Than Win Hlaing – Articles

May 27, 2013

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ
သန်းဝင်းလှိုင်
မေ ၂၇၊ ၂၀၁၃
  

● အိန္ဒိယနန်းကျဘုရင် ဗဟာဒူးရှားဇဖားရ်
ပြီးခဲ့သော အပတ်က ကျနော်ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း (ယခင်ဇဗားရ်ရှားလမ်း) ရှိ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပါတော်မူခဲ့သော နောက်ဆုံးမဂိုဧကရာဇ် ဗဟာဒူးရှားဇဖားရ်၏ သင်္ချိုင်းဂူဗိမာန်သို့ သွားရောက်လေ့လာ ကြည့်ရှုမိသည်။
တချိန်က ရွှေနန်းတော်၌ မင်းစည်းစိမ်ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ မဂိုဧကရာဇ်သည် ရေခြားမြေခြား မြန်မာနိုင်ငံ၌ ရန်သူ၏လက်တွင်းတွင် နတ်ရွာစံခဲ့ပုံကို တွေးမိရင်း ကျွန်ုပ်တို့၏ မြန်မာဘုရင်သီပေါမင်းတရား အိန္ဒိယပြည် ရတနာဂီရိ အရပ်၌ ၁၉၁၆ ဒီဇင်ဘာ ၁၅ တွင် ဆင်းရဲချို့ တဲ့စွာ နတ်ရွာစံခဲ့ရပုံကို ပြန်လည်ယှဉ်တွဲ အတွေးပွား နေမိပါတော့သည်။
ဤပါတော်မူဘုရင်နှစ်ပါး၏ ဘဝကံကြမ္မာမှာ တနည်းတဖုံ ဆင်တူယိုးမှား တူညီနေပေ၏။ အိန္ဒိယပြည် ဒေလီမြို့တော်၌ အိန္ဒိယပြည့်ရှင် မဂိုဘုရင်အား အင်္ဂလိပ်တို့က ဖမ်းဆီး၍ ဇာတိနေပြည်တော်နှင့် ဝေးသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ပို့လိုက်သည်။ အကျဉ်းစံ နန်းကျဘုရင်တပါးအဖြစ် နေထိုင်ရင်း ရန်ကုန်မြို့ ဒဂုံအရပ်၌ နတ်ရွာစံခဲ့ရလေသည်။
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းတရားအားလည်း ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီး၍ နယ်ချဲ့အင်္ဂလိပ်တို့သည် ရေကြောင်းခရီးဖြင့် ပထမအိန္ဒိယနိုင်င်ငံ မဒရပ်မြို့၊ ယင်းနောက် အိန္ဒိယနိုင်ငံအနောက်ဘက် ပင်လယ်ကမ်းခြေရှိ ရတနာဂီရိသို့ ၁၉၁၀ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ၌ ရတနာဂီရိအကျဉ်း သားဘ၀ဖြင့် နှစ် ၃၀ နီးပါး နေထိုင်ခဲ့ရပြီးနောက် ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၂ နာရီတိတိတွင် နတ်ရွာစံခဲ့ရသည်။
သို့ကလို မြန်မာဘုရင်အား အိန္ဒိယပြည်၌ ခွေထားပြီး အိန္ဒိယဘုရင်အား မြန်မာနိုင်ငံ၌ ခွေထားခြင်းမှာ အင်္ဂလိပ်နယ်ချဲ့တို့၏ နည်းပရိယာယ် တစ်ခုပင်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပါတော်မူခံခဲ့ရသော အိန္ဒိယနိုင်ငံ၏ နောက်ဆုံး မဂိုဧကရာဇ် မဟာဒူးဇဖားရ် (Bahadur Shah Zafar) သည် ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် ဒေလီမြို့တော်ရှိ ရှားဂျဟန်းဘုရင်ကြီး၏ လာလ်ကီယာ နန်းတော်တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော် ဒုတိယမြောက် အက္ကဘာရ်ရှား (Emperor Akbar Shah II) က သားတော်အား `မိုဟာမက်စေရာဂျွန်ဒင်း´ ဟု မှည့်ခေါ်ခဲ့၏။ အရွယ်ရောက်သောအခါ `အဘူဇဖားရ်´ ဘွဲ့အမည်ဖြင့် အိမ်ရှေ့စံအပ်နှင်းခဲ့သည်။
ခမည်းတော်သည် သားတော်အား ငယ်စဉ်ကပင် နန်းတွင်း၌ပင် အကြီးတော်ဆရာများခန့်အပ်၍ မင်းသားတို့ တတ်အပ်သော ပညာရပ်များကို သင်ကြားစေသည်။ အဘူဇဖားရ်သည် ဘာသာရေးအဆုံးအမတို့ကို လေးစားလိုက်နာသူလည်းဖြစ်သည်။ ဘာသာရေးစာပေတို့ကိုလည်း လေ့လာသူ ဖြစ်သည်။ ဘာသာရေးစာပေတို့ ကို ဆရာအသီးသီးထံတွင်ကြိုးစားသင်ယူသည်။ သူသည် ငယ်စဉ်ကပင် ကဗျာလင်္ကာများဖတ်ရှုခြင်း၊ ရေးသားသီကုံးခြင်း ကို အထူးပင် ဝါသနာပါသည်။ နန်းတွင်းကဗျာစာဆိုများဖြစ်ကြသော အီဘရာဟင်ဇောက်၊ ဟာဆန်နွလ်ခန်းဂါလစ် တို့သည် သူ့အား ကဗျာဆရာတစ်ဦးအဖြစ်သို့ရောက်အောင် ဆရာစားမချန် သင်ကြားပြသပေးခဲ့ကြသည်။ ထို့အပြင် အာရေဗီ (အာရပ်ဘာသာစကား)၊ ဖာရစီ (အီရန်ဘာသာစကား) နှင့် အူရဒူ (ပါကစ္စတန်ဘာသာစကား) များနှင့် စာပေများကို ဂရုတစိုက်သင်ကြားခဲ့ရာ အဘူဇဖားရ်သည် ဖာရစီဘာသာ၊ အူရဒူဘာသာတို့ဖြင့် ကဗျာလင်္ကာတို့ကို ရသမြောက်အောင် ဖွဲ့ဆိုသီကုံးနိုင်ခဲ့သည်။
အသက် ၄၀ တွင် အိမ်ရှေ့စံအဘူဇဖားရ်မင်းသားသည် ကြင်ယာတော်မိဖုရားလေးပါးဖြင့် သားတော် သမီးတော်များ ထွန်းကားနေပြီဖြစ်သည်။
ထို့နောက် ဇဖားရ်ရှားဘုရင်၏ အဘိုး `ဒုတိယမြောက်ရှားအာလမ်´ (Shar Alam II) သည် ၁၈ဝ၆ ခုနှစ် နတ်ပြည်စံ၍ ခမည်းတော် အက္ကဘာရ်ရှားသည် နန်းတက်ခဲ့လေသည်။ နန်းတက်ပြီးမကြာမီမှာပင် သားတော်အား အိမ်ရှေ့နှင်းခဲ့သည်။ ခမည်းတော် ဒုတိယမြောက်အက္ကဘာရ်ရှားသည် နှစ် ၃ဝ နီးပါး နန်းစံခဲ့ပြီးနောက် ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နတ်ပြည်စံခဲ့သည်။
ဗဟာဒူးရှားသည် ခမည်းတော်နတ်ပြည်မစံမီ ၁ဝ ရက်အလို ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၌ပင် `အဘူဇဖားရ်မိုဟာမက်စေရာဂျွန်းဒင်းမဟာဒူးရှား´ ဘွဲ့အမည်ဖြင့် ရာဇဘိသေကခံခဲ့သည်။ နန်းတက်စဉ် မဟာဒူးရှား သည် အသက် ၆၂ နှစ် ရှိနေပြီဖြစ်သည်။
စိတ်သဘောထားနူးညံ့သိမ်မွေ့သော ဘာသာတရားကို လေးစားလိုက်နာသော ဘာသာရေးကျင့်စဉ်နှင့် ကဗျာလင်္ကာများတွင် မွေ့လျော်သော မဂိုဘုရင်ကြီး ဗဟာဒူးရှားသည် ထီးနန်းစည်းစိမ်ကို ရရှိသော်လည်း စိတ်ကျေနပ် ပျော်ရွှင်မှုကို အပြည့်အဝမရခဲ့ပေ။
သူသည် အသက် ၂၀ ကျော်လောက်ကပင် `တစပ်ဝမ်´ ခေါ် မဖောက်ပြန်သော တရားလမ်းစဉ်ဘက်သို့ လေ့လာလိုက်စား၍ အသက် ၄၀ ကျော် အရွယ်တွင် ကိုယ်တိုင် ကျမ်းစာများ ပြုစုခြင်း၊ တရားပြဆရာအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုခဲ့သည်။
ဗဟာဒူးရှားသည် အိန္ဒိယပြည့်ရှင် မဂိုဧကရာဇ်ဟု ဆိုသော်လည်း အမှန်စင်စစ်အားဖြင့် အမည်ခံဘုရင်တစ်ပါး မျှသာ ဖြစ်သည်။ သူနန်းစံသည် ၁၈၃၇ ခုနှစ်သို့ မရောက်မီကပင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီကြီးသည် အိန္ဒိယပြည်၏ အချက်အခြာဒေသများ၊ အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းဆိပ်ကမ်းမြို့များကို သိမ်းပိုက်ထားပြီး ဖြစ်လေသည်။ သြဇာအာဏာတိက္ကိမကြီးမားသော နယ်စားပယ်စား စော်ဘွားများကိုလည်း စည်းရုံးသိမ်းသွင်းထားပြီး ဖြစ်သည်။ ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ်မှာ လော့အောက်လန် (Lord Auk-Land) ဖြစ်သည်။
ဘင်္ဂလားပြည်နယ် ကာလကတ္တားမြို့ (ယခု ကိုးလ်ကတ္တား) ကို ဖို့ဒ်ဝီလျံဟု သမုတ်၍ ကုမ္ပဏီဌာနချုပ်ရုံးစိုက်ကာ အိန္ဒိယပြည်ရှိ မိမိပိုင်နက်များကို အုပ်ချုပ်နေလေပြီ။ ဗဟာဒူးရှားအားလည်း တလလျှင် ရူပီးငွေ တစ်သိန်းကျ ကုမ္ပဏီက ထောက်ပံ့ထား၏။ သူသည် မြို့တော်ရှိ အချို့စံအိမ်တော်များမှလည်း အိမ်ငှားခရရှိသည်။
တဖက်ကလည်း ဒေလီပြည့်ရှင် မဂိုဧကရာဇ်ဟု ဆက်လက်အသိအမှတ်ပြုထားလေသည်။ သို့သော်လည်း ဗဟာဒူးရှားမှာ မိမိနေထိုင်ရာ လာလ်ကီယာနန်းတော်တွင်း၌ရှိသော မောင်းမမိဿံနှင့် မင်းမှုထမ်းများအပေါ် မှာပင်သြဇာအာဏာမရှိပေ။ မရှိအောင်လည်း အင်္ဂလိပ်တို့က ဖန်တီးထားသည်ကို တွေ့ရှိရသည်။
ဗဟာဒူးရှားကို လောကီစည်းစိမ်ခံစားနိုင်စေရန် ငွေကြေးထောက်ပံ့ထားသော်လည်း အိန္ဒိယပြည်တဝန်းလုံး သို့  သွားလာမှုမပြုနိုင်အောင် တားမြစ်ထားသည်။ မြို့စား၊ နယ်စားများနှင့်လည်း ဆက်သွယ်မှုမပြုနိုင်အောင် ဖြတ်တောက်ထားသည်။ မြို့စား၊ နယ်စားများကို ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီနှင့်သာ ဆက်သွယ်ရန် ဖန်တီးထားသည်။ အချို့ မြို့စား၊ စော်ဘွားများကို `ဆာ´ (Sir) ဘွဲ့များ ချီးမြှင့်၍ သူကောင်းပြုထားသည်။ ၄င်းတို့၏ အကူအညီဖြင့် ပြည်တွင်းမှ ပုန်ကန်သူအင်အားစုများကို အစွမ်းကုန်ဖြိုခွဲပစ်ခဲ့သည်။
ထိုစဉ်က အိန္ဒိယပြည်၏ နာမည်ကြီး ပုဆိန်ရိုးများမှာ ဂွါလီဝါမှ ဘင်အင်ကာရောင်း၊ ဟိုက်ဒါရာဘတ်မှ ဘာဆလာဂျန်၊ နီပေါမှ ဆာဂျန်မဟာဒူး တို့ ဖြစ်လေသည်။
ထို့နောက် ၁၈၅၇ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဘာသာရေးကိစ္စကို အကြောင်းပြု၍ အိန္ဒိယပြည်မြောက်ပိုင်း၌ တပ်စွဲထားသည့် အိန္ဒိယအမျိုးသား စီးပွိုင့်စပေါရီတပ်သားများနှင့် ပြည်သူလူထုတို့ ပေါင်းစည်းကာ နယ်ချဲ့ဗြိတိသျှအစိုးရကို ပထမဆုံးအကြိမ် တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ကြသည်။ ယင်းတော်လှန်ရေးတွင် နယ်ချဲ့အစိုးရတို့ ဇဖားရှားဘုရင်သည် အိန္ဒိယအမျိုးသားစစ်ပါရီနှင့် ပြည်သူလူထုဖက်မှ အကူအညီပေးသည်ဟု ယူဆကာ ရုံးတင်စစ်ဆေးခဲ့သည်။ ၃၁ ရက်အကြာ ရုံးတင်စစ်ဆေးပြီးနောက် ထိုစဉ်က ဗြိတိသျှလက်အောက်ခံဖြစ်နေ သော ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ပို့ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ယင်းဆုံးဖြတ်ချက်နှင့်အညီ ၁၈၅၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဘုရင်၊ မိဘုရားနှင့် သားသမီးများအား ကာလကတ္တားမြို့သို့ ထွက်ခွာသွားရန် ပန်ဂျပ်ပြည်နယ် အင်္ဂလိပ်မင်းကြီးချုပ်က အမိန့်ထုတ်ခဲ့သည်။ ဇဖားရှားဘုရင်နှင့် တော်ဝင်မိသားစုတို့ ဒေလီမြို့မှ ထွက်ခွာလာသောအခါ ဗြိတိသျှအစောင့်စစ်သားများ ထူထပ်စွာ ချထားစောင့်ရှောက်စေခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် ဘုရင်နှင့်မိဘုရားတို့ကို နောက်ဆုံးတွေ့မြင်လိုကြသော လူထုကြီးသည် ပြည့်နှက်နေသည်။ ယင်းလူထုကြီးတရပ်လုံးသည် ဘုရင်နှင့် မိဘုရားတို့ ပြည်နှင်ဒဏ်ခံရသည့်အတွက် ဝမ်းနည်ပူဆွေးငိုကြွေးကာ နှမြောတသဖြစ်ကြသည်။ ဘုရင်နှင့်မိဘုရားတို့ကလည်း ဝမ်းနည်းပူဆွေးလျက် မျက်ရည်များကျကာ ပြည်သူတို့အား လက်ပြနှုတ်ဆက်ခဲ့ကြသည်။ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ဇဖားရှားဘုရင်နှင့် တော်ဝင်မိသားစုတို့သည် ကာလကတ္တားမြို့မှတဆင့် ရန်ကုန်မြို့သို့ ၁၈၅၈ ခုနှစ် ဒီဇင်ဘာလတွင် ရောက်ရှိခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ မြင်းပြိုင်ကွင်းဟောင်းအနီး ဗွိုင်းလမ်း (ယခု ဦးဝိစာရလမ်း) ရှိ ပျဉ်ထောင်အိမ်တစ်လုံးတွင် ဘုရင်နှင့် မိဘုရားတို့ကို ထားရှိခဲ့သည်။ ပါတော်မူစဉ်က မဂိုဘုရင်ကြီး ဗဟားဒူးရှားဇဖားရ်သည် အသက် ၈၅ နှစ် ရှိပြီဖြစ်သည်။ သူနှင့်အတူ ဆွေတော်မျိုးတော်အပါအ၀င် နန်းတွင်းမင်းမှုထမ်း ၃၅ ဦးပါ လိုက်ပါလာခဲ့သည်။ ဇဖားရ်ရှားဘုရင် ပါတော်မူစဉ်က အထက်မြန်မာပြည် မန္တလေးရတနာပုံနေပြည်တော်တွင် မင်းတုန်းမင်းတရားကြီး စံမြန်းနေစဉ်ကဖြစ်သည်။
ရန်ကုန်မြို့တွင် နန်းကျဘုရင်အား အင်္ဂလိပ်အစိုးရသည် စစ်တပ်နှင့် အစောင့်အရှောက်အမြဲထားခဲ့သည်။ ယင်းပျဉ်ထောင်အိမ်၌ ဇဖားရှားဘုရင်နှင့်တော်ဝင်မိသားစုသည် ဆင်းရဲငြိုငြင်စွာ နေထိုင်ခဲ့ရရှာသည်။ ဗြိတိသျှ အစိုးရက ထောက်ပံ့ကြေးငွေအဖြစ် တစ်လလျှင် ငွေ ၆ဝဝ ကျပ်သာ ပေးခဲ့သည်။ ဇဖားရ်ရှားဘုရင်သည် ယင်းငွေကြေးဖြင့် မိသားစုအတွက် မလုံလောက်သော်လည်း ဗြိတိသျှအစိုးရထံ ငွေပိုပေးရန် မတောင်းခံခဲ့ပေ။ မိဘုရားကြီး၏ လက်ဝတ်ရတနာများကိုသာ ထုခွဲရောင်းချသုံးစွဲခဲ့သည်။
ဇဖားရ်ရှားဘုရင်သည် အိမ်တွင်း၌သာ အနေများသည်။ အပြင်သို့ ထွက်လေ့မရှိချေ။ တရားကျမ်းစာများ ရွတ်ဖတ်ခြင်း၊ ဆေးတံသောက်ခြင်း၊ သားတော်ဘတ်ခံမင်းသားနှင့် နေပြည်တော်အလွမ်းတေးများ ရွတ်ဆိုခြင်း၊ ထာဝရဘုရားသခင်ထံ ဆုမွန်တောင်းခြင်းတို့ဖြင့်သာ အချိန်ကုန်စေခဲ့သည်။ သူသည် `ဇဖားရ်ရှား´ ကလောင်အမည်ဖြင့် ကဗျာလင်္ကာများလည်း ရေးစပ်သီကုံးခဲ့သည်။
ဗဟားဒူးရှားဇဖားရ် နှင့်အတူ နေထိုင်ခဲ့သူများမှာ မိဘုရားခေါင်ကြီး ဇိနတ်မဟာဘီဂမ် ((The Nawab Zinath Mahal Begun) သားတော် ဂျဝမ်ဘတ်၊ သမီးတော် ကုလ်ခွန်ဇမာနိဘေဂမ်၊ ရောင်နတ်ဇမာနိဘေဂမ်၊ နို့စို့အရွယ်သားတော် ဂျမ်ရှစ်ဘတ်၊ သားတော် ဂျဝမ်ဘတ်၏ဆရာ ဟာဖွဇ်အီဘရာဟင်ဇောက်တို့နှင့် အစေအပါး အခြွေအရံများဖြစ်ကြသည်။
ဇဖားရ်ရှား၏ စံအိမ်တော်သည် လက်ရှိ ဇီဝကလမ်း (မြန်မာနိုင်ငံဆေးဝါးသုတေသနဌာနဘေး) ရှိ သင်္ချိုင်းတော်ရှိသည့် နေရာပင်ဖြစ်သည်။ ထိုစဉ်က ထိုလမ်း၏အမည်မှာ စီးဒါးရ်ဘဇားလမ်းဖြစ်ပြီး အိမ်အမှတ်မှာ ၅၈ ဖြစ်သည်။
ထို့နောက် အိန္ဒိယနိုင်ငံ၏ နန်းကျဘုရင် ဗဟာဒူးရှားဇဖားရ်သည် ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၇ ရက် သောကြာနေ့တွင် သက်တော် ၈၉ နှစ်အရွယ်၌ နတ်ရွာစံခဲ့လေသည်။ ထိုအချိန်၌ မိဘုရားကြီး ဇိနတ်မဟာလ်၊ ဂျဝမ်ဘတ်ခ်မင်းသားနှင့် ဇနီး၊ မြေးမိန်းကလေးတို့သည် ဘုရင်ကြီး၏ အနီးတွင် ရှိနေခဲ့သည်။ ဇဖားရ်ရှားဘုရင်၏ ရုပ်ကလာပ်ကို ဗြိတိသျှအစိုးရက အိန္ဒိယသို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်ခွင့်မပြု၍ စံအိမ်တော်ဝင်းအတွင်း၌ပင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။ ဇဖားရ်ရှားဘုရင်နတ်ရွာစံပြီးနောက် ၅ နှစ်အကြာတွင် ဇိနတ်မဟာလ်မိဘုရားကြီးကို အခြားအိမ်တစ်အိမ်သို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။ ဘုရင်ကြီးနတ်ရွာစံပြီးနောက် နှစ် ၂၀ အကြာ ၁၈၈၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် မိဘုရားကြီး ဇိနတ်မဟာလ်နတ်ရွာစံခဲ့ပြန်သည်။ မိဘုရားကြီး၏ ရုပ်ကလာပ်ကိုလည်း ယခင်နေထိုင်ခဲ့သော အိမ်ဝင်းအတွင်းရှိ ဘုရင်ကြီး၏ ဂူအနီး၌ပင် မြှုပ်နှံခဲ့သည်။ ၄င်းနောက် သားတော် ဂျဝမ်ဘတ်ခ် မင်းသားသည် မော်လမြိုင်သို့ အပို့ခံခဲ့ရသည်။
ဇဖားရ်ရှားဘုရင်နှင့် မိဘုရားကြီးတို့၏ အလောင်းများမြှုပ်နှံခဲ့သည့် အိမ်ဝင်းကို ဥရောပတိုက်သား မိသားစုအား ငှားရမ်းခဲ့သည်။ ထိုအချိန်မှစ၍ ဇဖားရ်ရှားဘုရင်၏ သင်္ချိုင်းနေရာသည် လုံးဝပျောက်ကွယ်တိမ်မြုပ်လုနီး ဖြစ်ခဲ့ရသည်။ ၂ဝ ရာစုနှစ်ဦးပိုင်းတွင်းကျမှ အဗ္ဗဒူဆလမ်းဆိုသူ၏ ကြိုးပမ်းမှုကြောင့် ဇဖားရ်ရှားဘုရင်၏ သင်္ချိုင်းနေရာကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းနေရာများကို မှတ်တိုင်များစိုက်ထူထားပေးခဲ့သည်။ ၄င်းနောက် မြန်မာပြည်တွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင် မွတ်စလင်တို့က ဗြိတိသျှအစိုးရထံမှ ခွင့်ပြုချက်တောင်းယူကာ ဦးဝိစာရနှင့် ရှေးအခေါ် စီဒါးဘဇားလမ်း (ယခု ဇီဝကလမ်း) ၌ ဇဖားရ်ရှားဘုရင်နှင့် မိဘုရားတို့၏ အုတ်ဂူများကို ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ကြသည်။ ယင်းအုတ်ဂူများကို ယခုတိုင် ဇဖားရ်ရှားသင်္ချိုင်းဗလီဝင်းအတွင်း၌ အထင်အရှား တွေ့မြင်နိုင်သေးသည်။
ထို့နောက် ၁၉၃၈ ခုနှစ်တွင် ရှေ့နေဒါဝတ်ဂျီ (M.E Darwood Je) က ရန်ကုန်မြို့ မြူနီစီပါယ်၌ အဆိုတရပ်သွင်း၍ စီဒါးရ်ဘဇားလမ်းကို ဇဖာရ်ရှားဘုရင်၏ ကလောင်အမည် ဇဖားရ်ရှားကို ဂုဏ်ပြုသောအားဖြင့် ဇဖားရ်ရှားလမ်းဟု အမည်ပြောင်းပေးရန် တင်ပြခဲ့သည်။ ဤသို့ဖြင့် ဇဖားရ်ရှားလမ်းဟူ၍ ၁၉၈၉ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ခေါ်ဝေါ်ခဲ့ကြသည်။ နဝတအစိုးရလက်ထက် ၁၉၈၉ ခုနှစ် မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ နိုင်ငံခြားအမည်ရှိသော လမ်းများကို မြန်မာအမည်သစ်သို့ ပြောင်းလဲရာမှ ဇဖားရ်ရှားလမ်းကို ယခုအခါ ဇီဝကလမ်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
ဗြိတိသျှအစိုးရသည် မဂိုအင်ပါယာ၏ နောက်ဆုံးနန်းကျဘုရင်နှင့် မိဘုရားတို့ မြှုပ်နှံထားရာ နေရာကို နောင်တွင် အိန္ဒိယတိုင်းသားတိုပက ကိုလိုနီစနစ်ကို တော်လှန်ရေးအထိမ်းအမှတ် သင်္ကေတသဖွယ် အသုံးပြုမည်ကို စိုးရိမ်သောကြောင့် မြှုပ်နှံရာ အုတ်ဂူနေရာအစစ်ကို စနစ်တကျဖုံးကွယ်၍ လျှို့ဝှက်စွာမြှုပ်နှံထားခဲ့သည်။ အများက ယခင်သိရှိခဲ့သော အုတ်ဂူဗိမာန်သုံးလုံးတွဲကိုသာ နန်းကျဘုရင် ဇဖားရ်ရှား၊ မိဘုရားနှင့် မြေတော်တို့၏ အုတ်ဂူအစစ်ဟု သာ ထင်မြင်ခဲ့ကြသည်။
သို့သော် နန်းကျဘုရင်၏ အုတ်ဂူအစစ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း သင်္ချိုင်းဂူဗိမာန်အနီးနေရာ၌ပင် ၁၉၉၁ ခုနှစ်တွင် အဆောက်အအုံအသစ်ဆောက်လုပ်ရန် မြေကြီးများတူးဖော်ရာမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ အုတ်ဂူအစစ်ကို အလွယ်တကူရှာဖွေ၍ မတွေ့ရှိနိုင်စေရန် ဗြိတိသျှအစိုးရက သေသပ်ပိရိစွာဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ကြောင်း မဂိုအင်ပါယာ၏ နောက်ဆုံးဧကရာဇ် ဇဖားရ်ရှား နတ်ရွာစံပြီး အနှစ် ၁၃ဝ အကြာတွင်မှ မြေတူးလုပ်ငန်း ပြုလုပ်စဉ်အတွင်း ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် ဟင်ဒူစတန်တိုင်း (Hindustan Time) သတင်းစာ၌ ဖော်ပြထားသည်။
မည်သို့ဆိုစေ… မဂိုဘုရင် ဇဖားရ်ရှားနှင့် မြတ်မာဘုရင်သီပေါမင်းတရားတို့၏ ဖြစ်ရပ်နှစ်ခုသည် နယ်ချဲ့တို့၏ မတရားစိုးမိုးချယ်လှယ်မှု အဓမ္မမှုစနစ်ဆိုးတို့ကို ရုပ်လုံးဖော်နေသော သမိုင်းအမည်းကွက်အဖြစ် တင်ကျန်ရစ်နေသည် ကိုမူ မည်သူမျှငြင်းမရပေ။ ယခုအခါ အိန္ဒိယနိုင်ငံ မဂိုအင်ပါယာ၏ နောက်ဆုံးဧကရာဇ် ဗဟားဒူးရှားဇဖားရ်ကို အစ္စလာမ်ဘာသာဝင်တို့က သူတော်စင်ကဗျာစာဆိုဘုရင်တစ်ပါးအဖြစ် သတ်မှတ်ကာ ကိုးကွယ်လျက်ရှိသည်။
ရည်ညွှန်း
၁။ ဦးသန်း (မြန်မာပြန်)၊ မဂိုဘုရင်ဘဟာဒူးရှားဇဖားရ်၊ ပြည်သူ့အလင်းပုံနှိပ်တိုက်၊ ပထမအကြိမ်၊ ၁၉၈၇ ခုနှစ် စက်တင်ဘာလ။
၂။ အေးသိန်း၊ ရန်ကုန်မြို့ရောက်အိမ်နိမ့်စံဘဟာဒူးရှားဇဖားရှားရ်ဘုရင် ရန်ကုန်၊ ဂုဏ်ထူးစာပေ၊ ပထမအကြိမ် ၂ဝဝ၎
၃။ ကောင်းထက်၊ နန်းကျဘုရင်နှစ်ပါး ရန်ကုန်၊ အားမာန်သစ်စာပေ၊ ပထမအကြိမ် ၂ဝဝ၉။
၎။ ယူပီအိုင်ဦးဘသန်း `ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ပို့ခံရသော ဇဖားရှားရ်ဘုရင်´ ငွေတာရီမဂ္ဂဇင်း ၁၉၇၇ ဒီဇင်ဘာလ။

၅။ မောင်သော် `ပါတော်မူသောဘုရင်နှစ်ပါး´ သွေးသောက်မဂ္ဂဇင်း အမှတ် ၂၂၅ (၁၉၄၆ အောက်တိုဘာလ) စာ ၁၀၉-၁၁၂။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်