>Suu and Her Answers – RFA – 11th Feb 2011

February 13, 2011

>

 “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၁)
မေးခွန်းမေးသူ။   ။ အိန္ဒိယနိုင်ငံမှ Ms Jaya Jaitly, Samata Party
Q: ဒေါ်အောင်ဆန်းစုကြည်ရှင့် အိန္ဒိယပြည်သူလူထုကိုယ်စား ကျမ မေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွတ်လပ်ခွင့်တွေကို ဘယ်လိုများ အသုံးချဖို့ ရည်မှန်းထားပါသလဲရှင်။ ရှေ့ဆက်ပြီးဆောင်ရွက်ဖို့ ရည်မှန်းထား တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုလဲ သိပါရစေရှင်။ နောက်ထပ်မေးချင်တာ တခုကတော့၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီညွတ်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုများ စည်းရုံးမယ် ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျမတို့ အိန္ဒိယနိုင်ငံကိုရောက်နေကြတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ လူတွေကို ကူညီဖို့ ကြိုးစားတဲ့ အခါမှာ သူတို့အချင်းချင်း ဒီ့ထက်ပိုပြီး ညီညွတ်ကြရင် သိပ်ကောင်းမှာပဲလို့ ကျမ မကြာခဏ ထင်မြင်ယူဆမိလို့ဖြစ်ပါတယ်။ နောက်ပြီးကျမတို့ အိန္ဒိယနိုင်ငံရေးသမားတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာတွေလုပ်ပေးစေချင်သလဲ ဆိုတာလဲ ပြောပြပါရှင်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက်တွေပြည့်ဝအောင် ကျမတို့ ဝိုင်းဝန်းကူညီလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အိန္ဒိယအစိုးရဟာ မြန်မာပြည်သူတွေအတွက် တတ်နိုင်သလောက် လုပ်ကိုင် ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ကျမအမြဲတမ်းအတွေးဝင်နေမိလို့ပါပဲ။ ကျေးဇူးတင်ပါတယ်ရှင်။ 
A: ကျမအပြင်ဘက်ရောက်လာတဲ့အချိန်က စပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပြည်သူ့ကွန်ယက်တခု ထူထောင်ဖို့ဟာကို အဓိကထားပြီး လှုပ်ရှားနေပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနဲ့ ပြည်သူ ပြည်သားများရဲ့ အခွင့်အရေးတွေကို အာမခံမယ့် ဒီမိုကရေစီအုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာစေဖို့ ဆက်လက်ပြီး လှုပ်ရှားသွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားများ ညီညွတ်ဖို့အတွက်က တိုင်းရင်းသားတွေကိုယ်တိုင် ညီညွတ်ရေး ရဲ့တန်ဖိုးကို နားလည်သဘောပေါက်ဖို့က အဓိကကျပါတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ တတ်အားသမျှ တိုင်းရင်းသား အချင်းချင်းကြား သဘောထားဖလှယ်ခြင်း၊ နားလည်မှုရယူနိုင်ဖို့ အတွက်ကို ကြိုးစားသောအားဖြင့် ၂၁ရာစုနှစ် ပင်လုံကို ဦးတည်နေခြင်းဖြစ်ပါတယ်။ အိန္ဒိယရောက် မြန်မာနိုင်ငံသားများ အချင်းချင်း ညီညွတ်မှုအားနည်းတာကို ၄င်းတို့ကိုယ်တိုင် သုံးသပ်ဆင်ခြင်ပြီး ပြေလည်မှုရအောင် ရှာဖို့ရန် ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။ အိန္ဒိယနိုင်ငံရေးသမားများကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူတွေ သတ်မှတ်တဲ့အခါမှာ ရေတိုအနေနဲ့ မဟုတ်ဘဲ၊ ကျမတို့ နိုင်ငံ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲမယ့်၊ ခင်မင်ရင်းနှီးမှုမျိုး တည်ဆောက်နိုင်ဖို့ ကျမတို့ ပြည်သူများရဲ့ မျှော်လင့်တမ်းတချက်များကို အလေးထားပါလို့ မေတ္တာရပ်ခံချင်ပါတယ်။    

မေးခွန်းမေးသူ။   ။ ကိုသန်းထိုက် (ဂျပန်နိုင်ငံ)
Q: ကမ္ဘာမှာ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာတဲ့ တရုတ်နိုင်ငံက သမ္မတကို အမေရိကန် သမ္မတကိုယ်တိုင်က နိုင်ငံတော် အခမ်းအနားတွေနဲ့ ကြိုဆိုနေတာကို တွေ့လိုက်ရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နာမည်ပျက်နေတဲ့ တရုတ်နိုင်ငံက သမ္မတတယောက်ကို လူ့အခွင့်အရေးကို အလေးထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ သမ္မတက အလေးထားပြီးတော့ ကြိုဆိုနေတာတွေကို တွေ့ရတဲ့အခါမှာ လူတွေရဲ့ စိတ်ထဲမှာ စီးပွားရေးအင်အားကောင်းလာလို့ရှိရင် တခြား ကမ္ဘာကနေပြီးတော့လက်ခံလာမယ်ဆိုတဲ့ သဘောမျိုးအတွေး ဝင်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်မေးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ တနိုင်ငံဟာ လူ့အခွင့်အရေးကို ပထမ ဦးစားပေးသင့်သလား၊ ဒါမှမဟုတ်လို့ ရှိရင် စီးပွာရေးကိုပဲ ဦးစားပေးသင့်သလား ဘယ်လိုထင်ပါသလဲခင်ဗျာ။
A: အခြားနိုင်ငံက သမ္မတတဦးက လာလည်တဲ့အခါမှာ အိမ်ရှင်သမ္မတက ကိုယ်တိုင်နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုတယ်ဆိုတာ လုပ်ရိုးလုပ်စဉ်ပါ။ စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံတွေကို မျက်နှာသာပေးကြတာလဲ ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါဘူး။ လူ့အခွင့်အရေးတွေကို အလွန်အကျွံ ချိုးဖောက်နေတဲ့၊ လူ့အသိုင်းအဝိုင်းမှာ ရေရှည်စီးပွား ဖွံ့ဖြိုးမှုဖြစ်နိုင်ပါ့မလားဆိုတာကတော့ လေးလေးနက်နက် စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ ဒီလို စဉ်းစားလိုက်လို့ရှိရင် ရေရှည်တော့ အခြေအနေတွေကို မပြုပြင်ဘဲနဲ့ ဖွံ့ဖြိုးမှုကို ထိန်းသိမ်းနိုင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကြိုးပမ်းတဲ့နေရာမှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံရေး အဆောက် အအုံတွေနဲ့ လူ့အခွင့်အရေးတွေအတွက်ပါ တခါတည်း လုပ်ဆောင်သွားရမယ်လို့ ယုံကြည်ပါတယ်။    
မေးခွန်းမေးသူ။   ။ ကိုရဲမာန်ထူး (အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားနေသူ)
Q: အန်တီဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းပြည်ပမှာ ခေါင်းဆောင်တယောက်အဖြစ် သတ်မှတ်ပြောဆို နေတာတွေကို ကြားနေရပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ အနေနဲ့က အန်တီဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တယောက် အဖြစ်ကို တရားဝင် အသိအမှတ်ပြုခံရတဲ့ အနေအထားမျိုး မတွေ့ရ သေးပါဘူး။ အဲဒီအတွက် ဒီ တကယ်လို့ ဒုတိယ ပင်လုံညီလာခံ လုပ်ဖြစ်ခဲ့လို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးနဲ့ အန်တီဒေါ်အောင်ဆန်းစုကြည်ရော သဘောတူညီချက်တခုအပေါ်မှာ လက်မှတ်ရေးထိုးဖြစ်ခဲ့လို့ရှိရင် ဒီ အန်တီ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားဝင် လူထုခေါင်းဆောင်တယောက် အဖြစ်ကို ရောက်လာမယ် လို့ ကျနော်ထင်မိပါတယ်။ အဲဒီအခါကျရင် နိုင်ငံတကာနဲ့ကော လက်တွဲပြီးတော့ မြန်မာ့နိုင်ငံရေးကို ထိထိ ရောက်ရောက်လုပ်ဆောင်နိုင်မယ်လို့ ကျနော်ယူဆမိပါတယ်။ အဲဒါ ဟုတ်ပါသလားခင်ဗျ။ အဲဒီအပေါ်မှာ အန်တီ့ အမြင်ဘယ်လို ရှိပါသလဲခင်ဗျာ့။
A: လူထုခေါင်းဆောင် ဆိုတာဟာတော့ တရားဝင်ရာထူးတခု မဟုတ်ပါဘူး။ အသိအမှတ်ပြုချက်တခုသာ ဖြစ်ပါတယ်။ အန်တီက ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုနဲ့ မေတ္တာကို တန်ဖိုးထားပေမယ့်လဲ ခေါင်းဆောင်ကြီး၊ ဘာကြီးရယ်လို့ အသိအမှတ်အပြုခံရတာကို အရေးကြီးတယ်လို့ မထင်ပါဘူး။ နိုင်ငံနဲ့ ပြည်သူအပေါ်မှာ တာဝန်ကျေဖို့ကသာ အဓိကလို့ထင်ပါတယ်။ ဒုတိယပင်လုံရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ပြည်ထောင်စု စိတ်ဓါတ်တည်ဆောက်ရေးဖြစ်လို့ အောင်မြင်အောင်ကြိုးစားမှာပါ။ ပြည်ထောင်စုအတွက် ကြိုးစားမှာပါ။ နိုင်ငံ့ခေါင်းဆောင်ကြီးရယ်၊ လူထုခေါင်းဆောင်ကြီးရယ်ဖြစ်ချင်လို့တော့ မဟုတ်ပါဘူး။   
မေးခွန်းမေးသူ။   ။ မယဉ်မင်းသူ (စပိန်နိုင်ငံ မဒရစ်မြို့မှ ရေအောက်သုတေသီတဦး)
Q: မဖြူဖြူသင်းတို့ ဦးစီးလုပ်ဆောင်နေတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေအတွက်ကို ကျမ ချွေးနည်းစာထဲ ကနေ လစဉ် အလှူငွေထည့်လိုပါတယ် အန်တီစုရှင့်။ အဲဒီ ဝေဒနာရှင်တွေအတွက် ကူညီပေးလိုတဲ့ စပိန်နိုင်ငံသူ နိုင်ငံသားတွေကိုလဲ မဖြူဖြူသင်းနဲ့ တိုက်ရိုက် မိတ်ဆက်ပေးလိုပါတယ်။ အဲဒီကိစ္စအတွက် ဘယ်လိုဆောင်ရွက် ရမယ်ဆိုတာကို အန်တီစု အနေနဲ့ လမ်းညွှန်ပေးစေလိုပါတယ်။ ကျနော်တို့အနေနဲ့လဲ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်အပြောင်းအလဲဖြစ်သွားတဲ့အခါမှာ ကျရာနေရာကနေ တိုင်းပြည် အတွက် ပြန်လည် အလုပ်အကျွေးပြုဖို့ ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ အခုတော့ တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော လူ့အခွင့်အရေးမရှိတဲ့ လက်ရှိစစ်အစိုးရလက်အောက်မှာ မနေချင်လို့၊ အခုတော့ ပြည်ပကနေပြီး တတ်နိုင်သလောက် လုပ်ပေးပါရစေ အန်တီစုရှင့်။ အန်တီစုနဲ့တကွ အဖွဲ့ချုပ်ဝင်များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံစေဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။   
A: မဖြူဖြူသင်းကို စာရေးပြီးဆက်သွယ်ရင်ရပါတယ်။ ဒီကိစ္စမှာ အာရ်အက်ဖ်အေက ကူညီနိုင်မယ်လို့ ထင်ပါတယ်။ သမီးက လူ့အခွင့်အရေးမရှိတဲ့ အစိုးရအောက်မှာ မနေချင်ဘူးဆိုရင် တတ်နိုင်တဲ့ဘက်က အန်တီတို့နိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝရနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးရင် ကောင်းမယ်လို့ ထင်ပါတယ်။ မြန်မာပြည် အခြေအနေကို စပိန်နိုင်ငံသူ နိုင်ငံသားတွေအားလုံး သိလာပြီး၊ မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးထောက်ခံလာဖို့ ကြိုးစားပေးပါ။ 
မေးခွန်းမေးသူ။   ။ မန်းအောင်လွင်  (ကရင်အမျိုးသားအစည်းအရုံး  ဂျာမနီကိုယ်စားလှယ် နှင့် ကယန်းနေရှင်နယ်ကွန်မြူနတီ ဂျာမနီ၏ ဥက္ကဌ)
Q: မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးအတွက် နော် ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရ နော် ပြန်လည်ပေါ်ပေါက်လာရေးအတွက် ကျနော်တို့ဒီ နအဖကို ကျနော်တို့ ဖိအားပေးသင့် မပေးသင့်ပေါ့လေ။ ကျနော်တို့ဒီ စီးပွားရေးပိတ်ဆို့မှုတွေကို ဥရောပတိုင်းပြည်အစိုးရတွေနဲ့ ရပ်ဆိုင်းသင့် မရပ်ဆိုင်းသင့် ဆက်လက်ပြီးတော့ နော် လုပ်သင့်မလုပ်သင့် ဒါကို ကျနော်တို့အနေနဲ့ မေးလိုပါတယ်။ 
A: ဒီမိုကရေစီ ရရှိရေးအတွက် အားလုံးက နည်းအမျိုးမျိုးနဲ့ ကြိုးစားပေးဖို့လိုပါတယ်။ ဘယ်လိုနည်းတွေက အလုပ်ဖြစ်မလဲဆိုတာ တခါတလေ လုပ်ကြည့်မှပဲ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရက်ပိုင်း အတွင်းမှာ စီးပွားရေးပိတ်ဆို့မှုအပေါ် သဘောထားကို တရားဝင် ကြေညာပါမယ်။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးကို နိုင်ငံရေးနည်းဗျူဟာတခုအနေနဲ့ သုံးနေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေရှိသလို၊ တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်ပဲ ထိခိုက်တယ်ထင်လို့ ရုတ်သိမ်းပေးစေချင်တဲ့သူတွေလဲ ရှိပါတယ်။ ဒါတွေမှန်မမှန် သေချာသုံးသပ်ပြီး ဘယ်လိုဆက်လုပ်သင့်သလဲ ဆိုတာကို အဖြေတခုရှာရမှာပါ။  
မေးခွန်းမေးသူ။   ။ ဦးမောင်မောင်လွင် (အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်)
Q: အမေစုနဲ့ လူငယ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေအကြောင်းကြားရတာ၊ လူငယ်တွေနဲ့ ပတ်သက်လို့ ကွန်ယက်တခု ဖော်ဆောင်ရေးလုပ်ဆောင်နေတာကို အင်မတန်မှ နှစ်ထောင်းအားရဖြစ်မိပါတယ်။ ကိုလိုနီခေတ် လွတ်လပ်ရေး လှုပ်ရှားမှုမှ ၁၉၈၈ခုနှစ် လူထုအုံကြွမှု ၂၀၀၇ခုနှစ် ရွှေဝါရောင်ဆန္ဒပြမှု အဆုံး သမိုင်းစဉ်ဆက်မှာ လူငယ်တွေကပဲ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ သို့ပေမယ့် ခေတ်အစဉ်အဆက် တလျှောက်လုံးမှာ လူငယ်တွေဟာ ဦးဆောင်မှု နေရာထက် လက်တိုလက်တောင်း အခိုင်းခံရတဲ့ ဘဝ၊ အရေးအကြောင်းရယ်ဆို အသုံးချရတာတွေ၊ စတေးခံရတာတွေ တွေ့မြင်ရပါတယ်။ နိုင်ငံရေးဦးဆောင်မှုမှာ လူငယ်တွေဟာ နေရာ အပေးခံရမှု အင်မတန်အားနည်းနေပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ အသက်၁၉၊ ၂၀ လောက်က နိုင်ငံရေး လောကထဲကို စဝင်လာပြီး အမျိုးသားခေါင်းဆောင် လူထုခေါင်းဆောင်အဖြစ် လုပ်ကြံခံရတဲ့ အချိန်မှာတောင်မှ အသက် ၃၂နှစ်ပဲ ရှိပါသေးတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်လို လူမျိုးတွေလိုချင်ရင် ဗိုလ်ချုပ်အရွယ်လူငယ်တွေကို နေရာပေးရပါလိမ့်မယ်။ လူငယ်ဆိုတဲ့နေရာမှာလဲ အသက်၁၆နှစ်ကနေ အသက်၃၂နှစ် ၃၃နှစ်အရွယ် အတွင်း တွေသာ ဖြစ်သင့်ပါတယ်။ လူငယ်တွေကို များများ နေရာပေးစေချင်ပါတယ်။ တာဝန်ပိုပေးပါ။ အဲလိုလုပ်ခြင်းဟာ လူငယ်တွေကို အကောင်းဆုံး စည်းရုံးရေးဖြစ်မယ်လို့မြင်မိပါတယ်။ ယနေ့လူငယ်တွေဟာ ယနေ့နဲ့ အနာဂတ် ခေါင်းဆောင်များဖြစ်တယ်လို့ ရည်ညွှန်းချင်ပါတယ်။ လူငယ်တွေကို အနာဂတ်ရဲ့ ခေါင်းဆောင်လို့ ပြောခြင်းဟာ နောင်မှ ခေါင်းဆောင်ရမယ့်သဘောမျိုးဖြစ်နေပါတယ်။ အခုလို ကျနော့်ရဲ့ အမြင်သဘောထား အပေါ်မှာ အမေစုရဲ့ သဘောထားသုံးသပ်ချက်ကို သိချင်ပါတယ် ခင်ဗျာ။ 
A: လူငယ်တွေဟာ နေရာရချင်တာကို အဓိက မထားဘဲ အရည်အချင်းပြည့်ပြည့်ဝဝနဲ့ လုပ်နိုင်ကိုင်နိုင်အောင် ကြိုးစားဖို့က အရေးကြီးပါတယ်။ ဖြူဖြူဆိုရင် အရည်အချင်းပြည့်ဝလာတဲ့ အလျှောက်သာ အများရဲ့လက်ခံမှု အသိအမှတ်ပြုမှုကို ခံခဲ့ရတာပါ။ အန်တီကတော့ လူငယ်တွေကို နေရာပေးတယ်ဆိုတာထက် တာဝန်ပေးတယ် ဆိုတာကို သဘောကျပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေလို့ ပြောမယ့်အစား၊ တိုင်းပြည်ရဲ့ အနာဂတ်လို့ပဲ ပြောချင်ပါတယ်။ အဓိပ္ပါယ်ကတော့ လူငယ်တွေ စိတ်ဓါတ်၊ ပညာ၊ လုပ်ရည်ကိုင်ရည် ရှိသလောက်သာ တိုင်းပြည်ရဲ့ အနာဂတ်ဟာ စိတ်ချရမှာပါ။ ခေါင်းဆောင်လုပ်ချင်တဲ့စိတ်၊ နေရာရချင်တဲ့ စိတ်တွေ လွန်ကဲရင် လမ်းလွဲသွားနိုင်ပါတယ်။ တာဝန်သိစိတ်ကို ဦးစားပေးစေချင်ပါတယ်။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်