေး- ဒါက နောက်ဆုံးနှစ်လည်း ဖြစ်တယ်၊ ဒီစာမေးပွဲ အောင်ရင် ဘွဲ့လည်း ရတော့မယ် ဆိုတော့ ဘယ်လို ခံစားရလဲ။
ဖြေ-သိပ်ကို ၀မ်းနည်းပြီး ယူကြုံးမရ ဖြစ်မိပါတယ်။ ဘာလို့လဲ ဆိုတော့ တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့် အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့ တယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာ ဆိုတော့ ဘာပြောပြော ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ။ ဒါပေမဲ့ ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊ သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက် သောက်သုံးမကျတဲ့ ကောင်ကြီး ဖြစ်သွားပြီ ဆိုပြီး ၀မ်းနည်းမိပါတယ်။
မေး- ကျောင်းသားဘ၀ ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ ဆိုတယ်။ ဒီတော့ မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လို စိတ်ကူးထားလဲ။ အမေရိကားမှာ ဆိုရင် University Graduate တွေဟာ များသောအားဖြင့် နိုင်ငံတော်နဲ့ ဆိုင်တဲ့ နေရာတွေတို့ ဘာတို့တွေတောင် ရောက်ကြတယ်လေ။ မောင်လေးတို့ရော။
ဖြေ- ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တနေ့ သင်လိုက်တဲ့ စာတွေကို တနေ့စာ တနေ့ မှန်မှန် လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။ တကယ်ဆိုရင် နေ့သင်တဲ့ စာတွေကို ပြန်လုပ်ဖို့ ညကိုတော့ မီး လာပေးစေချင်ပါတယ်။ နောက်တခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့ ရာထူးမျိုးတွေကို စိတ်ကူးဖို့ နေနေသာသာ လက်တဖက်က ထမင်းချိုင့်ကို ကိုင်ပြီး လက်တဖက်က ကားက လက်တန်းကို ကိုင်ထားပြီး စီးရတဲ့ မူဆယ် လားရှိုးဘက်က ၀က်တင်တဲ့ ကားတွေလို ကျောင်းကားတွေကို နေ့တိုင်း စီးနင်း ကျော်ဖြတ်နေရတာ အရင် ပြီးဆုံးစေချင်ပါတယ်။ ကျန်တာ ဘာကိုမှ စိတ်မကူးပါဘူး။ အသက် မပျောက်ဘဲ အိမ် ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။
မေး- ကျောင်းသား ဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။ မောင်လေးရဲ့ ကျောင်းသားတဦးပုံစံကို ပြောပေးပါဦး။
ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလို ကွဲပြား ခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲ ဆိုတော့ အရပ်သား တော်တော် များများကတော့ မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေ ဆိုတာက များသော အားဖြင့် တောကြီး မျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။
မေး- အခုကိုယ်က ကျောင်းပြီးတော့မယ် ဆိုတော့ သူများနိုင်ငံကလို ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ ရှိနေပြီလား။
ဖြေ- အခုထက်ထိတော့ အဲဒါမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို ဗထူး ဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ ခေါ်ထားတဲ့ စာတော့ တွေ့ပါတယ်။ OTS လို့ ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ အလုပ်ရရေး မရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေ အနေနဲ့ကရော ပြီးတော့ အစိုးရ ပြန်တမ်းဝင် စာမေးပွဲလို့ ခေါ်တဲ့ PSC စာမေးပွဲ အနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ ရပြီးပြီးခြင်း ခန့်မှာ မဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်း တခု မဟုတ်ပါဘူး။
တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ် တန်းရတာတို့ ဘာတို့ ဆိုတာက လုပ်ငန်းရှင် တယောက်ယောက်နဲ့ အမျိုး နီးစပ် တော်နေသလား ဥပမာပြောရရင် လုပ်ငန်းရှင် တယောက် ကိုးကွယ်နေတဲ့ ဘကြီး ဘုန်းကြီးနဲ့ကို ကိုယ်က ခင်နေရင်လောက် ဆိုရင်ကို ဖြစ်ပါတယ်။ေ စာစောကပြောတဲ့ PSC စာမေးပွဲ ဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာ ခေါ်တယ် ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ အလုပ် ရကြမှာ ဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။
မေး- ကျောင်းမှာ ဆရာ ပြန်လုပ်ဖို့ ရည်ရွယ်ချက် ရှိပါသေးလား။
ဖြေ- လုံးဝကို မရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာ မရှိပါဘူး။ ပြီးတော့ ကျွန်တော်က စာသင်တယ် ဆိုရင် စာပဲ သင်ချင်တာပါ။ ကြက်ဆူပင် စိုက်ရတာတို့၊ မိုးရာသီ သစ်ပင် စိုက်ရတာတို့၊ ဂိတ် ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။
မေး- ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား။
ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့လည်း မရပါဘူး။ လုပ်စားစရာ နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ် စီးပွားရေးဖြစ်ဖြစ်၊ တခြား တခု ဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေး ပလက်ဖောင်းမှာ ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်း ရောင်းဖြစ်မှာပါ။ လမ်းဘေး ကွမ်းယာဆိုင်လေး တဆိုင်လောက် ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။ သေသေချာချာတော့ မပြောနိုင်သေးပါဘူး။
မေး-မောင်လေးရဲ့ ပညာ အပေါ် သုံးသပ်ချက်ကလေး သိပါရစေ။
ဖြေ-တချို့တွေက ပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ် ပညာရေးက စီးပွားရေးဆန်လာတယ် တဲ့။ အကောင်းမြင်တဲ့သူ ရှိသလို အဆိုးမြင်တဲ့ သူတွေလည်း ရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေက အဓိက ဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာ လူထုစိန်ဝင်း ပြောပြောနေကြပေါ့၊ ပညာသင်တာ စဉ်းစားတတ်စေချင်လို့ တဲ့။ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။
ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ အလွတ်တွေ ကျက်ပြီး အလွတ်တွေ ချရေးပြီး အောင်မြင်လာတာပါပဲ။ အခုနေ ကျွန်တော့်ကို အလွတ် ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို ပြန်မေးကြည့်ပါ၊ ကျွန်တော် မြန်မာလို တလုံးမှ မသိပါဘူး။ ဒါပေမယ့် ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။
မေး- မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ ကျောင်းသားတယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ပေါ့။
ဖြေ-ဘာမှ မပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင် စားချင်ရင် ဒါမျိုးတွေ မမေးပါနဲ့လား။ တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ရဲ့ အလုပ်သက်သက် ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက ပဲပြုတ်သည်တွေလည်း ပဲပြုတ် ဆက်ရောင်းကြမှာပဲ၊ ဆိုက်ကားဆရာတွေလည်း ဆိုက်ကား ဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ ခေါ်ခေါ် အရာကြီးလို့ ခေါ်ခေါ် ကုလားက ကုလားပါပဲ။ ကျွန်တော် ဘာမှ မပြင်ဆင်ထားပါဘူး။ ဒါတွေက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာ ဖြစ်ပါတယ်။
ပိုက်ဆံမရှိ အင်အား မတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင် မသုံးသပ်ဘဲနဲ့ ၀င်ပြိုင်ဖို့ ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။ စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့ ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့ စီးပွားရေး လုပ်ငန်းရှင် အကြီးစားကြီးတွေ ဖြစ်နေကြပါတယ်။ ဒီတော့ ကျောင်းသားဆိုတာကရော ဘာများ တတ်နိုင်နေဦးမှာလဲဗျာ။
အခုလို ဖြေကြားပေးတာ ကျေးဇူး အထူးတင်ပါတယ် မောင်လေးရယ်။
ကျွန်တော်ကလည်း အခုလို မေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ် ဂျာနယ်က အစ်မကို ကျေးဇူး အထူး တင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments