Than Win Hlaing – Articles

May 29, 2013

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ
သန်းဝင်းလှိုင်
မေ ၂၉ ၊ ၂၀၁၃


မြန်မာအကျိုးလိုလားသော ဂျေအက်စ်ဖာနီဖယ်
၁၉၁ဝ ပြည့်နှစ် မတ်လ ၂၉ ရက် အင်္ဂါနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဘားနဒ်အခမဲ့ ပိဋကတ်တိုက် (Bernard Free Library) ၌ အသင်း၏ ပဏာမအစည်းအဝေးကို ကျင်းပကာ မြန်မာနိုင်ငံသုတေသနအသင်း (The Burma Research Society) ကို တရားဝင် တည်ထောင်ခဲ့သည်။ ယခုအခါ အသင်းကြီးတည်ထောင်ခဲ့သည့် အခါသမယမှာ ၁၀၃ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသုတေသနအသင်း၏ အသက်ဖြစ်သော မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (Journal of the Burma Research  Society, J.B.R.S) အတွဲ ၁၊ အပိုင်း ၁ ကို ၁၉၁၁ ခုနှစ် ဇွန်လတွင် စတင်ထုတ်ဝေခဲ့ရာ ယခုအခါ ဂျာနယ်၏ သက်တမ်းသည်လည်း ၁ဝ၂ နှစ် ရှိခဲ့ပြီဖြစ်သည်။
သို့ကလို မြန်မာနိုင်ငံသုတေသနအသင်းကြီး ပေါ်ထွန်းရေးကို စတင်လှုံ့ဆော်ကြိုးပမ်းခဲ့သူမှာ ထိုအချိန်က အိုင်စီအက်စ် ၀န်ထမ်း၊ မြန်မာနိုင်ငံကြေးတိုင်နှင့်မြေစာရင်းမင်းကြီး ဂျေ၊ အက်စ် ဖာနီဗယ် (John Sydenham Furnivall) ဖြစ်သည်။ ဖာနီဗယ်ကို ကိုလိုနီခေတ် ဗြိတိသျှအုပ်ချုပ်ရေးလောကတွင် `မြန်မာအကျိုးလိုလားသူ´ (သို့မဟုတ်) `မြန်မာအလိုတော်ရိ´ တစ်ဦးဟူ၍ သတ်မှတ်ခဲ့ကြသည်။
ဖာနီဗယ်သည် ယိုးဒယားအသင်းဂျာနယ် (Journal of The Siam Society) အတွဲ ၅၊ အပိုင်း ၁ (၁၉၀၈ စက်တင်ဘာလ) ကို စာတော်ပြန်ဝန်ထောက်ဦးထွန်းငြိမ်း (နောင် ဦးထွန်းငြိမ်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ကျမ်းပြုစုသူ) ထံမှ တွေ့ရှိရာမှ အလားတူ အသင်းတစ်သင်း မြန်မာနိုင်ငံတွင် တည်ထောင်ရန် လိုအပ်ကြောင်းကို စိတ်ပါဝင်စားမည်ထင်ရသော မိတ်ဆွေများအား ပြသကာ စတင်စည်းရုံးလှုံ့ဆော်ခဲ့သည်။ ယိုးဒယားဂျာနယ်မှာ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသား ဦးအောင်သိန်းက ဌာနအကြီးအကဲဟောင်း ဦးထွန်းငြိမ်းထံ ပေးပို့လိုက်ခြင်းဖြစ်သည်။ ထိုအချိန်က ဦးအောင်သိန်းသည် ယိုးဒယား အသင်း၏ အကျိုးတော်ဆောင်လက်ထောက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေချိန်ဖြစ်သည်။ အဆိုပါဂျာနယ်တွင် ဦးအောင်သိန်းရေးသားသော `ထိုင်းနိုင်ငံကို မြန်မာတို့ ၀င်ရောက်လွှမ်းမိုးမှု´ စာတမ်းပါသည်။
မစ္စတာဖာနီဗယ်သည် မိမိ၏ မြန်မာနိုင်ငံသုတေသနအသင်းတည်ထောင်ရန် အကြံအစည်ကို သူ၏မိတ်ဆွေနှစ်ဦးဖြစ်သူ ဦးမေအောင် (M.A, LL.M) (ကထိက၊ ရန်ကုန်ကောလိပ်)၊ မစ္စတာ ဒူရွိုင်ဇယ်လ် (M. Duroiselle) (ပါဠိကထိက၊ ရန်ကုန်ကောလိပ်) တို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။
အသင်းဖွဲ့စည်းမည့်အစီအစဉ်မူကြမ်းကိုလည်း ရေးဆွဲခဲ့ကြသည်။ ထို့နောက် အသင်းဖွဲ့စည်းမည့်အစီအစဉ်ကိုလည်း မူပွားပြီး မိတ်ဆွေများထံဖြန့်ချိခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံဘ၀ ကျရောက်နေသဖြင့် မည်သည့် ကိစ္စရပ်ကို ဆောင်ရွက်လိုသည်ဖြစ်စေ၊ အာဏာပိုင်ဘုရင်ခံထံ တင်ပြရသည်။ မစ္စတာဖာနီဗယ်သည် မြန်မာနိုင်ငံသုတေ သနအသင်း ဖွဲ့စည်းမည့်အစီအစဉ်ကို ဘုရင်ခံထံ တင်ပြသောအခါ စာပုဒ်တစ်ပုဒ်ကိုသာ ဖြုတ်ပယ်လိုက်ရသည်ဟု သိရသည်။ ဖြုတ်ပယ်လိုက်သော စာပိုဒ်တွင် `မြန်မာနိုင်ငံ၌ အစိုးရ၏ ရှေးဟောင်းသုတေသနဆိုင်ရာ ဆောင်ရွက်မှုများသည် ငွေကြေးထောက်ပံ့မှု နည်းပါးသဖြင့် ကန့်သတ်ချက်ရှိနေသည့်အပေါ် ၀မ်းနည်းမိခဲ့ပါသည်။´ ဟူ၍ ပါရှိသည်။
ဘုရင်ခံ၏ သဘောတူညီချက်ရရှိပြီးနောက် မစ္စတာဖာနီဗယ်သည် ယာယီကော်မတီအစည်းအဝေးကို ကျင်းပ၍ အထွေထွေကော်မတီနှင့် ဆပ်ကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းတည်ထောင်မည့် အသင်း၏အမည်ကိုလည်း မြန်မာနိုင်ငံသုတေသနအသင်း (The Burma Research Society) ဟူ၍ မှည့်ခေါ်ရန် ဆွေးနွေးအတည်ပြုခဲ့သည်။ ကော်မတီတွင် ၀င်ရောက်ဆောင်ရွက်ရန် အောက်ပါပုဂ္ဂိုလ်များကို ဖိတ်ခေါ်ရန်လည်း ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါပုဂ္ဂိုလ်များမှာ-
(၁) ၀တ်လုံတော်ရ ဦးခင်
(၂) ဦးနေဒွန်း
(၃) ပျဉ်းမနားမင်းသားကြီး
(၄) ကျက်သရေဆောင်ရွှေစလွယ်ရမင်းဦးဘိုးစ
(၅) အိန္ဒိယဆေးဖက်ဝန်ထမ်းကပ္ပတိန် ဘခက် တို့ ဖြစ်ကြသည်။
ထို့နောက် ၁၉၁၀ ပြည့်နှစ် မတ်လ ၂၉ ရက် အင်္ဂါနေ့ညနေတွင် ဘားနဒ်ပိဋကတ်တိုက်၌ ပဏာမအစည်းအဝေးကျင်းပ၍ မြန်မာနိုင်ငံသုတေသနအသင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ တတိယမြောက် ဒုတိယဘုရင်ခံ အိန္ဒိယ အင်ပါယာမဟာရဋ္ဌသေနာပတိ (K.C.I.E) အိန္ဒိယနိုင်ငံဝန်ထမ်းဂုဏ်ထူးဆောင် ဆာ ဟာဘတ်သာကယ်ဝှိုက် (Sir Herbuld Thirkell White) တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ မစ္စတာ အီးလ်ခ် (Herbert L. Eales) က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဥက္ကဋ္ဌမိန့်ခွန်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရာဇ၀င်သမိုင်းပညာ၊ လူမျိုးစု နှိုင်းယှဉ်ပညာ၊ ဘာသာဗေဒတို့မှစ၍ ယင်းတို့နှင့် နှီးနွှယ်ဆက်စပ်နေသော ဘာသာရပ်များလေ့လာရေးကို အားပေးလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ မြန်မာများ နှင့် ဗြိတိန်များအချင်းချင်း ချစ်ခင်လေစားမှုကို ပိုမိုတိုးပွားစေလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း မြန်မာနိုင်ငံ သုတေသန အသင်းကို တည်ထောင်ရကြောင်း၊ မစ္စတာဖာနီဗယ်၏ စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုကြောင့် အသင်းကြီးဖြစ်ပေါ်လာကြောင်း ပဏာမအစည်းအဝေးသို့ မစ္စတာဖာနီဗယ် မတတ်သာ၍ မလာရောက်နိုင်သည့်အတွက် နှမြောတသမိကြောင်း ပြောကြားသွားသည်။
အသင်းဥက္ကဋ္ဌမိန့်ခွန်းပြောကြားပြီးနောက် မြန်မာပညာရှင် ဦးမေအောင် (၁၈၈၁-၁၉၂၆) ပဏာမမိန့်ခွန်း ပြောကြားသည်။ ဦးမေအောင်က မြန်မာနိုင်ငံတွင် ပညာတတ်များသုတေသနလုပ်ရန် လိုအပ်နေသော ကိစ္စအမျိုးမျိုးနှင့် သုတေသနသဘောကို အခြေခံကျကျရှင်းလင်းခြ့သည်။ ယင်းနောက် မကြာသေးမီက ထုတ်ဝေသော ယိုဒယားအသင်း သုတေသနဂျာနယ်တွင် ယိုးဒယားရောက် မြန်မာတစ်ဦး (ဦးအောင်သိန်း) ပြုစုသည့် စာမျက်နှာ ၁၀၀ ကျော်သော သုတေသနစာတမ်းကို တွေ့ရသဖြင့် မြန်မာနိုင်ငံသုတေသနအသင်းသက်ဆိုးရှည်လိမ့်မည့်အကြောင်း ဟောကိန်းထုတ်ထား သည်။ ထို့အပြင် မူလက အသင်းဝင် ၆၀ ခန့်သာ ခန့်မှန်းထားသော်လည်း ယခုအခါ ၂၁၅ ဦး ရှိနေကြောင်း အားရဖွယ်တင်ပြထား သည်။
ထို့နောက် သဘာပတိ၏ အပိတ်မိန့်ခွန်းဖြင့် အစည်းအဝေးကို အဆုံးသတ်နိဂုံးချုပ်လိုက်သည်။ သဘာပတိ မိန့်ခွန်း၌ ကောင်းမြတ်သော ရည်ရွယ်ချက် ကောင်းမြတ်သောလမ်းစဉ်တို့ဖြင့် မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်လိုက်ခြင်းသည် မြန်မာ့သမိုင်းတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အသင်းအမှုဆောင်အဖွဲ့၌ နိုင်ငံခြားသားနှင့် တိုင်းရင်းသားဦးရေအချိုးမျှမျှ ပါဝင်သည်မှာ အားရဖွယ်ဖြစ်ကြောင်း၊ မြန်မာတို့သည် မိမိတို့၏ ရာဇ၀င်၊ ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားသူများဖြစ်ရာ အသင်းနှင့်ပတ်သက်၍ သဘောပေါက်စိတ်ဝင်စားအောင် ဆောင်ရွက်နိုင်လျှင် သင့်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။
အသင်း၏ ပထမအကြိမ် အထွေထွေအစည်းအဝေးကို ၁၉၁၀ ပြည့်နှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ကောလိပ်၌ ကျင်းပခဲ့သည်။ ဒုတိယဘုရင်ခံ ဆာဟာဗီအဒမ်ဆန် (Sir Harvey Adamson) က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်းအကျိုးဆောင်အတွင်းရေးမှူး ချားလ်ဒူရွိုင်ဇယ် (C. Duroiselle) က အစီရင်ခံစာဖတ်ကြားသည်။ အစီရင်ခံစာတွင် အသင်းဂျာနယ်ကို ၁၉၁ဝပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ဝေရန် ခန့်မှန်းထားကြောင်း ပြောကြားသွားသည်။ သို့ရာတွင် မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ် အတွဲ ၁၊ အပိုင်း ၁ ကို ၁၉၁၁ ခုနှစ် ဇွန်လတွင်မှ ထုတ်ဝေနိုင်ခဲ့သည်။ အတွဲ ၁၊ အပိုင်း ၂ ကို ၁၉၁၁ ခုနှစ် ဒီဇင်ဘာလတွင် ထွက်ပေါ်လာသည်။ ဂျာနယ်ကို အမေရိကန်နှစ်ခြင်းသာ သနာပြုပုံနှိပ်တိုက်၌ ရိုက်နှိပ်ခဲ့သည်။ ဂျာနယ်အရွယ်မှာ ၈ x ၅၊ စာမျက်နှာ ၁၈၀၊ အုပ်ရေ ၅၀၀၊ တစ်အုပ် ၂ ကျပ် ၈ ပဲ (၂ကျပ်ခွဲ)
ဖြင့် ရောင်းချခဲ့သည်။ ဂျာနယ်အတွဲ ၁ အပိုင်း ၁ တွင် အမှုဆောင်စာရင်းပါရှိရာ အသင်းနာယက ၂ ဦး၊ ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယဥက္ကဋ္ဌ ၃ ဦး၊ အကျိုးဆောင်အတွင်းရေးမှူး ၁ ဦး၊ ငွေထိန်း ၁ ဦး၊ အမှုဆောင်အဖွဲ့ဝင် ၁၇ ဦး ဖြစ်သည်။ မြန်မာတိုင်းရင်းသား ၇ ဦး ပါဝင်ရာ
မောင်ဘတူ (K.S.M, C.I.E)  – ဒုတိယဥက္ကဋ္ဌ
မောင်ထွန်းငြိမ်း    – ငွေထိန်း
မောင်ရွှေဇံအောင် (B.A)   – အမှုဆောင်
မောင်မေအောင် (MA., LL.M) – အမှုဆောင်
မောင်နေဒွန်း (F.R.C.I)  – အမှုဆောင်
မောင်ခင် (Bar. at Law)  – အမှုဆောင်
ကပ္ပတိန်ဘခက် (I.M.S)  – အမှုဆောင် တို့ဖြစ်သည်။
မြန်မာနိုင်ငံသုတေသနအသင်းကြီးတွင် ၁၉၁၀ ပြည့်နှစ် မှ ၁၉၆၆ ခုနှစ်အထိ ဥက္ကဋ္ဌတာဝန် ယူခဲ့သူပေါင်း ၂၂ ဦးရှိသည်။ ၂၂ ဦးအနက် ၁၄ ဦးသည် နိုင်ငံခြားသားများဖြစ်ပြီး၊ ၇ ဦးသာ မြန်မာလူမျိုးများဖြစ်ကြသည်။ ဥက္ကဋ္ဌတာဝန်ယူခဲ့သူများမှာ-
(၁) Herbert L. Eales   – ၁၉၁ဝ
(၂)  Sir Henry S. Hartnoll  – ၁၉၁၁-၁၉၁၅
(၃) Mathew Hunter   – ၁၉၁၆-၁၉၂၂
(၄) ဦးမေအောင်   – ၁၉၂၄
(၅) James Mac Kenna  – ၁၉၂၅
(၆) ဆာဦးဘ    – ၁၉၂၆
(၇) Sir J. Guy Rutledge  – ၁၉၂၇
(၈)  C.W.Dunn   – ၁၉၂၈-၁၉၂၉
(၉) Sir William Carr   – ၁၉၃၀-၁၉၃၁
(၁၀) Sir Thomas Couper  – ၁၉၃၂-၁၉၃၃
(၁၁) S.G. Grantham   – ၁၉၃၄
(၁၂) ဆာဦးဘ    – ၁၉၃၅
(၁၃) H.O. Reynolds   – ၁၉၃၇
(၁၄) ပါမောက္ခဦးဖေမောင်တင်  – ၁၉၃၈-၁၉၃၉
(၁၅) B.W. Bwithinbank  – ၁၉၄၀-၁၉၄၁
(၁၆) Professor Khan Sahib A.Cassim – ၁၉၄၈-၁၉၄၉
(၁၇) ဦးဖေမောင်တင်   – ၁၉၅၀
(၁၈) ဒေါက်တာထင်အောင်  – ၁၉၅၄-၁၉၅၅
(၁၉) Professor G.H. Luce  – ၁၉၅၆
(၂၀) ဦးချစ်သောင်   – ၁၉၅၇-၁၉၅၉
(၂၁) ဒေါက်တာဘဟန်   – ၁၉၆၁-၁၉၆၃
(၂၂) ဒေါက်တာကျော်သက်  – ၁၉၆၄-၁၉၆၆
အထက်ဥက္ကဋ္ဌများအနက် မြန်မာလူမျိုး ၇ ဦး ပါဝင်ရာ ဦးမေအောင်၊ ဆာဦးဘ၊ ပါမောက္ခဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဦးချစ်သောင်၊ ဒေါက်တာဘဟန် နှင့် ဒေါက်တာကျော်သက်တို့ဖြစ်ကြသည်။
အသင်းသား ၂၁၅ ဦးတွင်လည်း မြန်မာတိုင်းရင်းသား ၇၅ ဦး၊ ရာသက်ပန်အသင်းဝင် ၃ ဦး (မှော်ဘီဆရာသိန်း၊ ဦးထွန်းငြိမ်း၊ မစ္စတာတောင်စိန်ခို) တို့ ပါဝင်သည်။ ဂျာနယ်အတွဲ ၁၊ အပိုင်း ၂ တွင် မှော်ဘီဆရာသိန်း၏ `ရှင်စောပုအကြောင်း´ ဆောင်းပါး မြန်မာဘာသာဖြင့် ပါဝင်သည်။ စာတမ်းအကျဉ်းချုပ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုထားသည်။
မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်ကို ၁၉၁၁ မှ ၁၉၄၁ ခုနှစ်အထိ တစ်နှစ်လျှင် သုံးကြိမ်ထုတ်ဝေခဲ့သည်။ ၁၉၄၂၊ ၁၉၄၇၊ ၁၉၄၉ ခုနှစ်များတွင် ဂျာနယ်ကို ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပေ။ ၁၉၅ဝ မှ ၁၉၇၉ ခုနှစ်အတွင်း တစ်နှစ်လျှင် ၂ ကြိမ်သာ ထုတ်ဝေနိုင်တော့သည်။
မြန်မာနိုင်ငံသုတေသနအသင်းသည် ပေ၊ ပုရပိုက်များပေါ်ရှိ ရှေးဟောင်းမြန်မာကျမ်းများကို ပုံနှိပ်စာဖြစ်လာစေရန် စနစ်တကျတည်းဖြတ်၍ ပုံနှိပ်ထုတ်ဝေခဲ့ခြင်း၊ အများပြည်သူအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်၊ ဆရာ ဆရာမများ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများ လေ့လာအသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းနှင့် ရှေးဟောင်းစာပေအမွေအနှစ်များ မတိမ်ကော မပျောက်ပျက်သွားစေရန် ဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံသုတေသနအသင်းကြီးသည် သုတေသနစာစဉ်များအဖြစ် စစ်ကြိုခေတ် ၁၉၂၁ မှ ၁၉၄၁ ခုနှစ်အထိ ကျမ်းပေါင်း (၄၆) ကျမ်းကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။
မြန်မာနိုင်ငံသုတေသနအသင်းက တည်းဖြတ်ပုံနှိပ်ထုတ်ဝေသော ရှေးဟောင်းမြန်မာရာဇ၀င်နှင့် စာပေဆိုင်ရာ ကျမ်းများအနက် ရှင်မဟာသီလ၀ံ၏ ရာဇ၀င်ကျော်ကို ၁၉၃၂ ခုနှစ်၊ ဦးကြင်ဥ၏ ဒေ၀ကုမ္ဘာန်ပြဇာတ်ကို ၁၉၂၆ ခုနှစ်၊ ပဒေသာသီချင်းများကို ၁၉၃၄၊ ဦးကုလား၏ မဟာရာဇ၀င်ကြီး ပထမတွဲကို ၁၉၂၆၊ ဒုတိယတွဲကို ၁၉၃၂၊ ဦးတိုး၏ ရာမရကန် (၂ တွဲ) ကို ၁၉၃၃ ခုနှစ်၌လည်းကောင်း အသီးသီး ပုံနှိပ်ထုတ်ဝေခဲ့သည်။
မြန်မာစာပေပညာရှင် ဆရာလင်း (၁၈၇၅-၁၉၅၄) ကလည်း မြန်မာနိုင်ငံသုတေသနအသင်းအတွက် ပျို့နှစ်စောင် (သုတသောမပျို့နှင့်မဟာသီလ၀ပျို့)၊ ပြဇာတ်တစ်အုပ်(ပါပဟိန်ပြဇာတ်)၊ လျှောက်ထုံးတစ်စောင် (မဟာပညာကျော်လျှောက်ထုံး) တို့ကို မြန်မာနိုင်ငံသုတေသနအသင်းအတွက် တည်းဖြတ်ပေးခဲ့ရာ မြန်မာစာပေထွန်းကားရေးအတွက် များစွာ အကျိုးရှိပါသည်။
သိပ္ပံမောင်ဝကလည်း မြန်မာစာပေအတွက် အရေးပါသော စစ်ကြိုခေတ်ကာလပေါ်ဝတ္ထုဖြစ်သည့် ဦးလတ်၏ ရွှေပြည်စိုး ၀တ္ထု (၁၉၂၉) နှင့် စပယ်ပင်ဝတ္ထု (၁၉၃၁) တို့ကို တည်းဖြတ်၍ သုတေသနအသင်းကြီး ထုတ်ဝေခဲ့သည်။
ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီးကို ပြုစုခဲ့သော ၀န်ထောက်မင်း ဦးမောင်မောင်တင် (K.S.M, A.T.M) (၁၈၆၆-၁၉၄၅) က ကင်းဝန်မင်းကြီးသမိုင်းကို မြန်မာနိုင်ငံသုတေသနအသင်းအတွက် အသစ်ရေးသားပေးခဲ့သည်။ ယင်းစာအုပ်ကို ၁၉၃၆ တွင် အသင်းကြီးက ထုတ်ဝေခဲ့သည်။
စစ်ပြီးခေတ်တွင်လည်း ဆရာဦးဝန် (မင်းသုဝဏ်)၊ ဆရာဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးတင်ဧ (ရှမ်းပြည်) နှင့် ဒေါက်တာသန်း ထွန်း တို့က ဦးဆောင်ပြီး မြန်မာနိုင်ငံသုတေသနအသင်းကြီး၏ သုတေသနစာစဉ်များ တည်းဖြတ်ပုံနှိပ်သည့်လုပ်ငန်းကို အသင်းကြီးရပ်ဆိုင်းသွားရသည့် ၁၉၇၉ ခုနှစ်အကုန်အထိ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ၁၉၇၉ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ နှင့် နိုင်ငံတော်သမ္မတ ဦးနေဝင်းသည် မြန်မာနိုင်ငံ သုတေသနအသင်းကို ဖျက်သိမ်းပစ်လိုက်ရာ၊ ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသုတေသနအသင်း ရပ်ဆိုင်းသွားခဲ့သလို သုတေသနအသင်းဂျာနယ်ထုတ်ဝေမှုလည်း လုံးဝရပ်ဆိုင်းသွားလေတော့သည်။
မြန်မာနိုင်ငံ သုတေသနအသင်းကြီးသည် ၆၉ နှစ်တိုင်တိုင် ကျောက်စာ၊ ပေ၊ ပုရပိုက်များတွင်သာ တိမ်မြှုပ်ကွယ်ပျောက် တည်ရှိနေသော နှစ်ပေါင်း တစ်ထောင်ကျော်က ရှေးမြန်မာဘိုးဘွားတို့၏ စာပေအမွေအနှစ်များကို အများပြည်သူလွယ်လင့်တကူ ဖတ်ရှုလေ့လာသုတေသနပြုနိုင်ရန်အတွက် ပုံနှိပ်စာပေအဖြစ် စနစ်တကျ တည်းဖြတ်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံသုတေသန အသင်းကြီးသည် ဖျက်ဆီးခံလိုက်ရသော်လည်း အသင်းကြီး၏ မွန်မြတ်သော စေတနာဖြင့် တည်ထောင်ခဲ့သော ဒေါက်တာ ဂျေ အက်စ် ဖာနီဗယ်၏ ဆောင်ရွက်ချက်များနှင့် သူ့ကျေးဇူးကို ယနေ့တိုင် မြန်မာပြည်သူတို့ သတိတရရှိနေဆဲပင်ဖြစ်သည်။
ဤသို့ မြန်မာနိုင်ငံသုတေသနအသင်းကြီးကို တည်ထောင်ခဲ့သော ဂျေ အက်စ် ဖာနီဗယ်ကို ခရစ် ၁၈၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဗြိတိန်နိုင်ငံ အင်္ဂလန်ပြည် အက်ဆက်မြို့ ဂရိတ်ဘင့်လေ (Great Bentley) ဒေသ၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ ဆရာဝန်တစ်ဦးဖြစ်သ်။
ဖာနီဗယ်သည် ငယ်စဉ်က Royal Medical Benevolent ကောလိပ် (ယခု Epsom ကောလိပ်) ၌ ပညာသင်ကြားခဲ့သည်။ ပညာသင်ဆု ရရှိပြီးနောက် ကင်းဗရစ်တက္ကသိုလ် ထရီနီတီဟော၌ ဆက်လက်ပညာသင်၍ ၁၈၉၉ ခုနှစ်တွင် သဘာဝသိပ္ပံ ဘာသာရပ်ဖြင့် ၀ိဇ္ဖာဘွဲ့ရရှိခဲ့သည်။
ယင်းနောက် ၁၉၀၁ ခုနှစ်တွင် အိုင်စီအက်စ် (I.C.S) ခေါ် ၀န်ထမ်းစာမေးပွဲအောင်ပြီးနောက် ၁၉ဝ၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိခဲ့သည်။ ဖာနီဗယ်သည် မြန်မာပြည်ရောက်ရှိပြီးနောက် လက်ထောက်ကော်မရှင်နာ မင်းကြီးနှင့် နေရာချထားရေးမင်းကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာပြည်သို့ ရောက်ရှိသည့် နှစ်မှာပင် တောင်ငူသူ မာဂရက်မညွန့်နှင့် နဖူးစာဆုံ၍ ထိမ်းမြားလက်ထပ်ကာ သမီးနှစ်ဦးထွန်းကားခဲ့သည်။
ဖာနီဗယ်သည် ရခိုင်တိုင်းမှအပ မြန်မာပြည်အနှံ့အပြား၌ နှစ်ပေါင်း ၂၀ ကျော်မျှ အမှုထမ်းခဲ့သည်။ အမှုထမ်းနေစဉ်၌ မြန်မာ့သမိုင်းနှင့် စီးပွားရေးအခြေအနေများကို သုတေသနပြုခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင် နောင်တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ ဦးမေအောင်နှင့်အတူ မြန်မာနိုင်ငံသုတေသနအသင်းကြီးကို ဆော်သြတည်ထောင်ခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ဒုတိယကော်မရှင်နာမင်းကြီးနှင့် မြန်မာနိုင်ငံ ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးအဖြစ် ရာထူးမြှင့်ခံရသည်။ ထိုနှစ်မှာပင် ဇနီးသည် မာဂရက်ဒေါ်ညွန့် ကွယ်လွန်သွားခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် နယ်ချဲ့အုပ်ချုပ်ရေးသည် မတရားဟု ဆုံးဖြတ်ကာ ကြေးတိုင်နှင့် မြေဟာရင်းမင်းကြီးရာထူးမှ နှုတ်ထွက်၍ အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖြစ် အငြိမ်းစားယူခဲ့သည်။
၁၉၂၃ ခုနှစ် မြန်မာစာအုပ်အသင်းလီမိတက်ကို တည်ထောင်၍ ၁၉၂၅ ဖေဖော်ဝါရီလတွင် `ဂန္တလောကမဂ္ဂဇင်း´ (The World of Books) ကို စတင်ထုတ်ဝေခဲ့သည်။ အဆိုပါမဂ္ဂဇင်း၌ ဘာသာပြန်ပြိုင်ပွဲကို ၁၉၂၇ ခုနှစ် ဧပြီလမှ စ၍ လစဉ် မြန်မာပြည်တ၀ှမ်းမှ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဂန္တလောကမဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲတွင် ဆရာကြီး သခင်ဘသောင်းသည် အမည်ရင်း ဘီတီ (B.T) (ဘသောင်း) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရာ ငါးကြိမ်ဆက်တိုက် ပထမဆုရရှိခဲ့သည်။
ယင်းနောက် မစ္စတာဖာနီဗယ်သည် ၁၉၂၈ ခုနှစ်တွင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း (Burmese Education Extension Association) ကို တည်ထောင်ခဲ့သည်။
၁၉၃၁ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ ပြည်တော်ပြန်ခဲ့သည်။ ၁၉၃၃ ခုနှစ်မှ ၃၅ ခုနှစ်အထိ လေဒင်ကောလိပ် (Leiden College) ၌ ကိုလိုနီခေတ်အုပ်ချုပ်ရေးဘာသာရပ်ကို အထူးပြုလေ့လာခဲ့သည်။ ကောလိပ်မှ ဘွဲ့လွန်ရရှိပြီးနောက် ကင်းဗရစ်တက္ကသိုလ်တွင် မြန်မာစာ၊ သမိုင်း၊ ဥပဒေဘာသာရပ်ဆိုင်ရာ ကထိကရာထုးဖြင့် ၁၉၃၆ မှ ၁၉၄၁ ခုနှစ်အထိ စာပေပို့ချ ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် စီ ဒဗလျူဒန်း (C.W Dunn) နှင့် ပူးတွဲပြုစုသော မြန်မာအင်္ဂလိပ် အဘိဓာန်စာအုပ်ကို ထုတ်ဝေခဲ့သည်။
၁၉၄၂ ခုနှစ်တွင် Reconstruction in Burma (မြန်မာပြည်ပြန်လည်တည်ဆောက်ရေး) အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံအစိုးရက ဖာနီဗယ်အား `သတိုးသီရိသုဓမ္မ´ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင် ပညာရေးပါရဂူ (D.Litt) ဘွဲ့ အပ်နှင်းခဲ့သည်။
မစ္စတာဖာနီဗယ်သည် စာပေ၀ါသနာထုံ၍ အောက်ဖော်ပြပါစာအုပ်များကိုလည်း ပြုစုခဲ့သည်-
(၁) Introduction to the Political Economy of Burma
(၂) The Fashioning of Leviathan
(၃) Colonial Policy and Practice
(၄) Social and Economic History of Burma
(၅) Chrictianity and Buddhism in Burma
(၆) An Introduction to the History of Netherland India (1602-1836)
စာအုပ်တို့ကို ပြုစုရေးသားခဲ့သည်။ မြန်မာသုတေသနအသင်းကြီးအတွက်လည်း ဆရာကြီးဦးဖေမောင်တင်နှင့်တွဲ၍ `ဇမ္ဗူ့ဒီပ ဥဆောင်းကျမ်း´ ကို ၁၉၆၀ တွင် တည်းဖြတ်ထုတ်ဝေခဲ့သည်။
ထို့နောက် ၁၉၅၈ ခုနှစ် မတ်လတွင် အင်္ဂလန်သို့ အပြီးတိုင်ပြန်သွားပြီးနောက် ၁၉၆ဝ ပြည့်နှစ် ဇူလိုင်လ ၇ ရက်နေ့၌ ကင်းဗရစ်မြို့၌ အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့လေသည်။
မည်သို့ဆိုစေ…. မြန်မာ့သမိုင်းတကွေ့၌ မြန်မာအကျိုးကို လိုလားသော ဖာနီဗယ်၏ ဆောင်ရွက်ချက်များနှင့် သူ၏ အမည်သည် ထာဝစဉ်ထွန်းလင်းတောက်ပနေမည်မှာ မလွဲဧကန်ပင်တည်း။
စာကိုး
(၁) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမအတွဲ၊ ရန်ကုန် ပညာရွှေတောင်စာအုပ်တိုက် ပထမအကြိမ် ၂၀၁၀။
(၂) မောင်ဇေယျာ၊ `မြန်မာနိုင်ငံသုတေသနအသင်းရာပြည့်´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၂။ ၂၀၁၀ ဒီဇင်ဘာ ၉
(၃) ဒေါက်တာကျော်ဝင်း၊ `မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်ပါသမိုင်းဆောင်းပါးများ’ ပြည်သူ့ခေတ်ဂျာနယ်အတွဲ ၁၊ အမှတ် ၂၇၊ (၂၀၁၁ ဇန်န၀ါရီလ ၁၃)
(၄) ခင်နှင်းဦး `မြန်မာနိုင်ငံသုတေသနအသင်း၏ မြန်မာဥက္ကဋ္ဌများ´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၀၊ ၂၀၁၁ ဇန်န၀ါရီလ ၂၀။
(၅) မြင့်ဆွေဦး `နှစ် ၁ဝဝ ပြည့်ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံသုတေသနအသင်း´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၉၊ ဇန်န၀ါရီလ ၂၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်