>Yin Yin Hmwe – What have I done wrong ?

March 18, 2011

>

ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ
ရင်ရင်မွှေး
မတ် ၁၈၊ ၂၀၁၁
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
         ကျွန်မနာမည် ရင်ရင်ပါ။ အသက် ၂၇ နှစ်။
    ကျမကိုယ်ဝန်ရှိတုန်းက  ရပ်ကွက်ဆရာမရဲ့ သွေးစစ်ပေးမှုနဲ့ ၂၀၀၅ ခုနှစ် ၈ လပိုင်းမှာ HIV positive မှန်းသိခဲ့ပါတယ်။ ကျွန်မသေမိန့်ကျတဲ့သူတစ်ယောက်လို ခံစားရပါတယ်။ အလွန်ဘဲ ဝမ်းနည်း စိတ်ထိခိုက်ရ ပါတယ်။ အပြစ်မရှိတဲ့ ကျွန်မရဲ့ ရင်သွေးလေး တစ်ခုခု ဖြစ်သွားမှာကို မလိုလားပါဘူး။ မိဘတွေ သိမှာလည်း စိုးရိမ်ခဲ့ရပါတယ်။ ကျွန်မခံစားရတာတွေ ဘယ်သူ့ကို ရင်ဖွင့်ရမှာလဲ။ ကျွန်မနဲ့ HIV/AIDS ဆိုတဲ့ရောဂါကြီးကို ဘယ်သူတွေ စာနာနားလည်မှာလဲ။
   ကျွန်မမှာ HIV ပိုးရှိမှန်း ကျွန်မထက် အရင်သိနေတာကတော့ ပတ်ဝန်းကျင်ပါဘဲ။ ကျွန်မရဲ့ သွေးစစ်တဲ့ အဖြေကို ဆရာမက သူ့ချွေးမကို ဆေးရုံမှာ သွားယူခိုင်းခဲ့တယ်။ အဲဒီချွေးမက ကျွန်မယောင်းမနဲ့ စီးပွား ပြိုင်ဘက်၊ သူက အိမ်မှာ ကျွန်မအကြောင်း ပြောခဲ့တယ်။ ဗူးပေါက်တစ်ရာသာ ပိတ်လို့ရမယ်၊ ပါးစပ်ပေါက် တစ်ပေါက်ကို ပိတ်လို့မရဘူးဆိုတာ တစ်ကယ်မှန်ပါတယ်။ ကျွန်မမှာ HIV ပိုး ရှိတယ်ဆိုတာ တီဗွီကနေ ကြော်ငြာနေစရာ မလိုပါဘူး။  ကျွန်မမိဘ၊ အစ်မနှစ်ယောက်နဲ့ ဆွေမျိုးတွေအားလုံး သိသွားခဲ့တယ်။
   ကျွန်မ အမေက မေးတယ်။ နင်ဘာဆက်လုပ်မလဲတဲ့။ ကျွန်မဘာလုပ်ရမှာလဲ၊ ရှက်လဲရှက်တယ်။ HIV/AIDS ဆိုတဲ့ ရောဂါကြီးကို ကျွန်မကြောက်တယ်။ ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ။ ဒီရောဂါကြီး ဘာကြောင့် ဖြစ်ရတာလဲ။
   ကျွန်မ အသက် ၁၈ နှစ်မှာ အိမ်ထောင်ကျခဲ့တယ်။ တစ်ကယ်တော့ အိမ်ထောင်ကျတာ မဟုတ်ပါဘူး။ ငရဲပြည်ကိုသွားတဲ့ လမ်းမကြီးပေါ် ရောက်ခဲ့တာပါ။ ကျွန်မဟာ ဘ၀အမှောင် လမ်းမကြီးမှာ လျှောက်လှမ်း နေရပါတယ်။ ဆူးငြောင့်ခလုတ်တွေ မမြင်ရတဲ့အတွက် ဒဏ်ရာတွေနဲ့ပေါ့။ ကျွန်မ အားငယ်ရင် ဘယ်သူတွေ အားပေးမလဲ။ ကျွန်မ ဝမ်းနည်းရင် ဘယ်သူတွေ ဖေးမ မလဲ။ ကျွန်မ လဲကျရင် ဘယ်သူတွေ လာထူမှာလဲ။ လောကကြီးက ကျွန်မရဲ့ဘဝကို HIV ဆိုတဲ့ တံဆိပ် ခတ်နှိပ်ချိန်မှာ ကယ်တင်မယ့်သူ မရှိခဲ့ပါဘူး။
   ဆေးရုံကို ယောင်းမလိုက်ပို့လို့ ရောက်ခဲ့ပါတယ်။ STD က ဆရာဝန်နဲ့ တွေ့ခဲ့တယ်။  ကျွန်မရဲ့အမျိုးသား ကိုလည်း ဆရာက သွေးစစ်ခိုင်းပါတယ်။ သူလည်း positive ပဲပေါ့။ ကျွန်မတို့ လင်မယားနှစ်ယောက်ကို နှစ်သိမ့်ဆွေးနွေး ပညာပေးပါတယ်။ တစ်လကို သုံးသောင်းခွဲတန် ဆေးရှိတယ်၊ ပိုးကို ထိန်းထားနိုင်တယ်၊ ဒါပေမဲ့ လိုအပ်မှ သောက်ရမယ်လို့ ပြောပါတယ်။ ကျွန်မတို့ အခုချိန် သောက်ရတော့မှာလားလို့ မေးလိုက်တော့ ဒီအချိန် ဆေးသောက်ဖို့ မလိုသေးဘူးတဲ့။
   ကျွန်မရဲ့ ကိုယ်ဝန်ကိုတော့ PMCT နဲ့ မွေးပေးမယ်တဲ့။ PMCT ဆိုတာ ဘာကိုပြောမှန်း ကျွန်မ မသိပါဘူး။
         ကျွန်မ ပတ်ဝန်းကျင်အကြောင်း ပြောရအုံးမယ် … ကျွန်မမှာ HIV ပိုး ရှိနေလို့ သူတို့ကလေးတွေနား ကပ်တာ မကြိုက်ဘူးတဲ့။ ရောဂါ ကူးမှာစိုးလို့တဲ့။ ကျွန်မ ဘယ်သိမလဲ၊ ကျွန်မ အမေက ပြောတော့မှဘဲ သိရတော့တယ်။ နင်အိမ်တွေလျှောက်မလည်နဲ့တဲ့။ သူတို့တွေက နင်လာတာ မကြိုက်ဘူးတဲ့။ ကျွန်မ အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ ဒီရောဂါကြီးကို ကျွန်မကိုယ်တိုင်လည်း မပိုင်ဆိုင်ချင်ခဲ့ပါဘူး။ နောက်ပိုင်း ကျွန်မ အိမ်မှာဘဲ နေဖြစ်တယ်။
         ကျွန်မတို့အိမ်ရဲ့ဘေးက အရာရှိမိသားစု တစ်စုရှိတယ်။ သူတို့မိသားစုက ကျွန်မတို့ လင်မယားနှစ်ယောက်ကို မခွဲခြားဘူး။ သူတို့အိမ်ကို အတင်းခေါ်တယ်။ ကျွန်မလည်း ပုံမှန်ပဲ နေဖြစ်တယ်။ သူတို့ ခေါ်မှပဲ သွားတယ်။ ကျွန်မမှာ HIV ပိုးရှိမှန်းသိရင် သူတို့လည်း အရင်လူတွေလို ခွဲခြားသွားမှာပဲလို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေက ကျွန်မအိမ်မှာ တစ်ယောက်တည်း အခန်းအောင်းနေရင်လည်း အတင်းလာခေါ်ကြတယ်။
          သူတို့မှာ တစ်နှစ်ခွဲအရွယ် သားလေးတစ်ယောက်ရှိတယ်။ အဲဒီကလေးက ကျွန်မ ထမင်းခွံ့ကျွေးရင် အရမ်းစားတယ်။ ဒါကြောင့် ကျွန်မ သူတို့အိမ်ဘက်မှာ အနေများခဲ့တယ်။ ရေချိုးရင်တောင် သူတို့အိမ်မှာဘဲ ချိုးဖြစ်တယ်။ နေ့ခင်းဘက် အိပ်ရင်လည်း ကျွန်မကို ဗိုက်ကြီးသည်ဆိုတော့  ပိုပြီးပူမယ်ဆိုပြီး သူ့သားလေးနဲ့ အဲယားကွန်း အခန်းထဲမှာ အတူအိပ်ခိုင်းပါတယ်။ ကျွန်မအရမ်းအားနာတာဘဲ။ ကျွန်မ ရောဂါကို ဒီကလေးကို ကူးမှာစိုးတယ်။ ကျွန်မရောဂါအကြောင်း သူတို့ကို ပြောပြလိုက်ချင်တယ်။ ဒါပေမယ့် မပြောရဲဘူး။ ကျွန်မရှက်တယ်။ ဘယ်ကစပြောရမလဲ။ နောက်ပြီး ကျွန်မတို့ကို ခွဲခြားသွားမှာ ကြောက်တယ်။ ဒါကြောင့် သူတို့ကို ကျွန်မ မပြောဖြစ်ခဲ့ဘူး။
         ကျွန်မဗိုက်နာလို့ ဆေးရုံတက်ခဲ့တယ်။ ရိုးရိုးအခန်းထဲမှာနေတုန်း သူနာပြု ဆရာမက ဒီလိုနေချင်တဲ့ နေရာ နေလို့မရဘူးတဲ့။ ကိုယ့်ကိုကိုယ် မသိဘူးလားတဲ့၊ ကျွန်မကို ဓာတ်ကင်တဲ့ ဘေးက အခန်းကျဉ်းလေးမှာ နေခိုင်းပါတယ်။ ကျွန်မအသက်ရှုလို့တောင် မဝပါဘူး။ ကျွန်မ ဝမ်းနည်းပြီး ငိုခဲ့တယ်။ ငါ ဘာရောဂါဖြစ်ဖြစ် ဆေးရုံကို မသွားတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ကလေးမွေးခါနီးမှာ ကျွန်မကို STD ဆရာဆီက ဆေးတောင်းပြီး တိုက်ကြတယ်။ သမီးလေးကို လွယ်ကူစွာ မွေးခဲ့တယ်။ ကလေးကိုလည်း နောက်တစ်နေ့မှာ ဆေးလာတိုက် ကြတယ်။ ကလေးကို မိခင်နို့ မတိုက်ခိုင်းပါဘူး။ နို့မှုန့်ပဲ တိုက်ရတယ်။ ၁၈ လ နေရင် သွေးစစ်ရမယ်လို့ ပြောပါတယ်။
   ကျွန်မသမီးလေး ၁နှစ် ၄လ မှာ နေမကောင်း ဖြစ်တယ်။ ဘာရောဂါမှန်း မသိဘူး၊ ကိုယ်တွေအရမ်းပူပြီး ၁၀၃ ဒီဂရီ ကျော်တယ်။ ဆရာဝန်က ဒီမှာမရဘူးတဲ့။ မန္တလေးကို အမြန်သွားခိုင်းတယ်။ ဒါကို ကျွန်မ ပတ်ဝန်းကျင်က ကလေးလည်း ပိုးပါတာနေမှာတဲ့၊ သက်ဆိုးရှည်မှာ မဟုတ်ဘူးတဲ့။ ကျွန်မလေ HIV ရောဂါကြီးနဲ့ ဒီပတ်ဝန်းကျင်မှာ အသက် ဆက်မရှင်ချင်တော့ဘူး၊ သမီးလေးကို မန္တလေး နန်းတော် ဆေးခန်းမှာ ဆေးကုသခဲ့တယ်။ ရောဂါစစ်ကြည့်တော့ TB တဲ့။ ကျွန်မလည်း အရမ်းလန့်သွားတယ်။
          ကလေးမှာ တစ်ကယ်ဘဲ HIV ပိုးရှိနေပြီလား။
          နန်းတော်မှ ဆရာမတွေနဲ့ တိုင်ပင်ပြီး ကျွန်မတို့ လင်မယားနှစ်ယောက်လုံး  HIV Positive ဖြစ်တဲ့အတွက် ကလေးကို သွေးစစ်ခိုင်းကြည့်တယ်။ သမီးလေး အရမ်းကံကောင်းတယ်၊          HIV ပိုးမရှိဘူးတဲ့၊ TB ဆေးတစ်ပတ်လောက် သောက်ပြီးချိန်မှာ အဖျားလုံးဝမရှိတော့ဘဲ ပုံမှန် ကျန်းမာ လာတယ်။
         ၂၀၀၈ ခုနှစ် ၆ လ ပိုင်းမှာ အမျိုးသားရဲ့ ကျန်းမာရေး သိသာစွာ ကျဆင်းခဲ့တယ်။ အရင်အချိန်တုန်းက တစ်ယောက်တည်းနေတတ်ပေမယ့် ကျန်းမာရေးချို့တဲ့လာချိန် သူဟာ အားငယ်လာတယ်။ အမြဲတမ်းပဲ အပေါင်းသင်းတွေကို မျှော်နေတယ်။ သမီးကို သူ့အနား အကပ်မခံတော့ဘူး။ ဒါကြောင့် သမီးကို အမျိုးအိမ်မှာ ထားလိုက်တယ်။ သူ့မိသားစု အသိုင်းအဝိုင်းက ငွေကြေးပြည့်စုံစွာ ပေးပေမယ့် သူ့ကို တစ်နေ့တစ်ခေါက် လာမကြည့်ပါဘူး။ သူ့ရဲ့ နောက်ဆုံးအချိန်တွေက တော်တော်အထီးကျန်ပါတယ်။ သနားစရာလဲ ကောင်းပါ တယ်။
         TB တို့၊ ငှက်ဖျားတို့ မရှိဘဲနဲ့ ည ၂ နာရီလောက် ရောက်ပြီဆိုရင် ဘယ်လိုမှ နေမရအောင် ပူလာတယ်။ ညနေကတည်းက ရေခဲပုံးတွေနဲ့ ရေခဲတွေဝယ်ထည့်ထားရတယ်။ အဲဒီအချိန်ကျရင် ကျွန်မ ထပြီး ရေခဲတွေ တင်ပေးရတယ်။ မနက် ၄ နာရီလောက်ကျရင် အပူကျပြီး ချမ်းတုန်လာပြန်ရော၊ အိမ်မှာ ရှိသမျှ စောင်တွေ ခြုံပေးရတယ်၊ ဒါတောင် အချမ်းမပြေဘူးလို့ပြောတယ်၊ အဲဒီလိုမျိုး  ၂ လ ဆက်တိုက်လောက် ဖြစ်ပြီးတဲ့နောက် သူအိပ်ယာထဲ လဲတော့တာပဲ၊
          သူလဲနေချိန်မှာ သူ့အနားကို အမေ၊ ညီအစ်ကိုမောင်နှမ ဘယ်သူမှ မလာကြ တော့ဘူး၊ သူ့အမေက ကျွန်မတို့ခေါင်းရင်းကဖြတ်ပြီး ဘေးအိမ်ကို အလည်သွားတတ်တယ်။ ခြေသံ မကြား အောင် သွားပေမယ့် သူ့သားကသိတယ်၊ “အမေ”လို့ အကျယ်ကြီးအော်ခေါ်တော့ ဒီကောင်က နားပါးသားလို့ ပြန်ပြောတယ်။ ငွေနဲ့လိုတာ အကုန်ပေးတယ်။ အကြင်နာကလွဲရင်ပေါ့။ သူအဲဒီအချိန်မှာ အရမ်း လိုအပ်နေတာက အားပေးစကားနဲ့ ကြင်နာမှုပါ၊ သူဘာမှ ရမသွားရှာဘူး။
          သူ့သူငယ်ချင်းတွေထဲမှာ သူ့အရင် ဒီရောဂါနဲ့ သေသွားကြတဲ့သူတွေ ရှိကြပါတယ်။ သူ့တို့အမေတွေ၊ ညီအစ်ကိုမောင်နှမတွေက ရင်အုပ်မကွာ ပြုစုစောင့် ရှောက်ကြတာတွေ့ရပါတယ်။ ဝမ်းတွေကလည်း အမြဲလျောနေတာပဲ၊ အဝတ်တွေကို ကျွန်မဘာသာပဲ လျှော်ရ တယ်။ ငှားလျှော်ဖို့လည်း လူမရဘူး၊ အိမ်နဲ့နီးတဲ့ ချောင်းထဲမှာ သွားသွားလျှော်ရတယ်။ ကြာတော့ အများကို အားနာလာလို့ ကလေးတွေ ဝမ်းသွားရင် သုံးတဲ့ ဘောင်းဘီမျိုးတွေ အများကြီး ဝယ်ခိုင်းရတယ်။ ဝမ်းသွားတိုင်း လဲပေးပြီး အိမ်ထဲမှာဘဲ  ကျင်းတူးပြီး မြှုပ်လိုက်တယ်။ သူအိပ်ယာထဲ လဲသွားချိန်မှာ ကျွန်မ တစ်ယောက်တည်း ပြုစုမဲ့သူရှိတယ်။ ထိုင်ချင်တယ်ဆိုလို့ ထိုင်ဖို့ လုပ်ပေးရင်လည်း ကိုင်မထားရင် တစ်ဘက်ဘက် လျောကျ သွားတယ်။ အနားကလည်း မခွာရဘူး၊ ရင်ရင် ရင်ရင် နဲ့ ခေါ်နေတော့တယ်။ တစ်ချိန်လုံး ခေါ်နေတော့တာ၊ သူသေသွားပြီး ရက်အတော်ကြာသည်အထိ သူ့ခေါ်သံတွေ ကြားနေရတော့တာ။ နေ့ရော ညရော မနားရဘူး၊ ရက်တွေကြာလာတော့ ဘယ်လိုမှ မခံနိုင်တဲ့အဆုံး သူ့အစ်ကိုကြီးကိုပြောရတယ်၊ အဲဒီတော့မှ ညစောင့်ဖို့ မိန်းမကြီးတစ်ယောက် ငှားပေးတယ်၊ သူက အိပ်ရုံလေးတင်၊ ဘာမှ ထိဖို့ ကိုင်ဖို့ လုပ်ပေးဖို့ မဟုတ်ဘူး။
         အိပ်ရာထဲက မထနိုင်ချိန်မှာ ကျွန်မတို့ရပ်ကွက်မှာရှိတဲ့ ဆေးရုံမှာလုပ်တဲ့ အစိမ်းဝတ်ဆရာမကြီးကို ဆေးခေါ်ထိုးခဲ့တယ်။ ဆရာမက ကျွန်မအမျိုးသားကို HIV ပိုးရှိမှန်း သိတယ်။ အားပေးစကားလည်း ပြောပါတယ်။ ကျွန်မနဲ့ သမီးလေးကို ဆရာမကိုယ်တိုင် ဆေးရုံမှာ သွေးထပ်စစ်ပေးခဲ့တယ်။ နောက်တစ်နေ့မှာ အဖြေသွားယူတော့ ဆရာမက မေးလိုက်တယ်။ အခြေအနေ ဘယ်လိုရှိသလဲတဲ့။ ကလေးကတော့ ကံကောင်း တယ်ဆိုတဲ့ အသံကျွန်မ ကြားလိုက်တယ်။ ကျွန်မက ရှိပြီးသားဆိုတော့ ရင်မခုန်တော့ပါဘူး။ STD ဆရာဝန်က ကျွန်မကို နှစ်သိမ့်ဆွေးနွေး အားပေးစကားပြောပါတယ်။ septrin၊ အားဆေးနဲ့ ဓါတ်ဆားထုတ်တွေ ပေးလိုက်တယ်။ septrin ကို တစ်နေ့ နှစ်ကြိမ် သောက်ခိုင်းပါတယ်။ ဆေးကုန်ရင်လည်း တစ်လ တစ်ကြိမ် လာယူခိုင်းပါတယ်။
          ၂၀၀၈ ခုနှစ် ၁၁ လပိုင်းမှာ အမျိုးသား ဆုံးခဲ့တယ်။ မကြာခင် ငါလည်း သေတော့မှာလို့ တွေးနေခဲ့တယ်။ ဆေးထိုးပေးတဲ့ဆရာမရဲ့ အကူအညီနဲ့ CHBC ကိုရောက်ခဲ့ပါတယ်။ အဲဒီက သူတို့ဆီမှာ HIV ပိုးရှိတဲ့ သူတွေ အတွက်  အာဟာရ ထောက်ပံ့မှုတွေ ရှိတယ်၊ Care တွေ ရှိတယ်၊ ဘ၀အတူ အချင်းချင်း တွေ့ဆုံပွဲတွေရှိတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။ အခု လုပ်ငန်းနားနေတဲ့ အချိန်ဖြစ်လို့ နောက်တစ်ခါတွေ့ဆုံပွဲရှိရင် ဘဝတူ တွေနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောတယ်။ အမျိုးသားဆုံးပြီးချိန်မှာ မိဘနဲ့ဆွေမျိုးတွေက ကျွန်မကို လပိုင်း လောက် အသက်ရှင်မယ့်လူမမာတစ်ယောက်လို ထားတယ်။ ဘာအလုပ်မှ ပေးမလုပ်ဘူး၊ အားနည်းပြီး အိပ်ယာထဲ လဲမှာစိုးလို့တဲ့။ ရေချိုးရင်တောင် ဖျားမှာစိုးပြီး သုံးရက်တစ်ခါ ချိုးရပါတယ်။ အချိန်ရှိသရွေ့ အိပ်ခိုင်းကြတယ်။
         တကယ်ဆိုရင် ကျွန်မအသက် ငယ်ငယ်လေးရှိသေးတယ်။ HIV ဆိုတဲ့ ရောဂါကြီးကြောင့် ရှင်လျက်နဲ့ သေနေရတယ်။ CHBC ရဲ့ဘဝတူ တွေ့ဆုံပွဲလေးကို ကျွန်မတတ်ရောက်ခဲ့တယ်။ ဘဝတူတွေအများကြီးနဲ့ ခင်ခဲ့တယ်။ ဘဝတူ သူငယ်ချင်းတွေက HIV positive တွေကို ကူညီတဲ့ ရွှေခြင်္သေ့အဖွဲ့နဲ့ ကြက်ခြေနီ အဖွဲ့ ရှိတယ်ပြောတယ်။ ကျွန်မကို အဖွဲ့တွေဆီကို လိုက်ပို့ပေးခဲ့တယ်။ ဒါကြောင့် ကျွန်မလည်း ရွှေခြင်္သေ့အဖွဲ့ကို စတင်ရောက်ဖြစ်ခဲ့ပါတယ်။
          စေတနာ့ဝန်ထမ်းများရဲ့ နွေးထွေးတဲ့ ခင်မင်မှုကို ရရှိခဲ့ပါတယ်။ သူတို့က ကျွန်မကို HIV နဲ့ ပတ်သတ်တဲ့ စာအုပ်တွေ အများကြီး ပေးဖတ်ခဲ့ပါတယ်။ ရွှေခြင်္သေ့အဖွဲ့မှ ဆေးခန်း  (၄) ခန်းမှာ အခမဲ့ ကုသခွင့်စာအုပ် ပေးလိုက်ပါတယ်။ ရွှေခြင်္သေ့ကို နေ့တိုင်းလိုလို သွားဖြစ်ခဲ့ပါတယ်။ ရောက်ရင်  ကျွန်မလည်း HIV နဲ့ ပတ်သတ်တဲ့စာအုပ်တွေ ဖတ်တယ်။ မသိနားမလည်တာရှိရင် မေးဖြစ်ပါတယ်။ ရွှေခြင်္သေ့မှ ဘဝတူတွေ့ဆုံပွဲ တွေကို တက်ရောက်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ HIV နဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းလင်းသင်ကြားမှုတွေ ရှိတဲ့အတွက်  ကျွန်မရဲ့အတွေးအမြင်များ ပြောင်းလဲလာခဲ့ပါတယ်။
         HIV ဆိုတာ ပိုးတစ်မျိုးဖြစ်တယ်၊ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမယ့် လူကောင်းတစ်ယောက်လို ပုံမှန် အလုပ် လုပ်နိုင်တယ်ဆိုတာ သိရှိခဲ့ချိန်မှာ မှောင်မိုက်နေတဲ့ကျွန်မရဲ့ဘဝ လမိုက်ညမှာ မျှော်လင့်ခြင်းဆိုတဲ့ အလင်း တန်းလေးကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့တယ်။ ကျန်ရှိနေတဲ့ အချိန်တွေကို အကျိုးရှိရှိ ကုန်ဆုံးချင်ပါတယ်။ ဒါကြောင့် HIV နဲ့ ပတ်သက်ပြီး မိဘနဲ့ဆွေမျိုးတွေ နားလည်အောင် ကျွန်မ သေသေချာချာ ရှင်းပြခဲ့ပါတယ်။ ARV ဆိုတဲ့ ပိုးထိန်းဆေးအကြောင်း တော်တော် များများ မိဘဆွေမျိုးများ နားလည်လာကြပါတယ်။ ကျွန်မလည်း ရွှေခြင်္သေ့အဖွဲ့မှာ ဘဝတူ စေတနာ့ဝန်ထမ်း လုပ်ဖြစ်ခဲ့ပါတယ်။ HIV positive မှန်းသိစတုန်းက ကျွန်မတစ်ယောက်တည်းလို့ ခံစားရပါတယ်။ အဖွဲ့ထဲ ရောက်တော့မှ ကျွန်မလို ဘဝတူတွေ အများကြီးရှိတယ်၊ HIV ဆိုတဲ့ ရောဂါဆိုးကြီးကို ခုခံကာကွယ်ရမယ်၊ ကျွန်မတို့ရဲ့ ဘဝတွေကို အကောင်းမမြင် မပေါင်းချင်ကြတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတို့ ဘဝတွေကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းတွေရဲ့ စည်းလုံးနွေးထွေး ကြင်နာမှုတွေကို ပြချင်တယ်။
         ကျွန်မရဲ့အိမ်ကို အဖွဲ့က သူငယ်ချင်းတွေ ဝင်ထွက်သွားလာကြပါတယ်။ ကျွန်မနေမကောင်းဖြစ်ရင်လည်း သူတို့က ဆေးခန်းကို ဂရုတစိုက် လိုက်ပို့ကြတယ်။ အရင်အချိန်တုန်းကဆိုရင် ဆေးခန်းတွေ ကျွန်မ မပြရဲပါဘူး။ ကျွန်မ HIV positive မှန်း သိသွားရင် ဘယ်လိုဆက်ဆံမှာလဲဆိုပြီး အားငယ်ခဲ့တယ်။ အိမ်မှာဘဲ ခေါင်းမူး ခေါင်းကိုက်ဖြစ်ရင် ကြိတ်ခံခဲ့ရပါတယ်။ အဖွဲ့က လမ်းညွှန်တဲ့ဆေးခန်းကို ရောက်တော့မှ ဆရာ/ဆရာမ များရဲ့ မခွဲခြားဘဲ ဂရုစိုက်မှုများကြောင့် ကျွန်မမှာပိုးရှိပေမယ့် ဆေးခန်းကို သွားရဲခဲ့ပါတယ်။ အားမငယ်တော့ပါဘူး။ ဆေးခန်းကို တစ်လတစ်ခါ septrim ၊ အားဆေး ၊ ဓါတ်ဆား ပုံမှန် ထုတ်ဖြစ်ခဲ့ပါတယ်။ 
         အဖွဲ့အစည်းက လူကြီးများ၊ သူငယ်ချင်းများနှင့် ဘဝတူများရဲ့ ကျွန်မနဲ့ မိသားစုအပေါ် ဂရုစိုက်မှုများကြောင့် ပတ်ဝန်းကျင်မှလူများ စိတ်ဝင်စားလာပါတယ်။ အိမ်ဘေးက စပ်စုတတ်တဲ့ ဘွားတော်က မေးတယ်၊ သူတို့က ဘယ်သူတွေလဲ၊ ဘာလို့ခဏခဏ လာတာလဲတဲ့၊ ကျွန်မဆီကိုလာတာ၊ HIV နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊  ကျွန်မတို့လို HIV ရောဂါသည်တွေကို မခွဲခြားဘဲ ပြုစုစောင့်ရှောက်ပေးတယ်၊ အာဟာရ ထောက်ပံ့မှုတွေ ပေးတယ်၊ ဆေးခန်း (၄) ခန်းမှာ အခမဲ့ ကုသခွင့်တွေ ပေးတယ်၊ ကျွန်မတို့ရဲ့ အားငယ်တဲ့ စိတ်ဓာတ်ကို မြှင့်တင် ပေးတယ်လို့ ကောင်းကောင်းမွန်မွန် ပြောပြလိုက်ပါတယ်။
         အရင်စိတ်မျိုးသာဆိုရင် ဒီဘွားတော်ကို ဘုတောပြစ်လိုက်မှာ။ အခုတော့ အဖွဲ့ရဲ့ ကျေးဇူးကြောင့် ကျွန်မရဲ့ပေါင်းသင်းဆက်ဆံရေးအမူအကျင့်တွေ တိုးတက်လာပါတယ်။ ပတ်ဝန်းကျင်က ကျွန်မကို  အမြင်တွေ ပြောင်းလာတယ်။ ခွဲခြားမှု သိပ်မရှိတော့ဘူး။ သူတို့တွေရဲ့အိမ်ကို ဝင်ထွက်ခိုင်းတယ်။ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ အားပေး စကားပြောကြတယ်။ ကျွန်မလည်း ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင်တဲ့ လူမှုရေးကိစ္စတွေ ဆောင်ရွက် ဖြစ်ခဲ့တယ်။
   အိမ်နောက်ဘက်က အဒေါ်ကြီး ညဘက် ကင်းခြေများ ကိုက်တာကို ဆေးခန်းလိုက်ပို့ပြီး ကူညီခဲ့တယ်။
   တစ်နေ့မှာ ကျောင်းတုန်းက သူငယ်ချင်းကို ကားကြီးဝင်းလိုက်ပို့ပေးရင်း လမ်းဘေးမှာ ကောင်မလေးတစ်ယောက် ဆိုင်ကယ်နဲ့ ထိုင်နေတာတွေ့တယ်၊ မူးလို့တဲ့၊ မြို့လယ်ခေါင်ဆိုတော့ လူတွေအများကြီး ကြည့်နေကြတယ်။ ကျွန်မလည်း ဘာကူညီရမလဲ မေးလိုက်တယ်။ သူ့နောက်မှာ ပါလာတဲ့ အဒေါ်ကြီးက ကောင်မလေးကို ဆေးခန်းပို့ပေးပါလို့ ကျွန်မကိုပြောတယ်။ ကျွန်မလည်း သူငယ်ချင်းကို စောင့်ခိုင်းပြီင်္း ကောင်မလေးကိုတွဲပြီး အောင်သုခဆေးခန်းကို ပို့ပေးခဲ့တယ်။
   သူငယ်ချင်းဆီ ပြန်လာတော့ သူငယ်ချင်းက မေးတယ်၊ နင်နဲ့သိလို့လားတဲ့၊ ကျွန်မလည်း မသိပါဘူး။ လမ်းဘေးမှာ ဒုက္ခရောက်နေတာမြင်လို့ ကူညီခဲ့တာလို့ ပြောတော့ သူငယ်ချင်းက ပြောတယ်၊ နင်ကလည်း ကြောင်လိုက်တာ၊ လူတွေအများကြီး ဝိုင်းကြည့်နေတာ မရှက်ဘူးလားတဲ့။
   ကျွန်မကို ဒီလိုပြောတဲ့ သူငယ်ချင်းကို စိတ်မဆိုးပါဘူး၊ အရင်အချိန် တုန်းကဆိုရင် ကျွန်မလည်း သူလိုဘဲ ထင်မိမှာပါ။
         ကျွန်မလို HIV ပိုးရှိတဲ့သူတွေကို အားမငယ်ဘို့၊ စိတ်ဓာတ်မကျအောင် ကျွန်မဘဝနဲ့ယှဉ်ပြီး ပြောပြခဲ့ ပါတယ်။ ကျွန်မမှာ HIV ရှိတာကို လိုအပ်ရင်ဖွင့်ပြောပြီး အားပေးခဲ့တယ်။ ကျွန်မတို့ ဘဝတွေကို အားပေးတဲ့ ဒီအဖွဲ့အစည်းတွေကြောင့် ကျွန်မရဲ့ဘဝ ဒီလိုပြောင်းလဲတိုးတက်လာခဲ့ပါတယ်။
   ကျွန်မ ကိုယ်ဝန်ရှိတုန်းက ကူညီခဲ့တဲ့ အရာရှိလင်မယားနဲ့ မြို့ထဲမှာ တွေ့ဖြစ်တယ်။ ကျွန်မအမျိုးသားဆုံးတော့ သူတို့က မရှိကြဘူး။ တခြားပြောင်းသွားပြီ။ ငါတို့ရှိရင် နင့်ယောက်ျား အားငယ်မှာ မဟုတ်ဘူးတဲ့။ ဒီလောက်မြန်မြန် ဆုံးမှာ မဟုတ် ဘူးလို့ ပြောတယ်၊ ဟုတ်ပါတယ်။ ကျွန်မရဲ့ အမျိုးသားနားမှာ ကျွန်မကလွဲပြီး အားပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ ARV ဆိုတဲ့ ဆေးအကြောင်း နားမလည်ဘဲ ဝယ်သောက်တယ်။ ဆေးကို အချိန်မှန်မှန် သောက်ရမှန်းလည်း မသိခဲ့ပါဘူး၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာကိုလည်း မသိခဲ့ပါဘူး။ ဒါကြောင့် ARV ဆေးကိုသောက်ရင်းနဲ့ ဖြတ်ခဲ့ပါတယ်။ နောက်ဆုံး ARV ဆေးအပေါ် ယုံကြည်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျပြီး ဆုံးပါးသွားတာပါ။
         ဒီအကြောင်းတွေကို ကျွန်မကို ကူညီတဲ့ အရာရှိလင်မယားကို ပြောလိုက်တယ်။ ကျွန်မမှာလည်း HIV ပိုးရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြခဲ့ပါတယ်။ သူတို့က ကျွန်မကိုယ်ဝန်ရှိကတည်းက positive မှန်း သိတယ်၊ ပတ်ဝန်းကျင်က လူတွေက လာပြောကြတယ်။ နင်တို့ကလေးကို ထမင်းမကျွေးခိုင်းနဲ့၊ ရင်ရင့် ဆီက ရောဂါပိုးကူးလိမ့်မယ်တဲ့၊ အိမ်ကိုလည်း မလာခိုင်းနဲ့လို့ ပြောကြတယ်။ ဒါပေမယ့် တို့လင်မယားက ဒီလိုနေရုံနဲ့ HIV ရောဂါမကူးပါဘူးလို့ ပြောလိုက်တယ်။ အရင်အချိန်တုန်းက ကျွန်မမှာ HIV ပိုးရှိမှန်းသိရင် ခွဲခြားသွားမှာလို့ ထင်ထားပေမယ့် စေတနာထားပြီး နားလည်ပေးတဲ့ ဒီလင်မယားကို ကျွန်မကျေးဇူးတင်မိပါတယ်။ 
         အဖွဲ့အစည်းတွေနဲ့သာ အချိန်မီတွေ့ခဲ့ရရင် ကျွန်မတို့ ဘဝတွေ မှားယွင်းတဲ့ကိစ္စတွေ ကြုံရမှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်မ septrim ကို အချိန်မှန် သောက်ဖြစ်ပါတယ်။ ARV သောက်ချိန်မှာ အကျင့်ဖြစ်အောင်လို့ပါ။ ခန္ဓာကိုယ်ထဲမှာ ပိုးရှိပေမယ့် ကျန်းမာစွာ နေထိုင်နည်းတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းစွာ နေထိုင်ပါက အရေပြားနဲ့ ပတ်သက်တဲ့ အခွင့်အရေးယူရောဂါတွေ အလွယ်တကူ မဝင်ရောက်နိုင်တဲ့အတွက် ကိုယ့်ကိုကိုယ်ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။ အဖွဲ့တွေရဲ့ နွေးထွေးကြင်နာတဲ့ လက်တွဲမှုများကြောင့် ကျွန်မဘဝဟာ လူသစ် စိတ်သစ် ဘဝသစ်ကို ရောက်ရှိခဲ့ရပါတယ်။
         HIV/AIDS ဆိုတဲ့ ရောဂါကြီးဟာ တော်တော်ထူးဆန်းပါတယ်။ တစ်ယောက်ထဲတွေးပြီး အားငယ်တယ်၊ ကြောက်တယ်၊ တကယ်ပြောတာ၊ ကျွန်မကိုယ်တိုင် ခံစားရတာ။ ပတ်ဝန်းကျင်အမြင်မှာ ကျွန်မကို စိတ်မာ တယ်လို့ ထင်ရပါတယ်။ တကယ်တော့ မိသားစုကွယ်ရာမှာ ကြိတ်ငိုခဲ့ရပါတယ်။ မိသားစုရှိနေပေမယ့် ကွဲပြား နေတယ်လို့ ခံစားရပါတယ်။ ကျွန်မဘဝဟာ အဖွဲ့အစည်းနဲ့တွေ့တော့မှ စစ်မှန်တဲ့ မိသားစုလိုမျိုး ခံစားရ ပါတယ်။ ကျွန်မရဲ့ဘဝကို စာနာကူညီတဲ့ အဖွဲ့အစည်းများကြောင့် အားတွေရှိလာတယ်။ စိတ်ဓာတ်တွေ တက်ကြွခဲ့တယ်။ ကျွန်မတို့အတွက် ဒီလိုအဖွဲ့တွေ အများကြီး မရှိမဖြစ် လိုအပ်ပါတယ်။     
         ခွဲခြားခြင်းကြောင့် နာကျင်ရတဲ့ ကျွန်မတို့ ဘဝတွေအတွက် နွေးထွေးတဲ့ အဖွဲ့အစည်းကြောင့် လုံခြုံခဲ့ပါတယ်။ အရင်အချိန်တွေတုန်းကလို HIV ဆိုတဲ့ ဘဝတိုက်ပွဲကြီးကို ဒူးထောက်လက်မြှောက်ပြီး လည်စင်းပေးမယ့် လူတစ်ယောက် မဟုတ်တော့ပါဘူး။
         ကျွန်မဘဝကို စာနာနားလည်ပေးတဲ့ အဖွဲ့အစည်းတွေ၊ ဘဝတူသူငယ်ချင်းတွေ၊ ကျွန်မအပေါ် ချစ်ခင် ကြင်နာတဲ့ မိဘမောင်နှမများနဲ့ အတူလက်တွဲပြီး HIV ဆိုတဲ့ ဘဝတိုက်ပွဲကြီးကို အောင်မြင်စွာ တိုက်ထုတ်မယ့် သူရဲကောင်းတစ်ဦးရဲ့ ခံယူချက်နဲ့ ရှင်သန်နေပါတယ်။
ယုံကြည်ချက်များစွာဖြင့် – – – – – –
ရင်ရင်မွှေး
၁၀ ၊ သြဂုတ်  ၂၀၁၀
(သရုပ်ဖော်ပုံ အကြောင်း – ‘Playing noughts and crosses with HIV’, the other award winning painting of the art competition ‘Art against AIDS in Bosnia and Herzegovina’, by a group of students from Sarajevo.

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)