>Yan win (Taung Da gar) – let pan pwint kauk

January 17, 2011

>

လက်ပံပွင့်ကောက် အရောက်လာမယ်
ရန်ဝင်း (တောင်တံခါး)
ဇန်နဝါရီ ၁၇၊ ၂၀၁၁

“တန်ဆောင်မီးလောက်၊ ရှိန်ညီးတောက်၍
လဲ ပေါက် ထိန်ဖြာ၊ သဲခင်းသာဝယ်
သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်”
တောလား အမှတ် (၅)၊ ရှင်ဥတ္တမကျော်

လေရူးသုန်သုန်ထဲမှာ မြူမှုန်တွေက တလွင့်လွင့် ဝှေ့ကာ ဝိုက်ကာ မျောပါနေတဲ့ ဒီလို အချိန်မျိုးမှာပေါ့။ အညာက ကျနော့်မွေးရပ်မြေမှာ အင်ကြင်းပင်တွေ၊ ပေါက်ပင်တွေ၊ ကသစ်ပင်တွေနဲ့အတူ လဲပင် လို့ခေါ်တဲ့ လက်ပံပင်တွေမှာ အပွင့်တွေက အစီအရီနဲ့ နီနီရဲရဲ အပြိုင်အဆိုင် ဖူးပွင့်နေကြရော့မယ်။

“ခိုင်ရွှေညှာဝင်း
နှင်းကြွင်းဖွဲတဲ့ မိန်လရာသီ
လေသွေးရာချီ
ရွှေဖီငုံကင်း အင်ကြင်းတွေက နီ
သန္တာရည် တောလုံးဖြာချေပြီ”
မိန်ရာသီ၊ မန္တလေး ဦးဘသိန်း/ကိုအံ့ကြီး

လေရူးကလေးတွေ တိုးလိုက် အဝှေ့လိုက်မှာ လက်ပံပွင့်တွေက တဖွဲဖွဲနဲ့ ဝဲကာဝဲကာ ကြွေကျကြလေတယ်။ ‘လက်ပံပင် ဆက်ရက်ကျသလို’ ဆိုတဲ့စကားအတိုင်း ဆက်ရက်တွေကလည်း အုပ်လိုက် အုပ်လိုက် လက်ပံပင်တွေပေါ်မှာ အသံစာစာနဲ့ ပျော်ကြ မြူးကြလေတယ်။ ဒီလိုအချိန်မျိုးမှာ ဆရာကြီး မင်းသုဝဏ်ကလည်း ခါနွေဆန်းတော့ လွမ်းမိတယ်တဲ့လေ။

“မြိုင်မြင့်စုံခြေ
ဆာဝေဝေ ရွှေကသစ်ပန်း
ကောဝိလာငယ် တျာတျာရင့်လန်းကာပ
ပင်နန်းထက်ယံ ဆက်ရက်သံ၊ ကျွက်ညံကြော်ကြွေး
မ ဖို ပျော်ပျော် တူနှစ်ဖော်၊ ထူးခေါ်ကာ မေးကြသနှင့်”
ခါနွေဆန်းတော့ လွမ်းမိတယ်၊ မင်းသုဝဏ်

တရံရောအခါတုန်းက အပေါင်းအဖော် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နေလာခဲ့တဲ့ဘဝကို တွေးတွေးပြီး သတိတွေရလို့ အောက်မေ့မိတာကလည်း အခါခါပေါ့။

“အဖော်တွေများနဲ့ ကစားခဲ့ကြ ပျော်ပျော်ရွှင်
မမေ့နိုင်ဘူးအစဉ် ကိုယ့်ဇာတိမြေ တောရပ်ရွာကိုပင်”
ကိုယ့်ရပ်ဌာနေ၊ စန္ဒယားထွန်းညွန့်

အရပ်ထဲ ရွာထဲမှာတော့ ကျောင်းနေဖက် သူငယ်ချင်းတွေဆိုရင် ယောက်ျားကလေး၊ မိန်းကလေး မခွခြားဘဲ ရင်းရင်းနှီးနှီးပေါင်းကြတာပဲ။ ငယ်ပေါင်းတွေဆိုတော့ မူလတန်းကစပြီး အထက်တန်းကျောင်း ရောက်တဲ့အထိလည်း ကျောင်းသွားကျောင်းပြန် တတွဲတွဲနဲ့ မခွဲကြဘူး။ ညနေခင်း ကစားချိန်မှာ ကစားရင်လည်း အတူတူ၊ ကျောင်းပိတ်တဲ့ရက်တွေမှာ တောလည်ကြရင်လည်း အတူတူပဲပေါ့။

“သတိရနေတယ် သူငယ်ချင်းရေ
တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ
လက်ချင်းယှက်ခါ ပြေးကာ လွှားကာ
ကျောင်းတက်လာကြတာတွေ မေ့နိုင်မှာလား
မင်းတို့ ငါတို့ ငယ်ငယ်တုန်းကလေ”
အသီးတရာ အညှာတခု၊ တွံတေးသိန်းတန်

အညာရပ်တနေရာက အပွင့်တွေဝေနေတဲ့ လက်ပံပင်တွေ

အပွင့်တွေဝေနေတဲ့ လက်ပံပင်တွေအောက်မှာပေါ့။ လေရူးကလေးတွေ ဝှေ့လိုက်တဲ့အခိုက်မှာ တဖွဲဖွဲကြွေကျလာတဲ့ လက်ပံပွင့်တွေကို သူငယ်ချင်းတသိုက်နဲ့အတူ အလုအယက် ကောက်ကြ၊ ပျော်ခဲ့ကြတာတွေကိုလည်း သတိရမိပြန်သေးတော့တယ်။ လက်ပံပွင့်ကောက်တယ်ဆိုတာကလည်း သူငယ်ချင်းတွေနဲ့ အလုအယက် ကောက်ကြရမှ ပိုပြီးပျော်ရတာမျိုးပါပဲ။

“ကြည်နူးစရာ တို့ရွာများမယ်
ကြီးမားပင်စည် ပွင့်နီလက်ပံ
ဝဲပျံမြေပေါ် လျောင်းစက်ပျော်တယ်”

“သီချင်းသံပြိုင်သီကာရယ်၊ သီချင်းသံပြိုင်သီကာရယ်
လက်ပံပွင့်ကောက် အရောက်လာမယ်
ရွာဓလေ့မို့ မွေ့ပျော်ဖွယ်၊ ရွာဓလေ့မို့ မွေ့ပျော်ဖွယ်
သူဦး ကိုယ်ဦး မြူးထူးလုယက်
ပျော်ကွက်ကိုရှာ နှစ်သိမ့်ကာနေမယ်”

လက်ပံပွင့်ကောက် အရောက်လာမယ်
ဘိုကလေးတင့်အောင်၊ ဂီတလုလင်မောင်ကိုကို/
မာမာအေး၊ အေးအေးသွယ်၊ မိမိလေး

လက်ပံပွင့်ကရတဲ့ လက်ပံခေါင်းနဲ့ရောချက်တဲ့ အညာပုန်းရည်ကြီးဟင်းကို စားဖူးသူတိုင်း လွမ်းမိပေလိမ့်မယ်။ ပုန်းရည်ဟင်းခွက်ကို နှီးဒေါင်းလန်းကြီးရဲ့ အလည်မှာတည်လို့ သူငယ်ချင်းတွေနဲ့ အတူတူ ဝိုင်းဖွဲ့ပြီး လက်ရေတပြင်တည်း ထမင်းလက်ဆုံလည်း စားခဲ့ဖူးတယ်။

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတပြင်တည်း ရှေးကတော့ပိုချစ်ကြတယ်”
လက်ရေတပြင်တည်း၊ နန်းတော်ရှေ့ဆရာတင်

ဆောင်းရာသီကလည်း မကုန်တတ်သေး၊ နွေဦးရာသီကလည်း မပီပြင်သေးတဲ့ ရာသီကလေးပါပဲ။ မကြာခင်မှာ ရှင်ဥတ္တမကျော်ရဲ့ တောလားအတိုင်း၊ သစ်ရွက်ရော်ရီတွေနဲ့ ရဂုံမြိုင်တွင်း တောလုံးလင်းကြပေဦးတော့မယ်။ မြိုင်တကြောမှာ ဥသြတွန်သံတွေကိုလည်း လွမ်းမောစရာ ကြားရပြန်ဦးတော့မယ်လေ။

“သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်
သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း
တောလုံးလင်းသား”
တောလား အမှတ် (၁)၊ ရှင်ဥတ္တမကျော်

ကိုယ့်မွေးရပ်ဌာနေ၊ ကိုယ့်တိုင်းပြည်ကို လွမ်းကြတဲ့သူတွေချည်းပါပဲ။ ပျော်ရာမှာမနေရဘဲ တော်ရာမြေဖြစ်တဲ့ ရေမြေရပ်ခြား တိုင်းတပါးမှာ ကာလကြာရှည် နေထိုင်ကြရရင်တော့ သည်နွေ သည်မိုး သည်ဆောင်း ဘယ်လိုပဲ ရာသီတွေပြောင်းစေတော့ မျှော်လေတိုင်းဝေးခဲ့ရတဲ့ ဇာတိမြေကို မလွမ်းဘယ်သူ ရှိလိမ့်မလဲလေ။ ကိုယ့်ရိုးရာ ယဉ်ကျေးမှုဓလေ့ဆိုတာကလည်း ရင်ထဲ အသည်းထဲမှာ စွဲမြဲနေခဲ့ပြီပဲ။

“ဆွေးတယ် ဆွေးတယ်
မြို့မှာအနေကျွမ်းပေမယ့်
ကျနော့်စိတ်က ရေဝေးပန်းနှယ်
အမေနဲ့ ရွာကိုလွမ်းတယ်”
အမေနဲ့ ရွာကိုလွမ်းတယ်
ဟင်္သာတ ထွန်းရင်

အညာအရပ်က ဆီးပင်၊ ကန္တာရပင်တွေနဲ့ လက်ပံပင်

အဝေးရပ်ဆီကနေပြီး လေထဲမှာ လွင့်မျောပါလာတတ်တဲ့ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင် နဲ့ သန်းထွန်းလေး တို့ရဲ့ သီချင်းသံတွေနဲ့အတူ လက်ပံပွင့်ချိန်မှာ လက်ပံပွင့်ကောက်သွားဖို့ အညာကို တခေါက်လောက်တော့ ပြန်ရောက်ချင်သေးတယ်။

“လက်ပံပွင့်တွေ
လေအတိုက် ကြွေလိုက်တဲ့အခါ
တဝဲဝဲဝှေ့ လို့ လေယာဉ်ပမာ
အော် ချစ်စရာ ချစ်စရာ
မြင်ရပါလေဦးတော့မည်”
မမေ့သောအညာ
ကိုလေးလွင်/သန်းထွန်းလေး

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) ရှင်ဥတ္တမကျော် တောလား၊ ရှင်ဥတ္တမကျော် (မြန်မာသက္ကရာဇ် ၈၁၅-၉ဝ၄)
မန္တလေးတက္ကသိုလ် သုတေသနအဖွဲ့၊ တတိယအကြိမ် ပုံနှိပ်၊ ဧပြီလ၊ ၁၉၆၁
(၂) မင်းသုဝဏ်ကဗျာပေါင်းချုပ်၊ မင်းသုဝဏ် (၁၉ဝ၉ -၂ဝဝ၄)
စာပေလောက စာအုပ်တိုက်၊ ပထမအကြိမ် ပုံနှိပ်၊ မတ်လ၊ ၁၉၇၇
(၃) နှလုံးသားထဲက မြတ်နိုးရာရာ တေးပေါင်းစုများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)