Win Nyein and Zagana interview

May 26, 2013

ဝင်းငြိမ်း – ဇာဂနာ ပွင့်ပွင့်လင်းလင်း အင်တာဗျူး
ရွှေအမြုတေမဂ္ဂဇင်း
မေ ၂၄၊ ၂ဝ၁၃


 ရုပ်မြင်သံကြားအစီအစဉ်မှာ အခုလို ချန်နယ်တွေ မပေါများမီကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ဝန်းကျင် တုန်းက မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှာ မြပုဏ္ဏမာ အငြိမ့်၊ သီတာဝင်း အငြိမ့် အစီအစဉ် များကို ရုပ်မြင်သံကြား ပရိသတ်များက တရှိုက် မက်မက် စောင့်စား ကြည့်ရှု ခဲ့ရပါတယ်။


ဒီအငြိမ့်များမှာ လူရွှင်တော် များအဖြစ် ဇာဂနာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျော ကြော်တို့ ပါဝင် ဖျော်ဖြေ ပေးခဲ့ကြတာပါ။
နိုင်ငံရေး ပုဒ်မနဲ့ ဇာဂနာ အကျဉ်းစခန်းကို ရောက်ရှိခဲ့ပြီးနောက် ရုပ်မြင်သံကြား အစီအစဉ်များမှာ အငြိမ့်ကဏ္ဍ ကွယ်ပျောက်သွားခဲ့ပေမဲ့ ရောင်းတမ်းဗီဒီယိုများအဖြစ် ရိုက်ကူးခဲ့ကြတာတွေတော့  ဈေးကွက်အဖြစ်ရှိခဲ့ပါတယ်။

အကျဉ်းစခန်းကနေ ဇာဂနာ ပြန်ထွက် လာချိန်မှာ ခေတ်စနစ်တွေလည်း ပြောင်းလဲ သွားပြီမို့ သူဦးဆောင်တဲ့အငြိမ့် ကဏ္ဍကို ကြည့်ကြရမလားလို့ မျှော်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဘယ်ရုပ်မြင်သံကြားအစီအစဉ်မှာမှ သူတို့အငြိမ့် ဖျော်ဖြေမှုကို မတွေ့ရပါဘူး။

၂ဝ၁၃ ခုနှစ်၊ မတ်လ၂၇ ရက်နေ့ညမှာ မြပုဏ္ဏမာ အငြိမ့်ကမယ်လို့ ရန်ကုန်မြို့ပေါ်မှာ ကြော်ငြာဘုတ်ကြီးများ တွေ့ကြရတော့ ဇာဂနာကတဲ့ အငြိမ့်ကို ကြည့်ကြရတော့မှာပဲလို့ အားခဲကြပါတယ်။
သူတို့အဖွဲ့ နဲ့အတူ သူတို့မွေးဖွားပေးခဲ့တဲ့ မျိုးဆက်သစ် သီးလေးသီးတို့ကလည်း ပူးပေါင်း တင်ဆက်မယ်ဆိုတာကြောင့် အတိုင်းထက်အလွန် ကောင်းမယ့် အစီအစဉ်ပဲ လို့ မျှော်လင့် ကြပါတယ်။ ကြော်ငြာ တာကိုက “ပြည်သူ့ အသံ၊ ပြည်သူ့ ရင်ပြင်၊ ပြည်သူ့ အငြိမ့်”ဆိုတဲ့ အတွက် ပိုပြီးလည်း ရင်ခုန် ကြပါတယ်။

Bo Bo Entertainment မှ ကိုဘိုစန်းက စေတနာထားပြီး ကျွန်တော်ကြည့်ဖို့ အတွက် ရှေ့ဆုံးတန်း လက်မှတ် ပေးပို့ခဲ့ပါတယ်။ ကြည့်လည်း ကြည့်ချင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး အခြေအနေ အရ အိပ်ရေးပျက် မခံနိုင်တာက တစ်ကြောင်း၊ တခြား အကြောင်းကြောင်း တွေကြောင့် ကျွန်တော် ကိုယ်တိုင် ကိုယ်ကျ သွားရောက် မကြည့်ဖြစ် တော့ဘဲ တိုက်ရိုက် ထုတ်လွှင့်တဲ့ Sky Net ကနေ ကြည့်ခဲ့ ပါတယ်။

မြပုဏ္ဏမာရဲ့အဖွင့်မှာ မြန်မာ့ရိုးရာအကများကို တစ်ပေါင်း တစ်စည်းတည်း တွေ့ရတာကြောင့် ပီတိ ဖြစ်ခဲ့ပါတယ်။
အငြိမ့်ခန်း စချိန်မှာတော့ စောစောက ပီတိတွေကို ချေဖျက်ပစ်လိုက်သလိုပါပဲ။ စိတ်ပျက်စေတဲ့ အကြောင်းတွေကတော့ မအေနဲ့ ကိုင်ကိုင်တုတ်နေတဲ့ လူရွှင်တော်ကြောင့် တစ်ကြောင်း၊
ရိုးရာ အငြိမ့်သဘင်ကို ခေတ်ပေါ် အက အဖွဲ့ဖြစ်တဲ့ ယူရေနီယမ်အက အဖွဲ့နဲ့ တွဲဖက်စေပြီး ဘော့ပ်မာလီရဲ့သီချင်းနဲ့ ကခိုင်းလိုက်တာကြောင့် တစ်ကြောင်း၊
ပြက်လုံးများက လိုအပ်တာထက်ပိုပြီး ရှည်လျား ပေများ နေခြင်းကြောင့်တစ်ကြောင်း တို့ကြောင့် ဖြစ်ပါတယ်။
အင်မတန် မျှော်လင့်ခဲ့ပေမဲ့ အိမ်မှာ ထိုင်ပြီး ကြည့်နေရ တာတောင် အချိန်ပေးရတာနဲ့ မကာမိဘူးလို့ ယူဆတဲ့ အတွက် တီဗွီကို ပိတ်ပစ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရင်ထဲမှာ တနုံ့နုံ့နဲ့ ဖြစ်နေတာကြောင့် နောက်တစ်နေ့မှာ ဇာဂနာကို ဖုန်းဆက်ပြီး အင်တာဗျူးလုပ်ခွင့် တောင်းခဲ့ပါတယ်။
သူ့ရုံးခန်းရှိရာ ဗိုလ်အောင်ကျော်လမ်းကို သွားပြီး တွေ့ဆုံရင်း ကျွန်တော့် ရင်ထဲက မကျေလည်တာတွေကို မေးမြန်းဖြစ်ပါတယ်။
အဲဒီ ညက ရုပ်မြင်သံကြား အစီအစဉ်က တစ်ဆင့် ကျွန်တော့်လို ကြည့်ပြီး ကျွန်တော့် နည်းတူ ခံစားရလိမ့်မယ်လို့ မျှော်လင့်တဲ့ ပရိသတ်များ ကိုယ်စားပါ မေးမြန်းခဲ့ခြင်းပါပဲ။

ကိုသူရ အပြင်ကို ပြန်ရောက်ကတည်းက ကိုသူရ ပြက်လုံးတွေနဲ့ ကမယ့် အငြိမ့်ကို မျှော်လင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ကိုသူရက နိုင်ငံတော်က ပေးလာတဲ့ တာဝန်တွေနဲ့ မအား မလပ်အောင် ရှိနေခဲ့ပြီး  ဇာတ်စင်ပေါ် မတက်နိုင်ခဲ့တာကိုလည်း ကျွန်တော်တို့က နားလည် ပေးခဲ့ကြပါတယ်။
ရန်ကုန်မှာ မြပုဏ္ဏမာ အငြိမ့် ကမယ်ဆိုတော့ တော်တော် ဝမ်းသာ သွားကြတယ်။ 
မတ်လ ၂၇ ရက် (တပ်မတော်နေ့)မှာ ကဖြစ်တဲ့ ရည် ရွယ်ချက် တစ်ခုခုများ ရှိသလား ဆိုတာ အရင်သိ ချင်ပါတယ်။

ကျွန်တော်တို့က နေတာပါ။ ၂ဝ၁၂ ခုနှစ် ခြောက်လပိုင်း လောက်ကတည်းက ကကြမယ်ပေါ့။ အဲဒီတုန်းကတော့ ပြည်တွင်းမှာ မကဘဲ ပြည်ပနိုင်ငံ တွေကို လှည့်လည် ကပြကြ မယ်လို့ စိတ်ကူးယဉ် ခဲ့ကြ တာပါ။ အဲဒီလိုကနေ ပြည်ပမှာ မကဘဲ ပြည်တွင်း မှာပဲ မိုးကုန်တဲ့ အချိန် တန်ဆောင် မုန်းလောက်မှာ ကမယ်လို့ စိတ်ကူးထားကြတယ်။ ဒါပေမဲ့ ကျွန်တော်က ကော်မရှင်ထဲ ပါသွားတော့ ပွဲကဖို့ ကိစ္စက မဖြစ်တော့ ပြန်ဘူး။

ကျွန်တော်တို့ နောက်ဆုံး  ကခဲ့တာ ၁၉၈၈ ခုနှစ်၊ မတ် လ ၂၇ ရက်နေ့ ဆိုတော့ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ဆိုရင် ကျွန်တော်တို့ စင်ပေါ်က ဆင်းခဲ့တာ ၂၅ နှစ်တိတိ ပြည့်ပါတယ်။ ဒါ ကြောင့် မတ်လ ၂၇ ရက်နေ့ မှာ ကကြမယ်လို့ ကျွန်တော် ကပြောတော့ အားလုံးက ကန့်ကွက် ကြတယ်။ မတ်လ ၂၆ ရက် နေ့ညက တပေါင်း လပြည့်ည ဖြစ်တဲ့အတွက် ၂၆ ရက် ညကို ကပါလားလို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်က မတ်လ ၂၇ ရက်နေ့ နောက်ဆုံး ကခဲ့တဲ့ ကျွန်တော်တို့ ၂၅ နှစ်ပြည့်ပြီ နောက် မတ်လ ၂၇ ရက်နေ့ မှာပဲ စင်ပေါ်ကို ပြန်တက် တယ်ဆိုတဲ့ မှတ်မှတ်ရရ တစ်ခုဖြစ်ချင် တယ်လို့ သူတို့ကို ရှင်းပြတော့မှ လက်ခံခဲ့ကြတယ်။

ဒေါ်မာမာအေး ပထမ ဆုံးပွဲကစပြီး Bo Bo Entertainment က ကိုဘိုစန်းနဲ့ ကျွန်တော်တို့က ရင်းနှီးနေကြတယ်။ သူကလည်း ကျွန်တော်တို့ ကမယ်ဆိုရင် အဲဒီပွဲကို သူ လုပ်ပါရ စေလို့  ပြောတာ ကြောင့် ကျွန်တော် တို့ ရဲ့ပထမ ဆုံးပွဲကို သူ့အစီ အစဉ်နဲ့ ကဖြစ်သွား တာပါ။ မူလ ရည်ရွယ် စဉ်တုန်း ကတော့ ကျွန်တော်တို့ ကတယ် ဆိုတာ ရတဲ့ ဝင်ငွေအားလုံးကို ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်အတွက် လှူချင်ကြလို့ပါ။ အဲဒီလို ကမယ် ဆိုရင်တော့ Sky Net က နေလွှင့်လို့ မရပါဘူး။ ကျွန်တော်တို့ ဆန္ဒက ကိုယ်တိုင် ကိုယ်ကျ ပွဲလာ မကြည့်နိုင်တဲ့ ပရိသတ် တွေကိုလည်း တစ်နိုင်ငံ လုံးကနေ ကြည့်စေ မြင်စေချင်တယ်။ ဒါကြောင့် ကိုဘိုစန်းနဲ့ပဲ စီစဉ်ပြီး ကဖြစ်တာပါ။ မတ်လ ၂၇ ရက်နေ့ ကဖြစ်တာက စင်ပေါ်က ဆင်းခဲ့တာ ၂၅ နှစ်ပြည့်တဲ့ နေ့မို့ အဲဒီနေ့ ကခဲ့တာ ကလွဲရင် တခြား ရည်ရွယ်ချက် မရှိပါဘူး။

အဲဒီညက ကိုသူရကို နယ်သာလင်နိုင်ငံ သံအမတ်ကြီးက ဂုဏ်ပြုဆုတစ်ခု ချီးမြှင့်တာ တွေ့လိုက်ရတယ်။  အဲဒီဆုက ဘာအတွက် ချီးမြှင့်တယ် ဆိုတာ ပြောပြပါဦး။

အဲဒီဆုက Prince Claus Award ပါ။ ဒီဆုက နယ်သာ လင်နိုင်ငံရဲ့ လက်ရှိ ဘုရင်ရဲ့ ဖခမည်းတော် နာမည်နဲ့ တည်ထောင် ထား တဲ့ဆုပါ။
ဒီဆုကTraditional ဆုတစ်ခု လည်း ဖြစ်ပါတယ်။ သူက ရိုးရာ အနုပညာနဲ့ တိုင်းကျိုး ပြည်ပြု  လုပ်တဲ့သူတွေကို တစ်ကမ္ဘာလုံးကနေ ရွေးချယ်ချီးမြှင့်တာပါ။
ကျွန်တော် ထင်တယ်။ ၁၉၉၆ ခုနှစ်က ဆရာတင်မိုး ရဖူးတယ်။ မြန်မာ လူမျိုးထဲက ဆိုရင် ဆရာတင်မိုး ပြီးရင် ကျွန်တော်က ဒုတိယ ရတာပဲ။

ဒီလိုရိုးရာနဲ့ပတ်သက်တဲ့ ဆုရတဲ့ ပုဂိ္ဂုလ်တစ်ယောက်က အငြိမ့်မှာ ရိုးရာ မဟုတ်တဲ့ ခေတ်ပေါ်အကကို ရိုးရာနဲ့ ရောပြီး ဘာအတွက် တင်ဆက် ရတာလဲလို့ မေးချင်ပါတယ်။ ဒီကိစ္စက အဲဒီညမှာ တော်တော် လေး အစာမကြေ ဖြစ်ရတဲ့ ကိစ္စလည်း ဖြစ်နေတယ်။

ဒီလိုအစ်ကိုရ။ ကျွန်တော် ထောင်ထဲမှာ ရှိနေစဉ် ကာလ ကတည်းက အငြိမ့် အခွေတွေ ကြည့်နေရတယ်။
အငြိမ့်ခွေ ကြည့်ရင် ကြည့်တဲ့ သူတွေက မင်းသမီးကတဲ့အခန်းဆိုရင် ကျော်ပစ်ကြတယ်။
လူရွှင်တော် ပြက်လုံးကိုပဲ ကြည့်ကြတယ်။ အဲဒါကို ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ပရိသတ်ကိုတော့ အပြစ်တင်လို့ မရဘူးလေ။ သူ မကြိုက်တာကို မကြည့်ဘူးပေါ့။
အဲဒီတော့ ကျွန်တော်တို့ အနုပညာရှင်များဘက်က တင်ဆက်မှုမှာ အားနည်းချက် ရှိတယ်လို့ ကျွန်တော် ထင်တယ်။
ကျွန်တော်တို့ ကစဉ် တုန်းက မင်းသမီး ကတာလည်း ကြည့်ကြတာပဲ။ သို့သော် ဒီဘက်ခေတ် ရောက်လာတဲ့ အခါမှာတော့ ဖျော်ဖြေရေးပုံစံတွေက အမျိုးစုံ ပြောင်းလဲနေတယ်။

အဲဒီ ပြောင်းလဲမှု အတွက် ကျွန်တော့်မှာ စိတ်ကူးတစ်ခု ရှိနေတယ်။ ဒါကလည်း ရုပ်မြင်သံကြား အတွက် ဆိုရင်တစ်မျိုး၊ စင်ပေါ်မှာ ကရမယ် ဆိုရင် တစ်မျိုးပေါ့။
ကမ္ဘာမှာ Remix ဆိုတာတွေက ခေတ်စား နေတယ်။ ကျွန်တော်က အကကို Remix လုပ်ကြည့်ချင်တယ်။
နိုင်ငံခြားက ဖျော်ဖြေမှုတွေကို ကြည့်မယ်ဆိုရင် တစ်ယောက်တည်း ကတယ်ဆိုတာ အင်မတန် ရှားပါတယ်။
ဦးဆောင်သူတစ်ယောက် ရှိပေမဲ့ ဝိုင်းကတဲ့သူတွေ အများကြီး ပါရတယ်။ ကျွန်တော်တို့ မြန်မာမှာလည်း ယိမ်းအက ဆိုတာ ရှိနေတာပဲ။
ဒါကြောင့် အဖွင့်မှာတော့ ရှိသမျှ မြန်မာ့ရိုးရာ အက မှန်သမျှကို ယိမ်း အဖြစ်နဲ့ ကျွန်တော် ကခိုင်းလိုက်တယ်။ နတ်ကတော်ရော၊ ဦးရွှေရိုးနဲ့ ဒေါ်မိုးရော အကုန် ကျွန်တော် ထုတ်သုံး ပစ် လိုက်တယ်။
ဒုတိယ အကျော့မှာကျတော့ ဆီမီး ခွက်ယိမ်းကို နိုင်ငံတကာ သြခက်စထရာ တီးလုံးနဲ့ ကခိုင်းလိုက်တယ်။

မြန်မာ အကက ဒါတင်ပဲလား၊ မဟုတ်သေးဘူး။
ကျွန်တော် ငယ်ငယ် ကတည်းက ကြိုက်ခဲ့တဲ့ ဘော့ပ်မာလီ ရဲ့ သီချင်းတစ်ပုဒ် ရှိတယ်။ Get Up Stand Up ဆိုတဲ့သီ ချင်းပါ။
စာသားအရ ကျွန်တော် သိပ်ကြိုက်တယ်။ ဒါက ရက်ဂေးသီချင်းပဲ။
အဲဒီ သီချင်းကို ကျွန်တော် ထောင်ထဲမှာကတည်းက ကကြည့်နေခဲ့တာ။ အဲဒီလောက်အထိ ရူးခဲ့တယ်။ အခု ကမယ်ဆိုတော့ Get Up Stand Up ကို   ဆိုပြီး မြန်မာ အကနဲ့ ကခိုင်း ကြည့်တော့ အချိုးမပြေဘူး။ ဖြစ်ချင်တော့ ကျွန်တော့် သားကလည်း US ကနေ ဂီတနဲ့ ကျောင်းပြီးလာတယ်။

သူက   သူကိုယ်တိုင် Music ကို မြန်မာအကနဲ့ ကလို့ရအောင် ဖန်တီးကြည့်ချင် တယ်ဆိုတော့  ကျွန်တော် လုပ်ခွင့်ပေးလိုက်တယ်။ Remix လုပ်လိုက်တာပေါ့။
မြန်မာအကနဲ့ အနောက်တိုင်း အကကိုလည်း ရောပေးမယ်လို့ စဉ်းစားလိုက်တော့ ယူရေနီယမ်က ကိုဇေယျာတို့ အဖွဲ့ကို ပြေးမြင်မိတယ်။ သူတို့အဖွဲ့နဲ့ မြန်မာယိမ်း နဲ့ရောပြီး အကခိုင်း လိုက်တယ်။ သီချင်း သီဆိုဖို့ ကိုတော့ မြန်မာပြည်မှာ ရက်ဂေး သမား တစ်ယောက် စစ်စစ်ဖြစ်တဲ့ ကိုစောဖိုးခွာကို အဆိုခိုင်း လိုက်တယ်။ သူလည်း တော်တော် ပင်ပင်ပန်းပန်း ဆိုရပါတယ်။ ဘာကြောင့်လဲဆိုတော့ မူရင်းသီချင်း မဟုတ်တော့ဘဲ Remix လုပ်ထားတာ ဖြစ်လို့ပါ။

အဲဒီတော့ ရက်ဂေး သီချင်းနဲ့ အနောက်တိုင်း အကနဲ့  မြန်မာအက ရောကြည့် လိုက်တာ ကျွန်တော့် စိတ်ကူးပါ။ တီထွင် ကြည့်တာပေါ့။ ကံဆိုး ကံကောင်း စမ်းသပ် ကြည့်လိုက်တာပါပဲ။

ဒါကို လက်ခံတယ်လို့ ထင်သလား။

တစ်ဝက်လောက်ကတော့ ကြိုက်ကြပြီး တချို့လည်း ဆဲတယ်ပေါ့။ ဒါကတော့ ခံရမှာပါပဲ။ ကျွန်တော်ကလုပ်ထား တာကိုး။

ဆဲတယ်ဆိုလို့ ဆက်မေး ချင်ပါတယ်။ ဆဲတယ်ဆိုတာ ပြက်လုံး မဟုတ်ဘူးနော်။ ကိုသူရတို့အထဲမှာ တော်တော်ဆဲတဲ့ လူရွှင်တော် ပါနေတယ်။

ဟုတ်ပါတယ်။ စင်ပေါ်မှာ နှစ်ခါ သူ့ပါးစပ်ကို ကျွန်တော် လိုက်ပိတ်ခဲ့ပါတယ်။ တတိယ အကြိမ်မှာတော့ ကျွန်တော် ရိုက်ပစ်လိုက်တယ်။
ပွဲမကခင်ကတည်းက စင်ပေါ်မှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျွန်တော် ထုတ်ထားပါတယ်။ စာအုပ်နဲ့ကို ထုတ်တာပါ။
အရက် မသောက်ရ၊ အောက်လုံး မပြောရ၊ မဆဲရ အစရှိသဖြင့် စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။
အရက်သောက်တာကိုလည်း ပွဲပြီးမှသာသောက်ပါဆိုတဲ့အထိ ကျွန်တော် မှာထားတယ်။ စည်းကမ်း အားလုံးကိုလည်း လိုက်နာပါ့ မယ်ဆိုတာ လူရွှင်တော် အားလုံး လက် မှတ်ထိုး ထားပါတယ်။ စည်းကမ်းကို ချိုးဖောက်တဲ့ သူကို ဒဏ်ပေး ရမယ်ဆိုပြီး အဲဒီသူကိုတော့ ဒဏ်ပေးလိုက်ပါပြီ။
ဆဲတာကိုတော့ ကျွန်တော် လုံးဝမကြိုက်ပါဘူး။ ပရိသတ် အများရှေ့မှာ ဖျော်ဖြေ နေတာဖြစ်တဲ့အတွက် ဒီလိုဆဲတယ်ဆိုတာ အင်မတန် ရိုင်းပါတယ်။
နောက်ဆုံးမှာတော့ အဲဒီ လူရွှင်တော်ကို ထွက်မလာစေနဲ့ဆိုပြီး အထဲမှာ ခေါ်ထားခိုင်းလိုက်ပါတယ်။

ဆဲတာနဲ့ ပတ်သက်လို့ကတော့ တစ်ယောက်တည်း ဆဲတာဖြစ်ပေမဲ့ ဇာဂနာတို့ အဖွဲ့က ရိုင်းတယ် ဆိုတာမျိုး မဖြစ်လာစေချင်လို့ပါ။
နောက်ပြီးတော့ အငြိမ့် မကခင်မှာ အစမ်း လေ့ကျင့်ကြတယ်လို့ သိထားပါတယ်။

ဟုတ်ပါတယ်။

အဲဒီလို လေ့ကျင့် ထားပါလျက်နဲ့ စိန်သီးက ပရိသတ်ထဲ ဆင်းပြီး သပြေညွန့်တို့၊ ကန်စွန်းရွက်တို့ ဝေတာ တော်တော်ကြီးကို အချိန်ကြာတယ်။ အငြိမ့်ရဲ့Tempo ကျ မသွားစေဘူးလား။

အဲဒါက ဒီလိုဖြစ် သွားတာပါ။ ရီဟာဇယ် လုပ်စဉ်က အားနည်းချက် လို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်ကတော့ ပြက်လုံးကိုတောင် မိနစ်နဲ့ အတိအကျ စာအုပ်ထဲမှာမှတ်ထားတာပါ။ သူလည်း ဒီလိုဖြစ်သွားတာပါ။  သူဆင်းသွားတဲ့အချိန် ပရိသတ်ထဲမှာ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ တွေ့လိုက်တော့ ပျော်သွားပြီး လုပ်ချင်တာ လုပ်နေတော့တာ။
ကျွန်တော် လက်နှိပ်ဓာတ်မီးနဲ့ ထိုးပြီး ခေါ်တာကို မလာတော့ဘူး။ ဒါမျိုးက ဖြစ်တော့ ဖြစ်တတ်တယ်။ လူရွှင်တော်တွေ အရှိန်လွန်သွားတာပေါ့။
ဝေါ်ကီတော်ကီနဲ့ လုံခြုံရေးတွေကို ဆက်သွယ်ပြီး ခေါ်ခိုင်းတာက တစ်မျိုး၊ ရှုတင် မန်နေဂျာ ကိုသန်းထိုက်ကို မိုက်ခရို ဖုန်းနဲ့ အော်ခေါ်ပြီး  လိုက်ခေါ်ခိုင်းရတယ်။

နောက် မင်းသမီးနဲ့ စိတ်ကောက်တဲ့ အခန်းကလည်း ကြာလွန်းတယ်။

ဟုတ်တယ်။ ဇာတ်တိုက်တုန်းကတော့ ခဏလောက်ပေါ့။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် မင်းသမီးကလည်း သူ ရသလောက် အချိန်ကို ဆွဲယူသွား တာမျိုး ရှိတယ်။ အဲဒီ ကိစ္စမျိုး အဲဒီညက သုံးနေရာလောက် ကျွန်တော် မနိုင်မနင်း လိုက်ဖာခဲ့ရတယ်။
နောက်တစ်နေရာကတော့ သူတောင်းစား ပြဇာတ် အဆုံးပိုဒ်နားမှာ မော်တော်ကား တွေကို အောက်ကနေ ပရိုဂျက်တာနဲ့ပြတယ်။
အမှန်က တစ် ခေါက်နှစ် ခေါက်ပဲ ပြရမှာ။ အောက်က ဆရာတွေက ခဏခဏပြ နေလို့ ကျွန်တော်က “သြော် ဒီကား တွေက လည်း မပြီးနိုင် တော့ ဘူး” လို့ အော်လိုက်တော့ မှ အောက်က ဆရာတွေ ရပ်သွားတာ။

နောက်တစ်ခုကတော့ အားနာနာနဲ့ပဲ မေးချင်တယ်။ ဝင့်သိင်္ဂီက မြပုဏ္ဏမာရဲ့ မူရင်း မင်းသမီး ဖြစ်တာတော့ မှန်ပါတယ်။
ဒါပေမဲ့ သူက ဝလွန်းနေတော့ စင်ပေါ်တက်ဖို့ ကိုသူရတို့က အတင်းခေါ်ခဲ့တာလား။ သူကိုယ်တိုင်က ကချင်တာလား။

ဒါလည်း ကျွန်တော် အပွင့်လင်းဆုံး ဖြေပါမယ်။ ဒီပွဲကဖို့အတွက် ဟောဒီ အခန်း ထဲမှာပဲ ကျွန်တော်တို့ အစည်းအဝေး လုပ်ကြပါတယ်။  လူရွှင်တော်တွေချည်းပဲ လုပ်တဲ့ အစည်းအဝေးပါ။
အဲဒီအချိန်က မြပုဏ္ဏမာလည်း မဟုတ်ဘူး။ သီးလေးသီးလည်း မဟုတ်ဘူး။ သီးလေးသီး ဆိုရင် သူ့မှာ မင်းသမီး ရှိတယ်။ မြပုဏ္ဏမာ ဆိုရင် မင်းသမီး မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့က အငြိမ့်က မယ်ဆိုရင် ဘယ် မင်းသမီးနဲ့ ကမလဲ ဆိုတာ မဲပေးပြီး ရွေးကြတယ်။

အတိုချုပ် ပြောရရင်တော့ မင်းသမီး သုံးယောက် ရခဲ့တယ်။ မြစပယ်ငုံ၊ ချောစုမျိုး၊ သစ်သစ်လွင်တို့ သုံးယောက်ပေါ့။
ကိုအရိုင်းသမီးကလေးကိုတော့ မျိုးဆက်သစ် အနေနဲ့ ထည့်ဖို့ အားလုံးက ဆန္ဒပြုကြတယ်။ ဆိုတော့ အားလုံး မင်းသမီး လေးယောက်ပေါ့။ 
အစည်းအဝေး ပြီးလို့ ထမင်း သွားစားကြမယ်လို့ လုပ်တဲ့အခါ ကိုဂေါ်ဇီလာက ကျွန်တော်တို့ မြပုဏ္ဏမာ စင်ပေါ်က ဆင်းလာတာ ၂၅ နှစ် ပြည့်တဲ့ အချိန် စင်ပေါ်ပြန်တက်တော့ မြပုဏ္ဏမာရဲ့ ခေါင်းဆောင် မင်းသမီးလို့ ပြောနိုင်တဲ့ ဝင့်သိင်္ဂီကိုတော့ တစ်ခန်း လောက်ဖြစ်ဖြစ် နေရာ ပေးသင့်ပါတယ်လို့ ဆိုတယ်။
ဒါပေမဲ့ ထမင်းစား မဆင်းကြသေးဘဲ အစည်းအဝေး ပြန်ထိုင်ကြတယ်။  ဝင့်သိင်္ဂီက အင်မတန် ဝနေတယ်။ သူ့ကျန်းမာရေးကလည်း ရှိသေးတော့ သူ့ကို အရင်မေးကြည့် မယ်လို့ ဆုံး ဖြတ်လိုက်ကြပြီး ဖုန်းဆက်မေးတော့ သူကလည်း ကချင်ပါတယ်လို့ ပြောတယ်။
ရင်ကျပ် ရောဂါလည်း ရှိတော့ သိပ်များများ စားစားလည်း ကနိုင်မှာ မဟုတ်လို့ တစ်ပုဒ် လောက်တော့ ကခိုင်းမယ်လို့ စီစဉ်လိုက်ကြတာပဲ။

အဲဒီမှာ ဟိုအရင် ကတည်းက ကျွန်တော်တို့နဲ့ မိုး အငြိမ့်တို့ ဘာတို့ ကခဲ့ဖူးပြီး  ရုပ်ရှင်တွေ ဘာတွေလည်း အတူတူ ရိုက်ခဲ့ဖူးတဲ့ မဆင့် (မေသန်းနု)ကလည်း ကျွန်တော်တို့ ကမယ်ဆိုရင် သူလည်း ကူညီချင် ပါတယ် ဆိုတာကြောင့် နောက်ဆုံးမှာ မေသန်းနုလည်း ပါလာတယ်။
အဲဒါနဲ့ပဲ ကျွန်တော်တို့ အငြိမ့်မှာ မင်းသမီးတွေ တစ်လှေကြီးနဲ့ ကခဲ့ကြတာပါ။

ကျွန်တော့် နည်းတူ ပရိသတ်များ ပြောချင် နေမယ့်၊ မေးချင်နေမယ့် မေးခွန်း များကို ကျွန်တော် မေးဖြစ်ခဲ့ပါပြီ။
ဇာဂနာရဲ့အဖြေစကား များအတွက် ပရိသတ်များ စိတ်ကျေနပ်လောက်မယ် ထင်ပါတယ်။

မူရင်း – ရွှေအမြုတေ မဂ္ဂဇင်း မေလ ၂ဝ၁၃  www.shweamyutay.com

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်